D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၅၂)

by Hla Soewai - Mar 31 2022

မာတင် ကောဗီးလ်သည် စက်ဘီးကို ခွကာ ရပ်နေရင်း အသက်ကို ပြင်းပြင်း ရှူသွင်းနေရသည်၊ သူ၏ မျက်လုံးများကလည်း ဒိုရိုသီ၏ ဂိုဒေါင်ထဲမှ ထွက်နေသော အလင်းရောင် ကို စူးစိုက် ကြည့်နေပြန်သည်။ ထို့နောက် စက်ဘီးကို လမ်းဘေးတွင် လှဲထားလိုက်ပြီး ကွင်းပြင်ကို ဖြတ်ကာ ကုန်းကုန်း ကုန်းကုန်း နှင့် ဂိုဒေါင်ရှိရာသို့ ချည်းကပ်လာခဲ့သည်။

 

 

မိုးရွာနေသဖြင့် အထဲတွင် ဘာတွေ ပြောနေကြသည်ကို သိရန် မနည်း နားစိုက် ထောင်နေရသည်။ ကြားလိုက်ရသည့် စကားများကို မယုံနိုင်အောင် ဖြစ်လာရသည်။

 

 

ရှောင် ဒိုရိုသီသည် နာဇီ တို့၏ ဘက်တော်သား ဖြစ်နေပါပေါ့လား။ သူ့ကိုယ်သူ ဂျိမ်း ပေါ်တာ ဟု ပြောနေသူသည် ဂျာမန် အေးဂျင့် တဦး ဖြစ်နေသည်၊ ဟမ်တမ်ဆင်း တွင် ဂျာမန်တို့၏ သူလျို ကွန်ယက်ကြီး အခြေစိုက်၍ လှုပ်ရှားနေပြီ ဖြစ်သည်။

 

 

ကောဗီး က လုံးစေပတ်စေ့ ကြားရရန် ကြိုးစားပြီး နားစွင့် လိုက်ပြန်သည်။ ကမ်းခြေ အတိုင်း လင်းကွန်းရှိုင်းယားဖက်သို့ ကားမောင်းသွားရန် စီစဉ်နေကြခြင်း ဖြစ်သည်။ ထိုမှတဆင့် မော်တော်တစီးဖြင့် ရေငုပ်သင်္ဘော ရှိရာသို့ သွားကြမည် ဖြစ်သည်။ ကောဗီးလ်၏ ရင်ထဲ တဇတ်ဇတ် ခုန်လာနေသည်။ သူ့ကိုယ်သူလည်း ဘာဆက်လုပ်သင့်သည် ဆိုသည်ကို ခေါင်းအေးအေးနှင့် စဉ်းစား နိုင်ရန် စိတ်ကို အတတ် နိုင်ဆုံး တည်ငြိမ်အောင်လည်း ကြိုးစားနေရသည်။

 

 

သူ့တွင် ရွေးချယ်စရာ နှစ်လမ်းပဲ ရှိတော့သည်ကို သိလာခဲ့သည်။ နောက်ကြောင်းပြန်လှည့်ကာ ရွာရှိ အာဏာပိုင်များကို အကြောင်းကြားမည်လော၊ သို့တည်းမဟုတ် ဂိုဒေါင်ထဲ ဝင်သွားပြီး သူကိုယ်တိုင် ပဲ ဖမ်းရမည်လော ဆိုသည် မှ တခုခုကို ရွေးရတော့မည် ဖြစ်သည်။ တခုမှ သူ့အတွက် အခွင့်မသာ၊ အကူအညီ သွားတောင်းပြီး ပြန်လာနိုင်ခဲ့လျင် လည်းသူတို့ ကို အစအနပင် တွေ့ရတော့မည် မဟုတ်၊ နောဖေါ့ ကမ်းခြေတလျောက်တွင် ရဲတပ်ဖွဲ့ ဆို၍ မဆိုသလောက်သာ ရှိသည်။ ထိုအင်အားလောက်နှင့်ပင် လိုက်ရှာဖို့ ဆိုသည်က မဖြစ်နိုင်၊ သူတယောက်ထဲ ဝင်သွားပြီး အမိဖမ်းနိုင်ဖို့ ဆိုသည်ကလည်း တယောက်နှင့် သုံးယောက် ဖြစ်နေသည်၊ ရှောင် လက်ထဲတွင် ပြောင်းရှေ သေနတ် ကိုင်ထားသည်ကို တွေ့နေရသည်။ ကျန် နှစ်ယောက် တွင်လည်း သေနတ်များ ရှိနေပြီးဟု ယူဆထားရမည် ဖြစ်သည်။ သို့သော် သူ့တွင် တခုတည်းရှိသော အားသာချက်က သူတို့အား အငိုက်ဖမ်း နိုင်မည့် အခွင့်အလန်း ရှိနေဆဲ ဆိုသည် ပင်ဖြစ်သည်။

 

 

ထိုသို့ ဝင်ဖမ်းနိုင်ဖို့ကို သူ သဘောကျနေသည့် အကြောင်းကလည်း ရှိနေပြန်သည်။ သူ့ကိုယ်သူ ဂျိမ်းပေါ်တာ ဟု ပြောနေသည့် ဂျာမန်ကောင်နှင့် ကိုယ်တိုင်ကိုယ်ကျ စာရင်းရှင်းနိုင်ခွင့် ရမည့် အရေးကြောင့် ဖြစ်သည်။ သူ့အနေနှင့် လုပ်စရာ ရှိတာကို မြန်မြန်သွက်သွက် လုပ်နိုင်မှ ဖြစ်မည်။ ယူလာသော ကျည်သေတ္တာကို ဖွင့်ပြီး ကျည်နှစ်တောင့်ကို သေနတ်ထဲ ထဲ့လိုက်သည်။ သူဘဝတလျောက်လုံး သေနတ်နှင့် ချိန်ခဲ့သည်ဆို၍ ရစ်ငှက်၊ ခါငှက်တို့သာ ရှိသည်။ လူတယောက် ကို သေနတ်နှင့် တည့်တည့်ချိန်ပြီး ပစ်ရမည့် အရေး အတွက် ဖြစ်ပါ့မလားဟု တွေးမိပြန်သည်။ 

 

 

ဝပ်နေရာမှ ထလိုက်ပြီး တံခါးရှိရာသို့ လျှောက်လာခဲ့သည်။

 

 

*******************

 

 

ဂျင်နီသည် ခြေသလုံးသားများ စုတ်ပြတ်ထွက်သွား မတတ် စက်ဘီးကို ခြေကုန် နင်းလာခဲ့သည်။ ရွာကိုဖြတ်၊ ဘုရား‌ကျောင်း နှင့် သင်္ချိုင်းကို ကျော်ကာ ချောင်း ကို ပင် ဖြတ်ကျော်လာခဲ့ပြီ ဖြစ်သည်။ မုန်တိုင်း၏ အငွေ့အသက်များ လေထဲတွင် ပျံ့လွင့်နေသည်။ ပင်လယ်ဖက်မှ လှိုင်းပုတ်သံများကိုလည်း ကြားလာရသည်။ မိုးသီးမိုးပေါက်များက သူမမျက်နှာကို ရိုက်ခတ်‌နေပြန်သည်။ လေအရှိန်ကြောင့် စက်ဘီးပင် လဲပြိုသွား မတတ် ဖြစ်လာနေသည်။

 

 

အဖေ့ စက်ဘီးကို လမ်းဘေး မြက်ခင်းစပ်တွင် လှဲထားသည်ကို တွေ့လိုက်ရသည်။ သူမလည်း အဖေ စက်ဘီးနားတွင် ရပ်လိုက်ရင်း အဖေ ဘာလို့ ဒီနေရာမှာ ထားသွားတာပါလိမ့်၊ ဘာဖြစ်လို့ ဒိုရိုသီ တို့ အိမ်ရှေ့ အထိ စီးမသွားရတာလဲ အစရှိသည်တို့ကို တွေးနေမိပြန်သည်။

 

 

ဒီအတိုင်းဆို အဖေသည် သူလာတာကို လှမ်းမမြင်ရအောင် လုပ်တာပဲ ဖြစ်မည်ဟု ယူဆလိုက်သည်။

 

 

ထိုအခိုက်မှာပင် ရှောင် ၏ ဂိုဒေါင်ထဲမှာ သေနတ်သံကို ကြားလိုက်ရသည်။ ဂျင်နီ လည်း စူးစူးဝါးဝါး အော်ပြီး ပြေးထွက်လာခဲ့သည်။ ပါးစပ်မှလည်း "အဖေ မသေပါစေနဲ့၊ ဘုရားသခင် စောင်မပေးတော်မူပါ" ဟု တတွတ်တွတ် ဆုတောင်းလိုက်ပြန်သည်။ 

 

**************

 

 

 

အခန်း (၅၂)

 

 

SCARBOROUGH, ENGLAND

 

 

ဟမ်တမ်ဆင်း ၏ မြောက်ဖက် မိုင်တရာခန့် အကွာ စကာဘိုရို ရှိ ဝိုင် ဆားဗစ် ဟု ခေါ်သည့် ကြေးနန်းများ ကို ‌ကြားဖြတ်နားထောင်သည့် စခန်းဝင်းထဲသို့ ရှားလော့ အင်ဒီကော့သည် စက်ဘီးဖြင့် ဝင်လာခဲ့သည်။ မြို့ထဲရှိ သူမတည်းခိုနေသည့် ကျဉ်းကျဉ်းကျုပ်ကျုပ် နေရာမှ စက်ဘီးစီးလာသည့် လမ်းတလျောက်လုံး လေဒဏ် မိုးဒဏ်ပါ ရောပြွမ်းခံလာခဲ့ရသည်။ တကိုယ်လုံးလည်း စိုရွှဲနေပြီး အရိုးကွဲမတတ် ခိုက်ခိုက်တုန်နေသည်။ စက်ဘီးကို အခြားစက်ဘီးများ ဘေးချင်းယှဉ်ကာ ထောင်ထားခဲ့သည်။

 

 

မြောက်ပင်လယ်ကို စီးမြင်နေရသည့် ကမ်းပါးပေါ်တွင် ကြီးမားလှသည့် လေးဒေါင့်ပုံ ကောင်းကင် ဧရိယာတိုင်ကြီးများသည် လေတိုက်ခတ်မှုကြောင့် လှုပ်ခါနေသည်ကို ရှားလော့ အင်ဒီကော့သည် တချက် လှမ်းကြည့်လိုက်ပြီး ‌အဆောက်အဦးရှိရာသို့ ခပ်သုပ်သုပ် လျှောက်လာခဲ့သည်။ အဆောက်အဦး ဆိုသည်ထက် တဲ ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။တံခါးကို ဆွဲဖွင့်ပြီး လေဒဏ်ကြောင့် ဝုန်းကနဲ ပြန် ဆောင့်ပိတ်မသွားခင် အထဲသို့ ကမန်းကတမ်း ဝင်လိုက်ရသည်။

 

 

သူမတာဝန်ချိန် စရန် မိနစ် အနည်းငယ် လိုနေပေသေးသည်။ မိုးရေများနှင့် ရွှဲနစ်နေသော မိုးကာ အင်္ကျီကို ချွတ်ကာ ဆောင်းလာသည့် ဦးထုတ် သိုင်းကြိုးကို ‌ဖြည်လိုက်ပြီး အခန်းထောင့်ရှိ ကုတ်အင်္ကျီများ ထားရန် လုပ်ပေးထားသော တန်းတွင် ဦးထုပ်ရော၊ မိုးကာကိုပါ သွားချိတ်ထားလိုက်သည်။ 

 

 

တဲ ထဲတွင် အေးစက်နေပြီး လေတိုက်သည့် ဒဏ်ကို လုံလောက်အောင် အကာအကွယ် ပေးနိုင်စွမ်း မရှိ၊ နဂိုကတည်းက လုပ်ငန်းအတွက် အလုပ်ဖြစ်ယုံသာ ဆောက်လုပ်ထားခြင်း ဖြစ်ပြီး သူတို့ သက်တောင့်သက်သာ နေနိုင်အောင် ထည့်သွင်း စဉ်းစားထားပုံ မရပေ။

 

 

သို့သော် ကင်တင်း အသေးစားလေးတော့ ထားပေးသည်။ ရှားလော့သည် ကင်တင်းထဲ ဝင်သွားပြီး လ္ဘက်ရည်ပူပူ ကို ခွက်ထဲသို့ ငှဲ့ထည်ကာ စားပွဲတွင် ဝင်ထိုင်လိုက်ပြီး စီးကရက် တလိပ်ကို မီးညှိ ဖွာရှိူက်နေခဲ့သည်။ ဆေးလိပ်သောက်သည်မှာ ကောင်းသည့် အကျင့် မဟုတ်မှန်း သိသော်လည်း သူသည် ယောက်ျားများနှင့် ရင်ဘောင်တန်း လုပ်နေရ၍ သူတို့လို သောက်တတ်မှ ဖြစ်မည်။ ထို့အတွက်လည်း ကျား သတ္တဝါများက သူမအား အသက် နှစ်ဆယ့်သုံးနှစ်နှင့် မလိုက်အောင် ရင့်ကျက် ခေတ်မီပြီး လိင်ဆွဲဆောင်မှု ရှိသည်ဟူသော အကြည့်မျိုးဖြင့် ကြည့်တတ်ကြသည်ကို စိတ်ထဲက ကြိတ်၍ သဘောကျနေမိပြန်သည်။ ဤသို့ဖြင့် သူမလည်း ဆေးလိပ်ကို စွဲစွဲမြဲမြဲ သောက်တတ်သွားခဲ့ပြီ ဖြစ်သည်။  

 

 

လုပ်ရသည့် အလုပ်က လည်း စိတ်ရော ကိုယ်ပါ နှစ်ထားရသည့် အလုပ်မျိုး ဖြစ်နေသည်။ တနေ့ တနေ့ နာရီပေါင်းများစွာ ကြာအောင် တမေ့တမောကြီး လုပ်ရပြန်သည်။ စကာဘိုရိုရှိ သူမ၏ ဘဝသည် အတော်ကို ပျင်းစရာ ကောင်း နေရသည်။ လုပ်ရသည့် အလုပ်ကို နှစ်သက်ခုံမင်မှု ရှိ‌ နေ၍သာ တော်တော့သည်။

 

 

သူမ လုပ်ရသည့် အလုပ်ကို တကြိမ်သာ ရွံ့မုန်းမိခဲ့သည်၊ ဗြိတိန် တိုက်ပွဲကြီးဟု ထင်ရှားခဲ့သည့် လေယာဉ်ချင်း ကောင်းကင်ယံတွင် စီးချင်းထိုးပြီး အကြိတ်အနည် တိုက်ခဲ့ရသည့် ကာလများ အတွင်းက ဖြစ်သည်။ သူမ တို့ စခန်းမှ ဗြိတိသျှ နှင့် ဂျာမန် တိုက်လေယာဉ်မှုး များ လေယာဉ်ဦးခန်းမှ ပြောနေသည်များကို နားထောင်နေခဲ့ရသည်။ တခါက အင်္ဂလိပ် ချာတိတ်တယောက် သည် သူ၏ စပစ်ဖိုင်းယား တိုက်လေယာဉ် အကာအကွယ်မဲ့စွာ ပင်လယ်ပြင်ထဲ ထိုးစိုက်ကျသွားစဉ် မိခင် ဖြစ်သူအား အော်ဟစ် တမ်းတနေသည့် အသံကိုပင် ကြားခဲ့ရသည်။ ကောင်လေး နှင့် အဆက်အသွယ် ပြတ်သွားပြီး ဘာသံမှ မကြားရ‌တော့သည့်အခါ ရှားလော့သည် တဲပြင်သို့ ပြေးထွက်ပြီး ထိုးအန် မိခဲ့သည့် အထိ ဖြစ်သွားခဲ့ရသည်။ ထိုရက်များ ပြီး‌ဆုံးသွားသည့် အတွက်လည်း စိတ်ချမ်းသာ သွားမိသည်။

 

 

ရှားလော့သည် နံရံပေါ်က နာရီကို တချက် မော့ကြည့်လိုက်သည်။ သန်းကောင် ရောက်လုနီး နေပြီ ဖြစ်သည်။ သူမ ဂျုတီ ဝင်ရတော့မည့် အချိန်ကျလာပြီ ဖြစ်သည်။ မတ်တတ်ထရပ်လိုက်ရင်း သူမ၏ ယူနီဖောင်းကိုလည်း ပြန့်ပြန့်ပျူးပျုး ဖြစ်အောင် ဆွဲဆန့်လိုက်သည်။ အလုပ်ခန်းတွင် ဆေးလိပ်သောက်ခွင့် မပေးသဖြင့် လက်ကျန်စီးကရက်ကို အားရပါးရ ရှိုက်ဖွာပြီး ထိုးချေကာ ထွက်လာခဲ့သည်။

 

 

‌သတ္တု ပြာခွက်ထဲတွင် တော့ ဆေးလိပ်တိုများ လျံထွက်နေသည်။ အလုပ်ခန်း အဝရှိ အစောင့်ရဲဘော်အား သူမ၏ ကပ်ပြားကို ထောင်ပြလိုက်သည်။ သူမ၏ ကပ်ပြားကို အစောင့်ဖြစ်သူသည် အကြိမ်တရာမက မြင်ဖူးထားပြီး ဖြစ်သော်လည်း ပြသည့် အခါတိုင်း အသေအချာ စစ်ဆေးလေ့ ရှိစမြဲပင်။ အစောင့်ရဲဘော်က ကပ်ပြားကို ပြန်ပေးပြီး လိုအပ်သည့် ထက် ပို၍ ပြုံးပြလာသည်။ 

 

 

ရှားလော့က သူမကိုယ်သူမ ဆွဲဆောင်မှု ရှိမှန်း သိထားသော်လည်း ဒီလိုနေရာမျိုးတွင် ဒါမျိုးကို အချိန်မပေးနိူင်၊ တံခါးကို တွန်းဖွင့်ပြီး အထဲရှိ သူမ နေရာတွင် ဝင်ထိုင်လိုက်သည်။

 

 

ထိုင်လိုက်သည့် အခါတိုင်း အမြဲလို ချမ်းစိမ့်စိမ့် ဖြစ်သွားခဲ့ရစမြဲပင်။

 

 

သူမ ရှေ့ရှိ အရောင်တောက်နေသော RCA AR-88 Receiver ဒိုင်ခွက်ကို စိုက်ကြည့်နေမိပြန်သည်။ ပြီးမှ သူမ၏ နားကြပ်ကို ကောက်တပ်လိုက်သည်။ သူမ၏ RCA သည် ဥရောပ မြောက်ပိုင်းတခွင် ရှိဂျာမန် တို့၏ မော့စ် ဖြင့် ဆက်သွယ်ပေးပို့မှု မှန်သမျှ ကို ကြားဖြတ်ဖမ်းယူနိုင်သည့် အထူးကိရိယာ တပ်ဆင်ထားသည်။ ယခုည အတွက် သူမနားထောင်ရန် သတ်မှတ်ပေးထားသည့် ကြိမ်နှုန်း ကို ချိန်လိုက်သည်။

 

 

ဂျာမန်တို့သည် မော့စ် ရိုက်ရာတွင် ကမ္ဘာပေါ်၌ အမြန်ဆုံးဟု ကျော်ကြားသူများလည်း ဖြစ်သည်။ သို့သော် ရှားလော့သည် သူတို့၏ လက်ကွက်များနှင့် ယဉ်ပါးနေပြီး ဖြစ်၍ ချက်ခြင်းဆိုသလို မည်သူမည်ဝါမှန်း ခွဲခြားနိုင်စွမ်း ရှိနေပြီဖြစ်သည်။ သူတို့ကို နာမည်ဝှက်များပင် ပေးထားခဲ့ပြီး ဖြစ်သည်။ 

 

ရှားလော့သည် ဒီညအဖို့ ကြာကြာ မစောင့်လိုက်ရ။

 

 

ပထမဆုံး ကြားလာရသည်က သူမနှင့် တခါမှ ယဉ်းပါးခဲ့ဖူးခြင်း မရှိသည့် လက်နှင့် ဆုပ်ပြီး ရိုက်နေသလို ထွက်ပေါ်လာသည့် မော့စ် သံပင် ဖြစ်သည်။ လက်ကွက် စီးမျောမှု ကလည်း ကျွမ်းကျင် ပိုင်နိုင်ပုံမရ၊ နှေး ကွေးပြီး ကိုယ့်ကိုကိုယ် မသေချာသည့် လူတယောက် ၏ လက်ကွက်မျိုး ဖြစ်နေသည်။ ရေဒီယို ကို သုံးနေကျ မဟုတ်သည့် လူသစ်တန်းထဲက ဖြစ်မည်ထင်သည်။ သူမလည်း ထုတ်လွှင်လာသမျှကို အသံလှိုင်းများ မှတ်တမ်းတင်သည့် ကိရိယာဖြင့် ဖမ်းယူလိုက်ပြီး လက်ကလည်း သင်္ကေတများကို စာရွက်ပေါ်တွင် အမြန် လိုက်ရေးနေရသည်။ 

 

 

ပြီးသွားသည့်အခါ ထိုကြိမ်နှုန်းမှပင် နောက်ထပ် သင်္ကေတ တခု ဝင်လာပြန်သည်။ ဒီတကြိမ်တော့ လူသစ်တန်း ထဲက မဟုတ်တော့၊ သူလက်ကွက်ကို ရှားလော့တို့ အဖွဲ့က သိနှင့်ပြီး ဖြစ်သည်။ သူ့အား ဖရစ် ဟု ပင် အမည်ပေးထားခဲ့သည်။ သူသည် ယူဘုတ် တစင်းပေါ်ရှိ ရေဒီယိုအော်ပရေ‌တာ တဦး ဖြစ်သည်။ ရှားလော့သည် ချက်ခြင်းဆိုသလို သူ၏ မက်ဆေ့ခ်ျကို ကူးယူလိုက်သည်။

 

 

ဖရစ် ထုတ်လွှင့်ချက် အပြီးတွင် လူသစ်ထံမှ တန်းမဝင်သည့် မော့စ်ကုဒ် တခုဝင်လာပြီး ငြိမ်သက်သွားခဲ့သည်။ ရှားလော့လည်း နားကြပ်ကို ဖြုတ်လိုက်ပြီး အသံလှိုင်း မှတ်တမ်းတင်ထားသည့် ဂရပ်ဖ် ကို ပရင်တာ မှ ဆွဲထုတ်ကာ ထွက်လာခဲ့သည်။

 

 

ထုံးစံအရ သူမလက်ခံရရှိသော မော့စ် ထုတ်လွှင့်ချက်များကို ဘလက်ချလီ ပတ် တွင် အဓိပ္ပါယ် ဖေါ်နိုင်ရန် မော်တော်ဆိုင်ကယ် ဆက်သားထံ ပေးလိုက်ယုံသာ ဖြစ်သည်။ သို့သော် သူမ အခု လက်ခံရရှိထားသည်က အရင်နှင့် မတူပဲ ထူးခြားနေသည်။ ယူဘုတ် ရှိ ရေဒီယို အော်ပရေတာ ဖရစ် နှင့် တနေရာရှိ လူသစ် တဦး အကြား ဆက်သွယ်လာခြင်း ဖြစ်နေသည်။ တခုခုပဲ ဆိုသည်ကို သံသယ ရှိလာ၍ ဒီတိုင်း လွှတ်ပေး၍ မဖြစ်၊ အရေးပါမှန်း သိအောင် လုပ်မှဖြစ်မည်ဟု ဆုံးဖြတ်လိုက်ပြီး ညဂျုတီ ကြီးကြပ်ရေးမှူး လိုး ထံ သွားပြောရန် ထွက်လာခဲ့ခြင်း ဖြစ်သည်။

 

 

လိုး သည် အသားအရည် ဖြူဖတ်ဖြူယော် နှင့် ပင်ပန်း နွမ်းနယ်နေဟန် ရှိသည်။ သူ့ရှေ့ စားပွဲပေါ်တွင် စာရွက်ကို ပစ်ချလိုက်၍ နားမလည်နိုင်သည့် အမူအယာ နှင့် သူမကို မော့ကြည့်လာသည်။

 

 

"ကျမ တွေးတာလည်း လုံးဝ မှားသွားနိုင်ပါတယ်၊ ကျမ စိတ်ထင်တော့ ဂျာမန် စပိုင်တယောက်ကနေ ကမ်းခြေ အလွန် တနေရာမှာ ရှိနေတဲ့ ယူဘုတ်ကို အချက်ပေးတာမျိုးလို့ ထင်ပါတယ်" ဟု သူမ၏ လေသံကိုလည်း တတ်နိုင်သမျှ ယုံကြည်မှု အပြည့် ပုံစံ ဖမ်းပြီး ပြောလိုက်သည်။

 

 

**************************