မာတင် ကောဗီးလ်သည် သူ့မျက်နှာက ဒဏ်ရာများကို မှန်ထဲတွင် ကြည့်လိုက်မိသည်။ ကျိုးနေသော နှာခေါင်းရိုး၊ ညိုမဲနေသော မျက်လုံး၊ ယောင်ကိုင်းနေသော နှုတ်ခမ်း၊ မျက်နှာ ညာဖက်ခြမ်း တခုလုံး အညိုအမည်း စွဲနေသည်များကို တွေ့နေရသည်။
မီးဖိုချောင်ထဲ သွားပြီး ပုလင်းထဲက ဖင်ကပ်သာ ကျန်တော့သည့် ဝီစကီ ကို တစက်မှ မကျန်အောင် မော့သောက်ပစ်လိုက်သည်။ ဂျိမ်း ပေါ်တာ ဆိုသည့် ကောင် နှင့် ပတ်သက်၍ ကောဗီးလ် သည် တွေးမိတိုင်း ဘဝင် မကျ ဖြစ်နေသည်၊ တခုခု မှားနေပြီ ဆိုသည်ကို သူ့စိတ်က ဘာရယ်မဟုတ် သိနေသည်။ စစ်ပွဲတွင် ဒဏ်ရာရ ရလာသော ဗြိတိသျှ စစ်သားတဦး ဆိုသည်ကို လည်း မည်သို့မျှ လက်ခံလို့ မရ ဖြစ်နေပြန်သည်။ ထို့အပြင် ရှောင် ဒိုရသီ၏ မိတ်ဟောင်း
ဆွေဟောင်း တဦး ဆိုသည်က ပို၍ပင် မယုံနိူင်စရာ ဖြစ်သည်။ ပင်လယ်ပြင်မှ လေကောင်းလေသန့် ရှု
ရှိုက်နိုင်ရန် ရောက်လာသည် ဆိုသည့် အကြောင်းပြချက်သည်လည်း ခိုင်လုံမှု မရှိပေ။
သူ၏ ဒဏ်ရာ ဗလပွ ဖြစ်နေသော မျက်နှာကို လက်နှင့် စမ်းလိုက်မိပြန်သည်။ သူ့ဘဝတလျှောက် ရန်ပွဲအလီလီ နွှဲလာခဲ့သမျှ ဤမျှလောက်ထိ အခြေအနေ ဆိုးသွားအောင် လုပ်နိုင်ခဲ့သူ မပေါ်သေးပေ။ ဒီလို ကောင်မျိုးကို ဒီတိုင်း လွှတ်ပေး၍ မဖြစ်ရေးချ မဖြစ်ဟုလည်း စိတ်ထဲက ကြုံးဝါးလိုက်ပြန်သည်။
ကောဗီးလ်သည် ဝီစကီ ပုလင်းကို ပန်းကန်ဆေး ကန်ထဲ ထည့်လိုက်သည်၊ အပြင်ဖက်မှ ကားတစီး ဖြတ်မောင်းသွားသံကို ကြားလိုက်၍ တံခါးရှိရာ သွားပြီး အသံလာရာ ဖက်သို့ လှမ်းကြည့်မိသည်။ ဗင်ကား တစီး ဖြတ်မောင်းသွားသည်။ ကားကို မောင်းသွားသူသည် ဂျိမ်း ပေါ်တာ ဖြစ်နေသည်ကို တွေ့လိုက်ရပြီး သူ့ဘေးတွင်လည်း အမျိုးသမီးတယောက် ထိုင်လိုက်သွားသည်။
တံခါးကို ပြန်ပိတ်လိုက်ရင်းက ဒီလို အချိန်မတော်ကြီး ဒီကောင် ဘယ်ကပြန်လာတာတုန်း၊ ဗင်ကားကိုကော ဘယ်ကရလာတုန်းဟု တွေးနေမိသည်။
သူကိုယ်တိုင် ဒီမေးခွန်းများ၏ အဖြေကို သိအောင် လုပ်မှ ဖြစ်မည်ဟုလည်း ဆုံးဖြတ်ချက် ချလိုက်သည်။ ဧည့်ခန်းဖက် ပြန်လျှောက်လာပြီး စင်ပေါ်ရှိ ဆယ်နှစ်ဂိတ် ပြောင်းရှေ သေနတ် အိုကြီးကို လှမ်းဆွဲယူလိုက်သည်။ ကျည်ဆံများက မီးဖိုချောင်ရှိ အံဆွဲထဲတွင် အဆင်သင့် ရှိနေပြီး ဖြစ်သည်။ အံဆွဲကို ဆွဲဖွင့်ကာ အထဲရှိ ကျည်ဆံများ ထည့်သိမ်းထားသည့်
သေတ္တာကို ဆွဲထုတ်ယူလိုက်သည်၊ ထို့နောက် စက်ဘီးကို နင်းကာ ထွက်လာခဲ့သည်။
တအောင့်လောက် အကြာတွင် ပြောင်းရှည်သေနတ်ကို စက်ဘီး လက်ကိုင်ပေါ် တင်ကာ ဒိုရသီ အိမ်ဖက်သို့ မိုးရွာကြီးထဲမှာပင် ခြေကုန် နင်းလာနေသည့် ကောဗီးလ်ကို တွေ့ကြရမည် ဖြစ်သည်။
***********************
အပေါ်ထပ် အိပ်ခန်းထဲတွင် ရှိနေသော ဂျင်နီ ကော
ဗီးလ်သည် အိမ်ရှေ့တံခါး ဖွင့်သံ နှင့် ပြန်ပိတ်လိုက်သံကို ကြားလိုက်သည်။ ထို့နောက် ညအချိန် မတော်တွင် ထူးထူးဆန်းဆန်း ကားတစီး ဖြတ်မောင်းသွားသံ ကိုပါ ကြားလာရသည်။ တံခါးကို ဖွင့်ပြီး ပြန်ပိတ်သံကို ဒုတိယအကြိမ် ကြားလိုက်ရသည့် အခါတွင်တော့ သူ့ရင်ထဲ စိုးရိမ်စိတ်များ ဝင်လာခဲ့သည်။
အိပ်ယာမှ အသာထပြီး ပြတင်းပေါက် လိုက်ကာကို အသာလှပ် ကြည့်လိုက်ရာ သူမအဖေသည် မှောင်ကြီးထဲ စက်ဘီးနင်း ထွက်သွားသည်ကို လှမ်းမြင်လိုက်ရသည်။
ပြတင်းပေါက် မှန် ကို ထု၍ အသံပေးလိုက်သော်လည်း အချည်းနှီးပင်၊ အဖေသည် စက္ကန့်ပိုင်း အတွင်း မှာပင် အမှောင်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဂျင်နီသည် သူမကိုယ်ပေါ်ရှိ ဖလန်နယ်စနှင့် ချုပ်ထားသော ညဝတ်အင်္ကျီကို ဆွဲချွတ်ကာ ဘောင်းဘီကို ကောက်စွပ်လိုက်ပြီး အပေါ်မှ ဆွယ်တာ ကို စွပ်ချကာ အောက်သို့ အမြန် ဆင်းလာခဲ့သည်။ တံခါးဘေးတွင် ချထားသည့် သူမ၏ ဝယ်လင်တန် ဘွတ်ဖိနပ်ရှည် အား စီးနေရင်းက ဧည့်ခန်းရှိ စင်ပေါ်တွင် ထားသည့် ပြောင်းရှည် သေနတ် မရှိတော့သည်ကို သတိထားမိလိုက်သည်။
မီးဖိုထဲ ဝင်ကြည့်လိုက်သည့်အခါ ကျည်ဆံဗူးသိမ်းထားသည့် အံဆွဲသည် ပွင့်ရက်သား ဖြစ်နေသည်။ သူမလည်း ရှေရှေဝေးဝေး စဉ်းစား မနေတော့ပဲ ကုတ်အင်္ကျီ ကို ကောက်ဝတ်ကာ အပြင်သို့ ထွက်လာခဲ့သည်။
အမှောင်ထဲတွင် စမ်းတဝါးဝါးဖြင့် သူမ၏ စက်ဘီး ထောင်ထားသည့် အိမ်ဘေးသို့ ရောက်လာခဲ့သည်၊ စက်ဘီးကို တွန်းပြီး လွှားကနဲ ခုန်တက်ကာ သူမအဖေ ထွက်သွားသည့် ဒိုရိုသီ တို့ အိမ်ဖက်သို့ ခပ်သွက်သွက် နင်းလာရင်းက ဒီည ဘယ်သူမှ အသက်သေသည့် အထိ အဖြစ်မရောက်ရန် တားဆီး ပေးတော်မူပါ ဘုရားဟုလည်း ဆုတောင်းလာခဲ့သည်။
***************
ရှောင် ဒိုရိုသီသည် သူ့အိမ်ဘေး ဂိုဒေါင်တံခါးကို ဖွင့်ပေးပြီး လက်ထဲက မှန်အိမ် အလင်းရောင်ဖြင့် လမ်းပြ၍ ခေါ်လာခဲ့သည်။ ထို့နောက် ဦးထုတ်ကို ချွတ်ကာ အပေါ် ကုတ်အင်္ကျီ ကြယ်သီးများကိုလည်း ဖြုတ်လိုက်ရင်းက နျူမန် နှင့် အမျိုးသမီးအား ကြည့်နေသည်။
နျုမန်က "ဒါက ရှောင် ဒိုရိုသီ၊ ရှောင် ..သူက ကက်သရင်း ဘလိတ်၊ ရှောင်က အိုင်အာအေ ခေါ်တဲ့
အိုင်းရစ်ခ်ျ သမ္မတနိုင်ငံ တပ်တော်ရဲ့ အဖွဲ့ဝင်တယောက်ပဲ၊ စစ်ပွဲအတွက် အကူအညီ တောင်းထားရတယ်၊ ကက်သရင်းကတော့ ကပ် ဗိုဂဲလ် အတွက် အလုပ်လုပ်ပေးဖို့ ၁၉၃၈ ထဲက လန်ဒန်မှာ အသွင်ယူပြီး နေလာခဲ့တာ ခုထိပဲ"
ကက်သရင်း အဖို့ သူမ ရုန်းကန် ခဲ့ရမှုများကို ထမင်းစား ရေသောက် ပမာ ပြောသွားသည့် နျူမန်စကားကို ကြားလိုက်ရ၍ စိတ်ထဲတွင် တမျိုးကြီး ခံစားလိုက်ရသည်။ သူမ အဖို့ နှစ်ပေါင်းများစွာ သတိဝီရိယ ကြီးစွာ ရင်တမမ ဖြင့် နေလာခဲ့ရသော ရက်များက အဆုံးသတ် သွားခဲ့ရပြီ ဖြစ်သည်။
ဒိုရိုသီက သူမအား တချက်ကြည့်လိုက်ပြီး နျုမန် ဖက် လှည့်ကာ "ဘီဘီစီက ခုနကပဲ အားကုပ်မှာ ဖြစ်ခဲ့တာတွေ ပြောသွားတယ်၊ အဲ့ဒီထဲ ခင်ဗျားပါတယ်လို့ ကျွန်တော် တွေးထားခဲ့ပြီးပြီ"
နျုမန်က ခေါင်းငြိမ့်ပြလိုက်ရင်း "ဒီလူတွေက သာမန် လန်ဒန်ရဲ တွေတော့ မဟုတ်ဘူးဗျ၊ MI-5 နဲ့ SB က လူတွေ၊ ဒါနဲ့ ရေဒီယိုက အခြား ဘာတွေများ ပြောသွားသေးလဲ"
"ခင်ဗျား လက်ချက်ကြောင့် နှစ်ယောက်သေပြီး သုံးယောက် ဒဏ်ရာရသွားတယ်တဲ့၊ ခင်ဗျားကိုလည်း တနိုင်ငံလုံး ပိုက်စိတ်တိုက် ရှာနေကြတဲ့အပြင် လူထုကိုလည်း တွေ့ရင် သတင်းပေးဖို့ အကူအညီ တောင်းထားတယ်၊ ဒီတိုင်းဆို နိုင်ငံ တဝက် လောက်အထိ တော့ တောနင်း ရှာနေလောက်ပြီ၊ ခင်ဗျား ဒီအထိ ပြန်ရောက်လာတာကိုက အတော် အံ့အားသင့်စရာ ကောင်း နေပြီ"
"ကျွန်တော် မြို့ကြီးတွေကို ရှောင်မောင်းလာခဲ့တာက အတော်ဖြစ်သွားတယ်၊ ဒီရောက်တဲ့ အထိ ဘယ်ပုလိပ် နဲ့မှ မတွေ့ခဲ့ရသေးဖူး"
"အင်း..စိတ်ချလက်ချ နေလို့တော့ မဖြစ်တာ သေချာတယ်"
နျုမန်က သူ့လက်ပတ်နာရီကို ကြည့်လိုက်သည်၊ နာရီလက်တံသည် ညဆယ်နှစ်နာရီ ထိုးပြီး မိနစ် အနည်းငယ်ကို ညွန်ပြနေသည်။ ရှောင် ၏ မှန် အိမ် ကို ကောက်ယူလိုက်ပြီး အလုပ်စားပွဲပေါ်သို့ တင်လိုက်သည်၊ ဘီဒိုထဲမှ ရေဒီယို ကို ဆွဲထုတ်ပြီး စက်ကို ဖွင့်လိုက်သည်။
"ရေငုပ်သင်္ဘောက မြောက်ပင်လယ်ထဲမှာ ကင်းလှည့်နေတယ်၊ ကျွန်တော်တို့ဆီက အချက်ပြတာကို ရရင် စပန်းဟက် အရှေ့ ဆယ်မိုင်စူးစူး ကို မောင်းလာပြီး အဲ့ဒီမှာ မနက် ခြောက်နာရီ အထိ စောင့်နေလိမ့်မယ်၊ ကျွန်တော်တို့ ပေါ်မလာရင် ပြန်လှည့်ပြီး ထပ်စောင့်နေဖို့ ရှိတယ်"
"စပန်းဟက် အရှေ့ ဆယ်မိုင် အကွာထိ ကျမတို့က ဘယ်လို ရောက်အောင် သွားရမှာတုန်း"
"ဂျက် ကင်ကက် ဆိုတဲ့လူက ဟမ်းဘား မြစ်ဆိပ်ကနေ ငါးဖမ်းသင်္ဘောလေး နဲ့ စောင့်နေလိမ့်မယ်" ဟု ဒိုရိုသီက ဝင်ပြောလိုက်ရင်း စစ်မတိုင်မီ မြေပုံဟောင်းကြီးကို ဆွဲယူလိုက်ပြီး ",သင်္ဘောက ဒီနေရာမှာ၊ ကလိဟော့စ် လို့ ခေါ်တဲ့ မြို့လေးနားမှာ၊ ကမ်းခြေ အထက်ပိုင်း မိုင် တရာ ကျော်ကျော်လေးတော့ ဝေးတယ်၊ ဒီလို ညမျိုးမှာ အတော် ခက်ခက်ခဲခဲကို မောင်းသွားရဖို့ ရှိနေတယ်၊ ကင်ကက် ကိုတော့ မနေ့က ကျွန်တော်တို့ လာဖို့ ရှိတယ် ဆိုတာ လှမ်းပြောထားပြီးပြီ"
နျုမန်က ခေါင်းကို ငြိမ့်လိုက်ပြီး "ကျွန်တော်တို့ အခု ထွက်နိူင်မယ် ဆိုရင် ကားမောင်းချိန် ခြောက်နာရီ ရမယ်၊ ဒီတော့ ကျွန်တော်တို့ ညတွင်းချင်း အရောက်သွားနိုင်တယ်၊ ရေငုပ်သင်္ဘောနဲ့ လွဲသွားရင် နောက်ထပ် သုံးရက်လောက် ထပ်စောင့်ရဖို့ ရှိနေတယ်၊ အခုလို ဗြိတိန်က ရဲတွေ ကျွန်တော်တို့ကို တောနင်း ရှာနေတဲ့ အချိန်မျိုးမှာ သုံးရက်လောက် ထပ်ခိုနေဖို့က မဖြစ်နိုင်လောက်ဘူး၊ ကျွန်တော်တို့ ဒီညပဲ အရောက်သွားမှ ဖြစ်မယ်"
ကက်သရင်းကလည်း သဘောတူသည့် ဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ နျူမန်က ရေဒီယို နားကြပ်ကို ကောက်တပ်ပြီး ကြိမ်နှုန်းကို ညှိနေသည်။ ပေးပို့သူ မည်သူမည်ဝါ ဖြစ်ကြောင်း သင်္ကေတ အမှတ်အသားကို ရိုက်ထည့်ပြီး တဖက်မှ တုန့်ပြန်လာမည်ကို စောင့်နေသည်။ စက္ကန့်ပိုင်း အတွင်းမှာပင် ယူဘုတ် ရှိ ရေဒီယို အော်ပရေတာ မှ နျုမန်အား ဆက်လက် သတင်းပို့နိုင်ကြောင်း အချက်ပေးလာခဲ့သည်။
နျူမန်းလည်း အသက် ပြင်းပြင်း တချက် ရှုသွင်းလိုက်ပြီး ပို့ရမည့် မက်ဆေ့ခ်ျကို အမှားအယွင်း မရှိအောင် ဂရုတစိုက် ရိုက်နေသည်၊ ပြီးသွားသည်ဘအခါ တွင်တော့ တဖက်ကို အသိပေးပြီး စက်ကို ပိတ်လိုက်သည်။
"တခု မေးဖို့ ကျန်နေသေးတယ်၊ ခင်ဗျား ကျွန်တော်တို့နဲ့ တခါတည်း လိုက်မှာလား ဆိုတာပဲ" ဟု ဒိုရိုသီကို မေးလိုက်သည်။
ဒိုရိုသီက ခေါင်းငြိမ့်ပြသည်။ "ကျွန်တော်လည်း ဒီကိစ္စကို မေရီ နဲ့ ပြောဆိုပြီးပြီ၊ ဂျာမဏီကို ခင်ဗျားတို့နဲ့ ပဲ အတူ လိုက်ခဲ့တော့မယ်၊ ဟိုရောက်ရင်သာ ဗိုဂဲလ် နဲ့ သူ့မိတ်ဆွေတွေ က အိုင်ယာလန်ကို ပြန်လို့ရအောင် ကူညီပေးနိူင်ကောင်းပါရဲ့၊ ကျွန်တော် အိုင်ယာလန် ရောက်ပြီ ဆိုတာနဲ့ မေရီ လိုက်လာလိမ့်မယ်၊ အဲ့ဒီမှာ ဆွေမျိုး တွေကော၊ မိတ်ဆွေ သူငယ်ချင်းတွေပါ ရှိနေတော့ သူတို့ကပဲ ကျွန်တော်တို့ အခြေတကျ ဖြစ်အောင် ကူညီပေးကြဖို့ ရှိတယ်၊ ကျွန် တော်တို့ အဆင်ပြေမှာပါ"
"အဲ့ဒီ အစီအစဉ်ကို မေရီကကော ဘယ်လို သဘောရလဲ"
ဒိုရိုသီ ၏ မျက်နှာ ကွက်ကနဲ ပျက်သွားသည်၊ ဤသည်ကို ကြည့်၍ နျူမန် သဘောပေါက်လိုက်သည်။ ရှောင် နှင့် မေရီတို့ မည်သည့်အခါမျှ ပြန်လည် ဆုံစည်းနိုင်ကြဖွယ် မရှိတော့၊ နျုမန်သည် ရေနံဆီ မီးအိမ်ကို ဆွဲယူလိုက်ပြီး ရှောင်၏ ပုခုံးကို လက်နှင့် ပုတ်ကာ "ကဲ..သွားကြရအောင်"
*****************