D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၄၈)

by Hla Soewai - Mar 26 2022

ဗီကာရီ သည် အသိပေးစရာ ရှိသည်များ အသိပေးပြီးနောက်တွင် စပိုင်တယောက် အသုံးပြုနိူင်မည့် အခြား ပြေးလမ်းများကို သူကိုယ်တိုင် စဉ်းစားလာသည်။ ဘုရင်လေတပ် အားလည်း ဆက်သွယ်ပြီး အပေါ့စား လေယာဉ်များ ကို သတိထား စောင့်ကြည့်ရန် တောင်းဆိုလိုက်သည်။ ရေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီအားလည်း ကမ်းခြေတလျောက် ချည်းနင်း ဝင်ရောက်လာနိုင်ဖွယ်ရှိနေသည့် ဂျာမန် ယူဘုတ်များအား သတိထား စောင့်ကြည့်ပေးပါရန် အကြောင်းကြားခဲ့သည်။


ကမ်းခြေစောင့် တပ်ဖွဲ့အားလည်း ပင်လယ်ပြင်သို့ ထွက်လာသည့် သင်္ဘောငယ်များအား ‌စစ်ဆေးပေးရန်လည်း ပြောခဲ့သည်။


ဝိုင် ဆားဗစ် မှ ကြိုးမဲ့ကြေးနန်း ထုတ်လွှင့်ချက်များကို စောင့်ကြည့် နားထောင်နေသူများအားလည်း တယ်လီဖုန်းဆက်ပြီး သံသယဖြစ်ဖွယ် ထုတ်လွှင့်ချက်များကို သတိထား နားထောင်ထားရန် အသိပေးထားခဲ့ပြန်သည်။


ဗီကာရီသည် စားပွဲမှ ထပြီး ရုံးအပြင်သို့ ထွက်လာခဲ့သည်၊ ရုံးခန်းထဲ ရှိနေသည်မှာ နှစ်နာရီခန့် ရှိသွားပြီ ဖြစ်သည်ကိုလည်း သတိထားမိသွားသည်။ ဝက်စ် ဟောကင် လမ်းရှိ ကွပ်ကဲရေး ရုံးတွင် လူသူ ကင်းမဲ့နေပြီ ဖြစ်သည်။ သူ၏ အဖွဲ့သားများလည်း တဖြေးဖြေး နှင့် စိန့်ဂျိမ်း လမ်းရှိ ဌာနချုပ်သို့ ပြန်ရွှေ့ကုန်ကြသည်။


သူ့ရုံးခန်း အပြင်ဖက် ခမ်းမထဲတွင် သူ့လူများလည်းခြေကုန်လက်ပမ်းကျနေကြပြီး သဘာဝ ဘေးအန္တရာယ်ကြီး တခုမှ လွတ်မြောက်လာကြသူများအလား ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိ၊ စိတ်ဓါတ်များ ကျဆင်းကုန်ကြပြီး ရှေ့တူရှုသာ ရည်ရွယ်ချက် မဲ့စွာ စိုက်ကြည့်နေကြသည်။


ကလိုက်ဖ် ရိုခ်ျသည် မည်သူနှင့်မျှ မရောပဲ တယောက်တည်း ခေါင်းငိုက်စိုက်ချကာ ထိုင်နေသည်။ ကျန်လူများလည်း တယောက်ပြီး တယောက် သူပုခုံးပေါ် လက်လာတင်ပြီး နားနားကပ်ကာ အားပေးစကား များ မသဲမကွဲ ပြောကာ ထွက်သွားကြသည်။


ပီတာ ဂျော်ဒန်က ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်၍သာ နေသည်။ တိုနီ ဘလဲယားကတော့ သူ့အား သတ်ပစ်ချင်သည့် မျက်လုံးများနှင့် စိုက်ကြည့်၍သာ နေသည်။ တရုံးလုံးတွင်လည်း တယ်လီပရင်တာ မှ ထွက်လာသော အသံများ နှင့် တယ်လီဖုန်း လက်ခံ ဖြေကြားနေသော စာရေးမများ၏ အသံများသာ ကြားနေရသည်။


တိတ်ဆိတ် ငြိမ်သက်နေမှူများက ဟာရီ ဒေါ်လ်တန် ရောက်လာသည့် မနက် ကိုးနာရီ လောက်တွင်တော့ ပြိုကွဲသွားရသည်။ သူ၏ မျက်နှာနှင့် လက်တွင် ပတ်တီး အဖွေးသားနှင့် ဖြစ်သည်။ လူတိုင်းက ထိုင်နေရာမှ ထရပ်လိုက်ကြပြီး သူ့နား ဝိုင်းအုံလာကြပြီး တယောက်တပေါက် ဝိုင်းဝန်း ချီးကြူးကုန်ကြသည်။



ဗီကာရီက ဟာရီအား ရုံးခန်းထဲ ဆွဲခေါ်လာခဲ့ပြီး "မောင်ရင် ဘာလာလုပ်တာတုန်း၊ အခု အချိန် သက်တောင့် သက်သာ နားနေရမယ့် အချိန်လေ"


"မှန်ပါတယ်၊ ဒါပေမယ့် ကျွန်တော် ဒီမှာပဲ ရှိနေချင်တယ်"


"ဒဏ်ရာတွေက ဘယ်လိုတုန်း"


"သိတ် အဆိုးကြီးတော့ မဟုတ်ဘူး၊ မနာအောင်လည်း တခုခု တိုက်ထားပုံရှိတယ်"


"စစ်မြေပြင်မှာ တဖက်ရန်သူရဲ့  ပစ်ခတ်နေချိန် ဘယ်လို လှုပ်ရှား တုန့်ပြန်ရမလဲဆိုတာ မောင်ရင် သံသယ ရှိနေတုန်းပဲလား"


ဟာရီက မျက်နှာ ရှိ ဒဏ်ရာများ ကြားမှ မပွင့်တပွင့် ပြုံးလိုက်ပြီး ခေါင်းကို အောက်ငုံ့ကာ ခါရမ်းပြလိုက်သည်။ "မနက်စာ တခုခု စားပြီးပြီလား" ဟု မေးရင်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။


ဗီကာရီ က ခေါင်းကို ခါရမ်းပြလိုက်သည်။


"ခုထိ ကျွန်တော်တို့ဖက်က ဘာ‌ တွေ လုပ်ထားပြီးပြီလဲ"


ဗီကာရီလည်း သူလုပ်ခဲ့သမျှ အသေးစိတ် ပြောပြလိုက်သည်။


"ရူဒေါ့ဖ် က အတော် အတင့်ရဲတဲ့ ကောင်ပဲ၊ အမျိုးသမီးကို ကျွန်တော်တို့ မျက်စိအောက်က ရအောင် ဆွဲထုတ်သွားတာကိုသာ ကြည့်တော့၊ ဒီလူ သတ္တိရှိတယ် ဆိုတာတော့ ပြောရမှာပဲ၊ ဒါနဲ့ ဘုသီကကော ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာပြောသေးလဲ"


"ထင်တဲ့ အတိုင်းပဲပေါ့၊ အခု အပေါ်ထပ်မှာ ညွန်ချုပ် နဲ့ အတူ ရှိနေလေရဲ့၊ ကြည့်ရတာ ကျုပ်ကို အရှင်လတ်လတ် ကွပ်မျက်ပစ်ဖို့ စီစဉ်နေပုံရတယ်၊ လောလောဆယ်တော့ မြေအောက်စစ်ရုံး နဲ့ ဝန်ကြီးချုပ်ဆီ တိုက်ရိုက် တယ်လီဖုန်းလိုင်း ဖွင့်ထားပြီးပြီ၊ အဖိုးကြီးကို မိနစ်ပိုင်း ခြားခြားပြီး အစီရင်ခံနေရတယ်၊ ကျုပ်လည်း တခုခု ထူးထူးခြားခြား ပြောပြချင်နေမိတယ်"


"အာစရိလည်း ဖြစ်နိုင်တာတွေ အားလုံး ကြိုပြီး ဟန့်တားထားပြီးပြီပဲ၊ အခု အချိန်ကျမှ ဘာမှ ထပ်လုပ်နိုင်စရာ မရှိတော့တဲ့ အတူတူ ထိုင်ပြီးသား သတင်းထူးလာမှာကို စောင့်နေယုံပဲ ရှိတော့တာပေါ့၊ ဒီကောင်တွေ တခုခု တော့ လှုပ်ရှားလာမှာပဲ၊ လှုပ်လာတာနဲ့ ကျွန်တော်တို့ဖက်က အုပ်မိပြီပဲ"


"ကျုပ်လည်း မောင်ရင်လို အကောင်းဖက်က တွေးချင်မိတယ်"


ဒဏ်ရာမှ နာလာဟန် ရှိ‌၍ ဟာရီ မျက်နှာ တချက် ရှုံ့မဲ့သွားပြီး သူပုံပန်းကလည်း ရုတ်ခြည်းဆိုသလို ပင်ပန်း နွမ်းနယ်လာဟန် ရှိသည်။ "ကျွန်တော် ခဏ္ဏတဖြုတ် လှဲပြီး နားလိုက်ဦးမယ်" ဆိုကာ တံခါးပေါက် ရှိရာသို့ တဖြေးဖြေးချင်း လျှောက်ထွက်သွားသည်။


"ဂရေ့စ် ကလာရင်ဒန် ကော ဒီည အလုပ်ဝင်ရမှာလား"


"ထင်တာပဲ"


ထိုအချိန်တွင် တယ်လီဖုန်း မြည်သံ ထွက်လာ၍ ကောက်ကိုင်လိုက်ရာ ဘုသီ ထံမှ ဖြစ်နေပြီး "အယ်ဖရက် အခုချက်ခြင်း အပေါ်ထပ်ကို တက်လာခဲ့ပါ"


အစိမ်းရောင် မီးသည် ဘုသီ၏ ရုံးခန်းတံခါးထက်တွင် လင်းလက်နေပြီ ဖြစ်သည်။ ဗီကာရီ အခန်းထဲ ဝင်သွားသည့် အခါ ဆာ ဘက်ဆယ်သည် လမ်းလျှောက်ရင်းက စီးကရက်ကို မနားတမ်း ရှိုက်ဖွာနေသည်။ သူ၏ ဂျက်ကက်ကိုလည်း ချွတ်ထားပြီး အောက်ခံ ဝေ့စ်ကုတ်အားလည်း ကြယ်သီးများ ဖြုတ်ထားပြန်သည်။ နက်တိုင်ကိုလည်း ဖြေလျော့ထားသည်။


ဗီကာရီ အား တွေ့လိုက်သည်နှင့် ဒေါသတကြီး ပုံစံဖြင့် ထိုင်ရန် လက်ဝှေ့ယမ်းပြလိုက်သည်။ "ထိုင်ပါဦး အယ်ဖရက်၊ ဒီညတော့ လန်ဒန် တမြို့လုံး မိုးမီးလောင်နေပြီ၊ ဂရိုဗီနာ စကွဲယား၊ ဟေးလော့ခ်ျက အိုက်စင်ဟောင်ဝါ အိမ်တော်၊ မြေအောက်စစ်ရုံး အားလုံးပဲဗျာ၊ သူတို့ အခု သိချင်နေကြတာ တခုပဲ ရှိတယ်၊ အဲ့တာ ဘာလဲ ဆိုတော့ နော်မန်ဒီ ဆိုတာကို ဟစ်တလာ သိသွားပြီလား ဆိုတာပဲ၊ ကျွန်တော်တို့ဖက်က ဝင်တိုက်မယ့် အစီအစဉ်တွေ မစခင်မှာပဲ ပျက်သွားခဲ့ပြီလား"


"လောလောဆယ်တော့ ဘယ်လိုမှ အတိအကျ မသိနိုင်သေးဖူး"


"ဘုရားရေ" ဟုဆိုကာ လက်ကြားက စီးကရက်ကို ဒေါသတကြီး ထိုးချေလိုက်ပြီး ချက်ခြင်းလို နောက်တလိပ်ကို မီးညှိလိုက်ရင်းက "SB အဖွဲ့ဝင် နှစ်ယောက် သေတယ်၊ နောက်ထပ် နှစ်ယောက် ဒဏ်ရာရတယ်၊ ဟာရီလည်း ကံကောင်းလို့"


"ဟာရီ အခု အောက်ထပ်မှာ ရောက်နေတယ်၊ ခင်ဗျား ကိုယ်တိုင် ပြောတာကို သူလည်း ကြားချင်နေမှာပဲ"


"ကျွန်တော်တို့မှာ အဲ့တာမျိုးတွေ ပြောနေဖို့ အချိန်မရှိဖူး အယ်ဖရက်၊ ကျွန်တော်တို့ လွတ်ထွက်သွားတဲ့ လူတွေကို အမြန် အမိဖမ်းနိုင်မှ ဖြစ်မယ်၊ မမိရင် ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာ ခင်ဗျားကို ရှင်းပြနေစရာ တောင် မလိုဘူး"


"မလိုပါဘူး ဆာ ဘက်ဆယ်"


"အခု ဝန်ကြီးချုပ်က နာရီဝက် တကြိမ် သတင်းပို့ရမယ် ပြောနေပြီ၊ အဲ့တာ ကျွန်တော် အနေနဲ့ သူ့ကို တခုခု ပြောနိုင်တာမျိုး ရှိနေလား"


"ကံဆိုးချင်‌ တော့ ဘာမှကို မရှိသေးဖူးဗျာ၊ ကျွန်တော်တို့လည်း ပြေးနိုင်မယ့် လမ်းကြောင်းမှန်သမျှ အကုန် စောင့်ကြည့်နေကြတာပဲ၊ ကျွန်တော်ဖက်က ကြိမ်းသေပေါက် ပြောနိုင်တာကတော့ သူတို့ကို မိကိုမိရမယ် ဆိုတာပဲ၊ ဒါပေမယ့် သူတို့ကို လျော့တွက်ထားလို့တော့ မရဘူး ဆိုတာ ကျွန်တော်တို့ကို တကြိမ်ပြီး တကြိမ် သက်သေပြခဲ့ကြပြီးပြီ"


ဘုသီက လမ်း လျှောက်လိုက်ပြန်ပြီး "လူနှစ်‌ယောက် သေတယ်၊ သုံးယောက် ဒဏ်ရာရတယ်၊ ကျွန်တော်တို့ ရန်သူကို လှည့်ဖျားထားတာ‌ တွေ အားလုံး သိနေတဲ့ စပိုင် နှစ်ယောက် လွတ်နေတုန်း၊ ကျွန်တော်တို့ ဌာန ရာဇဝင် မှာ ဒီလိုမျိုး အကြီးအကျယ် ကပ်သင့်တာ တခါမှ မရှိခဲ့ဖူးသေးဘူး'


"SB လည်း လုံလောက်တဲ့ အင်အား နဲ့ ဝင်ဖမ်းတာပဲ၊ အတွက်အချက် လွဲသွားခဲ့တာပဲ ရှိတယ်"


ဘုသီက လျှောက်နေရာမှ ရပ်လိုက်ပြီး ဗီကာရီ အား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ "ခင်ဗျား အခု ကိစ္စ မှာ SB ကို အပြစ်ပုံချဖို့ မကြိုးစားပါနဲ့၊ ခင်‌‌ဗျား က အဲ့ဒီနေရာမှာ ရှိနေတဲ့ လူတွေထဲမှာ တာဝန် အရှိဆုံး လူ၊ "ပါတီပွဲ" ဆိုတဲ့ လှည့်ဖျားမယ့် အစီအစဉ်တွေ အားလုံးလည်း ခင်ဗျား အကြံတွေချည်းပဲ"


"ဒါကို ကျွန်တော် သဘောပေါက်ပါတယ် ဆာ ဘက်ဆယ်"


"တော်သေးတာပေါ့ဗျာ၊ ဒီကိစ္စတွေ အားလုံးပြီးသွားတဲ့ အခါ ဌာနတွင်း စုံစမ်းရေးတွေ လုပ်လာရင်တော့ ခင်ဗျားရဲ့ လုပ်ဆောင်မှုတွေကို အကောင်းဖက်ကနေ သုံးသပ်ကြမယ် မထင်ဘူး"


"ဒါပဲလား ဆာ ဘက်ဆယ်"


"ဟုတ်တယ်"


ဗီကာရီလည်း သူ့ရှေ့မှ လှည့်ထွက်လာခဲ့သည်။


********************