မိဘမေတ္တာ

by Hla Soewai - Mar 27 2022

ဖခင်ဖြစ်သူသည် ရန်ကုန် မြို့တော် စည်ပင်ရုံးမှ သန့်ရှင်းရေး ဝန်ထမ်းဖြစ်ပြီး CDM လှုပ်ရှားမှု တွင် ပါဝင်သည် ဆိုကာ ဖမ်းဆီးရန် ကြိုးစားခဲ့သော်လည်း ရှာဖွေမရသဖြင့် ဓါးစာခံ အဖြစ် ဖမ်းဆီး သွားခြင်း ခံရသူများဖြစ်သော ထိုဝန်ထမ်း၏ သမီးဖြစ်သူ သုံးနှစ် အရွယ် မဆုမြတ်ဇော်၊ မိခင်ဖြစ်သူ ဒေါ်ကေသီ၊ ဇနီးဖြစ်သူ ဒေါ်တင်မေဦး တို့အား ထောင်ဒဏ် သုံးနှစ် အပြစ်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်သည်။

 

ထို့အတွက် သုံးနှစ် အရွယ် ကလေးငယ်ကို ထောင်ဒဏ်ချမှတ်သည့်အဖြစ်သည် ကမ္ဘာတွင် ပထမဆုံး ပေါ်ပေါက်လာသော စစ်ကောင်စီ တရားရုံး အဖြစ် မှတ်တမ်း ဝင်သွားခဲ့ရလေသည်။

 

ဤသည်ကို ကြည့်လျှင် မလုပ်သင့် မလုပ်ထိုက်မှန်း သိနေကြသော်လည်း တိုင်းပြည်ကို အုပ်ချုပ်နေသူ၊ စီမံကွပ်ကဲနေသူသည် မိုက်ရူးရဲ ဖြစ်နေမှန်း သိ၍ စိတ်တော်သိ ဗောင်းတော်ညိမ့် လုပ်ပေးနေကြရမှန်း သိသာထင်ရှားနေပေသည်။

 

စကားပင် မပြောတတ်သေးသည့် သုံးနှစ်သမီး လေးအား ထောင်ဒဏ်ချမှတ်ခဲ့သော်လည်း စစ်ခေါင်း ဆောင်၏ သမီးဖြစ်သူကတော့ တယ်လီနော ကုမ္ပဏီ၏ ရှယ်ယာ ၈၀% ပိုင်ဆိုင်တော့မည့် Investcom Pte တွင်လည်း အစုစပ် ပါဝင်နေကြောင်း ဧရာဝတီက ထုတ်ဖေါ်ရေးသားထားသည်။ သောကြာနေ့က တရားဝင်လုပ်ငန်း လွှဲ ပြောင်းမှု ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

 

ထို့အတွက်လည်း တယ်လီနော ကုမ္ပဏီ မှ လုပ်ငန်း လွှဲပြောင်း ရောင်းချသွားမှု ကို ရင်းနှီးမြှုပ်နှံရေး ကော်မရှင်မှ အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။ တယ်လီနော ကုမ္ပဏီသည် အကြမ်းဖက် စစ်တပ်၏ စေလိုရာစေ ဘဝ ရောက်သွားပြီ ဖြစ်၍ သုံးစွဲသူများ အဖို့ မိမိတို့ လုံခြုံရေး အတွက် အထူး သတိဝိရိယ ရှိရန် လိုအပ်ပေသည်။

 

ရုပ်ရှင်ရုံများ ပြန်လည် ဖွင့်လှစ်ပေးလိုက်ခြင်းမှာ သမီးဖြစ်သူ ခင်သီရိသက်မွန် ပိုင် Seventh Sense အနုပညာ ဖျော်ဖြေရေး လုပ်ငန်း နှင့် သက်ဆိုင်နေခြင်း ရှိမရှိကိုမူ ကွဲကွဲပြားပြား မသိနိုင်သေးပေ။ သို့သော် အဆိုပါ ကုမ္ပဏီသည် ကျပ် ဘီလီယံ ပေါင်း များစွာ ရင်းနှီးမြှုပ်နှံထားနိုင်သဖြင့် ထိပ်တန်း အနုပညာရှင်များနှင့် စာချုပ်များ ချုပ်ဆို ရိုက်ကူး ဖြန့်ချီလာနိုင်သဖြင့် မြန်မာ ရုပ်ရှင်လုပ်ငန်း တွင် တမဟုတ်ချင်း ထိပ်တန်း ရုပ်ရှင် ကုမ္ပဏီကြီး အဖြစ် ရောက်ရှိလာခဲ့သည်။

 

ထိုသို့ သားသမီးများ ဘဝ ဆက်လက်ရှင်သန် နိုင်ရေး အတွက် ဖခင်ကြီးသည် လူပေါင်းများစွာ သတ်ပြီး ကမ္ဘာအလယ်တွင် တံတွေးခွက် ပက်လက် မျောခံ ကာ မိဘမေတ္တာ ကို ပြသခဲ့ရှာသည်။

 

ယမန်နေ့က ထုတ်ပြန်ခဲ့သော Fortify Rights ၏ ထုတ်ပြန်ချက်အား အသေးစိတ် လေ့လာကြည့်ရာ မင်းအောင် လှိုင်၏ Special Command တွင် ပါဝင်ခဲ့သော ဗိုလ်ချုပ်ကြီး လေးဦးမှာ စိုးဝင်း၊ မြထွန်းဦး၊ မောင်မောင်အေး နှင့် မိုးမြင့်ထွန်း တို့ ဖြစ်သည်ကို သိခဲ့ရသည်။ မင်းအောင်လှိုင် နှင့် ထိုလေးဦး၏ အမိန့်မပါဘဲ မြို့ရွာများတွင် တပ် များဖြန့်ကျက်ချထားခြင်း၊ စေလွှတ်ခြင်း များ ပြုလုပ်ခွင့် မရှိ၊ ဒေသခံ စစ်တိုင်းမှူးများသည်ပင် ၎င်းတို့ ခွင့်ပြု ချက်မရှိက ထိုသို့ လုပ်ပိုင်ခွင့် မရှိ ဖြစ်နေသည်။ ဤသည်ကို ကြည့်လျှင် သတ်ဖြတ်မှုများ အားလုံး အတွက် ၎င်းတို့ ငါးဦး မသိအောင် လုပ်၍ မရသည်မှာ ထင်ရှားနေသည်။ ပဲခူး လူသတ်ပွဲကြီးတွင် ပခုံးထမ်း လောင်ချာ နှင့် ပစ်ခတ်ဖြိုခွင်းခဲ့သည့် အထောက်အထားများလည်း ပါရှိလာသည်။

 

ယခုအခါ ကုလ လူ့အခွင့်အရေး ကောင်စီ၊ လူ့အခွင့်အရေး အဖွဲ့များက အပြစ်မဲ့ ပြည်သူများ အပေါ် ၎င်းတို့ မည်သို့မည်ပုံ စနစ်တကျ စီမံ သတ်ဖြတ်ခဲ့ပုံ၊ လူ့အခွင့်အရေး ချိုးဖောက်ခဲ့ပုံများကို အချက်အလက် အပြည့်အစုံ နှင့် ထုတ်ပြန်လိုက်ပြီ ဖြစ်၍ နိုင်ငံတကာရှိ ရင်းနှီးမြှုပ်နှံသူများ လက်တွန့်ကုန်ကြလေသည်။

 

ထိုအထဲတွင် နောက်ထပ် ပါဝင်လာသူက ဂျပန်ရှိ ရေနံချက် လုပ်ငန်းကြီးဖြစ်သည့် Eneos ပင် ဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် မြန်မာ ရှိ ရဲတံခွန် ဓါတ်ငွေ့ ကွင်းတွင် သဘာဝ ဓါတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများကို ရပ်ဆိုင်းတော့ မည် ဟု ကြေညာလိုက်ပြီ ဖြစ်သည်။

 

နိုင်ငံတွင်းရှိ ပြည်ပ ရေနံကုမ္ပဏီကြီးများသည် ရုရှားကဲ့သို့ မဟုတ်၊ မြန်မာနိုင်ငံအတွင်းမှ တဖြေးဖြေး ထွက်ခွာလာခြင်းသည် ၎င်းတို့ဖက်က လူမဆန်စွာ ကျူးလွန်လာသော ရက်စက်ကြမ်းကြုပ်မှုများကြောင့် ရှေ့လျှောက်ပြီး စီးပွားရေး ဆက်လုပ်၍ မဖြစ်နိုင်လောက်သည့် အနေအထားကြောင့် ဖြစ်သည်မှာ ထင်ရှားနေပေသည်။

 

ဂျနီဗာ အခြေစိုက် နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ကြီးမှ သဘောတူညီထားပြီး ဖြစ်သော အလုပ်သမား များ၏ အခွင့်အရေးများကို ဖေါက်ဖျက်နေမှုများ အတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့သည်။ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများ၊ သမဂ္ဂ အဖွဲ့ဝင်များ အား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံနေရသည်များ အတွက် စုံစမ်းရန် ဖြစ်သည်ဟု ဆိုသည်။

 

ဗြိတိသျှ အစိုးရ က စစ်အခမ်းအနား ပြုလုပ်မည့် မတ်လ ၂၇ ရက်နေ့ မတိုင်မီ လူပုဂ္ဂိုလ် သုံးဦး နှင့် ကုမ္ပဏီ သုံးခုအား ထပ်မံ ပိတ်ဆို့ ဒဏ်ခတ်ကြောင်း ကြေညာလာခဲ့သည်။

 

အဆိုပါ သုံးဦး မှာ ဒေါက်တာ အောင်မိုးမြင့်၊ အောင်လှိုင်ဦး နှင့် လေတပ်ဦးးစီးချုပ် အသစ် ထွန်းအောင် ဆိုသူတို့ ဖြစ်ပြီး ပါဝင်သည့် ကုမ္ပဏီများမှာ Dynasty International Company Ltd, Myanmar Chemical and Machinery Company Ltd, and Miya Win International Ltd တို့ ဖြစ်သည်။ ထိုကုမ္ပဏီများ၏ ပိုင်ဆိုင် မှုများကိုပါ ထိန်းချုပ် လိုက်ပြီဟု ဗြိတိသျှ နိုင်ငံခြားရေးနှင့် ဓနသဟာယ ဝန်ကြီးဌာနမှ အာရှရေးရာ ဝန်ကြီး အာမန်ဒါ မီလင်းက ထုတ်ပြန်ကြေညာလာခဲ့သည်။ ဗြိတိန်သည် ထိုသို့ အရေးယူ ဒဏ်ခတ်မှုများ အားလုံး အတွက် မဟာမိတ်များ ဖြစ်သည့် အမေရိကန် နှင့် ကနေဒါတို့နှင့် ပူးတွဲ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

အဆိုပါ ဒဏ်ခတ်အရေးယူမှု များ သည် စစ်ကောင်စီ အတွက် အတိုင်းအတာ တခုအထိ ထိရောက်မှု ရှိနေသည်။ ၎င်းတို့ အတွက် ကြားပွဲစား အဖြစ် လက်နက်များ၊ အပိုပစ္စည်းများ ဝယ်ယူပေးနေသည့် ခရိုနီ၊ ခရိုပြာများလည်း ပြည်ပ သို့ ခြေဆန့်ရဲခြင်း ရှိကြတော့မည် မဟုတ်၊ သူတို့ မျက်စိထဲတွင် ဟွာဝေး ၏ ဘဏ္ဍာရေး ဆိုင်ရာ အကြီး အကဲကို ကနေဒါက စီးပွားရေး ပိတ်ဆိုထားမှု အား ဖေါက်ဖျက်၍ အီရန်နှင့် ပတ်သက်ခဲ့သည် ဆိုသော စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ဖြစ်ရပ်ကို မြင်ယောင်လာကြမည် ဖြစ်သော ကြောင့်ပင်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!