D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၅၉)

by Hla Soewai - Apr 08 2022

ဟမ်တန်ဆင်းသည် တကယ်တမ်းတွင် ချောင်ကျပြီး သေးငယ်လွန်းသဖြင့် နယ်မြေခံ ရဲ အဖွဲ့ ရှိရန်ပင် မလိုလှပေ။ နော‌ ဖော့ရှိ ဟုမ်း၊ သွန်တန်၊ တစ်ခ်ျဝဲလ်၊ ဘရန်ကက်စတာ ဆိုသည့် ရွာလေးရွာ နှင့် တွဲကာ ရဲစခန်း တခု ထားပေးခဲ့သည်။ ထို ရဲအဖွဲ့ကို ကြီးကြပ် အုပ်ချုပ်နေသူသည် သွန်မဆန် ဆိုသည့် ရဲလုပ်ငန်း အတွေ့အကြုံများစွာ ရှိသည့် လူဟောင်းကြီးပင် ဖြစ်သည်၊ သူသည် ပြီးခဲ့သည့် စစ်ကြီးကတည်းက နောဖော့ ကမ်းခြေတဝိုက်တွင် အမှုထမ်းခဲ့သူလည်း ဖြစ်သည်။

 

 

 

သွန်မဆန်သည် ဘရန်ကက်စတာ ရှိ ရဲအိမ်ယာတွင် နေထိုင်ပြီး လုပ်ငန်းလိုအပ်ချက်အရ သူ့အိမ်တွင် ဖုန်း တပ်ဆင်ပေးထားခဲ့သည်။

 

 

လွန်ခဲ့သည့် တနာရီ ခန့်က ဖုန်းသံကြောင့် သူ၏ ဇနီး နှင့် ခွေးကလေး ရက်ခ် တို့ အိပ်ယာမှ နိုးသွားခဲ့ရသည်။ တယ်လီဖုန်း ဆက်လာသူသည် ကင်းစ်လင်းရှိ ဌာနအုပ်ကြီး ပါကင် ဖြစ်သည်။ ပါကင်က သူ့အား လန်ဒန်ရှိ စစ်ရုံးမှ အရေးတကြီး ဖုန်း ခေါ်လာသည့်

အကြောင်းရင်းကို သွန်မဆင် အား ရှင်းပြလိုက်ပြီး သူ၏ ဒေသတွင်း ရောက်နေပြီဟု စစ်ရုံးချုပ်မှသံသယ ရှိနေသည့် လူသတ် တရားခံပြေး နှစ်ဦးကို ကူညီ ရှာဖွေပေးရန် ပြောလာသည်။

 

 

ပါကင် ဖုန်းဆက် အကြောင်းကြားပြီး နောက် ဆယ်မိနစ်ခန့်အကြာတွင် သွန်မဆင်သည် အိမ်မှ ထွက်လာခဲ့ပြီး လက်ထဲတွင်လည်း ဇနီးဖြစ်သူ ဂျုဒစ် ကမန်းကတန်း ဖျော်ပေးလိုက်သည့် လ္ဘက်ရည် ထဲ့ထားသော ‌ဓါတ်‌ဗူးကို ကိုင်လာသည်။ ထို့နောက် အိမ်နောက်‌ဖေး ရှိ ရုံလေး နားတွင် ထားသည့် စက်ဘီးဖြင့် ရွာလယ်ပိုင်းသို့ နင်းထွက်လာခဲ့သည်။ 

 

သွားလေရာ လိုက်တတ်သည့် ရက်ခ်သည်လည်း သူ့နောက်မှ ကုတ်ချောင်းကုတ်ချောင်းနှင့် လိုက်လာသည်။

 

 

သွန်မဆင်သည် အသက်အားဖြင့် ငါးဆယ်ကျော်လာပြီ ဖြစ်သည်။ ဆေးလိပ်မသောက်၊ အရက်ကိုပင် သောက်ခဲလှသူ ဖြစ်သည့် အပြင် နှစ်ပေါင်းသုံးဆယ်နီးပါး နောဖော့ ကမ်းခြေတလျှောက် စက်ဘီးဖြင့် လှည့်လည် သွားလာရသဖြင့် ခန္ဓာကိုယ် ကြံ့ခိုင် သန်မာသူတဦး ဖြစ်သည်။  သူ၏ တောင့်တင်းသော ကြွက်သားများဖြင့် ဖွဲ့စည်းထားသည့် ခြေအစုံသည် သံထည်ဖြင့် လုပ်ထားသော စက်ဘီးကို ဘရန်ကက်စတာ ရွာထဲသို့ အားစိုက်စရာ မလို ပေါ့ပေါ့ပါးပါး ပင် နင်းလာခဲ့သည်။

 

 

သူထင်သည့်အတိုင်းပင် တရွာလုံးလည်း အပ်ကျသံ မကြားရအောင် တိတ်ဆိတ်နေပြီ ဖြစ်သည်။ အိမ်တိုင်း နီးပါးကို တံခါးလိုက်ခေါက်ပြီး နှိုးမေး၍ ရသော်လည်း မည်သူကမျှ ဝရမ်းပြေးများကို လက်ခံထားမည် မဟုတ်မှန်းလည်း စိတ်ထဲက သိနေပြီး ဖြစ်သည်။

 

 

ရွာထဲရှိ တိတ်ဆိတ်နေသော လမ်းများ ကို တလမ်းဝင် တလမ်းထွက် နင်းလာခဲ့ပြီးနောက်တွင် ကမ်းခြေဖက် သွားသည့် လမ်းအတိုင်း ဟမ်တန်ဆင်းရွာဖက် ‌ဦးတည်လိုက်သည်။

 

 

ကော်ဗီး အိမ်သည် ရွာထဲမှ နှစ်ဖာလုံခန့်အကွာတွင် ရှိသည်။ မာတင် ကောဗီးအား မသိသူ မရှိ၊ မိန်းမက ပစ်ထားခဲ့၍ အရက်သမားကြီး လုံးလုံး ဖြစ်နေသည်။ သူပိုင်လယ်ယာများမှ ‌ရသော မဖြစ်စလောက် ဝင်ငွေ နှင့်သာ ကျပ်ကျပ်တည်းတည်း ရပ်တည်နေရသူ ဖြစ်သည်။ ‌ကောဗီးသည် သမီး ဖြစ်သူ ဂျင်နီ အပေါ်လည်း ညှာတာ ထောက်ထားရကောင်း မှန်း သိသူမဟုတ်ဟု သွန်မဆန်က ရိပ်စားမိပြီးလည်း ဖြစ်သည်။ ထို့အတွက် ကလေးမလေး သည် အမြဲလို နီးပါး ကမ်းခြေဖက်ရှိ သဲဂမူများ အကြား သွား၍ အချိန်ဖြုန်းနေတတ်သည်။ ရွာခံ တဦးက အခြေမဲ့ အနေမဲ့ သူ များ ကမ်းစပ်တွင် လာနေ နေသည်ဟု တိုင်တန်းသဖြင့် သွားရောက် စစ်ဆေးရာတွင် ဂျင်နီ ဖွက်ထားသည့် ပစ္စည်းပစ္စယာများကို တွေ့ခဲ့ရပြီးလည်း ဖြစ်သည်။

 

 

ကောဗီးလ်တို့ အိမ်ရှေ့ အရောက်တွင် စက်ဘီးကို ခဏရပ်လိုက်ပြီး အိမ်ဖက်သို့ လက်နှိပ်ဓါတ်မီးနှင့် လှမ်းထိုးကြည့်မိသည်။ တအိမ်လုံးမှောင်မဲနေပြီး မီးခိုး ခေါင်းတိုင်မှလည်း မီးခိုးများ ထွက်နေသည်ကို မတွေ့ရ။

 

 

သွန်မဆင်သည် စက်ဘီးကို အိမ်နားအထိ တွန်းလာခဲ့ပြီး တံခါး ကို ခေါက်ကြည့်လိုက်သည်။ ဘာသံမှ မကြားရ၊ ကောဗီးလ် မူးမူးနှင့် လဲများ ကျနေပြီလားဟု စိုးရိမ်သွားမိပြီး နောက်တကြိမ် တံခါးကို ခပ်ပြင်းပြင်း ထပ်ခေါက် ကြည့်လိုက် ပြန်သည်။ ဘာသံမျှ မကြားရပြန်သဖြင့် တံခါးကို တွန်းဖွင့်ပြီး အထဲသို့ ဝင်လာခဲ့သည်။ အထဲတွင်လည်း အလင်းရောင်ဟူ၍ မတွေ့ရပဲ မှောင်မဲနေ‌၍ ကောဗီးလ် အမည်ကို နောက်ဆုံးအကြိမ် ခေါ်ကြည့်လိုက်သည်။ ပြန်ထူးသံ မကြားရ၍ အိမ်ထဲမှ ပြန်ထွက်လာခဲ့ပြီး ဟမ်တမ်ဆင် ရွာဖက်သို့ စက်ဘီးကို ဆက်နင်းလာခဲ့သည်။

 

 

ဟမ်တမ်ဆင် ရွာသည်လည်း ဘရန်ကက်စတာ ကဲ့သို့ပင် တိတ်ဆိတ် မှောင်မဲနေသည်။ သွန်မဆင်သည် ရွာထဲရှိ အဖျော်ယမကာဆိုင်၊ ကုန်စုံဆိုင် နှင့် 

စိန့်ဂျွန်းဘုရားကျောင်းများကို ကျော်ဖြတ်လာခဲ့သည်။ ချောင်းကူးတံတားကို လွန်လာသည့် အခါတွင်တော့ ရှေ့တမိုင် လောက်တွင် ရှောင် နှင့် မေရီ ဒိုရသီ တို့ အိမ် ရှိသည်။ ဂျင်နီသည် ဒိုရသီ တို့ အိမ်တွင် အနေများသည်ကိုလည်း သွန်မဆန် သိထားပြီး ဖြစ်‌၍ သူမသည် ထိုအိမ်တွင် ရှိနေဖို့ များသည်၊ သို့ဆိုက မာတင် ဘယ်ရောက်နေပေသနည်း။

 

 

‌လမ်းက ကုန်းတက် ကုန်းဆင်း များလာသဖြင့် စက်ဘီးကို ခက်ခက်ခဲခဲ နင်းလာနေရသည်။ ရှေ့တွင်လည်း ဘာဆိုဘာမျှ မမြင်ရလောက်အောင် မှောင်မဲနေပြီး သူ့နောက်က လိုက်လာနေသော ရက်ခ် ၏ ခြေသံ နှင့် အသက်ရှုသံများမှ အပ ဘာသံမျှ မကြားရအောင် ပတ်ဝန်းကျင် တခုလုံး တိတ်ဆိတ်နေသည်။ ဒိုရသီ တို့ အိမ်အား လှမ်းမြင်လာရသည်။ အိမ်ရှေ့ရောက်သည်အထိ နင်းလာခဲ့ပြီး ဘေးဘီကို လက်နှိပ်ဓါတ်မီး နှင့် လှည့်ပတ် ထိုးကြည့်လိုက်ပြန်သည်။

 

 

ကွင်းပြင်ထဲတွင် တစုံတခု ကို တွေ့လိုက်၍ လှမ်းထိုးကြည့်ရာ သိတ်မသဲကွဲလှသဖြင့် အနားသို့ ရောက်အောင် လျှောက်လာမှ ဓါတ်ဆီပုံးအလွတ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အထဲကို နမ်းကြည့်လိုက်ရာ ဓါတ်ဆီနံ့ ရသည်။ ပုံးကို မှောက်ကြည့်လိုက်ရာ ဓါတ်ဆီများ တစက်စက်နှင့် ကျလာသည်။

 

 

ရက်ခ်သည် သူ့ရှေ့မှနေ၍ ဒိုရသီတို့ အိမ်ရှိရာ သွားနေသည်။ ဒိုရသီ တို့၏  ဗင်ကား အစုတ်တစီး ရပ်ထားသည်ကို တွေ့ရသည်။ ဂိုဒေါင်ဘေး မြက်ခင်းပေါ်တွင် စက်ဘီး နှစ်စီး လဲနေသည်ကို လှမ်းမြင်နေရပြန်သည်။ သွန်မဆင်သည် အိမ်တံခါးကို ခေါက်ကြည့်လိုက်သည်၊ ကောဗီးလ် အိမ်မှာကဲ့သို့ပင် ဘာသံမျှ မကြားရပြန်။

 

 

ဒီတခါတော့ သွန်မဆင်သည် တံခါးကို ဆက်ခေါက် မနေတော့၊ ပတ်ဝန်းကျင်တွင် တွေ့ခဲ့ရသည်များကြောင့် စိုးရိမ်လာနေ၍ ဖြစ်သည်။ တံခါးကို အသာအယာ တွန်းကာ အထဲဝင်လာပြီး "ဟဲလို" ဟု အသံပေးလိုက်သည်။ အထဲမှ ခပ်အုပ်အုပ် နှင့် ငြီးသံ ထွက်လာသည်။ ဓါတ်မီးနှင့် ထိုးကြည့်လိုက်ရာ ကုလားထိုင်တခု တွင် ကြိုးနှင့် တုပ်နှောင်ခံနေရသော မေရီကို တွေ့လိုက်ရပြီး သူမ ပါးစပ်ကိုလည်း အဝတ်စနှင့် ဆို့၍ ပိတ်ထားသည်။

 

 

သွန်မဆင်သည် ချက်ခြင်းလို အနားသို့ ကပ်သွားပြီး မေရီ ပါးစပ်ကို စည်းနှောင်ထားသော အဝတ်စကို ဖြည်ပေးလိုက်သည်။ အပြင်တွင် ရက်ခ်၏ စူးစူးဝါးဝါး ဟောင်နေသော အသံကို ကြားနေရသည်။

 

 

"မေရီ..ဘုရား..ဘုရား ဘာ‌ တွေ ဖြစ်ကုန်ပြီလဲ

 

 

မေရီ မျက်နှာသည် အလန့်တကြားနှင့် သူမေးသည်ကို မဖြေနိုင်သေးပဲ အသက်ကို ဝအောင် ရှုနေသည်။ ထို့နောက် ဗလုံးဗထွေးဖြင့်... 

 

 

"ရှောင် ...မာတင်..တို့ သေကုန်ပြီ....ဂိုဒေါင်ထဲမှာ...စပိုင်တွေ...ရေငုပ်သင်္ဘော...ဂျင်နီကောပဲ"

 

 

************************

 

 

 

"ဗီကာရီ ပြောနေပါတယ်"

 

 

"ကင်းစ်လင်း ရဲဌာန က ဌာနအုပ် ပါကင် ပါ"

 

 

"ဘာထူးလဲ"

 

 

"အ‌လောင်းနှစ်လောင်း၊ ဂယောင်ခြောက်ခြား ဖြစ်နေတဲ့ မိန်းမတယောက် နဲ့ ပျောက်နေတဲ့ ကလေးမတယောက်"

 

 

"ဘုရားရေ...အစကနေ ပြန်ပြောစမ်းပါဦး"

 

 

"ခင်ဗျား နဲ့ ဖုန်းပြောပြီးတာနဲ့ ကျွန်တော် လက်အောက် စခန်းတွေက လူတွေကို ပတ္တရောင်လှည့်ခိုင်းလိုက်တယ်၊ အဲ့ဒီမှာ နောဖော့ မြောက်ဖက်ပိုင်း ကမ်းခြေတလျောက်က ရွာတွေ ကို တာဝန်ယူထားရတဲ့ ရဲတပ်ကြပ်ကြီး သွန်မဆင် က တွေ့လာတာပဲ"

 

 

"ဆက်ပြောပါဦး"

 

 

"အခင်း ဖြစ်တဲ့ နေရာက ဟမ်တမ်ဆင်း ဆိုတဲ့ ရွာပဲ၊ ခင်ဗျားမှာ မြေပုံ အကြီးစားမျိုး မရှိဘူးဆိုရင်တော့ ရှာလို့ တွေ့မယ်မထင်ဘူး၊ တကယ်လို့ ရှိတယ်ဆိုရင်အနီးဆုံး ဝပ်ရှ် မှာရှိတဲ့ ဟမ်စတာတန် ကို အရင်ရှာကြည့်၊ ပြီးရင် ခင်ဗျား လက်ညိုးနဲ့ ထောက်ပြီး ‌နောဖော့ ကမ်းခြေ အတိုင်း မြောက်ဖက်ကို လာ ရင် ဟမ်တမ်ဆင်းကို တွေ့လိမ့်မယ်"

 

 

"ရပြီ ဗျာ" ၊ ထိုနေရာသည်သာ ဝိုင်ယာလက်စ် စက် ရှိနိုင်မည့် အနီးစပ်ဆုံးနေရာ ဖြစ်မည်ဟု ဗီကာရီ တွက်ဆလိုက်သည်။

 

 

"သွန်မဆင်က ဟမ်တမ်ဆင်း ရွာအပြင်က ဂိုဒေါင်ထဲမှာ လူသေအလောင်းနှစ်‌လောင်းကို တွေ့လာတယ်၊ သေတဲ့လူ နှစ်ယောက်စလုံးက အဲ့ရွာက လူတွေ ချည်းပဲ၊ သူတို့ နာမည်တွေက မာတင် ကောဗီးလ် နဲ့ ရှောင် ဒိုရသီ၊ ဒိုရသီက အိုင်းရစ်ရှ် လူမျိုး၊ သွန်မဆင်က ဒိုရသီ မိန်းမ မေရီကို အိမ်ထဲမှာ ကြိုးတုပ်ရက်သား တွေ့ခဲ့ရတယ်၊ ခေါင်းလည်း ရိုက်ခံထားရတယ်၊ သူပြောပြတဲ့ အကြောင်းတွေကတော့ မယုံနိုင်လောက်အောင်ပဲ"

 

 

"ကျွန်တော်အဖို့တော့ ဘာမှ အံ့ဩစရာ မရှိတော့ဘူး ဌာနအုပ်ကြီး၊ ကျေးဇူးပြုပြီး ဆက်ပြောစမ်းပါဦး"

 

 

"မစ္စက် ‌ဒိုရသီ အပြောအရတော့ သူ့ယောက်ျားက စစ်ကြီး ဖြစ်လာကတည်းက ဂျာမန်တွေ အတွက် စပိုင်လုပ်ပေးနေတာ ဆိုပဲ၊ သူက အိုင်အာအေ မှာ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်တ‌ယောက်တော့ မဟုတ်ပေမယ့် အဖွဲ့ နဲ့ အဆက်အသွယ် ရှိတယ်တဲ့၊ ပြီးခဲ့တဲ့ နှစ်ပတ်လောက်တုန်းက ဂျာမန်တွေက ဟော့စ် နျူမန်ဆိုတဲ့ အေးဂျင့်တယောက်ကို ကမ်းခြေမှာ လာချပေးသွားတယ် ပြောတယ်၊ ဒိုရသီက သူ့ကို လက်ခံပေးထားတယ်၊ အဲ့ဒီကတည်းက သူတို့နဲ့ အတူနေပြီး လန်ဒန်ကိုလည်း အမြဲလို သွားလေ့ရှိတယ်တဲ့"

 

 

"အခုည ကျ ဘာတွေ ဖြစ်ကုန်တာလဲ"

 

 

"သူက အတိအကျတော့ မသိလိုက်ဖူး ပြောတယ်၊ သေနတ်သံတွေ ကြားလို့ အိမ်ပြင်ကို ပြေးထွက်လာတော့ ဂိုဒေါင်ထဲမှာ သေနေတဲ့ အလောင်းတွေပဲ တွေ့လိုက်ရတယ်တဲ့၊ ဂျာမန်ကောင်က ပြောတော့ 

ကောဗီးလ်က ဂိုဒေါင်ထဲ အတင်းဝင်လာရာက ပစ်ကြခတ်ကြ ဖြစ်ကုန်တာ ဆိုပဲ"

 

 

"အဲ့ဒီ နျူမန် ဆိုတဲ့ လူနဲ့ မိန်းမတယောက် ပါလာသေးလား"

 

 

"ပါလာတယ်"

 

 

"ကဲ..ပျောက်နေတယ် ဆိုတဲ့ ကလေးမလေး အကြောင်း ဆက်ပါဦး"

 

 

"အဲ့ဒီ ကလေးမလေးက ကောဗီးလ် သမီး ဂျင်နီ၊ ဒိုရသီတို့ အိမ်မှာ မတွေ့ရပဲ သူ့စက်ဘီးကိုပဲ အိမ်ဘေးမှာ တွေ့ခဲ့ရတယ်၊ သွန်မဆမ် ထင်တာတော့ သူ့အဖေ နောက် လိုက်လာရင်း ပစ်တာ ခတ်တာတွေ မြင်သွားပြီး ထွက်ပြေးသွားတာ ဖြစ်မယ်တဲ့၊ မေရီကလည်း ဂျာမန်တွေ ကလေးမလေးကို ‌တွေ့သွားပြီး သူတို့နဲ့ ခေါ်သွားမှာကို စိုးရိမ်နေတယ်"

 

 

"သူတို့ဘယ်ကို သွားတာလဲကော မေရီ သိလား"

 

 

"မသိဘူး၊ အမည်းရောင် ဗင်ကား တစီး နဲ့ သွားတာ ဖြစ်နိုင်တယ် ပြောတယ်"

 

 

"အခု မေရီ ဘယ်မှာလဲ"

 

 

"သူ့အိမ်မှာပဲ ရှိနေတုန်း"

 

 

"ရဲတပ်ကြပ်ကြီး သွန်မဆင်ကော"

 

 

"ဟမ်တမ်ဆင်းက ဖုန်းနဲ့ ပြောလို့ရမယ့် တနေရာမှာ နေခိုင်းထားတယ်"

 

 

"သူတို့ အိမ်ထဲမှာ၊ ဒါမှ မဟုတ် ဂိုဒေါင်ထဲမှာကော ရေဒီယို အသံလွှင့်စက်တွေ ဘာတွေ ကော တွေ့မိသေးလား"

 

 

"ခဏလေး၊ ကျွန်တော် မေးလိုက်ဦးမယ်"

 

 

ဗီကာရီ သည် ဖုန်းထဲမှ ပါကင်၏ အသံခပ်အုပ်အုပ်ဖြင့် မေးသံကို ကြားနေရသည်။

 

 

"သူပြောတော့ ရေဒီယိုလို့ ယူဆရတဲ့ ပစ္စည်း အဆန်းတမျိုး တွေ့ခဲ့ ရတယ် ပြောပါတယ်"

 

 

"ဘယ်လို ပုံမျိုးတဲ့လည်း"

 

 

"ဝိုင်ယာလက်စ် လို မျိုး ထည့်ထားတဲ့ လက်ဆွဲသေတ္တာ တလုံးတဲ့၊ သေနတ်မှန်လို့ ပျက်စီးသွားပြီ"

 

 

"အဲ့အကြောင်းတွေ အခြားဘယ်သူသိသေးလဲ"

 

 

"ကျွန်တော်ရယ်၊ သွန်မဆင်နဲ့ ဖုန်းအိမ်က လူ လည်း သိကောင်း သိနိုင်တယ်၊ သူက ကျွန်တော် ဖုန်းပြော‌ နေတော့ သွန်မဆင် ဘေးမှာ ရှိနေတယ်"

 

 

"ဒီည ဒိုရသီ အိမ်မှာ ဖြစ်ပျက်ခဲ့တာတွေကို အခြား ဘယ်သူကိုမှ မပြောပါနဲ့ လို့ မှာချင်တယ်၊ ဂျာမန် အေးဂျင် ဆိုတာကိုလည်း ခင်ဗျား တင်စရာရှိတဲ့ အစီရင်ခံစာထဲမှာလည်း ထဲ့မရေးပါနဲ့၊ အခုကိစ္စက နိုင်ငံ လုံခြုံရေး အတွက် သေရေးရှင်ရေး တမျှ အရေးကြီးနေတယ်လို့ပဲ မှတ်ထားစေချင်တယ်၊ ကျွန်တော်ပြောတာ ရှင်းပါတယ်နော် ဌာနအုပ်ကြီး"

 

 

"ကျွန်တော် သဘောပေါက်ပါတယ်"

 

 

"ကျွန်တော် အခုပဲ ခင်ဗျား အတွက် အကူအညီရအောင် နောဖော့ကို အဖွဲတဖွဲ့ လွှတ်လိုက်မယ်၊ အခု လောလောဆယ် မေရီ ‌ဒိုရသီ နဲ့ အလောင်းတွေကို ဒီအတိုင်း ထားတာပါ"

 

 

"ကောင်းပါပြီ"

 

 

ဗီကာရီက မြေပုံကို ကြည့်လိုက်ပြန်သည်။ "ကဲ..ဌာနအုပ်ကြီး ဒီအတိုင်းဆို တရားခံ ပြေးတွေ ခင်ဗျား ရှိတဲ့ ဖက်ကို ဦးတည်လာနေပြီလို့ သံသယ ရှိနေတယ်၊ သူတို့ နောက်ဆုံး ဦးတည်နေတာက လင်ကွန်းရှိုင်းယား ကမ်းခြေ တနေရာပဲ"

 

 

"ကျွန်တော့် လူတွေ အားလုံး စုလိုက်ပြီး လမ်းတွေ အကုန်လုံး ပိတ်ထားလိုက်မယ်"

 

 

"ဖြစ်လာသမျှတွေကို ဒီရုံးကို ဖုန်းဆက် အကြောင်းကြားပါ၊ ကဲ...ကံကောင်းပါစေ"

 

 

ဗီကာရီသည် ဖုန်းကို ချလိုက်ပြီး ဘုသီဖက်သို့ လှည့်လိုက်သည်။

 

 

"အခု လောလောဆယ် လူနှစ်‌ယောက်ကို သတ်သွားပြီးပြီ၊ ဓါးစာခံ တယောက် လည်း ပါသွားလောက်တယ်၊ လင်ကွန်းရှိုင်းယား ကမ်းခြေကို သွားနေကြပြီ၊ အင်း...ဒီတိုင်းဆို သူတို့ လက်ထဲက နောက်ထပ် ရေဒီယို စက် တလုံးတော့ ဆုံးရှုံးသွားပုံ ရတယ်"

 

 

*******************