အထက်ပါ ခေါင်းစဉ် ဖြင့် အိန္ဒိယ အခြေစိုက် The Wire အွန်လိုင်း ဂျာနယ်တွင် မြန်မာတို့၏ ခုခံတွန်းလှန်စစ်ကို မျက်ခြေမပြတ် လေ့လာနေသည့် သုတေသီ မက်သယူး အာနိုး ရေးသားထားသည်ကို ပြန်လည် တင်ပြသည်။
မြန်မာ စစ်တပ်၏ အင်အားသည် အမှန် ရှိသည်ထက် အလွန်အကျွံ ခန့်မှန်းနေကြခြင်းသာ ဖြစ်ပြီး လက်ရှိ ပဋိပက္ခ ၏ အသွင် လက္ခဏာကိုသာ တမျိုးသားလုံး၏ အရေးတော်ပုံကြီး အဖြစ် ဆက်လက် ထိန်းသိမ်း ထားနိုင်ခဲ့မည်ဆိုလျှင် စစ်အင်အား ချိန်ခွင်လျှာသည် တော်လှန်ရေး အင်အားစု များဖက် အလေးသာ လာမည်သာ ဖြစ်သည်ဟု အစချီထားသည်။
ထို့အတွက် မြန်မာတို့၏ တော်လှန်ရေး သည် နိုင်ခြေရှိနေပြီ ဖြစ်၍ ကမ္ဘာတဝှမ်းမှ ပံ့ပိုးပေးဖို့သာ လိုအပ်သည်၊ လုပ်သင့်လုပ်ထိုက်သော အရာလည်း ဖြစ်သည်။ စစ်တပ်သည် အာဏာသိမ်းပြီးသည်မှာ တနှစ်ကျော်လာခဲ့ပြီ ဖြစ်သော်လည်း ယခုထိ နိုင်ငံကို ကျစ်လစ်အောင် စုစည်း အုပ်ချုပ်နိုင်ခြင်း မရှိသေးပေ၊ ထို့အတွက်လည်း ဂမူးရှူးထိုးဖြင့် နေတဒူဝ သတ်ဖြတ်နေသည်နှင့်အမျှ တော်လှန်ရေး အင်အားစုများလည်း နိုင်ငံ အနှံ့တွင် အင်အားကောင်းလာနေပြီ ဖြစ်သည်။
လေ့လာသူများက မြန်မာစစ်တပ်သည် အင်အား သုံးသိန်းခွဲ ခန့် ရှိသည်ဟု ပေါ့ပေါ့တန်တန် ခန့်မှန်းခဲ့မှု နှင့် အတူ အလွယ်တကူ အနိုင်ရနိူင်ဖွယ် မရှိ ဟု ပြောဆိုလာခဲ့ကြသည်။ လက်ရှိတွင် စစ်ဗိုလ်ချုပ်များသည် ၎င်းတို့အပေါ် နိုင်ငံတဝှမ်း မှ ပုန်ကန်လာအောင် ဖန်တီးခဲ့ကြ၍ စစ်တပ်သည် အရေးနိမ့်ဖို့ ဖြစ်လာခဲ့ရသည်။
မြန်မာသည် အစဉ်အဆက် တိုက်ခိုက်ခံနေရသော အဖွဲ့အစည်း တခု တည်းသာ ရှိသည့် နိုင်ငံ ဖြစ်သည်။ ထိုအဖွဲ့အစည်းက စစ်တပ်ပင် ဖြစ်သည်။ လက်ရှိ ပြည်တွင်းစစ်သည် ယခင်အခါများကဲ့သို့ တဖက်နှင့် တဖက် တိုက်ခိုက်နေပြီး ပြည်သူများက ကြားမှစောင့်ကြည့်နေသည့် binary war မဟုတ်တော့၊ တနိုင်ငံလုံးက စစ်တပ်ကို စုပေါင်းတွန်းလှန်လာနေကြသည့် အမျိုးသား တော်လှန်ရေးကြီး အဖြစ် အသွင် ပြောင်းလာခဲ့ပြီ ဖြစ်သည်။
စစ်ဗိုလ်ချုပ်များ အာဏာသိမ်းလိုက်ခြင်းကပင် မဟာဗျုဟာအရ အမှားကြီး ဖြစ်သည်အပြင် ၎င်းတို့အား အမြဲလို ဒုက္ခပေးလာတော့မည့် အကျပ်အတည်းကြီး ဖြစ်လာခဲ့ရသည်။
ပြည်သူ့ကာကွယ်ရေး တပ် များ သည် ဒေသအလိုက် ဖွဲ့စည်းကာ လက်နက် တပ်ဆင်လာကြပြီး ရန်ကုန်၊ မန္တလေး အပြင် နိုင်ငံ၏ အလယ်ပိုင်းဒေသများတွင် ခြေကုပ်ယူလာနိုင်ခဲ့ကြပြီ ဖြစ်သည်။ ထို့အတွက် ရှေ့လျောက် စစ်တပ်ကို တွန်းလှန်မှုများက အရှိန်ရလာဖို့သာ ရှိပေတော့သည်။
မိမိ ပြုစုထားသော စာရင်းများအရ ပြောရလျှင် စစ်ကောင်စီ တပ်များအား တိုက်ခိုက်လာမှုသည်ဇန်နဝါရီ တလတည်းမှာပင် ယခင်ထက် ၂၅% တိုးမြင့်လာခဲ့သည်။ နိုင်ငံတွင်းရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၀ တွင် တနည်းမဟုတ် တနည်း တိုက်ခိုက်ခြင်းကို ခံလာခဲ့ကြရသည်။ စစ်တပ်သည် နိုင်ငံအား ပြည်ပမှ လာရောက် ကျုးကျော် သိမ်းပိုက်ထားသည့် တပ်များဘဝ သို့ ပြောင်းလဲသွားခဲ့ရပြီး နေစဉ်လို အင်အား ကြီးထွားလာနေသည့် တော်လှန်ရေး အင်အားစုများကို နှိမ်နှင်းနေရပြီ ဖြစ်သည်။
စစ်တပ်သည် ထိုသို့ နိူင်ငံနှင့် အဝှမ်း မှ ၎င်းတို့အား တိုက်ခိုက်လာနေမှု အပေါ် တန်ပြန်နိုင်ရန် ပြင်ဆင်ထားခဲ့ခြင်းမရှိ၊ ပြောင်းလဲလာနေသော အနေအထားများကလည်း ၎င်းတို့ကို မျက်နှာသာ မပေးခဲ့ပြန်။
ပထမဦးဆုံး အချက်အဖြစ် တော်လှန်ရေး အင်အားစု များသည် အရင်းအမြစ်များ၊ ခိုလှုံရာ နေရာများ နှင့် အင်အားလည်း တောင့်တင်းလာပြီ ဖြစ်၍ စစ်တပ် အဖို့ မည်သို့မျှ အလွယ်တကူ ငြိမ်းသတ်၍ မရနိုင်သည့် မီးတောက် ကြီး ဖြစ်လာနေသည်။ အဓိက ကျသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း ၎င်းတို့နှင့် အပစ်အခတ် ရပ်စဲရန် သို့မဟုတ် အမျိုးသား ညီညွတ်ရေး အစိုးရ NUG, PDF တို့နှင့် မပူးပေါင်းရန် သွေးဆောင် ဖြားယောင်ခဲ့မှု များသည်လည်း အောင်မြင်မှု မရခဲ့ပြန်ပေ။
ဒုတိယ အချက်သည်ကား PDF များသည် နိုင်ငံတဝှမ်း အခိုင်အမာ ခြေကုပ်ယူလာနေကြခြင်းပင် ဖြစ်သည်။ PDF သည် စစ်ကောင်စီ တပ်များကို ဧရာဝတီ မြစ်ရိုးတလျောက် အနှံ့အပြား တိုက်ခိုက်လာနိုင်ခဲ့သည်။ အထူးသဖြင့် မကွေးတိုင်း မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း နှင့် မန္တလေး တိုင်း ဒေသကြီးများတွင် ဖြစ်သည်။ ရန်ကုန် နှင့် ပဲခူးမြို့ကြီးများနှင့် မကွေးတိုင်း တောင်ပိုင်းတို့တွင် အင်အား တိုးချဲ့ လာနိုင်ခဲ့ကြပြန်သည်။ ထိုသို့ နိုင်ငံ၏ အချက်အခြာ ဒေသများတွင် လက်နက်ကိုင် တော်လှန်ရေး များ အရှိန်အဟုန် နှင့် ဖြစ်ပေါ်လာနေခြင်းသည်ကပင် စစ်ကောင်စီ အတွက် မဟာဗျုဟာ အရ အကြီးမားဆုံး ခြိမ်းချောက်လာမှု ကြီးပင် ဖြစ်သည်။
တတိယ အချက်သည် PDF နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် လက်တွဲမဖြုတ်စတမ်း ပို၍ စည်းလုံးလာကြခြင်းပင် ဖြစ်သည်။ PDF များဖက်မှ အင်အားတိုးချဲ့လာပြီး ထဲထဲဝင်ဝင် ထိုးဖေါက်လာနေခြင်းနှင့် တဖက်တွင်လည်း အဓိကကျသည့် အဖွဲ့များဖြစ်သည့် ကေအင်ယူ၊ ကေအိုင်အေ၊ ကေအင်ပီပီ၊ စီအင်အက်ဖ် များသည်လည်း စစ်ရေး လှုပ်ရှားမှု များ တသမတ်တည်း ပြုလုပ်လာကြသည်။
ချင်း ပြည်နယ်၊ စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ ကယား၊ ကရင်၊ မွန်၊ တနင်္သာရီ တိုင်းများ အတွင်း PDF များသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပူးတွဲ စစ်ဆင်ရေးများ ဆင်နွှဲလာခဲ့ကြသည်။ ချင်း နှင့် ကယား ပြည်နယ်များတွင် အသစ်ဖွဲ့စည်း ပေါ်ပေါက်လာသော စီဒီအက်ဖ် နှင့် ကေအင်ဒီအက်ဖ် တို့သည် ရှိနှင့်ပြီးသား စီအင်အက်ဖ်၊ ကေအင်ပီပီတို့ နှင့် ကောင်းစွာ ချိတ်ဆက်နိုင်ခဲ့ကြသည်။
ထို့အပြင် ကေအိုင်အေသည်လည်း စစ်ကိုင်းတိုင်း မြောက်ပိုင်း အထိ PDF များနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းလာခဲ့သည်။ အလားတူပင် ကေအင်ယူသည်လည်း မွန်၊ ပဲခူး၊ ကရင် နှင့် တနင်္သာရီ ဒေသများအတွင်း PDF များနှင့် အတူတွဲ တိုက်ခိုက်လာခဲ့သည်။
စတုတ္ထ အချက်သည်ကား စစ်ကောင်စီ ထိန်းချုပ်ထားသည့် အုပ်ချုပ်ရေး ယန္တရားများ အားပျော့လာနေမှု ဖြစ်သည်။ တော်လှန်ရေး အင်အားစုများက နယ်မြေ ထိန်းချုပ်နိူင်ရေး အတွက် စစ်အင်အားအပြင် ဒေသအတွင်း အုပ်ချုပ်နိုင်ရန််ကို ပို၍ အလေး ပေး လာခဲ့သည်။
နိူင်ငံတဝှမ်း တော်လှန်ရေး ဆင်နွှဲရာတွင် ထိုသို့ ထိန်းချုပ်လာနိုင်ရန်မှာ စစ်အင်အားအပြင် လူထု၏ ထောက်ခံမှု၊ နယ်မြေ ကျွမ်းကျင်နှံ့စပ်မှု နှင့် ကွန်ယက်များ ရှိနေမှု အပေါ် မူတည်နေပေသည်။ ထိုအချက်တွင် တော်လှန်ရေး အင်အားစုများသည် စစ်တပ်ထက် ပို၍ အလေးသာနေပေသည်။ စစ်အင်အား အရသာ စစ်တပ်က အသာစီး ရနေသည်။ ထို့အတွက်ကြောင့်လည်း စစ်တပ်၏ အားနည်းသော ဒေသများတွင် အနည်းဆုံး တဝက်တပျက်အထိ ထိန်းချုပ်လာနိုင် ခဲ့ကြသည်။
ထို့သို့ တော်လှန်ရေး အားကောင်းလာနေသည်ကို တန်ပြန်နိုင်ရန် စစ်တပ်သည် စနစ်တကျစီမံကိန်းချ၍ လူထု အတွင်း အကြောက်တရားများ ကိန်းအောင်းလာရန် အကြမ်းဖက် မဟာဗျူဟာ ကို ကျင့်သုံးလာကြသည်။ ခုခံတော်လှန်ရေး အဖွဲ့များကို ထောက်ခံသည်ဟု သံသယ ရှိယုံမျှနှင့်ပင် (လက်သုံးချောင်း ထောင်သူများ၊ ဆိုင်ပိတ်သူများ၊ ဆဲရေး တိုင်းထွာသူများပါမကျန်) အကြမ်းဖက် လုပ်ရပ်များကို အစွမ်းကုန် ပြုလုပ်လာကြသည်။
၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များကို တနိုင်ငံလုံး နေ့စဉ်နှင့် အမျှ တွေ့ကြုံနေကြရသည်။ ရွာများ၊ ကျွဲနွားတရိစ္ဆာန်များ၊ စပါးကျီ များ အား မီးရှို့ခြင်း၊ ရွာများကို ဝင်ရောက်စီးနင်း လုယက် သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြသည်။
လက်ရှိ တွင် ကမ္ဘာတဝှမ်းမှ ယူကရိန်း အရေးပေါ် အာရုံစိုက်နေကြသည်ကို အခွင့်ကောင်းယူ၍ အကြမ်းဖက် စစ်တပ်သည် ယခင်ကထက် ပို၍ပင် အကြမ်းဖက်လာဖို့ ရှိနေပေသည်။ သို့သော် ထိုသို့ ၎င်းတို့ ဖက်က ရက်စက် ကြမ်းကြုပ်မှုများကို သာ ကြည့်၍ တဖက်က မိမိတို့ ရရှိနေသည့် စစ်မြေပြင်က အောင်ပွဲများကို မျက်ခြေမပြတ်သင့်ပေ။
နိုင်ငံတကာ က မြန်မာစစ်တပ်၏ အင်အားကို အလွဲလွဲ အချော်ချော် တွက်ချက်ခဲ့မှု နှင့် ရေရှည် ကြံ့ကြံခံနိုင်ခဲ့သည် ဆိုသည် အပေါ် မူတည်ပြီး မြန်မာ၏ ရှေ့လျောက် ဖြစ်လာနိုင်သည့် အလားအလာများကို မဟာဗျူဟာပိုင်းအရ တွက်ချက် သုံးသပ်ထားကြခြင်းသာ ဖြစ်ပေသည်။
ထို့ပြင် တဖက်တွင်လည်း စစ်တပ်မှ မိမိတို့သည်သာ နိုင်ငံကို နှစ်ပေါင်း ခြောက်ဆယ်နီးပါး မပြိုကွဲအောင် ထိန်းချုပ်နိုင်သည့် အဖွဲ့အစည်း ဖြစ်သည် ဆိုသည့် အပြောကို လက်ခံ ယုံကြည်နေမှုများလည်း ရှိနေပြန်သည်။
ထိုအစား လက်ရှိ ဖြစ်ပေါ်လာသော အကျပ်အတည်းအား တည်ငြိမ်သော ဒီမိုကရေစီ နိူင်ငံသစ် တခု ပေါ်ပေါက်လာနိုင်သည့် တံခါးချပ်တခု အဖြစ် ပြောင်းလဲ ရှု့မြင်သင့်ပေသည်။ သို့မှသာ ဒေသတွင်း တည်ငြိမ်ရေးကို အမြဲလို ခြိမ်းချောက်လာနေမှု၊ အာဆီယံ အတွက်လည်း ကိုယ့်အလုပ် ကိုယ်မလုပ်ရပဲ အမြဲလို အရှက်ရကာ လိုက်လံ ဖြေရှင်းနေရသည့် အဖြစ်မှ အပြီးအပိုင် ကင်းလွတ်သွားမည်သာ ဖြစ်သည်။
နိူင်ငံတွင်းရှိ ဒီမိုကရေစီ အင်အားစုများ အနေဖြင့် ဒီမိုကရေစီ ကို ထောက်ခံကြပါရန်၊ လူအခွင့်အရေးများကို ကာကွယ်ပေးပါရန် ဆိုသည်များကို အခြေခံပြီး နိုင်ငံတကာ အကူအညီများ ကို
မတောင်းခံသင့်။
NUG နှင့် အကျိုးတူ အဖွဲ့များ ၏ ဦးဆောင်သော တော်လှန်ရေး သည် အောင်ပွဲဆီသို့ တက်လှမ်းနိုင်
မည့် လမ်း ကြောင်းပေါ် ရောက်နေပြီး၊ ရှေ့လျောက်လည်း အောင်မြင်သည်အထိ စွမ်းဆောင်နိူင်ကြောင်းကို ပြသလာနိုင်မှု အပေါ် သာ အခြေခံပြီး နိုင်ငံတကာ အကူအညီများကို တောင်းဆိုသင့်သည်။
ရုရှား၏ ယူကရိန်း အား ကျုးကျော်လာမှုသည် လွယ်ကူရိုးရှင်းသော အမှန်တရားကို မီးမောင်းထိုးပြနိူင်ခဲ့သည်။ ရက်စက်ကြမ်းကြုပ်မှု နှင့် အာဏာရှင် ဝါဒမှ မိမိကိုယိ မိမိ ကာကွယ်နေသူများအား ထောက်ခံ ပံ့ပိုးခြင်းသည် ရှက်စရာ မဟုတ် ဆိုသည်ပင် ဖြစ်သည်။ ယင်းနှင့် အတူ ဆုံးခန်းတိုင်ဖို့ မမြင်သော ပြည်ပစစ်ပွဲများကို ထောက်ခံရာတွင်လည်း သတိကြီးစွာ ထားရမည် ဆိုသည်ပါ ခိုင်မာသော အကြောင်းတရပ် အဖြစ် ပေါ်လွင်လာခဲ့သည်။
ထို့အတွက် ယူကရိန်း ပြည်သူများ၏ ခုခံတွန်းလှန်နေမှု ကို ကမ္ဘာက ထောက်ခံနေခြင်းသည် မှန်ကန်သော လုပ်ရပ် ဖြစ်ပြီး မြန်မာပြည်သူများအတွက် ပို၍ပင် လုပ်ပေးသင့်သည်။
မြန်မာပြည်သူများ ဖက်က ထိုသို့ ထောက်ခံ ပံ့ပိုးသင့်မှု နှင့် ထိုက်တန်လှသည့် မိမိတို့ နိုင်ငံ အနာဂတ်နှင့် မိမိတို့ အရေး ကို ကာကွယ်ရန် လုံလောက်သော သတ္တိနှင့် ခိုင်မာသော သံဓိဋ္ဌာန် များ ရှိနေကြောင်းကို ပြသနိုင်ခဲ့ကြပြီလည်း ဖြစ်သည်။
သို့မှသာ စစ်အာဏာရှင် ဝါဒကို အပြီးအပိုင် မြေမြုပ် သင်္ဂြိုလ်ပြီး နောက်ဆုံးတွင် ငြိမ်းချမ်းသာယာသော အနာဂတ်နိုင်ငံကို ဖန်တီးနိုင်ရန် ကြိုးစားနိုင်ကြမည်လည်း ဖြစ်ပေသည်။
ပြည်သူတို့၏ တရားသော ခုခံ တွန်းလှန်စစ်
မုချ အောင်ရမည်!!!
Image credit - Times of India
(သီးခြား နောက်ဆက်တွဲ သတင်းတရပ် အဖြစ် ကုလသမဂ္ဂ ၏ ရေရှည်တည်တံ့မည့် ဖွံဖြိုးမှု ရရှိရေး ဖြေရှင်းချက် အစီအစဉ်မှ ယနေ့ ထုတ်ပြန်သည့် World Happiness Report" တွင် နိုင်ငံပေါင်း ၁၄၆ နိုင်ငံ၏ ရလဒ်ကို ထုတ်ပြန်ခဲ့သည်၊ ထိုအထဲတွင် မြန်မာသည် အဆင့် ၁၂၃ ရှိပြီး အာဆီယံ နိုင်ငံများထဲတွင် ပျော်ရွင်မှု အနည်းဆုံး အဖြစ် ထွက်ပေါ်လာခဲ့သည်)