အခန်း (၅၈)
Lincolnshire, England
ဟမ်တမ်ဆင်း မှ ထွက်လာခဲ့သည် မှာ နှစ်နာရီခန့် ရှိသွားခဲ့ပြီ ဖြစ်သည်။ ဟော့ နျူမန် နှင့် ကက်သရင်း ဘလိတ် တို့ နှစ်ဦးလည်း ရေငုပ်သင်္ဘောနှင့် ချိန်းဆိုထားသည့် နေရာသို့ အချိန်မီ ရောက်နိုင်ပါတော့မည်လား ဆိုသည့် သံသယ စိတ်များ ဖြင့် စိုးရိမ်ပူပန်စ ပြုလာနေကြပြီ ဖြစ်သည်။
နောဖော့ကမ်းခြေ တလျောက်သို့ သွားနိုင်ရန် နျုမန်သည် သူ လာခဲ့သည့် အတိုင်း လမ်းကောင်းအတိုင်း မသွားပဲ နောဖော့ ဒေသ အလယ်ဗဟိုရှိ တောင်တက်တောင်ဆင်းလမ်းများ၊ လမ်းသွယ်လေးများ၊ မှောင်မဲနေသော ရွာများကို ဖြတ်ကျော်မောင်းနှင်လာနေရ၍ လည်း ဖြစ်သည်။
ကင်းစ်လင်းကို ကွေ့ဝိုက်၍ အရှေ့တောင် ဖက်သို့ ဦးတည်မောင်းလာခဲ့သည်။ ရွာငယ်လေးများကို ဖြတ်၍ ဝစ်ဂင်ဟော စိန့် ဂျာမန်စ် ဆိုသည့် ရွာနားမှ အုစ် မြစ်ကြီး ကို ဖြတ်ကျော်လာခဲ့သည်။
ဝပ်ရှ် ဒေသ တောင်ဖက် အစွန်းအတိုင်း မောင်းလာရသည့် ခရီးသည် အတော်ပင် ကြမ်းတမ်းလွန်းနေသည်။ မြောက်ပင်လယ်ကို ဖြတ်တိုက်လာသော လေများက နှင် ရွှံညွံတောများ၊ တာတမံများကို ကြာပွတ် နှင့် ရိုက်နေသည့်အလား တရွှီးရွီး နှင့် ဖြစ်နေသည်။ မိုးကလည်း သည်းသည်ထက် သည်းလာနေသည်။ တခါတရံ မိုးသက်မုန်တိုင်းများ အဖြစ် ပြောင်းလဲသွားတတ်ပြန်၍ လမ်းပင် ပျောက်လုမတတ် ဖြစ်လာသည်။
နျူမန်သည် စတီယာရင်ကို လက်နှစ်ဖက် နှင့် တင်းကျပ်စွာ ဆုပ်ကိုင်ကာ ကိုယ်ကို ရှေ့ငုံ့ပြီး တမိုင်ပြီး တမိုင် ဖြတ်ကျော် မောင်းလာနေရသည်။ တခါတရံ တွင် ကားသည် ဂျောက်ထဲများ ထိုးဆင်းကျသွားသလား ထင်ရလောက်အောင် လေထဲ လွင့်မျောနေသည်ဟုပင် ထင်လာနေမိသည်။
ကက်သရင်းသည် သူ့ဘေးတွင် ထိုင်လိုက်လာရင်းက ဒိုရသီ၏ မြေပုံဟောင်းကြီးကို လက်နှိပ်ဓါတ်မီးနှင့် ထိုးကာ ကြည့်ပေးနေသည်။ ကားစထွက်ကတည်းက ဂျင်နီ နားမလည်အောင် ဂျာမန်လိုပဲ ပြောလာခဲ့ကြသည်။ ကက်သရင်း၏ ဂျာမန် စကားပြောသည် အနိမ့်အမြင့် အတက်အကျ မရှိ တဖြောင့်တည်းဖြစ်နေပြီး ဘယ်ဒေသကဟု မှန်း၍ မရ၊ သူအသံထွက်သည် ဂျာမန်စကားကို ဒုတိယ၊ တတိယ ဘာသာ စကား အဖြစ် ကြိုးစားပြောနေရသူ ကဲ့သို့ ဖြစ်နေသည်။ သူပြောသည့် အသုံးအနှုန်းများကလည်း ဂျာမဏီတွင် ကြာမြင့်စွာ ကတည်းက ပြောဆိုကြခြင်း မရှိတော့ပေ။
နျုမန်သည် ကက်သရင်း၏ အကူအညီဖြင့် လမ်းကြောင်းရှာ မောင်းနှင်နေရပြီ ဖြစ်သည်။
ဟမ်းဘား မြစ်ဝရှိ ဂရင်းစ်ဘီ ဆိပ်ကမ်း နှင့် ကပ်နေသည့် ကလိသော့စ် တွင် သူတို့အား စောင့်နေမည့် စက်လှေ ရှိနေသည်။ ဝပ်ရှ် ကို လွန်လာသည့်အခါ ရှေ့တွင် မြို့ကြီးများ မရှိတော့၊ မြေပုံတွင် အဝေးပြေးလမ်းမ A-16 ဟု ပြထားသဖြင့် လမ်းကောင်းသွားပြီ ဟု ယူဆရသည်။ ကုန်းတွင်းပိုင်းရှိ လင်ကွန်းရှိူင်းယား ဝိုးလ် ဆိုသည့် တောင်ကုန်းနိမ့်များ လွင်ပြင်များကို ဖြတ်ပြီး မိုင်ပေါင်းများစွာ ရှည်လျားသည့် လမ်းလည်း ဖြစ်သည်။ ထိုလမ်းအတိုင်း သွားလျှင် ဟမ်းဘားသို့ ရောက်မည် ဖြစ်သည်။
သို့သော် နျုမန်သည် အဆိုးဆုံးကို တွက်ပြီး ပြင်ဆင်ထားရမည်ကို သိထားသူ ဖြစ်သည်။ တချိန်မဟုတ် တချိန် မေရီ ကို ရှာတွေ့သွားကြတော့မည် ဖြစ်ပြီး၊ MI-5 ထံ သတင်းပို့ကြပေတော့မည်။ ထိုအခါတွင် ကမ်းခြေတလျှောက် လမ်းတိုင်းလိုလိုကို ပိတ်ဆို့လာကြတော့မည် ဖြစ်သည်။ A-16 လမ်းမကြီးအတိုင်း
တောက်လျောက် မောင်းသွား၍ မဖြစ်၊ တဝက်လောက် တွင် ကမ်းခြေ နှင့် ယှဉ် ဖောက်ထားသည့် လမ်းအငယ်စားလေး တခုကို သုံးမှ ဖြစ်မည်။
ဘော့စတွန်သည် ဝပ်ရှ် ၏ အနောက်ဖက် ကမ်းရိုးတန်း အနီးတွင် ရှိသည်။ သူတို့ ရောက်နေသော နေရာ နှင့် ဟမ်ဘားအကြား ရှိနေသည့် တခုတည်းသော နောက်ဆုံး မြို့လည်း ဖြစ်သည်။ နျုမန်သည် လမ်းမကြီးမှ နေ၍ ချိုးကွေ့ကာ လမ်းသွယ်များ အတိုင်း မောင်းလာပြီးနောက် မြို့၏ မြောက်ဖက်မှ နေ၍ A-16 ပေါ် ပြန်တက်လိုက်သည်။ မုန်တိုင်းကို ကျော်ဖြတ်နိုင်ရန် လီဗာကို ဖိနင်းလိုက်သည်။
ကက်သရင်းသည် ဓါတ်မီးကို ပိတ်လိုက်ပြီး ရှေ့ကြည့်မှန်မှတဆင့် မိုးပေါက်များကို ငေးကြည့်နေသည်။
"ဘာလင် မှာ အခု ဘာတွေ ပြောင်းလဲနေပြီလဲ"
နျုမန်ကို ရှေ့တူရှု့ကို စူးစိုက် မောင်းနေရင်းက
"နိဗွာန်ဘုံကြီး ဆိုပါတော့ဗျာ၊ လူတိုင်းက ပျော်ပျော်ရွှင်ရွှင်နဲ့၊ စက်ရုံ အလုပ်ရုံတွေမှာ အလုပ်ကို မနားတမ်း ကြိုးစားလုပ်နေကြလေရဲ့၊ ဗြိတိသျှနဲ့ အမေရိကန် ဗုံးကြဲလေယာဉ်တွေကို မကြောက်စတမ်း လက်သီးလက်မောင်း တန်းပြနေကြတယ်၊ ဖူဟားကို လည်း လူတိုင်းက ချစ်ကြသဗျာ"
"ရှင်ပြောပုံကလည်း ဂိုဘဲလ်ရဲ့ ဝါဒဖြန့် ရုပ်ရှင်တွေထဲက အတိုင်းပါလား"
"အမှန်အတိုင်း ပြောရရင် နားမချမ်းသာစရာ ဖြစ်မစိုးလို့၊ ဘာလင် အခြေအနေက အတော်ကို ဆိုးနေတယ်၊ နေ့ဖက်ဆို အမေရိကန် ရဲ့ B-17 တွေနဲ့ ဗုံးလာကြဲ၊ ညဆို လန်ကက်စတာ နဲ့ ဟာလီဖက်စ် ဗြိတိသျှ တိုက်လေယာဉ် တွေ က ရောက်လာကြပြန်ရော၊ အချို့နေတွေဆို တချိန်လုံးနီးပါးကို ဗုံးကြဲခံနေရတယ်၊ ဘာလင် မြိုလည် မှာ အခုဆို အုတ်ပုံကြီး ဖြစ်သွားပြီ"
"ကျမလည်း လန်ဒန်ကို ဗုံးကြဲခံရတဲ့ အချိန်တွေကို ဖြတ်လာခဲ့ရတာပဲ၊ ဂျာမဏီ က ဗြိတိသျှနဲ့ အမေရိကန် တွေ ပြန်လုပ်တာ ခံသင့်တယ်၊ နောက်ပြီး စစ်ကြီး ဖြစ်လာတော့ အရပ်သား တွေကို ဗုံးအရင်စကြဲတာ ဂျာမန်တွေပဲ၊ အခု ဘာလင်ကို ပြားပြားဝပ်အောင် ဗုံးကြဲနေတဲ့ အချိန် ကျတော့ ကျမ မျက်ရည်တွေ ခမ်းနေရပြီ"
"ခင်ဗျားက ဗြိတိသျှတွေရဲ့ လေသံ ပေါက်နေပါပေါ့လား"
"ကျမ က ဗြိတိသျှ သွေး တဝက်ပါတယ်၊ အမေက အင်္ဂလိပ်၊ ဗြိတိသျှတွေ ကြားထဲ ခြောက်နှစ်လောက် နေလာခဲ့ရဘူးတယ်၊ ဒီလို အခြေအနေမျိုးနဲ့ ကြုံလာရတဲ့ အခါ ကိုယ်က ဘယ်ဖက်က နေရမလဲဆိုတာ မေ့ထားဖို့က မခက်လှဘူး၊ အဲ့တာတွေ ထားလိုက်ပါ၊ ဘာလင် အကြောင်း ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံလေး ပြောစမ်းပါဦး"
"အခုတော့ ပိုက်ဆံရှိတဲ့လူတွေ၊ အကပ်ရှိတဲ့ လူတွေလောက်ပဲ ကောင်းကောင်းစားနိုင်ကြတယ်၊ အဲ့တာမျိုးတွေ မရှိတဲ့လူကြ မစားနိုင်ကြပြန်ဘူး၊ အရှေ့ခြမ်းမှာ ရုရှားတွေက အခြေအနေတွေကို ပြောင်းပြန် လှန်ပစ်လိုက်နိုင်ပြီ၊ ကျွန်တော့် စိတ်အထင်တော့ ဘာလင် မြို့သူ မြို့သား တဝက်ကျော်ကျော်လောက်က မဟာမိတ်တွေ အခု လုပ်မယ့် ထိုးစစ်ကို အောင်မြင်ပါစေလို့ ဆုတောင်းနေကြတယ်၊ ဒါမှလည်း အိုင်ဗန် (ရုရှား) တွေ ရောက်မလာခင် ဘာလင်ကို သိမ်းနိုင်ကြမှာကိုး"
"ဂျာမန် ပီသပါပေရဲ့ရှင်၊ အရင်က ရန်လိုတတ်တဲ့ စိတ်ဝေဒနာရှင်ကို ခေါင်းဆောင် အဖြစ် ရွေးပြီး လုပ်ချင်ရာ လုပ်နိုင်တဲ့ အကြွင်းမဲ့ အာဏာမျိုးတောင် ပေးလိုက်ကြသေး၊ အခုကျတော့ ချောက်ကမ်းပါးကြီးထဲ ဆွဲခေါ်နေမှန်းလည်း သိရော အဖေကယ်ပါ၊ အမေကယ်ပါ တွေ ဖြစ်ကုန်ပြီ"
နျုမန်က ရယ်လိုက်ပြီး "ခင်ဗျား မှာ ဒီလို အမျှော်အမြင်တွေ နဲ့ ပြည့်စုံနေပါလျက်နဲ့ ဘယ်နှယ်ကြောင့်များ ဂျာမန် စပိုင်ဘဝကို ခံယူဖို့ ဗော်လံတီယာ လုပ်ခဲ့ရတာတုန်း"
"နေပါဦး၊ ကျမ က ဗော်လံတီယာ လုပ်တာပါလို့ ဘယ်သူက ပြောလို့ တုန်း"
သူတို့ကားသည် စတစ်နေး နှင့် စတစ်ဖို့ ဆိုသည့် ရွာနှစ်ရွာကို ဖြတ်လာခဲ့သည်။ အိမ်လေးများထဲမှ ထင်းတုံးများ မီးလောင်သည့် အနံ့များက ကားထဲထိပင် ထိုးဖေါက် ဝင်ရောက်လာခဲ့သည်။ ခွေးဟောင်သံများလည်း ကြားလာရသည်၊ နျုမန်သည် သူ့အိတ်ထဲမှ စီးကရက် ဗူးကို ထုတ်ပြီး ကက်သရင်းကို လှမ်းပေးလိုက်သည်၊ ကက်သရင်းက ဗူးထဲမှ နှစ်လိပ်ထုတ်ပြီး မီးညှိလိုက်ကာ တလိပ်ကို နျုမန်အား ပြန်ပေးပြီး တလိပ်ကို ရှိုက်ဖွာလိုက်သည်။
"ခင်ဗျား ခုန ပြောတဲ့ စကားကို နဲနဲလောက် ထပ်ရှင်းပြ ပေးလို့ ရမလား"
သူမအဖို့က အခုလို အချိန်ရောက်မှ ပြောနေဖို့ လိုပေသေးလား၊ ဂျာမန် စကားပြောနေရသည်ကိုပင် စိတ်ထဲတွင် တမျိုး ဖြစ်လာနေသည်။ ခြောက်နှစ်နီးပါး သူမ အကြောင်းကို တစွန်းတစ မှ မပေါ်အောင် အသေးအမွှားက အစ ဖုံးကွယ်ပြီး နေလာခဲ့ရပြီး ဖြစ်သည်။ သူမ၏ အတိတ် နှင့် ပုဂ္ဂိုလ်ရေး အကြောင်းအရာ အားလုံးကို အပြီးအပိုင် ဖျောက်ဖျက် ပြည့်ဖုံးကား ချပစ်ခဲ့ရသည့် အခြား တစုံတယောက် ဖြစ်လာခဲ့ရသည်။ ဟစ်တလာ မတိုင်မီ၊ စစ်ကြီး ဖြစ်မလာခင်က သူမ အကြောင်းကို ပြန်စဉ်းစား မိသည့်အခါတိုင်း သူမစိတ်ထဲတွင် အခြား တယောက် အကြောင်း တွေးနေသလို ခံစားခဲ့ရသည်။
"အင်နာ ကက်ထရီနားသည် ဘာလင် မြို့ပြင်တနေရာ တွင် ယာဉ်တိုက်မှု ကြောင့် ကွယ်လွန်သွားခဲ့သည်"
"ပြောရမယ် ဆိုရင်တော့ ကျမကိုယ်တိုင် အပ်ဗဲယား ရုံးကို သွားပြီး စပိုင် လုပ်ပါရစေဆိုပြီး လျှောက်လွှာတင်ခဲ့တာမျိုးတော့ မဟုတ်ဘူး၊ စပိုင် အဖြစ် လှုပ်ရှားနေတဲ့ လူတိုင်းလည်း အဲ့လို လုပ်ခဲ့ကြလို့ စပိုင် ဖြစ်လာကြမယ် မထင်ဘူး၊ သူတို့ ဖာ သူတို့ ရှာဖွေ ရောက်လာခဲ့ကြတာမျိုးချည်းပဲ၊ ကျမ ကျတော့ သူတို့ ဆိုတာထက် ကပ် ဗိုဂဲလ် လို့ ပြောရင် ပိုမှန်လိမ့်မယ်"
အခြား မည်သူ တဦးတလေကိုမျှ ပြောမပြခဲ့ဖူးသည့် သူမ၏ အကြောင်းများကို ဖွင့် ပြောပြခဲ့သည်။ နွေရာသီ တခု အတွင်း စပိန်တွင် ဖြစ်ပျက်ခဲ့သည်များ၊ စပိန် ပြည်တွင်းစစ်ကြီး ဖြစ်ပွားခဲ့စဉ်အတွင်း မာရီယာ၏ ခြံထဲ နေထိုင်ခဲ့စဉ် သူမ၏ အဖေ နှင့် အတူ အိပ်ခဲ့ သည့် အကြောင်းများ ပါ မကျန် ပြောပြခဲ့သည်။
"ကျမ ကံဆိုးတယ် ပြောရမလားပဲ၊ မာရီယာ အဖေက ဖက်ဆစ် ဝါဒီ တယောက် ဖြစ်နေတယ်၊ အဲ့တာတင် မကသေးဖူး၊ အပ်ဗဲယား အတွက် အသုံးတည့်မယ့် လူတွေကို ပါ ရှာပေးနေတဲ့သူ၊ သူက ကျမ အကြောင်းကို ဗိုဂဲလ် ကို ပြောပြလိုက်တော့ ဗိုဂဲလ် က ကျမဆီ ပေါက်ချလာတော့တာပဲ"
"ခင်ဗျား က မလုပ်နိုင်ဘူး ဆိုပြီး ငြင်းလိုက်လို့ ရတာပဲလေ"
"အဲ့ဒီ တုန်းက ကျမ က ဘာလို့ မငြင်းလဲ ဟုတ်လား၊ တလောကလုံး မှ ကျမ ဂရုစိုက်ရမယ့်၊ တန်ဖိုးထားရမယ့် အဖေရဲ့ အသက်ကို ရန်ရှာမယ်လို့ ခြိမ်းချောက်လာကြတယ်လေ၊ စပိုင် တွေကို ကိုင်တွယ်နေရတဲ့ အရာရှိတိုင်း လုပ်နေကျပဲ၊ သူတို့က လူတယောက်ကို အဲ့လို မလုပ်ခိုင်းတင် ကတည်းက သူ့အကြောင်း အူမချေးခါး အထိ သိအောင် လုပ်ထားပြီးသား၊ သူ ဘာတွေ တွေးနေတယ်၊ သူ့စိတ်ထဲမှာ ဘယ်လို ရှိတယ်၊ ဘာကို နှစ်သက်တယ်၊ ဘယ်လို ဟာမျိုးကို ကြောက်တယ်ဆိုတာ တွေက အစပေါ့၊ ပြီးတော့မှ အဲ့တာတွေ တခုချင်း ဆွဲထုတ်ပြီး သူတို့ လုပ်စေချင်တာ လုပ်လာအောင် အသုံးချလာကြတာပဲ"
သူမက စကား ဖြတ်လိုက်ပြီး စီးကရက်ကို ရှိုက်ဖွာနေသည်။ သူမ မျက်လုံးများကလည်း ဖြတ်လာသော ရွာထဲကို အကဲခတ် သလို ကြည့်နေပြန်သည်။