မင်းအောင်လှိုင်မှ ၎င်းအား ဆန့်ကျင်သူများကို ချေမှုန်းသွားမည်ဟု ကြိမ်းဝါး

by Hla Soewai - Mar 29 2022

တနင်္ဂနွေက ပြုလုပ်သွားသော စစ်‌ရေးပြပွဲတွင် အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်မှ မိမိအား ဆန့်ကျင်သူများကို အပြီးအပိုင် ချေမှုန်းသွားမည် ဖြစ်သည်ဟု ပြောဆိုသွားခဲ့သည်။

 

ထိုကဲ့သို့ ကြိမ်းဝါးမှု များသည် ဆက်ဒမ် ဟူစိန်မှ ကပ်ဒ် နှင့် ရှီးယိုက် ပြည်သူများကို ၎င်း၊ ကဒါဖီ မှ ဘင်ဂါဇီ ရှိ သူအား တွန်းလှန်နေသူများကို ကြိမ်းဝါးခဲ့မှုများ နှင့် ထူးမခြားနားပေ။ ယခုအချိန်အထိ လူပေါင်း ၁,၇၀၀ ကျော်အား သတ်ဖြတ်ခဲ့ပြီး ဖြစ်ရာ၊ ထိုအထဲတွင် ဆယ်ပုံတပုံ ခန့်သည် ယမန်နှစ် ၎င်းတို့ အခမ်းအနား ပြုလုပ် သည့် ယခုလို ရက်မှာပင် စံချိန်တင်အောင် သတ်ဖြတ်ခံခဲ့ကြရပြီး ဖြစ်သည်။

 

၎င်းတို့၏ တပ်မတော်နေ့ ဆိုသည့်အပေါ် အမေရိကန်၊ အီးယူ နှင့် အခြား နိုင်ငံပေါင်း နှစ်ဆယ် မှ ကြေညာချက် များ ထုတ်ပြန်ခဲ့ရာ ယမန်နှစ် မတ်လ ၂၇ ရက်နေ့ တရက်တည်းမှာပင် လူအများအပြားအား သတ်ဖြတ်ခဲ့သည့် အ‌ကြောင်းကို ထည့်သွင်း ဖေါ်ပြလာခဲ့ကြသည်။

 

မင်းအောင်လှိုင်၏ ကောင်းမှုကြောင့် တပ်မတော်နေ့ ဆိုသည်က ပြည်သူများ သွေးမြေကျခဲ့ရသည့် နေ့ကြီး အဖြစ် ယှဉ်တွဲ ဖေါ်ပြခံလိုက်ရပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်၏ ထိုသို့ မခံချင်စိတ်ဖြင့် ခေါင်းဆောင် အရည်အချင်း မပြည့်ဝဘဲ လူမိုက်ဆန်ဆန် ပြောဆို လိုက်မှုသည် တကမ္ဘာလုံး က ဝိုင်းဝန်း ထောက်ခံပေးနေသော အာဆီယံ၏ မူ ငါးချက်ကိုလည်း လက်ခံမည် မဟုတ်ဟု ပြောင်ပြောင်တင်းတင်း အသိပေးလိုက်ခြင်း ဖြစ်သည်။ ကမ္ဘာ သတင်း မီဒီယာများ မှလည်း ၎င်း၏ စကားကို စာလုံးမည်းကြီးများ နှင့် ဖေါ်ပြလာခဲ့ကြသည်။ လက်ရှိ ကမ္ဘာ၏ အရေးယူနေမှုများသည် အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်များကို မည်သို့မှ ဟန့်တားနိုင်စွမ်း မရှိ ဖြစ်နေမှုကိုလည်း မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။

 

၎င်း၏ ထိုသို့ မခံချင်စိတ် ဖြင့် ဒေါသအလျောက် အဆင်ခြင် ကင်းစွာ ပြောခဲ့သည့် စကားများသည် အမျိုးသား ညီညွတ်ရေး အစိုးရ အတွက် အကျိုးရှိဖို့ ဖြစ်လာနေရသည်။ 

 

ယခုအခါ ၎င်းပိုင် စစ်တပ်အား ဆန့်ကျင် တွန်းလှန်နေသည့် တော်လှန်ရေး အင်အားစုများ၏ ဒဏ်ကို ခံနေရပြီ ဆိုသည်မှာ ထိုစကားများက သက်သေခံနေပြီ ဖြစ်သည်။

 

မင်းအောင်လှိုင် နှင့် စစ်ကောင်စီ သည် ၎င်းတို့၏ ပြည်သူများ အပေါ် ရက်စက်ကြမ်းကြုပ်မှု များကြောင့် တကမ္ဘာလုံး ၏ ဝိုင်းပယ်ထားမှုကို ခံနေရပြီ ဖြစ်သည်။ ထိုသို့ ဘဝမျိုး ရောက်ရှိသွားအောင် ပြည်သူတရပ်လုံးက အသက်သွေးချွေးများ ရင်းပြီး တော်လှန်ခဲ့ကြရသည်။ လက်ရှိ ၎င်းတို့ မလူးသာ မလွန့်သာ နှင့် ဖြစ်နေရသည်ကို ကြည့်လျှင် ပေးဆပ်ခဲ့သူများ၏ သွေးများ အချည်းနှီး ဖြစ်မသွားခဲ့ ဆိုသည်ကို ပြဆိုနေလေပြီ။

 

မိမိပိုင် စစ်တပ်သည် အလျော့ပေး စေ့စပ်သွားမည် မဟုတ်ကြောင်းနှင့် “ပြည်ပမှ ကျူးကျော်လာသူများ” ရှိနေပြီ ဆိုကာ သူ့ရှေ့တွင် ရှိနေသော လူ ရှစ်ထောင်ခန့်ကိုလည်း အားပေးသွားခဲ့သည်။

 

စစ်တပ်သည် မင်းအောင်လှိုင် လက်အောက်တွင် တခါမျှ မကြုံဖူးသည့် ဝင်သူ မရှိ ထွက်သူသာ ရှိသည့် အင်အား ချိနဲ့မှု နှင့် ကြုံနေရပြီး ယခင်က ရှေ့တန်း မထွက်ရသည့် လက်ရုံးတပ်များ၊ ၎င်းတို့၏ လက်နက်ထုတ်လုပ်ရေး စက်ရုံများ တွင် လုပ်ကိုင်နေရသူများကိုပါ စစ်တိုက်ခိုက်ခိုင်းနေရသည်။ စစ်သား မိသားစုများကိုလည်း အကျယ်ချုပ် ပုံစံမျိုး ထားရှိပြီး အပြင်ထွက်ချင်လျှင် ခွင့်ပြုချက် အဆင့်ဆင့် တောင်းခံနေကြရသည်ဟု ဧရာဝတီ တိုင်းမ် သတင်းတွင် ဖေါ်ပြထားသည်။

 

ယမန်နေ့က စစ်ရေးပြ အခမ်းအနားတွင်ပင် ရုံးစာရေး၊ တပ်ကြပ်ကြီး စာရေးများကို ထုတ်သုံးလာရသည့်အထိ ဖြစ်လာခဲ့သည်ဟု သတင်းများက ဆိုသည်။

 

၎င်းတို့အား လက်နက်များ ရောင်းချ၍ ထောက်ခံမှုပေးနေသည့် ရုရှား မှ ဒုတိယ ကာကွယ်‌ရေး ဝန်ကြီးသည် ဖြစ်ပေါ်နေသော အခြေအနေများကြောင့် လာရောက်နိုင်ခြင်း မရှိဟု ဆိုသည်။

 

ယမန်နေ့က စစ်ရေးပြပွဲတွင် ရုရှားနှင့် တရုတ်မှ ရရှိထားသော လက်နက်များ ပေါ်ပေါ်တင်တင် ထုတ်ပြလာသည်။ ယခုအခါ ယူကရိန်းအား ကျူးကျော်ခဲ့မှုကြောင့် ရုရှားအား စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်နေခိုက်တွင် မြန်မာကို ရုရှားမှ လက်နက်များ ရောင်းချနေမှုအတွက် ဟန့်တားနိုင်မည့် နည်းလမ်းများ ထည့်သွင်း စဉ်းစားပေးရန် အမျိုးသား ညီညွတ်ရေး အစိုးရမှ တိုက်တွန်းသင့်ပြီ ဖြစ်သည်။

 

ကမ္ဘာတဝှမ်း တင်းမာလာနေသော အခြေအနေများကြောင့် မိမိတို့၏ စီးပွားရေးအပေါ် မည်သို့ ကျားကန်ရမည် ဆိုသည့်အပေါ် ပျာယာခပ်နေချိန်တွင် မင်းအောင်လှိုင် နှင့် အဖွဲ့ကတော့ ဝါဒ ဖြန့်ချီ စည်းရုံး နိုင်ရေးအတွက် တိုင်းပြည်ဘဏ္ဍာများကို ဗိုလ်ရှုခံပွဲ၊ တပ်မတော်နေ့ ဟူ၍ ငွေများကို လစဉ်လို တရဟော ဖြုန်းတီးနေပြီ ဖြစ် သည်။ နောက်လတွင်လည်း တနိုင်ငံလုံး ပျော်ပါးနေကြပြီ ဆိုသည့် ပုံမျိုး နှင့် ဝါဒ ဖြန့်နိုင်ရန် သင်္ကြန်အတွက် ငွေများ အလုံအရင်း ချပေးကာ စီစဉ်နေပြီ ဖြစ်သည်။

 

ဗိုလ်ရှုခံပွဲ၊ တပ်မတော်နေ့ ဆိုသည် ၎င်းတို့ လက်ခုပ်ထဲမှ လူများ နှင့် စီမံဖန်တီးနိုင်စွမ်း ရှိနေသော်လည်း သင်္ကြန်ပွဲကမူ ပြည်သူတရပ်လုံး ပါဝင်နိုင်မှသာ ဖြစ်နိုင်ပေမည်။ မိမိတို့ အပေါ် တနှစ်ပတ်လုံး နည်းပေါင်းစုံဖြင့် သတ်ဖြတ်ရုံမက အဖက်ဖက်မှ ဒုက္ခပေးနေသည့် အကြမ်းဖက် စစ်တပ်ကို ဆန့်ကျင်ကြောင်း ပြသနိုင်မည့် တခုတည်းသော အခွင့်အရေးကြီး ရရှိလာခဲ့ပြီ ဖြစ်သည်။

 

လက်ရှိတွင် စစ်ကိုင်းတိုင်း နှင့် ချင်းပြည်နယ်များသို့ စစ်အင်အား အလုံအရင်း နှင့် ဝင်ရောက်ကာ ရွာများကို မီးရှို့ လက်နက်ကြီးများ နှင့် အကြောင်းမဲ့ ပစ်ခတ်နေမှုများကြောင့် ၎င်း မိန့်ခွန်းပြောနေစဉ်မှာပင် ယင်းမာပင် မြို့နယ် ထဲရှိ ကျေးရွာများမှ လူတသောင်းကျော်ခန့် တောထဲတောင်ထဲတွင် ညတွင်းချင်း ထွက်ပြေး ပုန်းအောင်း နေကြ ရချိန်လည်း ဖြစ်သည်။

 

ယခုအခါ ကွယ်လွန်သွားရှာပြီ ဖြစ်သည့် အနုပညာရှင်များပါမကျန် ဘွဲ့ထူးဂုဏ်ထူး များ ပေးအပ်လာသည်။ ၎င်းတို့ စိတ်ထဲတွင် လူထု သည် အနုပညာရှင်များကို ချစ်ခင် လေးစားရင်းစွဲ ရှိပြီး ဖြစ်သဖြင့် ထိုသို့သော လူများကို ဂုဏ်ထူးဘွဲ့ထူးများ ချီးမြှင့်ပေးမည်ဆိုလျှင် လူထုသည် ကျေနပ် ပျော်ရွှင်ကြပေမည်ဟု ဉာဏ်ကြီးရှင် တယောက်က အကြံဉာဏ်ပေးလာသည်ကို ကလေးကလား လိုက်လုပ်ကြသည့် အဆင့်သာ ဖြစ်ပေသည်။

 

နောက်တချက်မှာ ၎င်းတို့အား မဆန့်ကျင်ဘဲ ထောက်ခံမှုပေးကြသည့် အနုပညာရှင်များကို ချီးမြှောက်မှ သင့်ပေမည်ဟု ယူဆလာကြသောကြောင့်လည်း ဖြစ်သည်။ ထိုအထဲတွင် မူးယစ်‌ဆေးပြား ရောင်းချမှုကြောင့် ဟိုလေးတကျော်ကျော် ဖြစ်ခဲ့သူများအားလည်း လူမှုထူးချွန်ဆု ပင် ပေးအပ်လာကြပြန်သည်ကို အံ့ဩဖွယ် တွေ့မြင်ရပေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

ဓါတ်ပုံ -Daily Mail (UK)