လက်ရှိ အော်တိုကရေစီ နှင့် ဒီမိုကရေစီ အကြား ရုန်းကန် တွန်းထိုးနေမှုကြီးသည် ကျွန်တော်တို့ ခေတ်ကို ပြဋ္ဌာန်းပေးလာတော့မည့် စိန်ခေါ်မှုကြီးပင် ဖြစ်သည်ဟု ဂျိုးဘိုင်ဒင်မှ အွန်လိုင်း ဒီမိုကရေစီ ထိပ်သီး အစည်းအဝေး တွင် ပြောသွားခဲ့သည်က သွေးထွက်အောင်ပင် မှန်လာပြီ ဖြစ်သည်။
အော်တိုကရေစီ ဆိုသည်ကား ခေါင်းဆောင်တဦးတည်းမှ အုပ်ချုပ်ရေး အာဏာ ဟူသမျှ ကို ချုပ်ကိုင်ထားခြင်း ကို ဆိုလိုရင်းဖြစ်သည်၊ ဗလာဒီမာ ပူတင်သည် ထိုသို့သော စနစ်မျိုး ကို သွတ်သွင်း ရန် ဒုံးကျည်များ၊ တင့်ကားများ သုံး၍ လွတ်လပ်ပြီး တရားမျှတစွာ ရွေးချယ်ထားသော အစိုးရ အဖွဲ့ကို ဖုတ်ကျည်း သင်္ဂြိုလ် ပစ်ရန် ကြိုးပမ်းလာခဲ့ပြီ ဖြစ်သည်။
သို့သော် ဘိုင်ဒင် ပြောသလို ဒီမိုကရေစီ နှင့် အော်တိုကရေစီ တိုက်ပွဲကြီးကို ဆင်နွှဲရန်မူကား ဘူမိနိုင်ငံရေး အနေအထားကို ထည့်တွက်လာခဲ့ရသည်။
လက်ရှိတွင် ပူတင်သည် သူကဲ့သို့ အော်တိုကရေစီ အကြီးစားကြီး ဖြစ်သော တရုတ်၏ ထောက်ခံမှု ကို ရရှိနေသည်။ သို့သော် တဖက်တွင် ဒီမိုကရေစီ ဘိုးအေကြီးဟု ပြော၍ ရသည့် အိန္ဒိယ သည် ရုရှားထံမှ လက်နက်များ ဝယ်ယူနေသဖြင့် ကိုယ့်ဖက်ပါအောင် သိမ်းသွင်း၍ မရသည့် အပြင် ရုရှားအား ရှုတ်ချရန်ကိုပင် ငြင်းဆိုနေဆဲ ဖြစ်သည်။ အာဖရိကတိုက်၏ ခေါင်း ဆောင် ဖြစ်သော တောင်အာဖရိက အစိုးရသည် ယခင် ဆိုဗီယက် ယူနီယံ၏ အထောက်အပံ့များ ရထားခဲ့၍ လက်ရှိ ရုရှား-ယူကရိန်း စစ်ပွဲကိုပင် နေတိုး အပေါ် အပြစ်ပုံချ ပြောဆိုခဲ့သည်။ တောင်အမေရိကတိုက်ရှိ ဘရာဇီးကလည်း ကြားနေကြောင်း ကြေညာလာပြီး အရှေ့အလယ်ပိုင်းရှိ အမေရိကန်၏ မဟာမိတ် ဖြစ်သူ အစ္စရေးကလည်း ဖြန်ဖြေပေးပါရစေ ဆိုလာသည်။
ဘိုင်ဒင်သည် အာဏာရှင် အစိုးရများထံ မှ အကူအညီ ရရန် ကြိုးပမ်းလာနေသည့် အရေးကြောင့် ယခင် စစ်အေး တိုက်ပွဲကာလများ အတွင်းကကဲ့သို့ပင် ၎င်းတို့၏ အလွန်အကျွံ လုပ်ရပ်များကို မျက်စိမှိတ်ထားဖို့ ဖြစ်လာမည်လောဟု စိုးရိမ်မကင်း ဖြစ်လာကြသည်။ အော်တိုကရေစီ ကို ရင်ဆိုင်ရန် အော်တိုကရက်များထံမှ အကူအညီ ရယူ နေရသည့် အဖြစ် ရောက်နေပြီလောဟု မေးခွန်းထုတ်လာကြသည်။
လက်ရှိတွင် အနောက်အုပ်စုမှ တူရကီ သမ္မတ အာဒိုဂန် အား တချိန်က ဆူညံစွာ ကန့်ကွက် ရှုတ်ချ နေသော အသံများသည်လည်း တိတ်ဆိတ် သွားခဲ့ပြီ ဖြစ်သည်။
အာဒိုဂန်သည် ယူကရိန်း အား စာနာထောက်ထားသည်ဆိုကာ တူရကီ၏ နာမည်ကျော် ဒရုန်း များ ရောင်းချပေးနေသော်လည်း တဖက်တွင် ရုရှားအား စီးပွားရေး ဒဏ်ခတ်ရန် ဆန့်ကျင်နေပြီး တူရကီ လေကြောင်း ပိုင်နက်ကိုလည်း ရုရှား အား သုံးခွင့်ပေးထားပြန်သည်။ ရုရှား နှင့် ကုန်သွယ်ရေး အားလည်း ရွှေ နှင့် ရူဘဲလ် များ ဖြင့် ပေးချေ၍ ရသည်ဟု ပြောလာပြန်သည်။ ပူတင်၏ မိတ်ဆွေ ဘီလျံနာ အကြီးစား ကြီး ဖြစ်သူ ရိုမန် အာဘရာမိုဗစ်ချ် ၏ ဆူပါ ရွက်လှေကြီးများသည် တူရကီ ဆိပ်ကမ်းများ တွင် ရှိနေဆဲ ဖြစ်သည်။
ယခုအခါ အနောက်အုပ်စုမှ သူ့အား လိုက်လိုက်လျောလျော ပြန်ဆက်ဆံနေသည်ကို အခွင့်ကောင်းယူ၍ တူရကီအား အီးယူထဲ အမြန်ထဲ့ပေးရန် အာဒိုဂန်သည် တောင်းဆိုလာပြီ ဖြစ်သည်။ တူရကီ၏ ကာကွယ်ရေး စက်မှု လုပ်ငန်းများအား အမေရိကန်၏ ဒဏ်ခတ် ပိတ်ဆို့ထားမှုများမှ ဖယ်ရှားပေးရန် ပြောလာသည်၊ အာဒိုဂန်သည် ရုရှားထံမှ S-400 လေကြောင်း ကာကွယ်ရေး စနစ်ကို ဝယ်ယူခဲ့၍ ဖြစ်သည်။ အမေရိကန်ကလည်း ၎င်းတို့ ဝယ်ထားသော S-400 ဒုံးကျည်များကို ယူကရိန်း သို့ ပေးပို့မှ ဖြစ်မည်ဟု ပြောလာခဲ့သည်။
နောက်ထပ် အမေရိကန် တို့ လိုက်လိုက်လျောလျော လုပ်လာရသည်က ပိုလန်ပင် ဖြစ်သည်။ ပိုလန်သည် တူရကီနှင့် နှိုင်းစာလျှင် ဒီမိုကရေစီ ပို၍ လက်ခံ ကျင့်သုံးသော နိုင်ငံ ဖြစ်သော်လည်း ပြီးခဲ့သည့် နှစ်များ အတွင်းက အစိုးရသည် တရားရေး ဖက်တွင် ဝင်စွက်လာပြီး အတိုက်အခံများ နှင့် မီဒီယာများကို ပိတ်ဆို့ ဟန့်တားလာခဲ့သည်။ ထိုအရေးကြောင့် ကိုဗစ် အလွန် စီးပွားရေး နာလံထမှုများ အတွက် အီးယူမှ ထောက်ပံ့ရန် ရှိနေသော ဒေါ်လာ ဘီလီယံ ၄၀ ကို ဆိုင်းငံ့ထားခဲ့သည်။
သို့သော် ယခုအခါတွင်တော့ ပိုလန်သည် ယူကရိန်းမှ ဒုက္ခသည်များကို အများဆုံး လက်ခံသည့် နိုင်ငံ အဖြစ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ယူကရိန်းသို့ တင်ပို့နေသည့် လက်နက်များကို လည်း ဖြတ်သန်းခွင့် ပြုခဲ့သည်။ ရန်သူ ဟောင်း ဖြစ်သော ရုရှားတို့၏ ရန်ကို ရင်ဆိုင်လာရပြီ ဖြစ်၍ အီးယူ နှင့် ပြေလည်မှု ရရန် လုံးပမ်းသည့် အနေဖြင့် တရားရေး ဖက်တွင် ဝင်ရောက် စွက်ဖက်မှုများ ကို လျော့ချလာနိုင်သော်လည်း ယခုအခါ ၎င်းတို့ကို အီးယူမှ ပြဿနာ မရှာရဲတော့ ဆိုကာ ပို၍ပင် ချူပ်ချယ်လာနိုင်မည့် အလားအလာ လည်း ရှိနေသည်။ လောလောဆယ်တွင် ပိုလန် အစိုးရသည် လစ်ဘရယ်များ၊ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများ နှင့် လိင်စိတ်ပြောင်းလဲနေသူများကို “ရန်သူများ” အဖြစ် သတ်မှတ်ဆက်ဆံနေဆဲ ဖြစ်သည်။
ရေနံဈေးနှုန်းများ မြင့်တက်လာနေသည့် အရေး ကြောင့် အရှေ့အလယ်ပိုင်းရှိ ကိုယ့်မင်းကိုယ်ချင်း အုပ်ချုပ်နေသော ရေနံ သူဌေး နိုင်ငံများ အပေါ် အမေရိကန်သည် သဘောထား ပျော့ပြောင်းစွာ ဆက်ဆံလာရဖို့ ရှိနေပြန်သည်။ အိုပက် အဖွဲ့ဝင် ၁၃ နိုင်ငံ ရှိသည့် အနက် ၁၁ နိုင်ငံ တွင် နိုင်ငံသားများ လွတ်လပ်ခွင့် မရှိဟု Freedom House မှ သတ်မှတ်ထားခဲ့ပြီး ဖြစ်သည်။ ကျန်နှစ်နိုင်ငံအားလည်း တစိတ်တပိုင်းသာ လွတ်လပ်မှု ရှိသည်ဟု ဆိုသည်။
ဗြိတိသျှ ဝန်ကြီးချူပ် ဘောရစ် ဂျွန်ဆင်သည် ရေနံများ ပို၍ ထုတ်လုပ်ပေးရေး တိုက်တွန်းရန် မတ်လ ၁၆ ရက်နေ့တွင် ဆော်ဒီ သို့ ရောက်ရှိလာခဲ့သည့် က ထိုအချက်ကို ပိုမို ထင်ရှားစေခဲ့သည်၊ ဘိုင်ဒင်သည်လည်း ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆာလ်မန် နှင့် ပြန်၍ ပြေလည်ရာ ပြေလည်ကြောင်း လုပ်လာနိုင်ဖွယ် ရှိနေသည်။ ၂၀၁၈ ခုနှစ် အတွက် ဝါရှင်တန် ပို့စ်တွင် ဆောင်းပါးရေးသူ အား သတ်ဖြတ်ခဲ့မှုကြောင့် ခပ်ကင်းကင်း နေခဲ့ပြီး ဖြစ်သည်၊ သို့သော် ဆော်ဒီ သည် ၎င်းတို့တွင် အခြား ရွေးစရာ လမ်း ရှိသည်ကို ပြသည့်အနေဖြင့် တရုတ် နှင့် ပေါင်းပြလာခဲ့သည်။ တရုတ်သို့ ရေနံများကို ဒေါ်လာ အစား ယွမ်ငွေဖြင့် ရောင်းရန်ပင် စဉ်းစားနေပြီ ဖြစ်သည်။ ယခုအခါ ဆော်ဒီသည် ယီမင် တွင် ဖြစ်ပွားနေသော စစ် အတွက် အမေရိကန် ထံမှ အကူအညီပေးရန် နှင့် သူ့အားလည်း အမေရိကန် တရားရုံးများတွင် တရားစွဲခံရမည့် အရေးမှ အကာအကွယ် ပေးစေချင်နေသည်။
နောက်ထပ် အော်တိုကရက် ရေနံ နိုင်ငံက ဗင်နီဇွဲလားပင် ဖြစ်သည်။ ဗင်နီဇွဲလားသည် ယူကရိန်းဖက်မှ ရပ်တည်ပေးခြင်းဖြင့် အမေရိကန်၏ စီးပွားရေး ဒဏ်ခတ်မှု ပြေလျော့လာနိုင်သည်ဟု မျှော်လင့်နေသည်။ ဒီမိုကရေစီ နိုင်ငံ အများအပြားက ရွေးကောက်ပွဲ မသမာမှုများ ဖြင့် သမ္မတ ဖြစ်လာသူ နီကိုလပ်စ် မာဒူရိုကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ကြချိန်တွင် ပူတင်သည် အမေရိကန်၏ နောက်ဖေးခြံအထိ ဝင်ရောက်စွက်ဖက်နိုင်သည်ကို ပြလို၍ လက်နက်များ၊ ငွေများ ကို လေယာဉ်အပြည့် တင်ကာ ထောက်ခံခဲ့ယုံမက တပ်အချို့ပင် စေလွှတ်ပေးခဲ့သေးသည်။ သို့သော် ယခုအခါ မာဒူရို၏ အတွက်အချက် က ပြောင်းလဲလာနေပြီ ဖြစ်သည်။
မာဒူရို သည် စစ်နွံနစ်သည်ထက် နစ်လာနေပြီ ဖြစ်သော ပူတင်ထံမှ ဘာအကူအညီမှ မျှော်လင့်၍ မရတော့ သည့်အပြင် ပူတင်သည် ယခုအခါ ကီယက်ကို သိမ်းပိုက်ဖို့ အရေးထက် အခြား ဘာမှ စိတ်မဝင်စားတော့မှန်း တွက်ဆမိပြီး ဖြစ်သည်။ ထို့အတွက် မာဒူရိုသည် အိမ်ဖြူတော်မှ ကိုယ်စားလှယ်အဖွဲ့ကိုပင် လက်ခံတွေ့ဆုံနိုင်သည့် အဆင့်အထိ တက်လှမ်းလာခဲ့ပြီ ဖြစ်သည်။
အကျဉ်းကျခံနေရသော အမေရိကန် နိုင်ငံသား နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပြီး နိုင်ငံတွင်း ရှိ အတိုက်အခံများ နှင့် ဆွေးနွေးပွဲများ ပြန်လုပ်ရန်ပင် ကတိပေးလာခဲ့သည်။ အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ဗင်နီဇွဲလားမှ ရေနံများ ဝယ်ယူနိုင်ရန် စီးပွားရေး ဒဏ်ခတ်မှု ဖြေလျော့ပေးရေး နှင့် အပေးအယူ လုပ်ရန် ရောက်လာခဲ့ကြခြင်းလည်း ဖြစ်သည်။
သို့သော် အမေရိကန်၏ လုပ်ရပ်သည် ၎င်းအား အသိအမှတ် ပြုသည့် သဘောဆောင်လာ၍ မာဒူရိုသည် ပြည်တွင်း တွင် အခြေခိုင်သည်ထက် ခိုင်လာပေတော့မည်။
ရီပတ်ဘလီကင် အမတ်များကတော့ အာဏာရှင်များ အပေါ် အလျော့ပေး ဆက်ဆံခဲ့မှု အား ဘိုင်ဒင်၏ အားနည်းချက် အဖြစ် ပြစ်တင်ရှုတ်ချလာကြသည်။
ဒီမိုကရေစီသည် အာဏာရှင်များ နှင့် ဆက်ဆံခဲ့ရသည့် သမိုင်းကြောင်းများကလည်း ရှိထားပြီး ဖြစ်သည်။ အချို့က မဆက်ဆံ၍ မဖြစ် ဆက်ဆံခဲ့ရခြင်းမျိုး ပင် ဖြစ်သည်၊ နာဇီ ဂျာမဏီအား အနိုင်ရရန် ဂျိုးဇက် စတာလင် နှင့် လက်တွဲခဲ့ရဖူးသည်။
ရုရှား၏ စီးပွားရေး ပြိုလဲလာသည်နှင့် အမျှ ကရင်မလင်၏ မဟာမိတ်များ လည်း ခေါင်းထောင် လာနိုင်ဖွယ်မရှိတော့၊ မာလီ နှင့် ဗဟို အာဖရိက သမ္မတ နိုင်ငံတို့သည် ရုရှား ကြေးစားများ ကို ၎င်းတို့ကိုယ်ပိုင်ငွေ ဖြင့် ငှားသုံးနေ၍ မထောင်းသာလှသော်လည်း ဆီရီယား နှင့် ဘဲဘာရုစ်တို့ အဖို့ ယိမ်းယိုင်လာနိုင်ဖွယ် ရှိနေသည်။ ပူတင်လည်း ယခင်ကလို တပ်များလွှတ်၍ ကယ်တင်ပေးနိုင်ဖွယ် မရှိတော့ပေ။ အာဆတ်ကော လူကာရှင်ကို တို့ နှစ်ဦးစလုံးက ပူတင်ကို ဖြစ်သည့်နည်းဖြင့် သူတို့ဖက်က ရှိနေစေချင်ကြသည်၊ အာဆတ်သည် ပူတင်ကို ကူရန် ဗော်လံတီယာ ဟု အမည်တပ်ကာ တပ်များ စေလွှတ်ပေးခဲ့သည်။
လူကာရှင်ကိုကလည်း ယူကရိန်းကို ဝင်တိုက်ရန် သူ့နိုင်ငံကို အသုံးပြုခွင့် ပေးခဲ့သည်။ ဘဲလာရုစ် အတိုက်အခံများ နှင့် ပြည်သူများက ကန့်ကွက်လာကြသည်၊ ဘဲလာရုစ် မီးရထား အလုပ်သမားများက ယူကရိန်း ရှိ ရုရှားတပ်များထံ ထောက်ပံ့ရေး ပစ္စည်းများ မရောက်ရန် မီးရထားလမ်းကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြသည်။
ယူကရိန်း ပြည်သူများကတော့ ၎င်းတို့၏ လွတ်လပ်ခွင့် အတွက် မဆုပ်မနစ် ကြံ့ကြံ့ခံ တိုက်ပွဲ ဝင်နေသည့် စိတ်ဓါတ်သည် တကမ္ဘာလုံး အတွက် စံပြဖြစ်လာနေသည်။
သို့သော် စစ်ပွဲ၏ ရလဒ်ကား မည်သို့ ထွက်ပေါ်လာမည်ကို ခန့်မှန်း၍ မရ ဖြစ်နေဆဲပင်ဖြစ်သည်။ အကယ်၍ ပူတင်သာ တနည်းမဟုတ် တနည်း အောင်ပွဲခံနိုင်ခဲ့က တကမ္ဘာလုံး ရှိ အာဏာရှင်များ လက်ခမောင်း ခတ်လာကြတော့မည် ဖြစ်သည်။ ရှုံးနိမ့်သွားခဲ့လျှင်တော့ အာဏာရှင်များအား ဆန့်ကျင်နေသူများ အတွက် စိတ်အား တက်ကြွစရာ ဖြစ်လာနိုင်သည်။
ထိုအရေးသည် ယူကရိန်း ပြည်သူများ၏ သတ္တိ နှင့် ဒီမိုကရေစီ နိုင်ငံများ၏ အကူအညီကို မှီတည်လာနေပြီ ဖြစ်သည်။
(၂၀၂၂ မတ်လ ၂၆ ရက် နေ့ ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ “How Vladimir Putin provokes – and complicates – the struggle against autocracy” ဆောင်းပါးကို ကိုးကားသည်)