D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၅၀)

by Hla Soewai - Mar 29 2022

ကင်းဘရစ်ခ်ျ သည် သူ့အတွက် ပြဿနာ ဖြစ်လာတော့မည်ကို သိနေသည်။ အဆိုပါ ဒေသသည် မြို့ကြီး၊ မြို့ငယ်များ နှင့် ပြည့်သိပ်နေ၍ ‌MI-5 မှ ဒေသခံ ရဲ အဖွဲ့ကို သတိထား စောင့်ကြည့်ရန် သေချာပေါက် ညွှန်ကြားထားပြီးသား ဖြစ်မည်။ ရွာငယ်များ၊ ဇနပုဒ်များက သူ့အတွက် အန္တရာယ် များများစားစား မရှိနိုင်၊ ရဲများက ခြေလျင်၊ သို့မဟုတ် စက်ဘီးများနှင့်သာ ကင်းလှည့်လေ့ရှိတတ်ကြသည်။ ကားကို အသုံးပြုခဲလှပြီး ဆက်သွယ်ရေး လည်း အတော် ညံ့ဖျင်း၍ သူ့သတင်းကို သိချင်မှပင်  သိပေဦးမည်။

 

 

အမှောင်ချထားသော ရွာများကို ကားဖြင့် အမြန် ဖြတ်မောင်းနိူင်မည်ဆိုလျှင် ရဲများဖို့ သူဖြတ်သွားသည်ကို မြင်ချင်မှ မြင်‌ ပေမည်။ ကမ်းဘရစ်ခ်ျ လို မြို့ကြီးတွင်တော့ ထိုသို့ လုပ်၍ မရ၊ MI-5 သည် ကမ်းဘရစ်ခ်ျ မြို့ ရဲအဖွဲ့အား တပ်လှန့်ထားပြီး ဖြစ်နိုင်သည်။ သူတို့တွင် အင်အား အလုံအလောက် ရှိနေ၍ A10 ကဲ့သို့ အဝေးပြေးလမ်းမကြီးကို ကောင်းစွာ ပိတ်ဆို့ စစ်ဆေးနိုင်စွမ်း ရှိနေသည်။ ကားများလည်း ရှိ၍ လိုအပ်လျှင် ကားနှင့် နောက်က လိုက်လာနိူင်ပြန်သည်။ နျုမန်သည် လမ်းကြောကို သိပြီး ကားကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနိုင်စွမ်း ရှိသော်လည်း နယ်မြေ ကျွမ်းကျင်ပြီးသား ဒေသခံ ရဲများနှင့် တော့ ယှဉ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

 

 

 

ကမ်းဘရစ်ခ်ျ ကို မရောက်မီလေးတွင် နျုမန်သည် လမ်းငယ်လေးတခုသို့ ချိုးကွေ့လိုက်သည်။ ဂေါ့ မယဂေါ့ တောင်ခြေကို ပတ်မောင်းရင်း မြို့၏ အရှေ့ဖက် အစွန် လမ်းမှနေ၍ မြောက်ဖက်သို့ ဦးတည်လိုက်သည်။ အမှောင်ထဲမှာပင် ကမ်းဘရစ်ခ်ျ ရှိ ကင်း နှင့် စိန့်ဂျွန် ဘုရားကျောင်းများ၏ မြင့်မားစွာ ထိုးထွက်နေသည့် ခေါင်ချွန်းများကို မြင်နေရသည်။

 

 

ဟောနင်းဆီး ဆိုသည့် ရွာအား ဖြတ်လာခဲ့ပြီး ကမ် မြစ်ကို ကျော်ကာ ဝါးတားဘိခ်ျ ဆိုသည့် ရွာထဲ ဝင်လာခဲ့သည်၊ ထိုရွာကလေးသည် A10 အဝေးပြေးလမ်းမကြီးကို ဖြတ်၍ တည်ရှိနေသည်။ မှောင်မဲနေသော ရွာလမ်းအတိုင်း ကားကို ဖြေးညှင်းစွာ မောင်းလာခဲ့သည်။ လမ်းမအကျယ်ကို ရောက်လာသော်လည်း A10 ဟု ညွန်ပြထားသည့် လမ်းညွှန် ဆိုင်းဘုတ်ကို မတွေ့ရပေ။ ဒီလမ်းပဲ ဖြစ်မည်ဟု ယူဆလိုက်ကာ ကားကို ညာဖက်သို့ ချိုးချလိုက်ပြီး မြောက်ဖက်သို့ ဦးတည်လိုက်သည်၊ တအောင့်လောက် အကြာတွင်ပင် ဖင်းစ် မြေပြန် လွင်ပြင်ကြီးထဲ ရောက်လာခဲ့သည်။

 

 

 

မိုင်တိုင်များကို တရိပ်ရိပ် ဖြတ်ကျော်လာခဲ့သည်။ မိုးက အနည်းငယ် ပါးလာပြီး သူရောက်နေသည့် စိမ့်မြေ များ ရှိရာ အရပ် နှင့် မြောက်ပင်လယ်အကြား အကာအကွယ် မရှိ တိုက်ခတ်နေသော လေသည် သူ၏ ဗင်ကား အား ကလေးကစားစရာ အရုပ်တရုပ် ပမာ ရိုက်ခတ်လာနေသည်။

 

 

 

လမ်းသည် ဂရိတ် အေ့စ် မြစ်ကမ်းပါး အနီးမှ နေ၍ ဆောက်သရီ ဖင်းစ် ကို ဖြတ်ကျော်လာသည်။ ထို့နောက် ဆောက်သရီ နှင့် ဟီလ်ဂေ ရွာများ ကို ဖြတ်လာခဲ့ပြန်သည်။ 

 

 

နောက်ထပ် ‌တွေ့ရမည့် မြို့ကြီးကား ဒေါင်ဟမ် မားကက် ဖြစ်သည်။ ကမ်းဘရစ်ခ်ျ ထက် သေးသော်လည်း မြို့ရှိ ရဲတပ်ဖွဲ့သည်လည်း ကမ်းဘရစ်ခ်ျ လိုပင် ရှိမည် ထင်ရ၍ သူ့အား အန္တရာယ် ပေးလာနိုင်သည်။ ကမ်းဘရစ်ခ်ျ တွင် လုပ်ခဲ့သလို ဘေးလမ်းထဲသို့ ချိုးဝင်လိုက်ပြီး မြို့ကို ကွေ့ဝိုက်ကာ A10 အဝေးပြေးလမ်းကြီးပေါ် ပြန်တက်ခဲ့သည်။

 

 

ဆယ်မိုင်ခန့် ဆက်မောင်း ပြီး နောက်တွင် နောဖော့ ကမ်းရိုးတန်း တလျောက်တွင် အကြီးဆုံး မြို့ နှင့် ဆိပ်ကမ်း ရှိသည့် ဝပ်ရှ် ၏ အရှေ့တောင်ဖက် ရှိ 

ကင်းစ် လင်း ဆိပ်ကမ်းသို့ ရောက်လာခဲ့သည်။ နျူမန်လည်း A10 မှ ဘေးသို့ ချိုးချလိုက်ရပြန်ပြီး မြို့၏ အရှေ့ဖက် B လမ်းငယ်မှ တဆင့် ဆက်မောင်းလာခဲ့သည်။

 

 

လမ်း အနေအထားက ဆိုးသည်၊  ကတ္တရာခင်းထားခြင်းမရှိပဲ ကားတစီး သွားနိုင်ယုံသာ ရှိသည်။ ကုန်းဆင်း ကုန်းတက် များလာပြီး တောရိပ်တောင်ရိပ်များ တွေ့လာရသည်။ နျူမန်သည် ကားကို ရပ်လိုက်ပြီး သူ့တွင် ပါလာသည့် ဓါတ်ဆီပုံ နှစ်ပုံးကို ဆီတိုင်ကီထဲ လောင်းထည့်လိုက်သည်။ 

 

 

ရာသီဥတုသည် ကမ်းခြေနှင့် နီးကပ်လာသည်နှင့် အမျှ ပို၍ ဆိုးလာနေသည်။ နျူမန်ကားသည် လမ်းလျှောက်သူ နှင့် မခြားသည့် အမြန်နှုန်းဖြင့် မကြာခဏ ဆိုသလို မောင်းနေရသည်။ လမ်းကောင်းမှ ချိုးချလာခဲ့သည်မှာ မှားများ မှားပြီလား၊ သူအနေနှင့် သတိထားလွန် နေပြီလားဟုပင် အတွေးဝင်လာခဲ့မိသည်။ တနာရီခန့်ကြာအောင် ခက်ခက်ခဲခဲ မောင်းလာခဲ့ပြီးနောက် ကမ်းခြေ ဖက်သို့ ရောက်လာခဲ့သည်။

 

 

ဟမ်တန် ‌ဆင်း ကို ကျော်ဖြတ်လာပြီး ပင်လယ်ပြင်သို့ စီးဝင်နေသော ချောင်းကို ဖြတ်ကာ အရှိန်ပြင်းပြင်း မောင်းလာခဲ့သည်၊ သူနှင့် အကျွမ်းတဝင် ရှိပြီးသား လမ်းပေါ် ရောက်လာ၍ စိတ်သက်သာရာ ရသွားမိသည်။ ဒိုရိုသီ တို့၏ အိမ်ငယ်ကလေးကိုပင် လှမ်းမြင်နေရပြီ ဖြစ်သည်။နျူမန်က ကားဝင်သည့် လမ်းသို့ ချိုးဝင်လိုက်သည်၊ အိမ်တံခါး ပွင့်နေပြီး အထဲမှ ရေနံဆီ မှန်အိမ် ကိုင်လာ၍ လှုပ်ရမ်းလာသော အလင်းတန်း တခု သူ့ထံ ‌ရွေ့လျားလာနေသည်ကို သတိထားမိလိုက်သည်။ ရှောင် ဒိုရိုသီသည် လက်တဖက်တွင် မှန်အိမ်၊ ကျန်တဖက်တွင် ပြောင်းတို သေနတ်ကို ကိုင်ကာ သူ ကားရှိရာသို့ လျှောက်လာနေခြင်း ဖြစ်သည်။

 

 

******************

 

 

နျုမန်သည် သူ ပြောထားခဲ့သလို နေ့လည် ရထားဖြင့် ဟန်စတင်တန် သို့ ရောက်မလာခဲ့သော်လည်း ရှောင် ဒိုရိုသီ သည် စိုးရိမ်နေခြင်းမျိုးတော့ မဖြစ်မိခဲ့ပေ။ နျူမန်က လိုအပ်လျှင် လန်ဒန်တွင် ခပ်ကြာကြာ နေကောင်း နေရလိမ့်မည်ဟု ကြိုပြောသွားခဲ့ခြင်း ကြောင့်လည်း ဖြစ်သည်။ ဒိုရိုသီက ညပိုင်း ဆိုက်မည့် ရထား ကို ဆက်စောင့်ရန် ဆုံးဖြတ်လိုက်သည်။ ဘူတာနားရှိ ယမကာ ဆိုင် သို့ သွားကာ အာလူးမွှေကြော်နှင့် မုန်လာဉ အနှစ်ပါမုန့်ပြားကို မှာကာ ဘီယာ နှစ်ခွက် နှင့် မျှောချပစ်ခဲ့သည်။

 

 

ထို့နောက် ဆိုင်ထဲမှ ထွက်လာခဲ့ပြီး မြစ်ကမ်းပါးတလျောက် လျှောက်လာခဲ့သည်။ စစ်ကြီး မဖြစ်ခင်က သူရောက်နေသည့် ဟန်စတင်တန်သည် နွေရာသီတွင် ကမ်းခြေသို့ အပန်းဖြေ ရန် ရောက်လာသူများနှင့် စည်ကားနေသည့် မြို့ ဖြစ်ခဲ့သည်။ ရေပြင်ပေါ်တွင် နေလုံးကြီး တဖြေးဖြေး ကွယ်ပျောက်သွားသည်ကို မြင်နိုင်သည့် အကွက်အကင်း ကောင်းကို ပိုင်ဆိုင်ထားသောကြောင့်လည်း ဖြစ်သည်။ 

 

 

ယခုညတွင်တော့ အမြဲလို လူစည်ကားနေသည့် အက်ဒွပ်ဒီယန် အပန်းဖြေ ဟိုတယ် အများစုသည် လူသူကင်းမဲ့နေသည်။ ဟိုတယ်များသည် မရပ်တန်း တနေကုန် ရွာသွန်းနေသော မိုးကို စိတ်ပျက်လက်ပျက် နှင့် ထိုင်ကြည့်နေသလို ထင်ရသည်။ နေဝင်ချိန်ဆိုသည်ကလည်း မုန်တိုင်းရိပ် သန်းနေသော တိမ်တိုက်များကြားမှ ထွက်ပြူလာနေသော မီးခိုးရောင် အလင်းတန်း တခုထက် မပိုတော့ပေ။

 

 

ဒိုရိုသီသည် ကမ်းနားဖက်မှ ပြန်လှည့်ထွက်လာပြီး ညပိုင်း ရထား ဆိုက်ချိန် နီးလာ၍ ဘူတာဖက်သို့ ပြန်လျှောက်လာခဲ့သည်။ ပလက်ဖေါင်းပေါ်မှာပင် ဆေးလိပ်သောက်ရင်း အနည်းငယ်မျှသာ ရှိ‌ သောခရီးသွားများကို ငေးကြည့်ကာ ရပ်‌စောင့်နေခဲ့သည်။ ဆိုက်လာသော ရထား တွင် နျူမန် ပါမလာသည်ဘ အခါ တွင်တော့ ဒိုရိုသီ သည် စိုးရိမ်ထိတ်လန့်စိတ်များ ဝင်လာခဲ့ပြီ ဖြစ်သည်။

 

 

ဟမ်တန် ဆင်းသို့ ကားပြန်မောင်းလာခဲ့ရင်း ပြီးခဲ့သည့် ရက်များ အတွင်းက နျူမန် ပြောခဲ့သည်များကို ပြန်စဉ်းစား‌နေမိသည်။ နျူမန်က သူတို့ လုပ်နေသော လုပ်ငန်းသည် အဆုံးသတ် သွားဖွယ် ရှိနိုင်သည်၊ ထိုအခါ သူသည် အင်္ဂလန်မှ ဘာလင်သို့ ပြန်ရတော့မည် ဟု ပြောခဲ့ပြီး ဖြစ်သည်။ ယခု 

အဘယ့်ကြောင့် ရထားနှင့် လိုက်လာဖို့ ပျက်ကွက်ခဲ့ရသနည်း။ 

 

 

အိမ်သို့ ပြန်ရောက်ပြီး တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်လိုက်သည်။ မီးလင်းဖို ဘေးတွင် ထိုင်နေသော မေရီက သူဝင်လာသည်ကို တချက် ကြည့်လိုက်ပြီး အိမ်ပေါ်ထပ်သို့ တက်သွားသည်။ ဒိုရိုသီသည် သတင်းများ နားထောင်ရန် ရေဒီယိုကို ဖွင့်လိုက်သည်။ ကြားလိုက်ရသော သတင်းကြောင့် နားစိုက်ထောင်လိုက်သည်။ သတင်းတွင် ညဦးပိုင်းက အားလ်ကုပ် အရပ်တွင် ရဲများနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာတွင် ပါဝင်ခဲ့သည်ဟု သံသယရှိသူ လူသတ်သမား နှစ်ဦးအား တနိုင်ငံလုံးတွင် ပိုက်စိတ်တိုက် ရှာဖွေနေသည်ဟု ပါရှိလာခဲ့သည်။

 

 

သတင်း ကြေညာသူက သံသယရှိသူများ၏ ပုံပန်းသဏ္ဍန်ကို ပြောဆိုနေချိန်တွင် ဒိုရသီသည် အသံကို ကျယ်လိုက်သည်။ ပထမ ဆုံး လူသတ်သမားသည် မိန်းမဖြစ်နေ၍ အံ့ဩသွားမိသည်။ ဒုတိယ လူ အလှည့်တွင်တော့ နျူမန် နှင့် ကွက်တိ သွားတူနေပေသည်။

 

 

ဒိုရိုသီသည် ရေဒီယိုကို ပိတ်လိုက်သည်၊ အားလ်ကုပ် ပစ်ခတ်မှုတွင် ပါဝင်နေသူများသည် နျူမန် နှင့် အခြား အေးဂျင့်တယောက် ဆိုသည်ကကော ဖြစ်နိုင် ပါမည်လော၊ ဒီတိုင်းဆိုက သူတို့ နှစ်ဦးသည် MI-5 နှင့် ဗြိတိန် ရဲအဖွဲ့ အင်အား တဝက်ကျော်ခန့် လက်မှ ပြေးလွှား တိမ်းရှောင်နေကြရပြီ ဖြစ်သည်၊ သူတို့ ဟမ်တန်ဆင်းသို့ ပြေးလာနေပြီလား၊ သို့တည်း မဟုတ် သူ့ကိုများ ထားသွားခဲ့ကြပြီလား။ ထားသွားခဲ့သည်က အကြောင်းမဟုတ်၊ ဗြိတိသျှတွေက သူလည်းပဲ စပိုင်တယောက် ဆိုသည်ကို သိများ သွားကြပြီလား။

 

 

သူသည် အပေါ်ထပ်သို့ ပြေးတက်သွားပြီး ကင်းဗတ် အိတ်ထဲသို့ အဝတ်အစားများ အမြန် ကောက်ထဲ့ကာ အောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။ ထို့နောက် ဂိုဒေါင် ရှိရာဖက် ထွက်လာခဲ့ပြီး သူ၏ ပြောင်းတို သေနတ် ပြောင်းထဲသို့ ကျည်ဖြည့်လိုက်သည်။

 

 

အိမ်ရှိရာသို့ ပြန်လာခဲ့ပြီး ပြတင်းပေါက်ဘေးတွင် ထိုင်ကာ စောင့်နေခဲ့သည်။ အတော်လေးကြာသည့်အထိ ပေါ်မလာသေး၍ မျှော်လင့်ချက် ကုန်ဆုံးလုလု ဖြစ်လာချိန်တွင်တော့ သူတို့ အိမ်ရှိရာသို့ ဦးတည်မောင်းလာသည့် ကားမီးရောင် တဝက်တပျက် ကို လှမ်းတွေ့လိုက်သည်။ ကားက အိမ်နားရောက်လာသည့်အခါ မောင်းလာသူသည် နျုမန် ဖြစ်နေပြီး သူ့ဘေးတွင်လည်း အမျိုးသမီး တယောက် ထိုင်လိုက်လာသည်ကို မြင်လိုက်ရသည်။

 

 

ဒိုရိုသီ က ထိုင်နေရာမှ ထရပ်လိုက်သည်၊ အနီးရှိ ကုတ်အင်္ကျီကို ကောက်ဝတ်ကာ ဦးထုတ် ဆောင်းရင်း မှန်အိမ် နှင့် ပြောင်းတို သေနတ်ကို ဆွဲပြီး မိုးရွာထဲသို့ လှမ်းထွက်လာခဲ့သည်။ 

 

***************************