ချွေးသိပ်ခံရပြီး ပြန်လာရသော ပရတ် ဆော့ဟွန်း၊ အက်ကွဲကြောင်း လိုက်လာသော စစ်ကောင်စီ

by Hla Soewai - Mar 25 2022

အာဆီယံ အထူး သံတမန် ပရပ် ဆော့ဟွန်းသည် မင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့သည့် သတင်းမှလွဲ၍ အခြားသတင်းများကို အမှောင်ချခံထားရ၍ ဖနွမ်းပင် လေဆိပ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရသည်။

 

သူ၏ အဆိုအရ လက်ရှိ ထိုးစစ်ဆင်နေမှု များကို ထိန်းထိန်းသိမ်းသိမ်း လုပ်ရန် တိုက်တွန်းခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံ နှင့် တွေ့ရန် တောင်းဆိုမှုကို နောက်များ ဆိုကာ ငြင်းပယ်ခြင်း ခံခဲ့ရသည်ဟု ဆိုသည်။

 

"ကျွန်တော်တို့ဖက်က နိုင်ငံတော် အတိုင်ပင်ခံကို အသိအမှတ် ပြုနေတာအပေါ် သူတို့ မကြိုက်ကြဘူးဗျ" ဟု ပြောခဲ့သည်။

 

ဝ‌ဏ္ဏမောင်လွင်မှ မည်သို့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ မဆို Myanmar-owned and Myanmar-led ဖြစ်ရမည်ဟု ပြောဆိုလိုက်ပြီ ဖြစ်သည်။

 

ကမ္ဘောဒီယား ဥက္ကဌ သက်တမ်းအတွင်း မည်သို့မျှ မဖြစ်နိုင်ဟုလည်း ဝန်ခံသွားခဲ့သည်။ မင်းအောင်လှိုင်သည် သွေးသောက်ညီနောင်ကြီး မျက်နှာ ရလိုရငြား ဖြစ်အောင် တခု တလေမျှပင် လိုက်လျောခဲ့ခြင်း မရှိပေ။

 

မင်းအောင်လှိုင်၏ နောက်ထပ် ညီနောင်ရင်းချာကြီး ဖြစ်သူ ထိုင်းဝန်ကြီးချုပ် ပရာရွတ် သည်လည်း ရာထူးမှ နှုတ်ထွက်တော့မည် ဖြစ်ပြီး ယင်းသည် အာဆီယံ အတွက်သာမက မြန်မာပြည်သူများ အတွက်ပါ သတင်းကောင်း ဖြစ်ကြောင်း ဂျကာတာ ပို့စ် သတင်းစာတွင် ရေးသားထားသည်။

 

မင်းအောင်လှိုင်၏ စိတ်ထဲတွင်တော့ ၎င်းတို့ ရစရာ မရှိအောင် စွပ်စွဲပြီး သိက္ခာချနေ‌သော်လည်း အာဆီယံ နိုင်ငံများက အဘယ်ကြောင့် တွေ့ဆုံချင်နေရသနည်း။ သို့ဆိုလျှင် မိမိတို့ ဖန်တီး ထားသော တရားခွင်သည် အချည်းနှီး ဖြစ်‌နေရပြီလောဟု တွေးကောင်း‌ တွေးမိနေပြီဖြစ်သည်။

 

ပရပ်ဆော့ဟွန်းအား အာဆီယံ မှ ပေးအပ်ထားခဲ့သော အခွင့် အာဏာသည် "သက်ဆိုင်သူ အားလုံး" နှင့် တွေ့ဆုံပြီး ပြဿနာကို ‌ဖြေရှင်းရန် ဆိုသော်လည်း တကယ်တမ်း တွေ့ဆုံခွင့် ရခဲ့သူက ကိုကိုကြီးလို လူမျိုးနှင့်သာ ဖြစ်၍ အရှက်တကွဲ ဖြစ်သွားခဲ့ရသည်သာ အဖတ် တင်သွားခဲ့ရပေသည်။ အာဆီယံ အဖွဲ့မှ အောင်မြင်လာနိုးဖြင့် ငြိမ်နေခဲ့သော်လည်း ယခုလို အနေအထားတွင် သူတို့၏ အချက်ငါးချက် အပေါ် သစ္စာဖေါက်သွားခြင်း ဖြစ်သည်ဟု ယူဆကြတော့မည်ဖြစ်သည်။

 

အာဆီယံသည် လက်ရှိ အကျပ်အတည်းတွင် ကြားနေပြီး သမာသမတ် ကျစွာ ‌ဖြေရှင်းရန် တာဝန် ရှိသော်လည်း စစ်ကောင်စီ မှ အဖွဲ့ဝင်များနှင့်သာ တွေ့ဆုံသွားခဲ့၍ သူ၏ လုပ်ရပ် ကြောင့် အာဆီယံသည် မြန်မာ အရေးကို ‌ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ဟု နိုင်ငံတကာ၏ ယူဆခြင်း ခံခဲ့ရပြီ ဖြစ်သည်။

 

ထို့ကြောင့်လည်း ၎င်းတို့ထံမှ ရေနံနှင့် ဓါတ်ငွေ့များ ဝယ်ယူမှု၊ လက်နက် ရောင်းချမှု ပိတ်ပင်ရေး အစရှိသည့် ပို၍ ပြင်းထန်သော အရေးယူမှု များ ပြုလုပ်နိုင်မှသာ ဖြစ်ပေ တော့မည်ဟု တွေးတောလာကြတော့မည်လည်း ဖြစ်သည်။

 

မြန်မာ စစ်တပ်အား ကရိုနီကြီးများက ကြားခံလူ အဖြစ်ဖြင့် ရုရှားနှင့် ဘဲလာရုစ် နိုင်ငံများမှ လက်နက်များ ဝယ်ယူ ရရှိရန် ဆောင်ရွက်ပေးနေကြပြီး ၎င်းတို့ကိုယ် ၎င်းတို့ သာသနာ ဦးလျှောင်ဟု ခံယူထားကြသည့် ဘုရားသားတော်ဆိုးများကလည်း သာသနာကို ကာကွယ် နေသည့် မင်းကောင်းမင်းမြတ် အဖြစ် ဝါဒဖြန့်ကာ ပြည်သူများ အပေါ် ရက်စက်စွာ အကြမ်း ဖက်နေသည့် မင်းအောင်လှိုင်အား ဝိုင်းဝန်း မြှောက်ပင့်ကာ သိန္ဓိတင်ပေးနေကြသည်ဟု ဒိန်းမတ်ရှိ အာဟုစ် တက္ကသိုလ်မှ ဧည့်ပါမောက္ခ မီခေးလ် ဂရေဗားစ် က ဆိုသည်။

 

သီတဂူ ဆရာတော် လို ဘုန်းကြီးများအား ပြည်ပနိုင်ငံများသို့ လာရောက်ခွင့်ကို ပိတ်ပင် သင့်သည်ဟုလည်း မစ္စတာ ဂရေဗားစ်မှ တိုက်တွန်းခဲ့ကြောင်း South China Morning Post. သတင်းစာတွင် ဖေါ်ပြထားသည်။

 

မစ္စတာ ဂရေဗားစ်က ထိုမျှသာမက သီတဂူ ဆရာတော်သည် ဗုဒ္ဓဘာသာ မဟုတ်သူများသည် လူများ မဟုတ်ကြ၍ ထိုသူတို့အား သတ်ခြင်းသည် တရားသည်ဟု ပင် ပြောဆိုလာကြောင်း ရေးသားထားပြန်သည်။

 

မင်းအောင်လှိုင်ကလည်း ကျေးဇူးသိတတ်စွာဖြင့် ဘွဲ့ထူးဂုဏ်ထူးများ ဆည်းကပ်ကာ ငွေများ လှူဒါန်းနေသည်မှာ အာဏာသိမ်းပြီး ချိန်တွင် လေးဆခန့် တိုးလာနေသည်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ထုတ်ပြန်သည့် အစီရင်ခံစာထဲတွင် ပါရှိလာခဲ့ပြန်သည်။

 

ထိုသို့ မိမိတို့ အကျိုးရှိရာ ရှိကြောင်း လိုရာဆွဲ ဟောပြောနေကြသည့် အတွက် ဗုဒ္ဓသာသနာ အစစ်အမှန် နှင့် ထိတွေ့နိုင်မှု နည်းပါးနေသော လူငယ်များ အကြား ယုံကြည်မှု လျော့နည်း လာနေသည့် ဓမ္မအန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်များကို ဝေးဝေးက ရှောင်ကျဉ်ကြခြင်းသည်သာ စစ်မှန်သော ဗုဒ္ဓသာသနာ ထွန်းကားရေး အတွက် ပံ့ပိုးရာ ရောက်ပေမည်။

 

ယခုလည်း မန္တလေး သင်္ကြန်ကို စည်ကားအောင် လုပ်ရမည်ဟု အမိန့်ပေးလာခဲ့ပြန်သည်။ ထို့အတွက် အောက် ခြေ စစ်အရာရှိများ အဖို့ လူများကို တအိမ်တက်ဆင်း ဆွဲခေါ်ထုတ် လာဖို့အထိ ကြံစည်လာကြရတော့မည် ဖြစ်သည်။ သို့မဟုတ်ပါက ရှေ့တန်းသို့ အပို့ခံရပြီး ပုခုံးပေါ်က အပွင့်များသည် ဘွတ်ဖိနပ် ပေါ် ရောက်သွားနိုင်ပေသည်။

 

မန္တလေးသည် စစ်အာဏာရှင် များကို အပြင်းအထန် ဆန့်ကျင်နေသည့် မြို့ကြီးလည်း ဖြစ်သည်ကို အားလုံး ရိပ်စားမိပြီးဖြစ်သည်။ ထိုသို့မင်းအောင်လှိုင်၏ အောက်ခြေ လွတ်နေသော အမိန့်များကို လိုက်လုပ်ပေးနေရ၍ စိတ်ဓါတ်များ ကျဆင်းလာနေကြသည်။ မနှစ်ကလည်း ထိုသို့ အမိန့်ပေးခဲ့ပြီး နောက် အချိန်ကပ်ပြီး သင်္ကြန်မဏ္ဏပ်များ ကိုပြန် ဖျက်ခိုင်းခဲ့၍ သက်ပြင်းချခဲ့ကြရပြီး ဖြစ်သည်။

 

ပြည်သူများ ဖက်ကလည်း လူပေါင်းများစွာ သွေးမြေကျ၊ ဘဝပျက်၊ အိုးအိမ်များ ပျက်စီး ခဲ့ရမှု အတွက် ပျော်ပါးလိုစိတ် မရှိတော့ဘဲ သင်္ကြန် သပိတ်ကြီး ဆင်နွှဲရန် အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာနေပြီ ဖြစ်သည်။

 

ယခုလည်း ထိပ်တန်းခရိုနီ ကြီး တဦးဖြစ်သူ ဇေကမ္ဘာ ဦးခင်ရွှေ၊ သားဖြစ်သူ ဇေသီဟ၊ ရန်ကုန်တိုင်း စီးပွားရေး ဝန်ကြီး၊ ရန်ကုန် မြို့တော်ဝန်တို့အား မင်းအောင်လှိုင်၏ အမိန့် တခု တည်းဖြင့် ထောင်သွင်း အကျဉ်းချခံလိုက်ရပြီ ဖြစ်သည် ဟု သတင်းများ ထွက်ပေါ်နေသည်။ အချို့သည် သခင် ဖြစ်သူက ခိုင်းစေခြင်း မရှိဘဲ ကျွန်ယုံကျွန်ကောင်း ပီသကြောင်း ပြသ ချင်ဇော လောကြီးကာ လုပ်ခဲ့မှုများကြောင့် ဖြစ်ကြောင်း သတင်းများက ဆိုသည်။ နောက်ထပ် ရရှိသော သတင်းများအရ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်၊ သူရ ရွှေမန်း ၏ သား တိုးနိုင်မန်း တို့ကိုပါ ဖမ်းဆီး ထားပြီး ဖြစ်သည်ဟု သိရသည်။ (သို့ သော် ချက်ခြင်းပင် ဦးရဲထွဋ် မှ သူအဖမ်းမခံရကြောင်း အိပ်နေဆဲ ဖြစ်ကြောင်း ပြန်၍ ပို့စ်တင် ရေးသားထားသည် ကို တွေ့လာရသည်)

 

ထိုသတင်းများ အရ ဆိုက ၎င်းတို့ အဖွဲ့ အတွင်း အက်ကွဲကြောင်းများ ထလာနေပြီ မှာ ကြိမ်းသေသလောက် ဖြစ်နေပေပြီ။ တော်လှန်ရေး၏ အရှိန်အဟုန်က တဆင့်ပြီး တဆင့် ရိုက်ခတ်လာနေပြီ ဖြစ်သည်။

 

ထို့အတွက်လည်း ဩစတေးလျ အစိုးရ၏ အရာရှိ အရာခံ စစ်သည်များကို လက်ခံခိုလှုံခွင့် ပေးနေပြီ ဆိုသည့် သတင်းအပေါ် စစ်တပ် အတွင်းရှိ ဗိုလ်ချုပ် အဆင့်အထိ တိုးတိုးတိတ်တိတ် စုံစမ်းနေကြပြီ ဆိုသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။

 

အမျိုးသား ညီညွတ်ရေး အစိုးရအနေဖြင့် ကြားမှ တာဝန်ယူ၍ မဖြစ်ဖြစ်အောင် ချိတ်ဆက် ပေးနိူင်ဖို့ဘဲ လိုသည်။
 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

Image Credit - Art – X.Base (Nyein Aung)