D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၅၈)

by Hla Soewai - Apr 07 2022

အခန်း (၅၇)

 

 

LONDON

 

 

အယ်ဖရက် ဗီကာရီသည် ရှစ်ပေခန့် အမြင့်ရှိသည့် ဗြိတိသျှ ကျွန်းစုများ ပြ မြေပုံ ကားချပ်ကြီး ရှေ့တွင် ရပ်ရင်း စီးကရက် ဖွာလိုက် ခပ်ညံ့ညံ့ လ္ဘက်ရည်ကို ငုံ လိုက် နှင့် စဉ်းစားခန်း ဖွင့်နေသည်။ ထိုသို့ စဉ်းစားနေရင်းက သူ့လိုပင် အကြံအိုက်နေရှာမည့် ဟစ်တလာ ကိုပင် ကိုယ်ချင်းစာလာမိသည်။

 

 

 

စကာဘိုရိုရှိ ဝိုင် ဆားဗစ် စခန်းမှ စခန်းမှုး ကွန်မန်ဒါ လိုး မှ တယ်လီဖုန်း ဆက် အကြောင်းကြားလာခဲ့သည့် သတင်းကို အခြေခံပြီး စပိုင်များသည် ယူဘုတ် ဖြင့် နိုင်ငံတွင်းမှ ခိုးထွက်ရန် ကြံနေပြီ ကို မှန်းဆ၍ ရနေပြီ ဖြစ်သည်။ ထို့အတွက် အရေးတကြီး ပြဿနာ အဖြစ် စဉ်းစားဖို့ ဖြစ်လာရသည်က ဘယ်အချိန် နှင့် ဘယ်နေရာ ဖြစ်နိုင်မလဲ ဆိုသည်ပင် ဖြစ်သည်။ သူ့တွင်လည်း ရေရေရာရာ ‌ထောက်ပြနိုင်စရာ မရှိ ပြန်ပေ။

 

 

စပိုင်များသည် ရေငုပ်သင်္ဘော ထံ အာရုံ မတက်မီ အရောက်သွားကြလိမ့်မည်ဟု ယူဆထားသည်။ အလင်းရောင်ထွက်လာသည့်အချိန် ရေငုပ်သင်္ဘောသည် ရေပြင်ပေါ် ဆက်ရှိနေမည်ဆိုက အန္တရာယ်ကို ဖိတ်ခေါ်နေသည်နှင့် အတူတူပင် ဖြစ်သည်။ ယခုလောက်ဆိုက အပ်ဗဲယား သည် ‌‌ရာဘာလှေများကိုပင် ချထားပြီးလောက်ပြီ ဖြစ်သည်။ သို့သော် ပင်လယ်ပြင်တွင် လှိုင်းထန်နေပြီ ဖြစ်၍ ထိုသို့ လုပ်လိမ့်မည်ဟုလည်း မထင်၊ ‌စက်လှေ တစင်းကို ခိုးဖို့ကလည်း ပြောသလောက် မလွယ်ကူလှ၊ ဘုရင် ရေတပ်မှ ရေပေါ်တွင် သွားလို့ရသည် မှန်သမျှ ကို သိမ်းယူထားခဲ့ပြီး ဖြစ်သည်။

 

 

ကမ်းခြေတလျှောက်တွင်လည်း ရေမြုပ်မိုင်းများ ထူထပ်စွာ ချထားပြီး ဖြစ်၍ ငါးဖမ်းလုပ်ငန်းများပင် ကျဆင်းကုန်ပြီ ဖြစ်သည်။ ယခုလို ညကြီးမင်းကြီး အမှောင်ထုထဲတွင် ပင်လယ်ပြင် အထိ ထွက်နိုင်လောက်အောင် ခိုင်ခံ့မှု ရှိမည့် စက်လှေ မျိုးကို အချိန်တို အတွင်း မည်သို့မျှ ရှာနိုင်စရာ အကြောင်းမရှိ။

 

 

 

စပိုင်များက သင်္ဘော အဆင်သင့် ရှိထား၍သာ ဖြစ်မည်ဟု ဗီကာရီ တွေးမိပြန်သည်။

 

 

ပို၍ အရေးကြီးနေသည်က ဘယ်နေရာလဲ ဆိုသည်ကို သိနိုင်ဖို့ပင် ဖြစ်သည်။ ကမ်းခြေတလျှောက် ဘယ်နေရာ က ထွက်လာနိုင်မလဲ၊ ဝိုင် ဆားဗစ်သည်လည်း ဝိုင်ယာလက်စ် တည်နေရာကို အတည်အကျ မညွှန်ပြနိုင် ဖြစ်နေသည်။ သူတို့ ပြောနိုင်သည့် ကျယ်ဝန်းလှသော ဧရိယာ ထဲမှ တခုခု ကို ရွေးထုတ်နိုင်မှသာ ဖြစ်တော့မည်။ မြေပုံတလျှောက် လက်နှင့် လျှောက်ထောက်လာရင်း နောဖေ့ာ ကမ်းရိုးတန်းအရောက်တွင် ရပ်သွားသည်။

 

 

နောဖော့သည် အဖြစ်နိုင်ဆုံး နေရာပင်၊ ဗီကာရီသည် မီးရထားလမ်း အချိန်ဇယားကို သိထားသူ ဖြစ်သဖြင့် စပိုင်တယောက်သည် လန်ဒန်မှ မီးရထားဖြင့် ဟမ်စတန်သို့ သုံးနာရီ အတွင်း တိုက်ရိုက် လာနိုင်၍ နောဖော့ ကမ်းခြေတလျောက်ရှိ ရွာတရွာတွင် ခိုအောင်းနေနိုင်သည်။ 

 

 

သူတို့တွင် ကား ကောင်းကောင်းတစီးနှင့် ဓါတ်ဆီ အလုံအလောက် ရှိမည်ဆိုက လန်ဒန်မှ ရထားမစီးပဲ ကားဖြင့် ထွက်လာနိုင်၍ အတော် ခရီးပေါက်နေလောက်ပြီ ဖြစ်မည်၊ မီးရထား ဘူတာရုံတိုင်းတွင် ရဲ များ  ခြေချင်းလိမ်နေလောက်ပြီ ဆိုသည်ကိုလည်း စပိုင်များဖက်က တွက်ဆပြီး ဖြစ်နိုင်၍ ရထားစီးလာလိမ့်မည် မဟုတ်ဟုလည်း ဗီကာရီသည် သေချာပေါက် တွက်ဆထားခဲ့ပြီး ဖြစ်သည်။

 

 

ရေငုပ်သင်္ဘာ ရှိမည့်နေရာ သို့ စက်လှေ ဖြင့် သွားရန် နောဖော့ ကမ်းခြေတလျောက် ဘယ်လောက်ဝေးဝေး သွားဖို့ လိုမည်နည်း။ 

 

 

ယူဘုတ်သည် ကမ်းခြေ နှင့် အများဆုံး ငါးမိုင် အကွာလောက် အထိသာ လာနိုင်စွမ်း ရှိသည်။ ထို့အတွက် ပင်လယ်ပြင် အတွင်း စက်လှေဖြင့် ငါးမိုင် ခရီးကို အနည်းဆုံး တနာရီ လောက် သွားရဖို့ ရှိသည်။ ယူဘုတ်သည် အလင်းရောင် ပေါ်ထွက်လာသည် နှင့် ရေအောက် ငုပ်လျိုးရဖို့ ရှိနေ၍ နောက်အကျဆုံး မနက် ၆ နာရီ အရောက်သွားရမည် ဖြစ်သည်။ ထိုသို့ဆိုက စပိုင်များ အဖို့ ကားမောင်းချိန် ရှစ်နာရီသာ ကျန်ပေတော့မည်။ ရှစ်နာရီ ဆိုသည့် အချိန်အတွင်း ဘယ်လောက်ဝေးဝေး သူတို့ မောင်းနိူင်ကြမည်နည်း၊ ရာသီဥတု အနေအထား၊ တနိုင်ငံလုံး အမှောင်ချထားသည့် ကြားမှ လမ်းခရီးအနေအထား ဆိုးဝါးနေမှု များကို ထည့်တွက်မည်ဆိုက မိုင် တရာ မှ တရာ့ငါးဆယ်ခန့်လောက်သာ ခရီးပေါက်နိုင်သည်။

 

 

ဗီကာရီသည် မြေပုံကို ကြည့်လိုက်ပြန်ပြီး စိတ်ဓါတ်များ ကျဆင်းသွားရပြန်သည်။ ထိုအကွာအဝေးသည် ကမ်းခြေတလျောက် နဲနဲနောနော အကျယ်အဝန်း မဟုတ်သည်ကို တွေ့လိုက်ရသောကြောင့် ပင် ဖြစ်သည်။ တောင်ပိုင်းရှိ သိမ်းမြစ်ဝ မှသည် မြောက်ဖက်ရှိ ဟမ်းဘားမြစ်အထိ ရှည်လျားသည်။ ထို အကွာအဝေးတခုလုံးကို ပိုက်စိတ်တိုက် ရှာဖို့ဆိုသည်က မည်သို့မျှ မဖြစ်နိုင်ပြန်။

 

 

ကမ်းခြေတလျောက်တွင်လည်း ဆိပ်ခံဘောတံတားများ၊ တံငါရွာလေးများ ပြန့်ကျဲနေသည်။ ဗီကာရီ မှ ဒေသခံရဲ အဖွဲ့အား ရှိသမျ လူအင်အားကို့ ဖြန့်ကျက်ချထားရန် တောင်းဆိုခဲ့သည်။ ကမ်းခြေစောင့် ဘုရင့် လေတပ်မှလည်း အလင်းရောင် ထွက်လာလာချင်း ကင်းလှည့် ပျံသန်းပေးမည်ဟု သဘောတူခဲ့သည်။ ရေတပ် စစ်သင်္ဘောများသည်လည်း စက်လှေအရွယ် သင်္ဘောများကို စောင့်ကြည့်နေကြမည်လည်း ဖြစ်သည်။ သို့သော်လည်း လကွယ်ည လည်း ဖြစ်၊ မိုးလည်း သဲသဲမဲမဲ ရွာနေသည့် ယခုလို အချိန်မျိုးတွင် ‌မြင်နိုင်ဖို့က မဖြစ်နိုင် သလောက် နီးနီးပင်။ 

 

 

ရေ‌‌ဒီယို ဖြင့် နောက်တကြိမ် ဆက်သွယ်လာသည်ကို ကြားဖြတ် ဖမ်းယူနိုင်ပါမှ ယခုထက် ပို‌၍ အနီးစပ်ဆုံး နေရာကို ခန့်မှန်းနိုင်မည် ဖြစ်သည်။

 

 

ထိုအချိန်တွင် တယ်လီဖုန်း မြည်သံ ထွက်ပေါ်လာခဲ့သည်။

 

 

"ဗီကာရီ ပြောနေပါတယ်"

 

 

"ရေငုပ်သင်္ဘော စောင့်ကြည့် ခြေရာခံ စခန်းက အာသာ ဘရိတ်ဝိတ် ပါ၊ ကျွန်တော် ဒီနေ့ ဂျုတီ ဝင်တော့ ခင်ဗျားရဲ့ နှိုးဆော်စာကို တွေ့တယ်၊ ကျွန်တော် ဖက်က အတော်လေး ထိထိရောက်ရောက် အကူအညီ ပေးနိုင်လိမ့်မယ် ထင်လို့ ဖုန်းလှန်းဆက်လိုက်ရတာပါ"

 

 

*******************

 

 

 

"ရေငုပ်သင်္ဘော ခြေရာခံတဲ့ စခန်းက ပြီးခဲ့တဲ့ အပတ်တွေ အတွင်း လင်ကွန်းရှိုင်ယား ကမ်းလွန်မှာ ဝင်လိုက် ထွက်လိုက် လုပ်နေတာ ယူဘုတ်တစင်းကို တွေ့တယ်တဲ့" ဟု ဗီကာရီ သည် အောက်ထပ်သို့ ဆင်းလာပြီး မြေပုံခန်းထဲ ရှိ သူ့ထံ ရောက်လာသော ဘုသီကို ပြောပြလိုက်သည်။ "ကျွန်တော်တို့ဖက်က လူအင်အား နဲ့ အရင်းအမြစ် တွေကို လင်ကွန်းရှိုင်းယား မှ ပုံအော်လိုက်ရင်တော့ ‌ဒီကောင်တွေကို အမိဖမ်းနိုင် ကောင်းရဲ့" ဟု ဆက်ပြောလိုက်သည်။

 

 

 

"ကမ်းခြေ က အရှည်ကြီး ဖြစ်နေတယ်"

 

 

ဗီကာရီ က မြေပုံကို နောက်တကြိမ် ထပ်ကြည့်လိုက် ပြန်သည်။

 

 

"အဲ့ မှာ အကြီးဆုံး မြို့က ဘာလဲ"

 

 

"ဂရင်းစ်ဘီလ် ထင်တယ်"

 

 

"ဂရင်းစ်ဘီလ် ဟုတ်လား၊ အခန့်သင့်လိုက်လေဗျာ၊ ကျွန်တော်တို့ ဒီကဆို ဘယ်လောက်ကြာကြာ သွားရင် ရောက်နိုင်မလဲ"

 

 

"ပို့ဆောင်ရေး ဌာနက စီစဉ်ပေးပါလိမ့်မယ်၊ နာရီ အတော်ကြာကြာတော့ သွားရမယ် ထင်တာပဲ"

 

 

သူ့စကားကြောင့် ဗီကာရီ မျက်နှာ ရှုံ့မဲ့သွားသည်။ ပို့ဆောင်ရေး ဌာနတွင် ယခုလို ကိစ္စမျိုးအတွက် သုံးနိုင်ရန် အမြန်မောင်းယာဉ် အနည်းငယ်မျှသာ ရှိသည်။ တရားခံ နောက်သို့ ဒလကြမ်း လိုက်ဖို့ လိုလျှင် ကျွမ်းကျင်စွာ မောင်းနိုင်သည့် ယာဉ်မောင်းများလည်း အရံသင့် ရှိသည်။ ထိုအထဲမှ အချို့သည် စစ်ကြီး မတိုင်မီက ကားမောင်းပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသူများ ပါဝင်နေသည်။ 

 

 

ယာဉ်မောင်းများက မည်မျှပင် ကျွမ်းကျင်သည် ဆိုစေ‌ဦး မဆင်မခြင် မောင်းသူများသာ ဖြစ်သည်။ ကွန်ဝေါ ကမ်းခြေ ဖက်တွင် စပိုင်တ‌ယောက် ဖမ်းရန် သူတို့မောင်းသော ရိုဗာ ကားနှင့် လိုက်ပါလာခဲ့စဉ် စပိုင် မိဖို့ထက် သွားလိုသည့် နေရာကို အသက်နှင့် ကိုယ် အိုးစားမကွဲပဲ ရောက်လျှင်ပင် ကံကောင်းလှပြီဟု ယူဆလာခဲ့ရဘူးသည်ကို အမှတ်ရနေမိသည်။

 

 

"လေယာဉ် နဲ့ သွားရင်ကော"

 

 

"ခင်ဗျား အတွက် ‌လေတပ်က လေယာဉ်တစီး‌ ကျွန်တော် စီစဉ်ပေးနိုင်ပါတယ်၊ ဂရင်းစ်ဘီလ် မြိုပြင်မှာ အသေးစား တိုက်‌လေယာဉ် အခြေစိုက် စခန်းရှိတယ်၊ ခင်ဗျားကို တနာရီလောက်နဲ့ ရောက်အောင် ပို့ပေးလို့ရလောက်တယ် ဆိုတော့ အဲ့ဒီမှာပဲ စစ်ဆင်ရေး အတွက် ကွပ်ကဲရေး ရုံး ဖွင့်လိုက်တော့၊ တခုတော့ ပြောလိုက်ဦးမယ်၊ ပြတင်းပေါက် ဖွင့်ပြီး အပြင်လေး ဘာလေး ကြည့်လိုက်ဦး၊ လေယာဉ် နဲ့ သွားသင့်တဲ့ ရာသီဥတုမျိုးလားလို့"

 

 

 

"ကျွန်တော် မြင်ပြီးပါပြီ၊ ကျွန်တော် အနေနဲ့ ဟိုရောက်မှပဲ ရှာတာ ဖွေတာ တွေကို ထိထိရောက်ရောက် လုပ်နိုင်မှာ" ဟု ပြောရင်း ဗီကာရီသည် မြေပုံကားချပ်ကြီး ရှေ့မှာ ခွာလိုက်ပြီး ဘုသီ ဖက် လှည့်လိုက်သည်။

 

 

"ကျွန်တော် ခေါင်းထဲ ပေါ်လာတာ တခု ရှိနေတယ်။ သူတို့ ဘာလင်ကို မက်ဆေ့ မပို့နိုင်မီ သူတို့ကို အမိ ဖမ်းနိုင်ခဲ့ရင်တော့ ကျွန်တော် သူတို့ အစား ပို့နိုင်တယ် လို့ စဉ်းစားမိလို့"

 

 

"ဆိုလိုတာက လန်ဒန်ကနေ ထွက်ပြေးလာရတဲ့ အကြောင်းတခုခု ပြနိုင်ရင် သူတို့ လက်ထဲ ရောက်နေပြီးသား 'ပါတီပွဲ' စာရွက်စာတမ်းတွေကို ပိုပြီး ယုံကြည်လာအောင်လား"

 

 

"ခင်ဗျား ပြောတာ ကွက်တိပဲ"

 

 

"ခင်ဗျား အိုင်ဒီယာ ကောင်းတယ် အယ်ဖရက်"

 

 

"ကျွန်တော်နဲ့ အတူ လူနှစ်‌‌ယောက်လောက် ခေါ်သွားရင် ကောင်းမလားလို့၊ ဒေါလ်တန်တို့ ရိုခ်ျတို့ လိုက်မယ် ဆိုရင်ပေါ့"

 

 

ဘုသီက ချက်ခြင်း အဖြေ‌မပေးသေးပဲ တအောင့်လောက် အကြာမှ "ခင်ဗျား နောက်ထပ် တယောက်လောက် ထပ်ခေါ်သွားသင့်တယ်"

 

 

"ဘယ်သူ့ကိုလဲ"

 

 

"ပီတာ ဂျော်ဒန်"

 

 

"ဂျော်ဒန် ဟုတ်လား!"

 

 

"ခင်ဗျား ဒီနေရာမှာ ဂျော်ဒန် ဖက်ကနေ စဉ်းစားသင့်တယ်၊ ဂျော်ဒန်က လိမ်ညာခံရ၊ လှည့်စားခံရတဲ့လူ ဆိုတော့ ကက်သရင်း ဘလိတ်ရဲ့ ကျဆုံးခန်းကို သူကိုယ်တိုင် မြင်ချင် ရှာမှာပေ့ါ၊ အဲ့လို မြင်ချင်မှာပဲ ဆိုတာလည်း ကျွန်တော် သေချာပေါက် သိနေတယ်၊ ကျွန်တော်သာ သူ့နေရာမှာဆိုရင် သေနတ်မောင်းကို ကိုယ်တိုင်ကိုယ်ကျ ဖြုတ်ချင်မိမှာ အမှန်ပဲ၊ ဂျာမန်တွေကလည်း ဒီလိုပဲ တွေးမှာပဲ၊ အဲ့ဒီတော့ ပါတီပွဲ ဆိုတဲ့ စစ်ဆင်ရေး နဲ့ ပတ်သက်ပြီး သူတို့ ယုံလာအောင် ကျွန်တော်တို့ တတ်နိုင်သမျှ ဖန်တီးပေးဖို့ လိုတယ်"

 

 

ဗီကာရီသည် မှတ်တမ်းဌာန ရုံးခန်းထဲရှိ အတွင်းတွင် ဟောင်းလောင်း ဖြစ်နေသော ဖိုင်တွဲကို ပြန်မြင်ယောင်လာသည်။

 

 

တယ်လီဖုန်းက မြည်လာပြန်သည်။

 

 

"ဗီကာရီ နဲ့ ပြောချင်လို့တဲ့" ဟု ဌာနရှိ တယ်လီဖုန်း အော်ပရေတာ သံကို ကြားလိုက်ရသည်။

 

 

"ပရော်ဖက်ဆာ ခင်ဗျာ၊ နောဖော့က ကင်းစ်လင်း ရဲစခန်းမှုး ပါကင် က ပြောချင်လို့ပါတဲ့၊ အတော်ကို အရေးကြီးနေလို့ဆိုပဲ"

 

 

 

"ချိတ်ပေးလိုက်ဗျာ"

 

 

******************