D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၄၄)

by Hla Soewai - Mar 20 2022

ရွာဖက်ဆီသို့ စက်ဘီးကို ခြေကုန် နင်းပြန်လာသော ဂျင်နီ မျက်နှာအား မိုးပေါက်များက ညှာတာခြင်း ကင်းမဲ့စွာ ထိုးနှက်နေကြသည်။  မငိုမိရန် စိတ်တင်းထားသော်လည်း မျက်ရည်များက ပါးပြင်ပေါ်သို့ အလိုလို စီးကျလာနေသည်။ မျက်ရည် နှင့် မိုးစက်များက ရောထွေးကုန်ပြီ ဖြစ်သည်။


ရွာထဲရှိ အိမ်တံခါးများအား လေတိုးပေါက်ပင် မရှိအောင် ပင် တင်းကျပ်စွာ ပိတ်ထားကြပြီ ဖြစ်သည်။ တံခါးများ ပိတ်ထားယုံမျှမက မီးမှောင်ချထားရမည် ဖြစ်သည့်အတွက် လိုက်ကာများပင် ချထားကြပြန်သည်။ ရွာထဲရှိ ကုန်စုံဆိုင် နှင့် ယမကာ ဆိုင်များလည်း မဖွင့်ကြတော့၊ သူမ စက်ဘီးရှေ့ ခြင်းထဲရှိ ဓါတ်မီးသည် ‌ပိန်းပိတ်အောင် မှောင်နေသည့် ရှေ့မြင်ကွင်းအတွက် ဝါကျင့်ကျင့် မဖြစ်စလောက် အလင်းတန်းကိုသာ ပေးနိုင်စွမ်း ရှိနေသည်။
အနီးအနားကို မြင်ရသည် ဆိုယုံမျှသာ၊ ရွာထဲကို ဖြတ်လာပြီး သူမအိမ်ရှိရာသို့ စက်ဘီးကို ဆက်နင်းလာခဲ့သည်။


စိတ်ထဲတွင်လည်း မေရီကို ဒေါသထွက်နေမိသည်။ သူကိုယ့်သူ ဘာများ အောက်မေ့နေသည်မသိ၊ မဆီမဆိုင် သူမနှင့်  ဂျိမ်း အကြား ဝင်ရှုပ်လာနေသည်။ "သူကို အပေါ်ယံ လောက်ကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး" စကား အဓိပ္ပါယ်ကကော ဘာလဲ၊ မေရီကိုလည်း အိမ်ပြင်သို့ ပြေးထွက်မလာခင် စော်စော်ကားကား ပြောမိခဲ့သည့် အတွက်လည်း သူမကိုယ်သူမ ဒေါကန်နေမိသည်။ မေရီ နှင့် သူမသည် တခါဖူးမျှ အခုလို အခြေအတင် ပြောခဲ့ဖူးခြင်း  မရှိပေ၊ မနက် သူမစိတ်တွေ ငြိမ်သက် သွားသည့် အခါကျမှ ပြန်သွားပြီး တောင်းပန်လိုက်ဦးမည်ဟုလည်း စိတ်ကူးလိုက်သည်။



သူတို့ အိမ်လေးအား လှမ်းမြင်ရသည့် နေရာသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ ဂိတ်ဝတွင် စက်ဘီးပေါ်မှ ဆင်းပြီး တွန်းလာခဲ့သည်။ စက်ဘီးကို အိမ်ဘေးနံရံတွင် ထောင်ထားလိုက်သည်။ အဖေက အိမ်ထဲမှ ထွက်လာပြီး အိမ်တံခါးဝတွင် ရပ်ကာ လက်ကို အဝတ်စုတ်တခု နှင့် သုတ်နေသည်။ မျက်နှာကတော့ ထိုးကြိတ်ခံထားရသည့် ဒဏ်ရာ အရှိန်ကြောင့် ယောင်ကိုင်းနေဆဲပင်။ ဂျင်နီသည် သူ့အား ဖြတ်ပြီး အိမ်ထဲဝင်မည် အလုပ်တွင် သူ၏ လက်ချောင်းကြီးများနှင့် သူမ၏ လက်ကို ပြုတ်တူကြီးနှင့် ညှပ်လိုက်သည့်အလား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ခြင်း ခံလိုက်ရသည်။ အဖေမျက်နှာသည် ဒဏ်ရာ အရှိန် နှင့် ဒေါသပါ ပေါင်းစပ်နေသည့် အတွက် ဘီလူးသဘက်အလား ဖြစ်လာ‌ နေသည်။



"နင် အဲ့အကောင်နဲ့ သွားတွေ့နေပြန်ပြီလား"


"မဟုတ်ဘူး အဖေ၊ သမီးလက်ကို လွှတ်ပါ၊ နာလှပြီ"


အခြားလက်တဖက် နှင့် မျက်နှာကို ရိုက်မလို ရွယ်လိုက်ပြီး "နင် မှန်မှန်ပြော ဂျင်နီ၊ နင် အဲ့အကောင်နဲ့ သွားတွေ့ နေတာလားလို့ ငါမေးနေတယ်"


"မတွေ့ပါဖူး အဖေ၊ သမီး ကျိန် ပြောရဲပါတယ်" ဟု ဆိုကာ ဂျင်နီက ငိုသံပါကြီးနှင့် အော်ပြောလိုက်ပြီး မျက်နှာကိုလည်း လက်နှင့် ကာထားလိုက်သည်။ "အဖေ သမီးကို မရိုက်ပါနဲ့၊ သမီး အမှန်အတိုင်း ပြောနေတာပါ"


မာတင်‌ ကော်ဗီးက ထိုအခါကျမှ ဆုတ်ထားသော ဂျသူ့ လက်ကို လွှတ်ပေးလိုက်ပြီး "သွား...ငါ့အတွက် ညစာ စားဖို့ တခုခု လုပ်ပေး"



ဂျင်နီသည် "ကိုယ်စားဖို့ မြိုဆို့ဖို့ ကိုယ်ဖာသာ ချက်ပါလား" ဟု ပါးစပ်မှ အသံကုန် အော်ဟစ်ပစ်လိုက်ချင်သော်လည်း ဘာတွေ ဆက်ဖြစ်လာမည်ကို သိထားပြီး ဖြစ်၍ ငြိမ်နေလိုက်ရသည်။ အဖေ မျက်နှာကို တချက်ကြည့်လိုက်ပြန်ရင်းက ဂျိမ်းက ဘာလို့များ အသေ မလုပ်ခဲ့တာပါလိမ်ဟု ပထမဦးဆုံးအကြိမ် အတွေး ဝင်လာခဲ့မိသည်။



ဒီတခါတော့ နောက်ဆုံးပဲ၊ တကယ့်ကို‌ နောက်ဆုံးပဲ ဟု တွေးကာ မိုးရေများနှင့် စိုရွှဲနေသော ကုတ်အင်္ကျီအား မီးဖို ချောင်နံရံတွင် ချိတ်လိုက်ပြီး အဖေ ညစာအတွက် ချက်ဖို့ ပြုတ်ဖို့ ပြင်ဆင်လိုက်သည်။


*****************


အခန်း (၄၉)


LONDON


လူပြည့် သိတ်နေသော ရထားတွဲ‌ ပေါ်သို့ ရုဒေါ့ဖ် တက်သွားသည်ကို တွေ့လိုက်ရသည်နှင့် ပြဿနာ တက်လာတော့မည်ကို ကလိုက်ဖ် ရိုခ်ျ တွက်ဆထားပြီး ဖြစ်သည်။ သို့‌ သော် ဂျာမန် အေးဂျင့်သည် ရထားတွဲထဲရှိ အခန်းထဲတွင် ထိုင်နေသရွေ့ ကိစ္စ မရှိလောက်ဟု ရို့ခ်ျက တွေးလိုက်ပြန်သည်။ ထိုသို့ တွေးနေစဉ်မှာပင် ရူဒေါ့ဖ်သည် ထိုင်ရာမှ ထပြီး တွဲရှိ အိမ်သာဖက်သို့ ထွက်သွားသည်ကို တွေ့လိုက်သည့် အခါတွင်တော့ သူ့အဖို့ ပြဿနာ စလာခဲ့ပြီ ဖြစ်သည်။


စင်္ကြန်လမ်းတလျှောက်လုံး မတ်တတ်ရပ်သူ၊ ထိုင်နေသူ များ၊ ဘာရယ်မဟုတ် အိပ်ငိုက်၍ ရအောင် ကြိုးစားနေသူများ နှင့် ပြည့်ကျပ်နေသည်။ ခုတ်မောင်းနေသော ရထားပေါ်တွင် တနေရာမှ တနေရာသို့ သွားဖို့က မလွယ်ကူလှ၊ လူများအကြား တိုးဝှေ့ကာ ပါးစပ်မှလည်း "excuse me" ၊ "Beg your pardon"  အစရှိသဖြင့် မနားတမ်း ပြောလာနေရသည်။ ထိုသို့သော အနေအထားတွင် လူတယောက် နောက်ကို မရိပ်မိအောင် လိုက်ဖို့ ဆိုသည်က ခက်ခဲလွန်းနေသည်၊ အထူးသဖြင့် စပိုင်သည် ပါးနပ်သူ ဖြစ်နေပါက ပို၍ပင် ခက်ခဲလှသည်။ ရူဒေါ့ဖ်သည် ယခု အချိန်အထိ သူလေ့လာမိသလောက် ပါးရည် နပ်ရည် ရှိသူတဦး ဖြစ်သည်။


ရူဒေါ့ဖ်သည် သူ၏ ဗိုက်ကို နှိပ်ပြီး အခန်းထဲမှ ထွက်လာသည်ကို တွေ့ရကတည်းက သံသယ ဝင်နေခဲ့ပြီး ဖြစ်သည်။ ရထားက အူစတန် ဘူတာ ပလက်ဖေါင်းတွင် ရှိနေဆဲ ဖြစ်ပြီး ရူဒေါ့ဖ်သည် လူကြားထဲ တိုးဝှေ့ကာ သွားနေသည်။ သူ့အရပ်က ငါးပေ ခြောက်လက္မထက် မပို၍ ပုသည်ဟု ပြော၍ရသည်။ ထို့အတွက် သူ့ခေါင်းသည် တခဏ အတွင်းမှာပင် လူကြားထဲ ပျောက်ကွယ်သွားခဲ့သည်။



ရို့ခ်ျလည်း ရှေ့သို့ အတင်း တိုး၍ ထွက်လာသဖြင့် ခရီးသည်များထံမှ ငြူစူသံ များ ကြားလာရသည်။ ရူဒေါ့ဖ် အနားထိ ရောက်အောင် တိုးကပ် မသွားချင်၊ ရူဒေါ့ဖ်သည် အရင်က မကြာခဏ နောက်ပြန် လှည့်လာတတ်သည်နှင့် ကြုံခဲ့ပြီးလည်း ဖြစ်သည်။ သူ့မျက်နှာကို မြင်သွားမည်ကိုလည်း ရိုခ်ျသည် စိုးရိမ်နေမိပြန်သည်။ မီးအမှောင်ချထားရမည့် အချိန် ဖြစ်နေ၍ စင်္ကြန်လမ်း ရှိ မီးအလင်းရောင်ကဖျော့တော့တော့ နှင့် ဖြစ်သည်။ ထို့ကြားထဲ ဆေးလိပ် မီးခိုးများ နှင့် မွှန်ထူနေပြန်သည်။


ရို့ခ်ျသည် အမှောင်ရိပ်ထဲ ရပ်နေပြီး ရူဒေါ့ဖ် အိမ်သာ တံခါးကို နှစ်ခါလောက် ခေါက်နေသည်ကို စောင့်ကြည့်နေလိုက်သည်။ လူတယောက်က ရူဒေါ့ဖ် ကို တိုးဝှေ့ကာ ဖြတ်ကျော် လျှောက်သွားသဖြင့် မြင်ကွင်းမှ စက္ကန့် အနည်းငယ်ခန့် ကွယ်ပျောက်သွားရ ပြန်သည်။ ထိုလူ ကျော်သွားပြီး လှမ်းကြည့်လိုက်သည့် အခါတွင်တော့ ရူဒေါ့ဖ် ကို မတွေ့ရတော့ပေ။


ရို့ခ်ျသည် သူရပ်နေသည့် နေရာမှာပင် နောက်ထပ် သုံးမိနစ်ခန့် အိမ်သာတံခါး ရှိရာကို စောင့်ကြည့်နေသည်၊ နောက်ထပ် လူတယောက် ရောက်လာပြီး တံခါးခေါက်ကာ အထဲဝင်သွားသည်ကို တွေ့လိုက်ရသည်။


ထိုအခါတွင်တော့ ရိုခ်ျ၏ ခေါင်းထဲတွင် အန္တရာယ် အချက်ပေး ခေါင်းလောင်သံများ ဆူညံစွာ မြည်ဟီးလာခဲ့ပြီ ဖြစ်သည်။


ရို့ချ်သည် ချက်ခြင်းလို စင်္ကြန်လမ်းရှိ ခရီးသည်များကို တိုးဝှေ့ကာ အိမ်သာဆီသို့ ရောက်လာပြီး တံခါးကို အဆက်မပြတ် ထုနှက်လိုက်သည်။


"ဟေ့..ဘာဖြစ်နေတာလဲ၊ ဒီပြင်လူတွေ လို ကိုယ့်အလှည့် ရောက်အောင် မစောင့်နိုင်ဘူးလား" ဟု အထဲမှ ပြန်အော်သံ ကြားရသည်။


"တံခါး အခုဖွင့်၊ ဒါ ရဲကိစ္စ"


စက္ကန့် အနည်းငယ် အကြာတွင် တံခါးပွင့်လာပြီး ဘောင်းဘီဇစ်ကို ဆွဲတင်ရင်း လူတယောက် ထွက်လာသည်၊ ရို့ခ်ျသည် အထဲတွင် ရူဒေါ့ဖ် ရှိနေမနေ ကို သေချာအောင် ကြည့်လိုက်ပြီး မရှိမှန်း သေချာသွားသည့်အခါတွင်တော့ ပါးစပ်က ကျိန်ဆဲလိုက်ရင်း နောက်တွဲထဲသို့ တံခါးဖွင့်ပြီး ဝင်လာခဲ့သည်။


ထိုတွဲသည်လည်း လာခဲ့သည့် တွဲလိုပင် ခရီးသည်များ ပြည့်ကျပ်နေပြန်ပြီး အလင်းရောင်မှိန်မှိန် အောက်တွင် ဆေးလိပ်မီးခိုးများ ယှက်သန်းနေသည်။ ထိုအနေအထားမျိုးတွင် ရူဒေါ့ဖ် အား တတွဲပြီး တတွဲ၊ တခန်းပြီး တခန်း လိုက်ရှာဖို့ မဖြစ်နိုင်တော့။


ဘယ်လိုလုပ်ပြီးများ ဒီလောက် မြန်မြန်ဆန်ဆန် ပျောက်သွားတာပါလိမ့်ဟု စဉ်းစားနေမိသည်။


ယခင် တွဲရှိရာသို့ ပြန်လာလိုက်သည်။ စတီးကိုင်း မျက်မှန် နှင့် လက်မှတ်စစ် အဖိုးကြီး ကို တွေ့လိုက်ရ၍ ရို့ခ်ျသည် သူ့အိတ်ကပ်ထဲ အသင့်ပါလာသည့် ရူဒေါ့ဖ် ၏ ဓါတ်ပုံကို အဖိုးကြီး၏ မျက်နှာနား ကပ်ပြလိုက်ရင်းက "ဒီလူကို တွေ့လိုက်မိသေးလား"


"ပုတုတု နဲ့ လူလား"


"ဟုတ်တယ်" ဟု ပြောလိုက်ရင်း သူ့စိတ်ဓါတ်များလည်း မြေကြီးပေါ် ပုံကျသွားမတတ် ဖြစ်သွားခဲ့ရသည်။


"အူစတန် ဘူတာက အထွက်မှာ ရထားပေါ်က ခုန်ချ ဆင်းသွားတာပဲ၊ ကံကောင်းလို့ ခြေထောက် တွေ ဘာတွေ ကျိုးမသွားတာ"



"ဘုရားရေ..ခင်ဗျား စောစောက ဘာလို့ မပြောတာလဲ" ဟု ပြောလိုက်ပြီးမှ သူ့စကားသည် မည်မျှ အထိ တဖက်လူအတွက် ရီစရာ ကောင်းနေသည်ကို ချက်ခြင်း သိလိုက်သည်။ သူ့စိတ်ကို သူ တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်ပြီး "နောက် ဘယ်ဘူတာ မှာ ရပ်ဖို့ ရှိသေးလဲ"


"ဝပ်ဖို့"


"ဘယ် အချိန် ဆိုက်မှာလဲ"


"နောက်နာရီဝက် လောက်ကြာရင် ရောက်တော့မယ်"



"ကြာလှချည်လား၊ မဖြစ်ဘူး ကျွန်တော် အခုချက်ခြင်း ရထားပေါ်က ဆင်းမှ ဖြစ်မယ်"


ရို့ခ်ျက ချက်ခြင်းလို ရထားရပ်ရန် အရေးပေါ် ကြိုးကို ဆွဲလိုက်သည်။ ရထား လည်း ချက်ခြင်းလို အရှိန် လျော့ကျသွားပြီး ဘရိတ်အုပ်လိုက်သည်နှင့် တုန့်ကနဲ ရပ်သွားသည်။


လက်မှတ်စစ် အဖိုးကြီးက ရို့ခ်ျအား မျက်မှန်‌ အောက်က ပေကလပ် ပေကလပ် မျက်လုံးများဖြင့် ကြည့်လိုက်ရင်းက "မောင်ရင် ကြည့်ရတာ သာမန် ရဲထဲကတော့ မဖြစ်နိုင်ဘူး၊ ဟုတ်တယ်မဟုတ်လား"


ရို့ခ်ျ က သူအမေးကို ပြန်ဖြေမနေတော့ပဲ ရထား တံခါးကို ဆောင့်တွန်းဖွင့်လိုက်ပြီး မီးရထားလမ်း တဖက်စွန်းသို့ ခုန်ဆင်းလိုက်ကာ အမှောင်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားတော့သည်။

********************************