မြန်မာ စစ်တပ်အား ဂျီနိုဆိုက် ကျုးလွန်ကြောင်း အမေရိကန် မှ တရားဝင် သတ်မှတ်ပြီ။ ၎င်းတို့ လက်အောက်တွင် မည်သူမျှ လုံခြုံစိတ်ချစွာ နေ၍ ရမည် မဟုတ်ဟု ဆို

by Hla Soewai - Mar 23 2022

ပြီးခဲ့သည့် နှစ်နှစ်လောက် ဆိုက အဆိုပါ သတင်းသည် တိုင်းပြည် အတွက် အမဲစက်ကြီး တခု ထင်သွားခဲ့ရပြီ ဟု ဆိုကာ ဝမ်းနည်းစရာပင်၊ သို့သော် ယခုလို တတိုင်းပြည်လုံး က စစ်အာဏာရှင်များ အုပ်ချုပ်ရန် ကြံစည်နေကြသည့် အရေးကို အင်နှင့် အားနှင့် တွန်းလှန်နေချိန်တွင်တော့ မိမိရန်သူများအား ထိုသို့ သတ်မှတ် ဆက်ဆံလာကြမည့် အရေးကို ဝမ်းပမ်းတသာ ကြိုဆိုကြမည်သာ ဖြစ်သည်။

 

တိုင်းပြည်၏ စစ်တပ်သည် အာဏာရူးသွပ်နေသူများ၏ လက်ကိုင်တုတ် ဘဝ ကျရောက်နေပြီ ဖြစ်၍ မည်သူကမျှ မိမိတို့ တပ်မတော်ပါလားဟု သံ‌ယောဇဉ် မရှိကြတော့ပေ။ "တိုင်းပြည်နှင့် လူမျိုး အတွက် အသက်သွေးချွေးများ ပေးဆပ် ကာကွယ်နေသော တပ်မတော်" ဆိုသည့် စကားများလည်း မီးခိုးမျှင်တန်းများ ပမာ ကွယ်ပျောက်သွားခဲ့ရပြီလည်း ဖြစ်သည်။

 

ယနေ့ အမေရိကန် စံတော်ချိန် နံနက် ၉:၃၀ တွင် ဒုတိယ ကမ္ဘာစစ် အတွင်း မီးလောင်တိုက်သွင်း ခံခဲ့ရသည့် ဂျူး အထိမ်းအမှတ် ပြတိုက်ကြီးအတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်က ရိုဟင်ဂျာ များ အပေါ် မြန်မာ စစ်တပ်၏ ကျူးလွန်မှူသည် ဂျီနိုဆိုက် ‌ပြစ်မှူ မြောက်သည် ဆိုကာ တရားဝင် ထုတ်ဖေါ် ပြောဆိုခဲ့ပြီ ဖြစ်သည်။ ထိုသို့ သတ်မှတ်နိုင်ရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ လေးနှစ်ကြာ အချိန်ယူ စုံစမ်း စစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။

 

ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ကမ္ဘာပေါ်တွင် ဂျီနိုဆိုက် ကျူးလွန်ခဲ့သည်ဟု အမေရိကန်မှ ၇ ကြိမ် သတ်မှတ်ခဲ့ပြီး၊ မြန်မာ သည် ရှစ်ကြိမ်မြောက် ဖြစ်လာခဲ့သည်။

 

ထိုပြတိုက်ကြီး အတွင်း ပြသထားသော "Burma's Path to Genocide" ပြပွဲကို လာရောက် ကြည့်ရှု့ရင်း တရားဝင် ထုတ်ဖေါ်ပြောဆို ခဲ့ခြင်း ဖြစ်သည်။

 

အထက်ပါ သတင်းသည် မီဒီယာများမှတဆင့် တမဟုတ်ချင်းပင် တကမ္ဘာလုံးသို့ တောမီးပမာ ပျံ့နှံ့သွားခဲ့ရသည်။

 

နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များကလည်း အမေရိကန် အစိုးရ ၏ လုပ်ရပ်အပေါ် ချီးကြူးဂုဏ်ပြုလာခဲ့ကြသည်။

 

ထိုသို့ ပြောဆိုခဲ့သော်လည်း လတ်တလောတွင် လက်ရှိ အနေအထား ဖြစ်သော စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခဲ့သည်များထက် ပို၍ အရေးယူလာဖို့ မရှိဟု သုံးသပ်နေကြသည်။ သို့သော် နိုင်ငံတကာ တရားရုံးချုပ် တွင် တရားစွဲဆိုခံနေရသည့် စစ်အာဏာသိမ်း အဖွဲ့ အတွက် နိုင်ငံတကာ ဖိအားပေးမှုများ တိုးမြှင့်လာဖွယ် ရှိနေသည်ဟု ဆိုသည်။ အပြည်ပြည်ဆိုင်ရာ ဥပဒေများ နှင့် အရေးယူနိုင်ရေး အတွက် အမေရိကန်မှ ဦးဆောင်ကြိုးပမ်းလာဖွယ် ရှိသည်ဟု ယူဆရပေသည်။

 

စစ်ဗိုလ်ချုပ်များက‌တော့ အမေရိကန်၏ ဩဇာအာဏာ ကျဆင်းလာ‌နေပြီ၊ တရုတ်ရှိသည်၊ ရုရှား ရှိသည်ဆိုကာ ၎င်းတို့ အချင်းချင်း ကျောသပ် ရင်သပ်နှင့် အပြန်အလှန် အားပေးနေကြလောက်ပြီ ဖြစ်သည်။

 

ဘလင်ကင် စကား ကောက်နှုတ်ချက်

**********

 

လူမျိုးစု တစုကို ရက်စက်ကြမ်းကြုပ်စွာ ဆက်ဆံရန် ဝန်မလေးသူများသည် အခြားလူမျိုးစုများ အပေါ်လည်း အလျင်အမြန် ကျုးလွန်ရန် ဝန်လေးကြမည် မဟုတ်၊

 

အာဏာ မသိမ်းခဲ့စဉ်က ထိုသဘောသဘာဝ ကို သဘောပေါက်ခြင်း မရှိခဲ့သူများ အဖို့ ယခုအခါ မြန်မာ စစ်တပ်၏ ရက်စက်စွာ အကြမ်းဖက်လာမှုများ ကြောင့် ၎င်းတို့အနေဖြင့် မည်သူကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်ဆိုသည်ကို ရှင်းလင်းပြတ်သားစွာ သိမြင်လာခဲ့ကြပြီ ဖြစ်သည်။

 

၎င်းတို့၏ အုပ်ချုပ်နေမှု အောက်တွင် မည်သူမျှ လုံခြုံစိတ်ချစွာ နေ၍ ရမည် မဟုတ်။
 

ထိုအတွက် မြန်မာပြည်အား ဒီမိုကရေစီ လမ်းကြောင်း ပေါ် ပြန်လည် ဆွဲတင်နိုင်ရေးသည် ရိုဟင်ဂျာများ အပါအဝင် နိုင်ငံတွင်းရှိ ပြည်သူအားလုံး၏ အခွင့်အရေးကို အာမခံနိုင်မှု ဖြင့် စတင်ရမည် ဖြစ်သည်ကို နားလည် သဘောပေါက်လာသူများ ပို၍ ပို၍ များပြားလာနေပြီ ဖြစ်သည် အစရှိသဖြင့် ပြောဆိုသွားခဲ့သည်။

********

 

ရိုဟင်ဂျာ ပြဿနာသည် ၂၀၁၇ မှသာ ဖြစ်ပေါ်ခဲ့ခြင်း မဟုတ်၊ လွတ်လပ်ရေး ရပြီးချိန်မှစ၍ စတင် အငြင်းပွားလာခဲ့သော ပြဿနာဖြစ်သည်၊ ဦးနု၊ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ အဆက်ဆက် သိမ်မွေ့စွာ ကိုင်တွယ်နိုင်ခဲ့သော်လည်း ဘာမဆို လုပ်ရဲသည်ဟု ကြွေးကျော်ခဲ့သူ လက်ထက်တွင်တော့ ပါလက်စတိုင်း ပြဿနာကဲ့သို့ နိုင်ငံတကာ အရေး အခင်းကြီး အဖြစ် တမဟုတ်ချင်း ကူးပြောင်းသွားခဲ့ရသည်။

 

နိုင်ငံတကာ တရားရုံးတွင် ရုံးတင် တရားစွဲဆိုခံရခြင်း၊ ယခု အမေရိကန် အစိုးရမှ လူမျိုးတုံးသည်အထိ သတ်ဖြတ်ရန် လုပ်ဆောင်မှု ဂျီနိုဆိုက် အဖြစ် သတ်မှတ်ခံလာရခြင်းများသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ယခုတိုင် အမှုထမ်းနေဆဲ ဖြစ်သော မင်းအောင်လှိုင်တွင်သာ အပြည့်အဝ တာဝန် ရှိနေပေသည်။ သမိုင်း အဆက်ဆက် နာမည်ဆိုး တွင်ကျန် ရစ်တော့မည်လည်း ဖြစ်သည်။

 

ထိုသို့ မကြေညာမီ နာရီပိုင်း မတိုင်မီမှာပင် အာဆီယံ အထူး သံတမန် နေပြည်တော်သို့ ရောက်နေပြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံနေပြီ ဖြစ်သည်။ နိုင်ငံရေး သဘောဆောင်သည့် ကန့်ကွက်မှု များ မှတဆင့် မငြိမ်သက်မှု များ နှင့် အကြမ်းဖက်မှုများ ဖြစ်လာခဲ့ရခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့ အာဏာသိမ်းသည့် လုပ်ရပ်ကို ငြိမ်ခံနေက ထိုသို့ ဖြစ်မလာဟု ဆိုလိုခြင်းပင် ဖြစ်သည်။
 

၎င်းသည် ဝဏ္ဏမောင်လွင် နှင့်ပါ ညစာ အတူစားခဲ့ပြီး ဝဏ္ဏမောင်လွင်က အာဆီယံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား မြန်မာမှပိုင်သည်၊ မြန်မာမှ သာ ဦးဆောင်ရမည်ဟု ပြောဆိုသွားခဲ့သည်၊ ဆိုလိုသည်က အချိန်ကျလျင် မိမိတို့က ငြိမ်းချမ်းမှု ရှိအောင် လုပ်ပေးမည်၊ မလောနှင့်ဟူ၍ ဖြစ်သည်။

 

ဖြန်ဖြေမည်သူ့သည် ဘက်နှစ်ဖက် ကို တွေ့ဆုံ၍ နား‌ ထောင် အဖြေရှာရမည်ကို မူလတန်းကျောင်းသားပင် နားလည်ထားသော အခြေခံလုပ်ငန်းစဉ် ဖြစ်သည်ကို အာဆီယံ သည် အရှက်ကင်းမဲ့စွာ စစ်အာဏာရှင်များ ရှေ့ ဒူးတုပ်၍ ပြဿနာ ဆက်မရှာရန် တောင်းဆိုရန် မျက်နှာပြောင်တိုက် ရောက်ရှိလာခြင်းပင် ဖြစ်သည်။ သို့သော် သန်းပေါင်းများစွာသော မြန်မာ ပြည်သူများ၏ ဆန္ဒကို ထည့်သွင်းစဉ်းစားစရာ မလိုဟု အဖက်မတန်သည့် သဘော ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။

 

မြန်မာသည် နိုင်ငံ အဖြစ်မှ ပြိုလဲသွားတော့မည့် အန္တရာယ်ကြီး နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်ဟု ကုလ လူ့အခွင့်အရေး ကောင်စီ အကြီးအကဲ မီချယ် ဘချက်လက်က ယနေ့ ကျင်းပသော ၄၉ ကြိမ်မြောက် ကုလ လူ့အခွင့်အရေး ညီလာခံတွင် သတိပေးလိုက်ပြီ ဖြစ်သည်။

 

စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှု ဖူလုံရေး စနစ်များ ပျက်စီးသွားတော့မည် ဖြစ်သည်ဟု ဆိုသည်။

 

စစ်တပ်သည် လူပေါင်း ၁,၆၀၀ ခန့်အား သတ်ဖြတ်ခဲ့ပြီး ထိုအထဲမှ ၃၅၀ သည် ဖမ်းဆီးခံထားရစဉ်အတွင်း ညှဉ်းပမ်းနှိပ်စက်ခံရ၍ သေဆုံးသွားခြင်းဖြစ်ပြီး သေဆုံးသူ စုစုပေါင်း၏ ၂၁% ရှိသည်ဟု တက်ရောက်လာသူများကို အသိပေးခဲ့ပြန်သည်။

 

အကြိမ်ပေါင်း ၄၀၀ နီးပါး လူနေဒေသများကို တိုက်ခိုက်ခဲ့ကြပြန်သဖြင့် လူပေါင်း ၅၀၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ၁၅,၀၀၀ ခန့်သည် နိုင်ငံတွင်းမှ ထွက်ပြေးခဲ့ကြသည်ဟု ဆိုသည်။

 

နှစ်ထောင်ပေါင်းများစွာ ဘိုးဘေများ အသက်သွေးချွေး ပေါင်းများစွာ စတေး၍ တည်ထောင်ခဲ့ကြသည့် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနိုင်ငံတော်ကြီး သည် တမဟုတ်ချင်းမှာပင် ပြိုလဲမည့် အဖြစ်ဆိုးကြီး နှင့် ရင်ဆိုင်လာနေရသည့် အဖြစ်က မည်သို့မျှပင် ယုံနိုင်ဖွယ်ရာ မရှိဖြစ်နေသည်၊ ပြီးခဲ့သည့် ၁၃ လ ခန့်က တစုံတယောက်မှ ထိုသို့ နမိတ်ဖတ်လာပါက ရူးသွပ်နေသူဟုသာ လှောင်ပြောင်ခံရမည်ကား သေချာလှသည်။

 

စစ်အုပ်ချုပ်ရေး သမားများဖက်ကလည်း မည်မျှပင် အပူရုပ်ကို ဟန်လုပ်ကာ ‌ဟန်ဆောင်ကောင်းနေစေကာမူ နိုင်ငံတကာ ဖိအားများက ပြင်းထန်သည်ထက် ပြင်းထန်လာနေပြီ ဖြစ်သည်။

 

ယင်းနှင့် အတူ အာဆီယံ ၏ မြန်မာပြည် အကျပ်အတည်းကို ဝတ်ကျေတန်း‌ ကျေ ပြီးပြီးရောထုံးဖြူသုတ်ရန် အကြံသည်လည်း ပြိုလဲသွားရပေတော့မည်။

 

ပြည်သူတို့၏ ခုခံစစ် မုချအောင်ရမည်!!!