ဟာရီ နှင့် ဗီကာရီ သည် စောင့်ကြည့်အဖွဲ့ နေရာယူထားသည့် တိုက်ခန်းတံခါးကို တွန်းဖွင့်ပြီး အထဲသို့ ဝင်လာခဲ့ကြသည်။ တိုက်ခန်းထဲတွင် လမ်းမသို့ မျက်နှာမူထားသော ပြတင်းပေါက် လိုက်ကာများ ဖွင့်ထားသည်။ ဗီကာရီ သည် အခန်းထဲတွင် ပုံစံအမျိုးမျိူး နှင့် နေရာယူကာ စောင့်ကြည့်နေသူများအား မှောက်မိုက်နေသည့် ဥယာဉ်ကြီးထဲက ကျောက်ဆစ်ရုပ်များကဲ့သို့ပင် ဘယ်သူဘယ်ဝါ မှန်း မခွဲခြားနိုင် ဖြစ်နေသည်၊ ပြတင်းပေါက် မှန်နှင့် မျက်နှာမခွာတန်း စောင့်ကြည့်နေသူများ၊ နံရံကို ကျောမှီရပ်နေသူများ စုစုပေါင်း ဒါဇင်ဝက် ခန့် ရှိမည်၊ သူတို့အားလုံး သည် အထူးစုံစမ်း စစ်ဆေးရေးဌာန Special Branch မှ ဖြစ်သည်။
သူတို့အထဲတွင် အကြီးတန်း အရာရှိ ဖြစ်သူ၏ အမည်သည် ကာတာ မှန်း သိထားပြီးဖြစ်သည်။ သူ့မျက်နှာတွင် ကျောက်ပေါက်မာများ ခပ်ရေးရေး ရှိပြီး လည်ပင်းအစ်အစ်၊ ခန္ဓာကိုယ် ကြီးမား တုတ်ခိုင်သူ တဦး ဖြစ်သည်။ ထူထဲသော သူ၏ နှုတ်ခမ်းတွင် လုံခြုံရေးအရ သောက်လို့ မရသဖြင့် ခဲထားရသော စီးကရက် တန်းလန်း နှင့် ဖြစ်နေသည်။
ဟာရီမှ ဗီကာရီ သည် ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း မိတ်ဆက်ပေးလိုက်သည့် အခါတွင် ဗီကာရီ၏ လက်ကို ဆွဲကာ ပြတင်းပေါက်ရှိရာ ဆွဲခေါ်လာပြီး သူ့လူများကို မည်သို့ မည်ပုံ ဖြန့်ချထားကြောင်း ရှင်းပြလာသည်။ သူစကားပြော၍ ပါးစပ်တွင် ခဲထားသော စီးကရက် ပြုတ်ကျသွားသည်။
"ကျွန်တော်တို့ အိမ်ရှေ့တံခါးက ဝင်မယ်၊ အဲ့ဒီအချိန် လမ်းကို ဟိုဖက် ဒီဖက် ပိတ်ထားပြီး ဖြစ်ရမယ်၊ အိမ်နောက်ဖက်မှာ လိုရမယ်ရ လူနှစ်ယောက် အစောင့်ချထားမယ်၊ ကျွန်တော်တို့ အိမ်ထဲ ရောက်ပြီ ဆိုတာနဲ့ ဒီအမျိုးသမီး ဘယ်မှ ပြေးလို့မရတော့ဘူး"
"သူ့ကို ဘယ်လိုပဲ ဖြစ်ဖြစ် အရှင် ဖမ်းနိုင်ဖို့ အရမ်းကို အရေးကြီးနေတယ် ဆိုတာတော့ မမေ့နဲ့၊ သေသွားမယ် ဆိုရင် ကျုပ်တို့ အတွက် ဘယ်လိုမှ အသုံးမဝင်တော့ဘူး"
"ဟာရီ ပြောတော့ ဒီအမျိုးသမီးက သေနတ် ကျွမ်းကျွမ်းကျင်ကျင် ပစ်နိုင်တယ်ဆို"
"မှန်တယ်၊ သူ့မှာ သေနတ် ရှိနေမယ်၊ သုံးလည်း သုံးလာလိမ့်မယ်လို့ ယုံကြည်ရတယ်"
"ဒီတိုင်းဆို ကျွန်တော်တို့ သူ့ဖက်က ဘာဖြစ်မှန်း မစဉ်းစားနိုင်ခင်မှာ ခြေမြန်လက်မြန်နဲ့ အမိဖမ်းနိုင်မှ ဖြစ် မယ်"
ဗီကာရီက ပြတင်းပေါက်မှ မျက်နှာခွာလိုက်ပြီး အခန်းထဲရှိ တယ်လီဖုန်း ရှိရာသို့ လျှောက်လာခဲ့သည်။ ဌာန နံပတ်ကို လှည့်လိုက်ပြီး အော်ပရေတာ အား ဘုသီ ရုံးခန်း နှင့် ချိတ်ပေးရန် ပြောပြီး စောင့်နေလိုက်သည်။
ဘုသီ အသံ ကြားရသည်နှင်"ဗီကာရီက "SB က ခင်ဗျားဆီက အမိန့်ရတာနဲ့ ဝင်ဖမ်းဖို့ အသင့်ဖြစ်နေပြီ ပြောတယ်၊ ကျွန်တော်တို့ ဖမ်းဖို့ အမိန့်ကျပြီလား"
"မကျသေးဘူး၊ နှစ်ဆယ်ဦး ကော်မတီက ခုထိ အကြိတ်အနယ် ဆွေးနေး နေကြတုန်း၊ သူတို့ဆီက မီးစိမ်း မပြမချင်း ကျွန်တော်တို့ ဘာမှ လုပ်လို့ မရသေးဘူး၊ အခု သူတို့ အဆုံးအဖြတ်ပေးရတော့မယ့် အလှည့်ရောက် သွားပြီ"
"ဘုရားရေ၊ အခုလောလောဆယ် အချိန်ဆိုတာ ကျွန်တော်တို့ဖက်မှ ဖေါဖေါသီသီ မရှိတော့ဖူး ဆိုတဲ့ အကြောင်းလေးများ သူတို့ကို ရှင်းပြနိုင်မယ့် လူ မရှိတော့ဖူးလားဗျာ၊ ရူဒေါ့ဖ် ဘယ်သွားတယ်ဆိုတာ သိဖိုနဲ့ သူ့ကို မိနိုင်ဖို့က ဒီအခွင့်အရေး တခုပဲ ကျန်တော့တယ်"
"ကျွန်တော် ခင်ဗျား ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို နားလည်ပါတယ်"
"ဪ ..အခုတော့ ငါရဲ့ အကျပ်အတည်းပေါ့လေ ဟုတ်လား ဆာ ဘက်ဆယ်" ဟု စိတ်ထဲက မေးလိုက်မိသည်။
"သူတို့ဆီက ဆုံးဖြတ်ချက်ကို ဘယ်တော့မှ သိရမှာလဲ"
"အချိန်မရွေး သိရဖို့ ရှိတယ်၊ သိရတာနဲ့ ခင်ဗျားဆီ ကျွန်တော် ချက်ခြင်း ဖုန်းဆက်လိုက်မယ်"
ဗီကာရီသည် ဖုန်းကိုချလိုက်ပြီး မှောင်နေသော အခန်းထဲမှာပင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့သည်။ လျှောက်နေရင်းက "ဒီ အမျိုးသမီး အိမ်ထဲ ပြန်ရောက်နေတာ ဘယ်လောက်ကြာသွားပြီလဲ" ဟု စောင့်ကြည့်နေသူတဦး အား မေးလိုက်သည်။
"ဆယ်ငါးမိနစ်လောက်တော့ ရှိသွားပြီ"
"ဆယ့်ငါးမိနစ် ဟုတ်လား၊ ဘာလို့ အိမ်တန်းမပြန်ပဲ လမ်းပေါ်မှာ ရှိနေရတာလဲ၊ ကျုပ်တော့ သိတ် သဘောမကျတော့ဘူး"
ထိုအချိန်တွင် တယ်လီဖုန်း မြည်သံ ကြားရသည်။ ဗီကာရီ က အပြေးအလွှားသွားပြီး ကောက်ကိုင်လိုက်သည်။ "အိုကေ နှစ်ဆယ်ဦး ကော်မတီဆီက အတည်ပြုချက်ရပြီ၊ ဖမ်းခေါ်လာခဲ့တော့ အယ်ဖရက်၊ ကံကောင်းပါစေ" ဟု ဘက်ဆယ် ဘုသီ၏ အသံကို ကြားရသည်။
ဗီကာရီသည် ဖုန်းကို ကမန်းကတမ်း ပြန်ချလိုက်ပြီး
"ကိုင်း...လူကြီးမင်းတို့ လှုပ်ရှားဖို့ပဲ ကျန်တော့တယ်၊ အရှင်နေုာ်၊ အရှင် မိလာဖို့ လိုတယ်"
ဟာရီက မျက်နှာမသာမယာ နှင့် ခေါင်းငြိမ့်လိုက်ပြီး SB မှ လူများကို ခေါ်ကာ ထွက်သွားသည်။ ဗီကာရီသည် လှေကားမှ ဆင်းသွားသော သူတို့၏ ခြေသံများ တဖြေးဖြေး ပျောက်ကွယ်သွားသည်အထိ နားစွင့်နေလိုက်သည်။ တအောင့်လောက်အကြာတွင် အဆောက်အဦးထဲမှ ထွက်လာသော သူတို့ ခေါင်းများ ကို မြင်လိုက်ရသည်။ သူတို့အားလုံး လမ်းကို ကူးကာ ကက်သရင်း ဘလိတ် တိုက်ခန်း ရှိရာ အဆောက်အဦးသို့ ဦးတည်သွား နေကြပြီ ဖြစ်သည်။
******************
ဟော့စ် နျုမန် သည် ကားကို ကက်သရင်း တိုက်ခန်းနှင့် မလှမ်းမကမ်းရှိ လမ်းဒေါင့်တွင် ရပ်ပြီး ကားတံခါးကို အသံမကြားရအောင် အသာအယာ ပိတ်လိုက်သည်။ ထို့နောက် အင်္ကျီ အိတ်ထဲ လက်နှိုက်ပြီး
ပလက်ဖေါင်းပေါ်မှ ခပ်သွက်သွက် လျှောက်လာခဲ့သည်။ နှိုက်ထားသော လက်တဖက်က အိတ်ထဲရှိ မော်ဆာ သေနတ်ဒင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
လမ်းတလျှောက်လုံး ပိန်းပိတ်အောင် မှောင်နေသည်။ သူမတိုက်ခန်း ရှိရာ တိုက်တန်း၏ နောက်ဖက် အုတ်ကျိုး အုတ်ပဲ့များ စုပုံနေသည့် နေရာကို ဖြတ်ကျော်လာခဲ့သည်။ တချိန်က အဆောက်အဦးများ ရှိခဲ့သည် နေရာ တခု ဖြစ်မည်။ သစ်သား အပိုင်း အစများ၊ အုတ်ကျိုးများ၊ တွန့်လိမ်ကောက်ကွေး နေပြီဖြစ်သည့် ရေပိုက်များကြားမှ စမ်းတဝါးဝါး ဖြင့် ချည်းကပ်လာခဲ့သည်။ အဆုံးတွင် ခြောက်ပေခန့် မြင့်သည့် အုတ်တံတိုင်း တခုကို တွေ့လာရသည်။ နံရံ၏ တခြားတဖက်တွင် ကက်သရင်း တို့ တိုက်တန်းလျား ၏ နောက်ဖက် ပန်းခြံငယ်တခု ရှိနေသည်။ သူမ၏ အိမ်ပြတင်းပေါက်မှ လှမ်းမြင်ထားဖူး၍ သိနေခြင်း ဖြစ်သည်။ ဂိတ်တံခါးကို တွန်းဖွင့်ကြည့်လိုက် သော်လည်း သော့ခတ်ထားမှန်း သိလိုက်သည်။ အခြားတဖက်မှ ဖွင့်မှ ရမည့် သောမျိုး ဖြစ်နေသည်။
နံရံကို လက်လှန်းတင်လိုက်ပြီး ခြေထောက်ကို စုံကန်ကာ လက်ကို ထောက်၍ ကျော်ခွလိုက်သည်။ နံရံပေါ် အရောက်တွင် ခြေတဖက်ကို တဖက်သို့ ချလိုက်ပြီး နောက်ကျောပေးကာ စက္ကန့် အနည်းငယ်ခန့် အောက်ကို ငုံ့ကြည့်ပြီး အကဲခတ်လိုက်သည်။ မှောင်နေ၍ ဘာဆိုဘာမျှ မမြင်ရအောင် ဖြစ်နေသည်။ ဒီတိုင်း ခုန်ဆင်းလိုက်မည် ဆိုက အိပ်နေသော ခွေးတကောင်၊ တန်းစီချထားသော အမှိုက်ပုံးများ ပေါ်သို့ ကျသွားနိုင်သည်။ ထိုအခါ အသံများ ဆူညံစွာ ထွက်လာနိူင်သည်။ သူ့တွင် ပါလာသည့် ဓါတ်မီးကို တစက္ကန့်လောက် ထိုးကြည့်ချင်စိတ် ပေါက်လာမိသော်လည်း ပတ်ဝန်းကျင် က အာရုံစိုက်လာနိုင်သည်။ နံရံပေါ်တွင် မတ်တတ်ထရပ်လိုက်ဖို့ ကြိုးစားရင်း က အောက်သို့ ပြုတ်ကျသွားသည်၊ အောက်တွင် ခွေးလည်း မရှိ၊ အမှိုက်ပုံးတွေလည်း ရှိမနေပေ။ ခြုံပုတ်ကြားထဲ ကျသွား၍ မျက်နှာ နှင့် ကုတ်အင်္ကျီကို သာ ဆူးများနှင့် ခြစ်မိသွားသည်။
နျုမန်သည် ဆူးခြုံကြားမှ ကုန်းရုံးထလိုက်ပြီး ပန်းခြံလေးကို ဖြတ်ကာ နောက်ဖေးတံခါး ရှိရာသို့ အပြေးကလေး ချည်းကပ်သွားသည်၊ တံခါးဂျက်ကို ဖွင့်ကြည့်လိုက်သော်လည်း သော့ခတ်ထားပြန်သည်။ တံခါးတွင် တပ်ထားသော မှန်ကွက်များ၏ အောက် ဘယ်ဖက် ဒေါင့် အချပ်ကို့ သူ့အိတ်ထဲ က မော်ဆာ ကို ဆွဲထုတ်ပြီး သေနတ်ဒင် နှင့် ခပ်ဆပ်ဆပ် ရိုက်ခွဲလိုက်သည်။
မှန်ကွဲသံက အံ့ဩဖွယ်ကောင်းလောက်အောင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ကွဲသွားသော မှန်ချပ်မှ လက်နှိုက်၍ တံခါးဂျက်ကို ဖွင့်လိုက်ပြီး ဟောခန်းကို အပြေးကလေးဖြတ်ကာ လှေကားမှတဆင့် တက်လာခဲ့သည်။
ကက်သရင်း အခန်းရှေ့ အရောက်တွင် တံခါးကို အသာအယာ ခေါက်လိုက်သည်။
အထဲမှ "ဘယ်သူလဲ" ဟု မေးသံကြားရသည်။
"ကျွန်တော်ပါ"
အထဲမှ တံခါးကို ဖွင့်ပေးသည်။ နျုမန်က အထဲဝင်လိုက်ပြီး တံခါးကို ပြန်ပိတ်လိုက်သည်။ သူမ သည် ဘောင်းဘီရှည်၊ ဆွယ်တာ အင်္ကျီနှင့် သားရေ ဂျာကင်ကို ဝတ်ထားသည်။ ရေဒီယို စက်ကို ထည့်ထား သော ခရီးဆောင် အိတ်ကို တံခါးဘေးတွင် ထောင်ထားသည်။ နျုမန်က သူမမျက်နှာကို တချက်အကဲခတ်လိုက်ရာ မျက်နှာတွင် သွေးမရှိတော့ သလို ဖြစ်နေသည်။
"ကျမ စိတ်ထင်တာလည်း ဖြစ်နိုင်တယ်၊ အောက်ထပ်မှာ တခုခု ထူးခြားနေသလားလို့၊ လမ်းပေါ်မှာ လူရိပ်လူခြေ တွေ တွေ့နေတယ်၊ ရပ်ထားတဲ့ ကားတွေ ပေါ်မှာလည်း လူတွေ ထိုင်နေကြတယ်"
တိုက်ခန်းက မှောင်နေပြီး ဧည့်ခန်းထဲတွင်သာ မီးတပွင့် ထွန်းထားသည်။ နျုမန်က ချက်ခြင်းလို မီးခလုတ် ရှိရာ လျောက်သွားပြီး ပိတ်လိုက်သည်။ ပြီးနောက် ပြတင်းပေါက်မှ အမှောင်ချရန် ဖုံးထားသည့် လိုက်ကာ အမည်း ထောင့်စွန်းကို အသာလှပ်၍ လမ်းပေါ်သို့ ကြည့်လိုက်ပြန်သည်။
အောက်တွင် ညပိုင်း ယာဉ်သွားယာဉ်လာ များမှ ထွက်လာသည့် မှုန်မှုန်ဝါးဝါး ကားမီးရောင်များကြားတွင် လူလေးယောက်သည် တဖက်လမ်းရှိ တိုက်တန်းများဖက်မှ လမ်းကို ဖြတ်ကာ သူတို့ရှိရာဖက်သို့ ဦးတည်ပြေးလာနေသည်။
နျုမန်က ချက်ခြင်း ပြတင်းပေါက်မှ ခွာလိုက်ပြီး သူ့အိတ်ထဲမှ မော်ဆာ ပစ္စတိုကို ဆွဲထုတ်လိုက်သည်။
"သူတို့ လာနေကြပြီ၊ ရေဒီယို ကို အပါယူပြီး ကျွန်တော်နောက် ကနေ လိုက်ခဲ့"
***************************