D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၄၃)

by Hla Soewai - Mar 19 2022

အခန်း (၄၈)


HAMPTON SANDS, NORFOLK



မေရီ ဒိုရသီ သည် အိမ်ထဲတွင် တယောက်တည်း ‌ခင်ပွန်း ဖြစ်သူ ရှောင် ပြန်အလာကို ထိုင်စောင့်နေခဲ့သည်။ သူမ၏ အိမ်ကလေးအား လည်း အလင်းရောင်နှင့် လေဝင်လေထွက်လည်း ကောင်း၍ နေချင့်စဖွယ် အဖြစ် အမြဲလို ယူဆထားခဲ့သည်။ ယခုတော့ မြေအောက် လှိုဏ်ခေါင်းထဲ နေရသလို စိတ်ထဲ ကျဉ်းကျပ် လာနေသည်။



စောင့်နေရင်း က ဂဏှာမငြိမ် ဖြစ်လာကာ လမ်းထလျှောက် နေခဲ့ပြန်သည်။ မိုးလေဝသ သတင်းများ တွင် ကြိုတင်ကြေညာထားသည့် အတိုင်း မုန်တိုင်းကြီးသည် သူတို့ ရွာလေးရှိရာ ကမ်းရိုးတန်းသို့ တဖြေးဖြေး ချည်းကပ်လာနေပြီ ဖြစ်သည်။ မိုး‌ပေါက်များက ပြတင်းမှန်များကို ကြာပွတ် နှင့် ရိုက်နေသလို ထိမှန်လာနေပြီး လေကလည်း အဆက်မပြတ် ဆိုသလို တိုက်ခတ်နေ၍ ရေတံလျှောက်များပင် လှုပ်ရမ်းလာနေသည့် အသံများ ထွက်လာသည်။ ခေါင်မိုးပေါ်ရှိ အုတ်ကြွပ်ပြား တချပ် လန်ထွက်သွားသည့် အသံကို ကြားလာရပြန်သည်။



ရှောင်သည် နျူမန်အား ကြိုရန် ဟန်စတန်တွန် ဘူတာသို့ သွားနေသည်၊ မေရီသည် ပြတင်းပေါက်မှ ခွာလိုက်ပြီး လမ်းပြန်လျှောက်နေပြန်သည်။


ဒီနေ့ မနက် ရှောင် ထွက်မသွားခင် သူတို့ နှစ်ယောက် ခွန်းကြီးခွန်းငယ် ပြောခဲ့သည့်စကားများကို ဓါတ်ပြားဖွင့်ရင်း စက်ညပ်နေသည့်အလား အဖန်ဖန် တလဲလဲ ပြန် ကြားယောင် နေမိသည်။ "ရေငုပ်သင်္ဘောနဲ့ ပြင်သစ်ကို သွား...ဘာလင်မှာ ခဏနေ....ပြီးရင် ကြားနိုင်ငံ တခုခုကိုသွား...အဲ့ကနေမှ အိုင်ယာလန်ကို ဝင်...စစ်ကြီး ပြီးတာနဲ့ မင်း အဲ့ဒီကို လိုက်လာခဲ့...."



သူပြောနေသည့် စကားများကို နားထောင်နေရသည် မှာ အိမ်မက်ဆိုးကြီး တခု မြင်မက်နေသလို ခံစားနေရသည်။ အခြားတယောက် ပြောနေသည့် စကားများကို ကြားနေရသလိုလို၊ ရုပ်ရှင် ကြည့်နေရသလို၊ စာအုပ်တအုပ်ကို ဖတ်နေရသလို ထင်လာမိသည်။


သူပြောသည့် စကားများက မည်သို့မျှ သဘာဝ မကျ၊ ရှောင် ဒိုရသီ ဆိုသည့် နောဖေါ့ ကမ်းခြေက လယ်သမား အစုတ်ပလုတ်၊ အိုင်အာအေ လိုလားသူ သည် ဂျာမဏီသို့ ယူဘုတ် သင်္ဘောကြီးဖြင့် သွားဦးမည်။ ရှောင် လုပ်နေသည့် သူလျို အလုပ်သည် ဇာတ်ရှိန် အမြင့်ဆုံးသို့ ရောက်လာပြီဟု ယူဆလိုက်သည်။ သူမအဖို့က စစ်ကြီးပြီးသွားသည်နှင့် သူလုပ်နေတာ အားလုံးလည်း အဆုံးသတ်သွားပြီး သူတို့လည်း ပုံမှန် အတိုင်း သွားလာ နေထိုင်နိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့ခြင်းသည်ကပင် ရူးသွပ်မိုက်မဲခြင်း သက်သက်သာ။



သူမကိုယ်သူမ လှည့်စားပြီး စိတ်ဖြေနေခဲ့ခြင်းလည်း ဖြစ်မည်။ ရှောင်သည် သူ့လုပ်ရပ်များ အတွက် သူမကို ထားခဲ့ပြီး ထွက်ပြေးရပေတော့မည်။ အာဏာပိုင်တွေကကော သူမကို ဘာလုပ်ကြမည်နည်း၊ "မင်း ဘာမှ မသိဘူး လို့ သာ ပြောလိုက် မေရီ" ၊ အဲ့လို ပြော၍ ကော ယုံကြမှာလား၊ အဲ့ကျရင် သူ့ကို ဘာလုပ်လာကြမည်နည်း၊ ရှောင်သည် သူလျိုတ‌ယောက် ဖြစ်သည်ကို အားလုံး သိလာသည့်အခါ သူ့အနေနှင့် ရွာတွင် မည်သို့မျှ မျက်နှာ ပြဝန့်တော့မည်လည်း မဟုတ်တော့၊  သူမအနေနှင့် နောဖော့ ကမ်းခြေ တွင် ဆက်နေ၍လည်း ရ‌တော့မည်မဟုတ်၊ နောဖော့တွင်သာမဟုတ် သူမအကြောင်းကို သိလာပါက မည်သည့် အင်္ဂလိပ် ရွာ မှ လက်ခံကြတော့မည်လည်း မဟုတ်ပေ။ ဘယ်မှာမှ အခြေတကျ နေ၍ မဖြစ်နိုင်တော့။


သူမသည် ဟမ်တန်ဆန်းမှ ခွာရတော့မည်။ ဂျင်နီ ကောဗီးလ်ကိုလည်း ထားသွားခဲ့ရတော့မည်။ အိုင်ယာလန်သို့သာ ပြန်ရဖို့သာ ရှိသည်၊ လွန်ခဲ့သည့် နှစ် သုံးဆယ် လောက်က ထွက်ပြေးလာခဲ့သည့် ချောက်တီးချောက်ချက် ရွာကလေးသို့ ပြန်လာရပေတော့မည်။ ဆွေမျိုးများကတော့ ရွာတွင် ရှိနေကြဆဲ ဖြစ်သည်။ သူမကိုလည်း လိုလိုလာလား လက်ခံကြပေဦးမည်၊ ဤသည်ကို တွေးမိ၍ ရွာပြန်နေချင်စိတ် ပေါက်လာသည်၊ ထိုသို့ မပြန်၍ လည်း မဖြစ်တော့၊ သူမအဖို့ အခြားရွေးချယ်စရာလမ်းလည်း မရှိ၊ အထူးသဖြင့် ရှောင်သည် ဂျာမန်များ အတွက် စပိုင်လုပ်ပေးခဲ့သည်ဟု သိသွားလျှင် နေ၍ မဖြစ်တော့ ပြန်မှကို ဖြစ်တော့မည်။



တွေးရင်း ရှိုက်ကြီးတငင် ငိုချလိုက်တော့သည်။ ငိုရင်းက ရှောင် အားလည်း အခုလို အရူးထ ရမလားဟု ဆိုကာ ကျိန်ဆဲနေမိသည်။


မေရီက ပြတင်းပေါက် နား ပြန်ရောက်သွားပြန်သည်။ ရွာဖက်သို့ သွားသော လမ်းပေါ်တွင် မိုးရွာကြီးထဲမှာပင် သေးသွယ်သော အလင်းရောင် တန်းလေးကို မြင်လိုက်ရသည်။ တအောင့်လောက်အကြာတွင် ရေများနှင့် စိုရွှဲပြီး ပြောင်လက်နေသည့် ဆီစိမ် ကုတ်အင်္ကျီနှင့် လူတဦး စက်ဘီး စီးလာသည်ကို ဝိုးတဝါး မြင်လာခဲ့သည်။ လေကို ဆန်၍ နင်းလာရသဖြင့် ခန္ဓာကိုယ်သည် စက်ဘီး လက်ကိုင် နှင့် ထိမတတ် ဖြစ်နေသည်။ ခြေထောက်ကလည်း စက်ဘီးကို မနားတမ်း ဖိနင်းလာနေသည်။



အနားရောက်လာမှ ဂျင်နီ ကောဗီးလ်မှန်း သိလိုက်သည်။ ဂိတ်ဝတွင် စက်ဘီးပေါ်မှ ဆင်းပြီး လူသွားလမ်းအတိုင်း တွန်း၍ ဝင်လာသည်။ မေရီက တံခါးကို သွားဖွင့်သည့်အခါ လေရော မိုးရော အိမ်ထဲသို့ ဒလကြမ်း ဆောင့်တွန်း ဝင်လာသည်။ မေရီသည် ဂျင်နီအား အိမ်ထဲ ခပ်မြန်မြန် ဆွဲသွင်းပြီး စိုရွှဲနေသော အပေါ် ကုတ်အင်္ကျီ ကို ကူ၍ ချွတ်ပေးလိုက်သည်။



"ဂျင်နီ...,ဘုရား..ဘုရား အပြင်မှာ ရာသီဉတု ဒီလောက်ဆိုးနေတာ၊ ဘာလို့ ထွက်လာရတာတုန်း"



"မေရီကလည်း လေတွေ တိုက်၊ မိုးတွေရွာနေတာ ဘယ်လောက် ကောင်းလဲ၊ ကျမတော့ ကြိုက်တယ်"


"ဟယ်..,ဒီကောင်မလေး စိတ်မှ ကောင်းသေးရဲ့လား၊ ကဲ..ကဲ မီးဖိုဘေး မှာ သွားထိုင်ချေ၊ လ္ဘက်ရည် ပူပူလေး တခွက် သွားဖျော်လိုက်ဦးမယ်"


ဂျင်နီသည် မီးလင်းဖိုရှိ ထင်းခြောက်များကို ဆွရင်း သူ့ကိုယ်သူ နွေးထွေးအောင် လုပ်နေရင်း "ဂျိမ်း ကော ဘယ်သွားလဲ"  ဟု လှမ်းအော်မေးလိုက်သည်။


"အိမ်မှာ မရှိဘူး၊ ရှောင်နဲ့ အတူတူ အပြင်ထွက်သွားကြလေရဲ့"


"အိုး" ဟု ဂျင်နီ၏ စိတ်ပျက်လက်ပျက် ငြည်းငြူ လိုက်သံကို မေရီ ကြားလိုက်သည်။ "ပြန်လာခါနီးပြီလား ဟင်"


မေရီသည် လုပ်လက်စ အလုပ်များကို ရပ်လိုက်ပြီး ဧည့်ခန်းရှိရာသို့ ပြန်လာသည်။ ဂျင်နီကို စိုက်ကြည့်လိုက်ရင်းက "နေပါဦး..ညည်းက ဘယ်နှယ့်ကြောင့် ဂျိမ်းကို ရုတ်ခြည်း စိုးရိမ်ပူပန် လာနေရတာတုန်း"


"ကျမ သူ့ကို တွေ့ချင်လို့၊ ဟဲလို လို့ နှုတ်‌လေးဘာလေး ဆက်ပြီး စကားလေး ဘာလေး ထိုင်ပြောချင်လို့"


"ဒါပဲလား၊ ဂျင်နီ ညည်း ဘာတွေ တွေး နေတာလဲ"


"ကျမ သူ့ကို ခင်တယ် မေရီ၊ အရမ်းကို ခင်မိတယ်၊ သူကလည်း ကျမကို ခင်တယ်"


"ညည်းက သူ့ကိုခင်တယ်၊ သူကလည်း ညည်းကို ခင်တယ် ဟုတ်လား၊ ဘုရားရေ ညည်း ခေါင်းထဲ အဲ့လို အတွေးမျိုး ဘယ်တုံးထဲက ရောက်နေတာလဲ"



"ကျမ အတိအကျသိလို့ ပြောတာ မေရီ၊ ဘယ်လို သိတာလဲလို့တော့ မမေးနဲ့"


မေရီက ဂျင်နီ ပုခုံးပေါ်ကို လက်တင်လိုက်ပြီး "ဒီမှာ ဂျင်နီ ငါပြောတာ အသေအချာနားထောင်၊" ဟု ပြောရင်း ပုခုံးကို ကိုင်လှုပ်လိုက်ရင်း ",ညည်း နားထောင်နေတယ် မဟုတ်လား"


"နားထောင်နေတယ်၊ နာတယ် မေရီ ဖြေးဖြေးလုပ်ပါ"


"ညည်း သူနဲ့ ဝေးဝေးနေ၊ ပြီးရင် တခါတည်း မေ့ပလိုက်တော့"


ဂျင်နီသည် မျက်ရည်များ ‌ တွေ‌တွေ စီးကျလာရင်းက
"ကျမ သူ့ကို့မမေ့နိုင်ဘူး၊ ကျမ သူ့ကို ချစ်နေမိပြီ၊ သူကလည်း ကျမကို ချစ်တယ်၊ အဲ့တာကို ကျမ သိနေတယ်"


"ဒီမှာ ဂျင်နီ၊ သူက ညည်းကို မချစ်ဖူး၊ ဘာလို့ သိတာလဲတော့ ငါလာမမေးနဲ့၊ ငါလည်း ရှင်းမပြနိုင်လို့ပဲ၊ သူက စိတ်ရင်းကောင်းတဲ့ လူတယောက်၊ သူ့ကို အပေါ်ယံ ကြည့်ပြီး ဆုံးဖြတ်လို့ မရတဲ့ လူစားမျိူး၊ သူ့ကို မေ့သာ မေ့လိုက်ပါ သမီးရယ်၊ မေရီ ကို ယုံတယ် မဟုတ်လားဟင်၊ သူဟာ သမီး အတွက် သင့်တော်တဲ့ လူမဟုတ်ဖူးလို့သာ သဘောထားပြီး မေ့လိုက်တော့ နော်"



ဂျင်နီ သည် မေရီ လက်မှ ဆတ်ကနဲ ရုန်းထွက်လိုက်ပြီး နောက် ပြန်ဆုပ်ကာ မျက်ရည်များကို လက်ဖမိုးနှင့် သုတ်လိုက်သည်။ "သူဟာ ကျမ အတွက်ပဲ ဖြစ်ရမယ် မေရီ၊ သူ့ကို ချစ်တယ်၊ မေရီက ဒီမှာ ရှောင်ရဲ့ ပိတ်လှောင်ထား ခံနေရတာ ကြာတော့ အချစ်ဆိုတာ မသိတော့ဘူး"


ပြောရင်းက ဂျင်နီသည် သူ့ကုတ်အင်္ကျီကို ကောက်ယူလိုက်ပြီး အိမ်ပြင်သို့ ပြေးထွက်သွားတော့သည်၊ သူမ ဆောင့်ပိတ်လိုက်သော တံခါးသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ မေရီလည်း ပြတင်းပေါက်ဆီ အပြေးကလေး သွားပြီး အပြင်သို့ လှမ်းကြည့်လိုက်သည်။ ဂျင်နီသည် မုန်တိုင်းကျလာနေသည့် ကြားမှ စက်ဘီးကို အပြင်းနင်းထွက်သွားသည်ကို လှမ်း‌မြင်လိုက်ရသည်။


*******************************