ဟာရီ ဒေါ်လ်တန် သည် တံခါးကို ဆောင့်ဖွင့်ပြီး အထဲသို့ ဝင်လိုက်သည်။ SB မှ လူများလည်း သူ့နောက်မှ လိုက်ဝင်လာကြသည်။ ဟောခန်းက မီးကို ဖွင့်လိုက်ချိန်တွင် နောက်ဖက်တံခါးမှ ပြေးဆင်းသွားသော ကက်သရင်း ဘလိတ်ကို လက်မတင်လေး လှမ်းမြင်လိုက်ရသည်။ သူမ၏ လက်ထဲတွင်လည်း ရေဒီယို စက် ထည့်ထားသော ခရီးဆောင်အိတ်ကြီး တရမ်းရမ်း နှင့် ပါသွားသည်။
**********************
ဟော့နျူမန်သည် နောက်ဖက်တံခါးကို ဆောင့်ကန်ဖွင့်လိုက်ပြီး ပန်းခြံထဲ ဖြတ်ပြေးလိုက်ချိန်တွင် အိမ် ထဲမှ အော်သံများကို ကြားလိုက်ရသည်။ မှောင်မှောင်မဲမဲ ထဲမှာပင် မော်ဆာ ပစ္စတိုကို ကိုင်ထားသော လက်ကို လည်း ရှေ့သို့ ဆန့်ထုတ်ထားလိုက်သည်။ ထိုအချိန်တွင် ခြံဝင်းတံခါး ပွင့်လာပြီး လူတယောက် ကို ခပ်ရေးရေး တွေ့လိုက်သဖြင့် သေနတ်နှင့် ထိုးချိန်လိုက်သည်။ ထိုလူထံမှ မပြေးနဲ့ ဟူသော အသံ ထွက်လာသည်။ နျူမန်က ပြေးမြဲ ပြေးနေရင်းက သေနတ်နှင့် နှစ်ချက် ဆင့်ပစ်လိုက်သည်။ ပထမ တချက်နှင့်ပင် ထိုလူ၏ ပုခုံးကို မှန်သွား၍ တပတ်လည် ထွက်သွားသည်ကို တွေ့လိုက်ရသည်။ ဒုတိယ တချက်က သူ၏ ကျောရိုးကို ဖေါက်ဝင်သွား၍ နေရာတွင်ပင် အသက်ပျောက်သွားခဲ့သည်။
ဒုတိယလူသည် လဲကျသွားသော လူနား ရောက်လာပြီး သူ့အား လှမ်းပစ်ရန် ကြိုးစား နေစဉ် မှာပင် နျူမန်က ချက်ခြင်းလို သေနတ်မောင်းကို ဆွဲချလိုက်သည်။ မော်ဆာ က သူ့လက်ထဲမှာပင် လှုပ်ခါ သွားပြီး သေနတ်သံ ထွက်မလာဘဲ ကျည် တွန်းကန်ထွက်သွားသည့် အသံသာ ကြားလိုက်ရပြီး ဒုတိယ လူ၏ ဦးခေါင်းသည် ပွင့်ထွက်သွားခဲ့သည်။
နျူမန်သည် အချိန်မဆိုင်းဘဲ ဂိတ်တံခါးကို ဖြတ်ပြေးပြီး လဲကျနေသော အလောင်းများကို ခွကျော်ကာ အမှောင်ထဲသို့ တိုးဝင်သွားခဲ့သည်။ သူ့နောက်တွင် မည်သူမှ ဆက်လိုက်မလာတော့။ ကက်သရင်းသာ ပေအနည်းငယ် အကွာမှ ရေဒီယို စက်ကြီး ထည့်ထားသော အိတ်ကို ဆွဲလျှက်သား ကပ်လိုက်လာ သည်။ သူမနောက်တွင်တော့ လူသုံးယောက် ပြေးလိုက်လာနေသည်။ နျူမန်က သူတို့ရှိရာ မှန်းပြီး လှမ်းပစ်လိုက်ပြန်သည်။ လူ နှစ်ယောက်၏ အော်ဟစ်ညည်းတွားသံကို ကြားလိုက်ရသည်။ ကက်သရင်းက တော့ ပြေးလိုက်နေဆဲပင် ဖြစ်သည်။
သူလည်း ချက်ချင်းလို အပျက်အစီးပုံများကြားမှ ရပ်ထားခဲ့သော ဗင်ကား ရှိရာသို့ ဦးတည် ပြေးလာခဲ့သည်။
************************
ကျည်ဆံသည် သူ့ခေါင်းနားက ဖြတ်သွားသည်ကို ဟာရီ သိလိုက်သည်။ သူ့နောက်က လူနှစ်ယောက်၏ အော်သံကိုလည်း ကြားလိုက်ရသည်။ ကက်သရင်းသည် သူ့ရှေ့တည့်တည့် မှ ပြေးနေသည်။ သူသည် အမှောင်ထဲ တိုးဝင်လာနေရပြီး သူ့တွင် လက်နက်မပါ။ တကိုယ်တည်း ဖြစ်လာနေသည့်အတွက် အခြေအနေက သူ့ဖက်က အလေးမသာ။ နောက်ပြန်လှည့်ပြီး လဲကျသွားသူ တဦးထံမှ သေနတ်ကို ပြန်ကောက်၍ နှစ်ယောက်စလုံး ကို ပစ်၍ ရနိုင်သည်။ သို့သော် ထိုသို့ ကြိုးစားနေစဉ် သူလည်း ရူဒေါ့ဖ် ၏ လက်ချက်ဖြင့် အသက်ပျောက် သွားနိုင်ချေရှိနေသည်။
ဆက်မလိုက်တော့ဘဲ နောက်ပြန်လှည့်ပြီး တဖက်တိုက်ခန်းမှ စောင့်ကြည့်နေသူများကို အချက်ပေး၍ ရနိုင်သော်လည်း ထိုသို့လုပ်နေစဉ် ကက်သရင်း ဘလိတ်နှင့် ရူဒေါ့တို့အား အစအနပင် ရှာ၍ ရတော့မည် မဟုတ်၊ သူတို့အား ခြေရာခံသည့် အလုပ်ကို နောက်တကြိမ် အစအဆုံး ပြန်လုပ်ကြရပေဦးမည်၊ စပိုင် များက ငြိမ်နေကြမည် မဟုတ်၊ သူတို့ရှိ ရေဒီယို အသံလွှင့်စက်ကို သုံး၍ သူတို့ သိရှိလာသည် များကို အကြောင်းကြားကြမည်သာ ဖြစ်သည်၊ ထိုအခါတွင်တော့ စစ်ပွဲကြီး အရေးနိမ့်သွားရ ပေတော့မည်။
ရေဒီယို ဆို၍ သူ့တွင် အကြံတခု ရလာသည်။
သူတို့အား အမှီ မလိုက်နိုင်သော်လည်း လက်ထဲ ပါသွားသည့် ရေဒီယို ကို ဖျက်ဆီးနိုင်က ဘာလင်နှင့် အဆက်အသွယ် မလုပ်နိုင်အောင် ခေတ္တခဏ ဖြစ်ဖြစ် ဖြတ်တောက်ထား၍ ရနိုင်သည်။
ထိုအတွေးဖြင့် ဟာရီ သည် အမှောင်ထဲမှာပင် ခုန်ပျံ ကျော်လွှား၍ ရှေ့သို့ တဟုန်ထိုး တိုးထွက် လာခဲ့သည်။ ပါးစပ်ကလည်း အသံနက်ကြီး ဖြင့် ညာသံပေးကာ လက်ဆွဲအိတ်ကို လက်နှစ်ဖက်ဖြင့် အမိအရ ဆုပ်ကိုင်လိုက်သည်။ သူမ လက်ထဲက အိတ်ကို မရအရ ဆွဲလုသည်။ သူမဖက်ကလည်း အံ့အားသင့်စရာ ကောင်းလောက်အောင် သန်မာလွန်းနေသော ခွန်အားနှင့် အတင်း ပြန်လုနေသည်။
ဟာရီသည် သူမအား မော့ကြည့်လိုက်မိရာ ပထမဆုံးအကြိမ် သူမမျက်နှာကို အနီးကပ် မြင်တွေ့ခွင့် ရသွားသည်။ သူမမျက်နှာသည် ကြောက်လန့်ခြင်း၊ ဒေါသထွက်ခြင်းများ နှင့် ပေါင်းပြီး အရုပ်ဆိုး အကျည်းတန်နေသည်။ နောက်တကြိမ် အားကုန်သုံးပြီး သူမလက်ကို အတင်းဆောင့်ဆွဲလိုက်ပြန်သည်။ သို့သော် အိတ်က သူမလက်ထဲမှာပင် ရှိနေဆဲဖြစ်ပြီး သူမလက်ချောင်းများက အိတ်၏ လက်ကိုင်ကို ပြုတ်တူကြီးများနှင့် ညှပ်ထားသည့်အလား မြဲမြံစွာ ဆုပ်ထားနိုင်ဆဲပင် ဖြစ်သည်။ သူမ ပါးစပ်ကလည်း ရူဒေါ့ဖ် ၏ နာမည် အရင်းကို လှမ်းခေါ်သံ ထွက်လာသည်။ ဂျာမန် အသံထွက်မျိုး ဖြစ်ပုံရသည်။
ထိုနောက် ကလစ် ဆိုသော အသံကို ဟာရီ ကြားလိုက်ရသည်။ ထိုအသံမျိုးမှာ စစ်ကြီး မတိုင်မီက လန်ဒန် အရှေ့ပိုင်း ရပ်ကွက်များ တွင် ကြားဖူးနားဝ ရှိနေသည့် ဓါးမြှောင် ခလုတ် ကို နှိပ်လိုက်သည့် အသံမျိုး ဖြစ်ပြီး ပြောင်လက်နေသော စတီးလ် ဓါးစူးချွန် ကို တွေ့လိုက်ရသည်။
သူမ၏ လက်တဖက် မြောက်တက်လာသည်ကို တွေ့လိုက်ရပြီး ဟာရီ၏ လည်ပင်းတည့်တည့် ရှိရာသို့ အားကုန် ထိုးစိုက်လိုက်သည်။ ဟာရီသည် သူ၏ လက်အား မြှောက်၍ ကာလိုက်မည် ဆိုလျှင် ရှောင်နိုင် ဖွယ် ရှိသော်လည်း သူ ဖမ်းဆုပ်ထားသည့် အိတ် လက်ထဲက လွတ်သွားမည့် အရေး ရှိနေသည်။ အိတ်ကို လက်နှစ်ဖက်ဖြင့် မလွတ်တမ်း ဆုပ်ကိုင်ထားရင်းက ခေါင်းကို ရမ်းပြီး ဝင်လာသော ဓါးကို ရှောင်လိုက်ရသည်။ ဓါးသွားက သူ၏ မျက်နှာ တဖက်ကို ထိသွား၍ ချက်ချင်းလို သံရည်ပူများနှင့် အပက်ခံရသည့်အလား စူးရှ သည့် နာကျင်မှုကို ခံစားလိုက်ရသည်။ မျက်နှာရှိ အသားများ လန်ထွက် သွားမှန်းလည်း သိလိုက်သည်။ နာကျင်လွန်း၍ သူ့ထံ မှ အော်သံကြီး ထွက်လာသော်လည်း အိတ်ကိုမူ လက်မှ ဆုပ်ကိုင်ထားဆဲပင်။
သူမက နောက်တကြိမ် လက်ကို မြှောက်လာပြန်သည်။ ဒီတခါတော့ သူ၏ လက်မောင်းကို ချိန်ရွယ် ထိုးချလိုက်သည်။ ဟာရီလည်း နာကျင်လွန်း၍ နောက်တကြိမ် အော်သံ ထွက်လာရသည်။ သွားကို တင်းတင်းကျိတ်ထားပြီး အိတ်ကိုမူ မလွတ်တမ်း ဆုပ်ကိုင်ထားသည်။ လက်သည် အလိုအလျှောက် လှုပ်ရှားနေသလို ခံစားလိုက်ရပြီး နာကျင်မှုများ မရှိတော့၊ မည်သို့သော နာကျင်မှုမျိုး မဆို အိတ်ကို လွှတ်ပေးလိုက်ရသည့်အထိ မရောက်နိုင်တော့။
သူမက “ရှင်ဟာ ရေဒီယိုစက်တလုံးနဲ့ အသေခံမယ့် လူမျိုးပါလား” ဟု ပြောပြောဆိုဆိုနှင့် အိတ်ကို လွှတ်ကာ အမှောင်ထုထဲ ထွက်ပြေး ပျောက်ကွယ်သွားတော့သည်။
ဟာရီသည်လည်း စိုစွတ်နေသော မြေကြီးပေါ်တွင် လဲကျသွားတော့သည်။ သူမ မြင်ကွင်းမှ ပျောက် ကွယ်သွားသည်နှင့် လက်နှင့် မျက်နှာကို စမ်းကြည့် မိလိုက်သည်။ အရည်ပြားများ လန်ပြီး ပါးစပ်ရှိ ရာနားမှ ပူပူနွေးနွေးဖြစ်နေသော အရိုးများကို စမ်းမိသွား၍ စိတ်ထဲတွင် အော်ဂလီ ဆန်သွားသည်။ သတိလက်လွတ် ဖြစ်လာနေပြီး နာကျင်မှု ဝေဒနာလည်း တဖြေးဖြေး နှင့် ကွယ်ပျောက်သွားရသည်။ သူ့အနီးနားရှိ ဒဏ်ရာရနေသော SB တပ်ဖွဲ့ဝင်များ၏ ညည်းငြူသံကို ကြားနေရသည်။ သူ့မျက်နှာပေါ်သို့ လာရောက်ထိမှန်နေသော မိုးစက်များကိုလည်း သတိထားမိနေသည်။ မျက်လုံးများကို မှိတ်ထား လိုက်မိသည်။
တစုံတယောက်က သူ၏ မျက်နှာ တဝိုက်ကို လက်နှင့် လာထိသည်ကို သိလိုက်သဖြင့် မျက်လုံး ဖွင့်ကြည့်လိုက်မိရာ သူ့အား ငုံကြည့်နေသော အယ်ဖရက် ဗီကာရီကို တွေ့လိုက်ရသည်။
“သတိထားပါလို့ ကျုပ်အတန်တန် ပြောရက်နဲ့ဗျာ”
“ရေဒီယို စက်ကော ပါသွားပြီလား”
“ပါမသွားဘူး၊ မောင်ရင် အမိအရ ဆွဲထားနိုင်ခဲ့လို့ ချန်ထားခဲ့ရတယ်”
“သူတို့ကိုကော မိပြီလား”
“မမိသေးဘူး၊ နောက်က လိုက်နေတုန်း”
စကားပြောလိုက်၍လား မသိ နာကျင်မှု ဝေဒနာသည် ချက်ချင်းလို ဆောင့်တက်လာသည်။ သူ့ တကိုယ်လုံး တုန်တုန်ရီရီ နှင့် အံချင်သလိုလည်း ဖြစ်လာသည်။ ဗီကာရီက ရေတိုက်ရန် လက်လှမ်း လိုက်ချိန်တွင်တော့ ဟာရီ အဖို့ ပတ်ဝန်းကျင် တခုလုံး အမှောင်ဖုံးသွားခဲ့ရပေတော့သည်။
*********************
အခန်း (၅၀)
LONDON
အားလ်ကုပ်တွင် ထိုသို့ ဖြစ်ခဲ့ပြီး တနာရီ အတွင်းမှာပင် အယ်ဖရက် ဗီကာရီသည် အင်္ဂလန် သမိုင်းတွင် အကြီးကျယ် ဆုံး လူရှာပွဲကြီး စတင်လိုက်ပေတော့သည်။ နိုင်ငံတွင်းရှိ ပင်ဇန်း မှ ဒိုဗာ၊ ပို့စ်မောက် မှ အင်ဗနက်စ် ရှိ ရဲစခန်းတိုင်းလိုလိုအား ထွက်ပြေးသွားသော စပိုင် နှစ်ဦး၏ ပုံပန်းသဏ္ဌာန်များကို အကြောင်းကြားလိုက်သည်။
လန်ဒန်နှင့် ထိစပ်နေသော လက်လှမ်းမှီသမျှ မြို့များ ရွာများ သို့လည်း တရားခံပြေး နှစ်ဦး၏ ဓါတ်ပုံ များကို ဆိုင်ကယ် ဆက်သား လွှတ်၍ ပေးပို့လိုက်ပြန်သည်။
တာဝန်ရှိသည့် ရဲအရာရှိများအားလုံးကိုလည်း တရားခံများသည် ၁၉၃၈ မှ စပြီး လူသတ်မှု ပေါင်း လေးမှုကို ကျူးလွန်ထားကြသူများဟု အသိပေးခဲ့သည်။ အထက်တန်း အရာရှိ အဆင့်ရှိ သူ လက် တဆုပ်စာ လောက်ကိုသာ ထိုလူများသည် နိုင်ငံလုံခြုံရေး အတွက် အမိဖမ်းနိုင်ဖို့ လွန်စွာ အရေးကြီး သည် ဆိုသည်လောက်သာ အရိပ်အမြွက် သတိပေးထားခဲ့သည်။ ဝန်ကြီးချုပ် ကိုယ်တိုင်ပင် ၎င်းတို့အား အမိဖမ်းနိူင်ရန် အနီးကပ် စောင့်ကြည့် လေ့လာနေသည်ကိုပါ တဆက်တည်း လို ထည့် ပြောထား ခဲ့သည်။
လန်ဒန်မြို့တော် ရဲတပ်ဖွဲ့ကြီးသည်လည်း အလျှင်မြန်ဆုံး နှုန်းဖြင့် တုန့်ပြန်လာခဲ့သည်၊ ဗီကာရီ အသိပေးပြီး ဆယ့်ငါးမိနစ် အတွင်းမှာပင် မြို့တော်မှ ထွက်သည့် အဓိက လမ်းမကြီးများ အား ပိတ်ဆို့ စစ်ဆေးမှု စတင်လာသည်၊ ဗီကာရီသည် ၎င်းတို့ ပြေးနိုင်သည့် လမ်းကြောင်းမှန်သမျှကို ပိတ်ဆို့နိုင်ရန် ကြံဆလာသည်။
MI-5 နှင့် မီးရထား ရဲအဖွဲ့သည် အဓိက ဘူတာရုံများ များကို ခြေရာချင်း ထပ်အောင်လှည့်လည် ရှာဖွေနေကြသည်၊ အိုင်ယာလန် သွား ဖယ်ရီ အော်ပရေတာများ ကိုလည်း တရားခံပြေးများ၏ ပုံပန်းသဏ္ဍန် ကို ဖြန့်ဝေပေးခဲ့သည်။
နောက်ပိုင်းတွင် ဗီကာရီသည် ဘီဘီစီ သတင်းဌာနကြီးကို ဆက်သွယ်ပြီး တာဝန်ခံ အရာရှိ အား ဆက်သွယ် အကြောင်းကြားလိုက်သဖြင့် ညပိုင်း ကိုးနာရီ သတင်းတွင် အားလ်ကုပ်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှု ကြီးကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ အသီးသီး ရရှိသွားကြောင်း သတင်း ပါလာခဲ့သည်။ သတင်းတွင် ကက်သရင်း ဘလိတ် နှင့် ရူဒေါ့ဖ် ၏ ပုံပန်းသဏ္ဍန်များ နှင့် တွေ့ရှိသူများ သတင်းပေး ဆက်သွယ် နိုင်ရန် တယ်လီဖုန်း နံပတ် များပါ ထည့်သွင်း ကြေညာခဲ့သည်။ ငါးမိနစ်အတွင်းမှာပင် တယ်လီဖုန်းများက မနားတမ်း ဆူညံစွာ ထွက်ပေါ်လာခဲ့တော့သည်။
လက်နှိပ်စက်စာရေး အမျိုးသမီးများက ထိုအထဲမှ အဓိပ္ပါယ် ရှိမည် ထင်ရသော သတင်းပေးမှုများကို တဖျောက်ဖျောက်နှင့် ရိုက်ကာ မှတ်တမ်း ပြုစုပြီး ဗီကာရီ ထံ အဆက်မပြတ် လက်ဆင့်ကမ်း ပေးခဲ့ကြသည်။ ဗီကာရီလည်း ဖတ်ပြီးလျှင် ဖတ်ပြီးချင်း အတော်များများကို အမှိုက်ခြင်းထဲ ပစ်ထဲ့ခဲ့ရသည်။ အနည်းငယ်သာ ဆက်လက်လုပ်ဆောင်ရန် ညွန်ကြားခဲ့ရသည်။ သတင်းပေးပို့လာသည်များထဲမှ တခုတလေ မှ တန်ဖိုးရှိသည့် သဲလွန်စများ ထွက်မလာခဲ့ပေ။