D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၅၆)

by Hla Soewai - Apr 05 2022

လက်ထောက် တယောက်က သူ၏ မှန်တံခါး ကို လာခေါက်၍ ဘရိတ်ဝိတ်သည် ဝင်လာရန် ခေါင်းငြိမ့်ပြလိုက်သည်။ သူ့လက်ထဲတွင် လ္ဘက်ရည် ခရား နှင့် ဘီစကစ်မုန့်များ ထည့်လာသည့် လင်ပန်းကို ကိုင်လာပြီး စားပွဲပေါ် ချလိုက်ရင်းက “ဂွတ် မောနင်း ဆာ”

 

“မောနင်း ပက်ထရစ်”

 

“မနေ့ညက တော့ ရာသီဥတု က အတော်လေး ကောင်းတယ် ပြောရမယ် ဆရာ၊ ဘယ်နေရာမှာ မှ ယူဘုတ်တွေ ပေါ်လာတာ မတွေ့ရသေးဘူး၊ မုန်တိုင်းက အနောက်ဖက် ကို ရွေ့လျားသွားပြီ လို့ ပြောလို့ရတယ်၊ အရှေ့ခြမ်းက ယော့ရှိုင်းယား ကနေ ဆာဖစ် အထိတော့ အားပျော့သွားတယ် ထင်ရတာပဲ”

 

ဘရိတ်ဝိတ်က ခေါင်းငြိမ့်ပြလိုက်၍ သူ့လက်ထောက်လည်း ပြန်ထွက်သွားသည်။ စားပွဲပေါ်က စာရွက်တထပ်ကြီးထဲမှ ပထမဆုံး တွေ့ရသည့် အကြောင်းအရာများက သာမန် လုပ်ရိုးလုပ်စဉ်များ ဖြစ်ပြီး ယူဘုတ်များ နှင့် BdU ခေါ် ဂျာမန် ရေတပ်၏ ယူဘုတ် ကွပ်ကဲရေး ဗဟို ဌာနချုပ် အကြား ဆက်သွယ်မှုများကို ကြားဖြတ်နားထောင်ခဲ့သည့် အစီရင်ခံစာများ ဖြစ်သည်။ ပဥ္စမမြောက် စာရွက်ကို ဖတ်လိုက်မိသည့် အခါတွင်တော့ ဘရိတ်ဝိတ်သည် စိတ်ဝင်စားသွားသည်။ ထိုစာသည် စစ်ရုံးချုပ်ရှိ ဗိုလ်မှုး အယ်ဖရက် ဗီကာရီ ထံမှ ပေးပို့လာသည့် နှိုးဆော် သတိပေးချက် ဖြစ်နေသည်။

 

ထိုစာထဲတွင် အာဏာပိုင်များက နိုင်ငံထဲမှ ထွက်ခွာရန် ကြိုးစားနေသည့် အမျိုးသား တဦး နှင့် အမျိုးသမီး တဦး ကို လိုက်လံရှာဖွေနေသည်ဟု ပါရှိလာသည်၊ ဗီကာရီ၏ ထိန်းထိန်းသိမ်းသိမ်း ရေးထားသည့် စာသွားစာလာကို ကြည့်၍ ဘရိတ်ဝိတ် ပြုံးမိသွားသည်။ ဗီကာရီသည် MI-5 မှ ဖြစ်မည်ဆိုသည်က သိသာနေသည်။ ထို့အတွက် သူတို့ ရှာနေသည့် လူများသည် ဂျာမန် အေးဂျင့်များ ပင် ဖြစ်ရမည်၊ ထို့အတွက် သူတို့ကို ဖမ်းမိနိုင်ရေးသည် လွန်စွာ အရေးကြီးနေပြီ ဆိုသည်မှာ သံသယ ဖြစ်စရာပင် မလိုပေ။ သို့မဟုတ်က သူ၏ တပ်လှန့်စာသည် သူ၏ စားပွဲပေါ်သို့ ရောက်လာစရာ အကြောင်းမရှိပေ။ ဗီကာရီ စာကို ဘေးချထားလိုက်ပြီး ဖတ်စရာ ရှိသည်များကို ဆက်ဖတ်နေခဲ့သည်။

 

စာများ လှန်လှော ဖတ်ရှု့နေရင်းက နောက်ထပ် စာတစောင်အား စိတ်ဝင်စားဖွယ် တွေ့လာရပြန်သည်။ စကာဘိုရိုရှိ ဝိုင် ဆားဗစ် စခန်းမှ အမျိုးသမီးတဦး၏ ဂျာမန် ယူဘုတ် နှင့် ကုန်းတွင်းပိုင်း တနေရာမှ ဝိုင်ယာလက်စ် ဖြင့် ဆက်သွယ် ပြောဆိုမှုကို ကြားဖြတ်ဖမ်းယူခဲ့သည့် အစီရင်ခံစာပင် ဖြစ်သည်။

 

Huff Duff သည် ဝိုင်ယာလက်စ် စက် တည်နေရာကို အရှေ့ဘက် ကမ်းရိုးတန်း ရှိ လင်ကွန်းရှိုင်းယား မှ ဆာဖစ် အကြား တနေရာရာ တွင် ရှိမည်ဟု ထောက်ပြထားသည်။ ဘရိတ်ဝိတ်သည် ထိုစာရွက်ကို ဆွဲထုတ်ပြီး စောစောက ဘေးချထားသော ဗီကာရီ စာဘေးတွင် ချထားလိုက်သည်။

 

စားပွဲမှ ထပြီး ထော့နဲ့ ထော့နဲ့ ဖြင့် ရှေ့က အခန်းကျယ်ကြီး ရှိရာသို့ ထွက်လာခဲ့ပြီး မြောက်အတ္တလန်တိတ် ပုံစံတူ ပြုလုပ်ထားသည့် စားပွဲကြီး ရှေ့တွင် ရပ်လိုက်သည်။ သူ၏ အဖွဲ့သား နှစ်ဦးမှ မနေ့ညက တွေ့ရှိလာသော ယူဘုတ်များ၏ လှုပ်ရှားမှုများကို ရောင်စုံပင်အပ်များ ဖြင့် နေရာချနေသည်။ ဘရိတ်ဝိတ်သည် သူတို့ကိုယ် ဂရုမထား နိုင်ပဲ ဗြိတိန်၏ အရှေ့ဘက် ကမ်းလွန် တနေရာကို စူးစိုက်ကြည့်နေရင်းက သူ့မျက်နှာသည် လွန်စွာ လေးနက်တည်ကြည်သော အသွင်ကို ဆောင်လာသည်။

 

“ပက်ထရစ် ယူဘုတ် ၅၀၉ ဖိုင်ကို ယူလာခဲ့စမ်းပါ” ဟု လွန်စွာ အေးစက်သော အသံဖြင့် ပြောလိုက်သည်။

 

                                                ***********************

 

အခန်း (၅၅)

 

HAMPTON SANDS, NORFOLK

 

ဂျင်နီသည် သဲတောင်ကုန်း အောက်ခြေရှိ ထင်းရူးပင်တန်းများ အကြား ရောက်လာသည်။ သူမသည် အားအင်ကုန်ခမ်း ပြီး လဲကျလုမတတ်ပင် ဖြစ်လာခဲ့သည်။ သူမသည် မုဆိုး ရန်က လွတ်အောင် ကြောက်လန့်တကြား ပြေးလွှားနေရသော သားကောင် တကောင် ကဲ့သို့ပင်။ လမ်းမများ ကို ရှောင်၍ ကွင်းပြင်များ နှင့် စိမ့်မြေများ ရှိသည့်နေရာများကို ကျော်ဖြတ်ပြေးလာခဲ့ရသည်။ မိုးရွာထားသဖြင့် ဗွက်ထနေ၍ သူမသည် လေးကြိမ်ထက်မနည်း လဲကျခဲ့သဖြင့် သူမတကိုယ်လုံးလည်း ရွံ့များ အလူးလူး နှင့် ဖြစ်ပြီး နံဟောင်နေသည်။ မိုး နှင့် လေ နှင့် ရောကာ တိုက်ခတ်ခံနေရသဖြင့် မျက်နှာကို တစုံတယောက်က ဖြတ်ရိုက်နေသည့်အလား ခံစားနေရပြန်သည်။

 

သူမသည် အချမ်းဒဏ်ကို တသက်နှင့် တကိုယ် မကြုံဖူးအောင် ခံနေရသည်။ သူမကိုယ်ပေါ်ရှိ ဆီစိမ်ခံ ကုတ်အင်္ကျီ ရှည်ကြီး ပင် ပေါင် တရာခန့် လေးလံလာသလို ထင်လာမိသည်။ သူမ၏ ဝဲလင်တန် ဘွတ်ဖိနပ် ရှည်ကြီး အတွင်း ရေများ ဖြင့် ပြည့်နှက်လာနေသဖြင့် သူမ၏ ခြေထောက်များသည် ရေခဲထဲ ရောက်နေသလို ဖြစ်နေသည်။

 

ထိုအခါကျမှ အိမ်က ထွက်လာခဲ့စဉ် ခြေအိပ် ဝတ်မလာခဲ့သည်ကို သတိရမိသွားသည်။ သူမသည် မြေကြီး ပေါ် ဒူးထောက် ထိုင်ချလိုက်ရင်း အသက်ပြင်းပြင်း ရှုသွင်းနေသည်။ သူမ၏ လည်ချောင်းထဲတွင်လည်း သံချေး နံများ ပင် ရလာခဲ့သည်။

 

သူမ၏ အသက်ရှုသံ ပုံမှန် ဖြစ်မလာမချင်း နေရာက မထပဲ အမောဖြေနေခဲ့သည်။ ထို့နောက် အားယူ၍ ထလိုက်ပြီး သစ်ပင်များ အကြား ဝင်လာခဲ့သည်။ ပတ်ဝန်းကျင်တခုလုံးက ပိန်းပိတ်အောင် မှောင်မဲနေသည်။ မျက်စိမမြင်သူ တဦးလို လက်နှစ်ဖက်ကို ရှေ့သို့ စမ်းထုတ်ကာ တလှမ်းချင်း သွားနေရသည်။ လက်နှိပ်ဓါတ်မီး ယူမလာသည့် အတွက် ကိုယ့်ကိုကိုယ် ‌ဒေါသ ထွက်လာခဲ့ရပြန်သည်။

 

ပတ်ဝန်းကျင် တခုလုံးတွင်လည်း  လေတိုးသံများ၊ လှိုင်းပုတ်သံများသာ ကြားနေရသည်။ တဖြေးဖြေး နှင့် ပတ်ဝန်းကျင် အနေအထားကို ကျက်မိလာသည်။ အမှောင်ထဲတွင် ကိုယ့်အိမ်ထဲ ကိုယ်သွားနေရသလို ဖြစ်လာသည်။

 

သစ်ပင်များ လွန်လာပြီးနောက် သူမ၏ လျို့ဝှက် ပုန်းအောင်းရာ နေရာ ကို ဘွားကနဲ တွေ့လိုက်ရသည်။

 

သူမက ကျောက်တုံးကြီး ကို မှီ၍ ထိုင်ချလိုက်သည်၊ ခေါင်းပေါ်ရှိ ထင်းရူးပင်များကတော့ လေတိုးဒဏ်ကို မချိမဆန့် ခံနေရသည့် ပုံ တွေ့နေရသည်။ ဂျင်နီသည် ယခုအခါ လေကွယ်ရာ ကို ရောက်လာပြီ ဖြစ်၍ မီးမွှေးရန် ပင် စိတ်ကူးမိသော်လည်း ထွက်လာမည့် မီးရောင်ကို အဝေးကပင် မြင်နိုင်သဖြင့် စိတ်လျော့လိုက်ရသည်။ ထင်းရူးကိုင်းများ ဖြင့် ဖုန်းထားသော သူမ၏ လက်ဆွဲအိတ်ကို ထုတ်ယူပြီး အထဲက သိုးမွှေးစောင်ကို ထုတ်ကာ တကိုယ်လုံး တင်းတင်းကျပ်ကျပ် ဖြစ်အောင် ပတ်ထားလိုက်သည်။

 

အနွေးဓါတ်ကို တဖြေးဖြေး ရလာခဲ့သည် နှင့် အမျှ သူမ သည်းထန်စွာ ငိုချလိုက်မိသည်။ အကူအညီ တောင်းဖို့ မသွားနိုင်မီ ဒီနေရာတွင် ဘယ်လောက်ကြာကြာ နေရမလဲဟု တွေးလာမိပြန်သည်။ ဆယ်မိနစ်လား၊ မိနစ် နှစ်ဆယ်လား၊ နာရီဝက်လား မဝေခွဲနိုင် ဖြစ်နေသည်၊ သူမ ပြန်လာသည့်အခါ မေရီ ကော အိမ်တွင် ရှိနေဦးမည်လော၊ မေရီကိုကော အနာတရ ဖြစ်အောင် လုပ်သွားကြလား အစရှိသည့် အတွေးများကလည်း ဝင်လာခဲ့ပြန်သည်။

 

သူမ ဖခင်၏ ရုပ်ပျက်ဆင်းပျက် သေဆုံးနေပုံကို မျက်စိထဲ မြင်ယောင်လာသဖြင့် ခေါင်းကို ဘယ်ညာရမ်းကာ ပျောက်ပျက်အောင် ကြိုးစားလိုက်သည်။ ခန္ဓာကိုယ်အား လှုပ်လှုပ်ရှားရှား လုပ်မိသဖြင့် တုန်တက်လာ၍ စောင်ကို တင်းသည်ထက် တင်းအောင် ခြုံလိုက်သည်။

 

နာရီဝက်.. နာရီဝက်တော့ စောင့်နေမှ ဖြစ်မည်၊ အဲ့လောက် အချိန်ကြာရင်တော့ သူတို့ မရှိလောက်တော့၊ သူမလည်း ပြန်လို့ ရမည်ဟု စိတ်ပိုင်း ဖြတ်လိုက်သည်။

 

                                                *************************

 

နျူမန်သည် ရှေ့ဆက်မောင်းလို့ မရတော့သဖြင့် ကားကို ရပ်လိုက်ပြီး သူ့ခုံဘေးတွင် ချထားသော လက်နှိပ်ဓါတ်မီးကို ဆွဲကာ ဆင်းလာခဲ့သည်။ ဓါတ်မီးကို ဖွင့်ကာ သစ်ပင်များ အကြား ခပ်သုတ်သုတ် လျှောက်လာခဲ့သည်။ သဲတောင်ကုန်း ပေါ်သို့ တက်ပြီး တဖက်က ပြန်ဆင်းလိုက်သည်၊ ဓါတ်မီးကို ပိတ်လိုက်ပြီး ရေစပ်ကနေ လျှောက်လာခဲ့သည်။ မာကျော ကျစ်လစ်နေသော မြေပြန့်လို ဖြစ်နေသည့် နေရာ အရောက်တွင် လှိုင်းများက လေနှင့်အတူ ကမ်းခြေ အထိ တက်လာနေသည်။

 

ကမ်းခြေတွင် သူ ပြေးနေစဉ်က ဂျင်နီ ထွက်လာသည့် နေရာကို စဉ်းစားလိုက်သည်။ ထိုအချိန်က သူမ သည် ထိုနေရာမှာပင် တညလုံး အိပ်လာခဲ့သည့် ပုံ ပေါ်နေ၍ ထိုအနား တဝိုက်တွင် သူမအတွက် ခိုအောင်းရာ နေရာ ရှိမည်ဟု တွက်ဆခဲ့ပြီး ဖြစ်သည်။ ယခုအခါ ကြောက်လန့်တကြား နှင့် ပြေးလွှားနေရ၍ ကလေးများလို သူ့အတွက် အလုံခြုံဆုံး ဖြစ်မည့် နေရာကို သာ တန်းတန်းမတ်မတ် ပြေးလာမည် ဖြစ်သည်။

 

နျူမန်သည် သူပြေးနေစဉ် အဆုံးသတ် မျဉ်းလို စိတ်ထဲက သတ်မှတ်ထားသော နေရာသို့ ရောက်လာသည်နှင့် ရပ်လိုက်ပြီး သဲတောင်ကုန်း ဖက်သို့ လျှောက်လာခဲ့သည်။

 

တောင်ကုန်း တဖက်သို့ အရောက်တွင် ဓါတ်မီးကို ဖွင့်ပြီး ထိုးကြည့်လိုက်ရာ လူတယောက် သွားထားသလို သဲများက ပွနေသည်။ သွားရင်းက သစ်ပင်များ နှင့် ကျောက်တုံးကြီး တတုံး ရှိနေ၍ လေကွယ်ရာ ချိုင့်ကွက်လေး တခုလို ဖြစ်နေသော နေရာတနေရာကို တွေ့လိုက်၍ ဓါတ်မီးနှင့် ထိုးကြည့်လိုက်ရာ ဂျင်နီ မျက်နှာကို ထိုးမိရက်သား ဖြစ်နေသည်။

 

                                                ***************************