D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၄၂)

by Hla Soewai - Mar 18 2022

“ဒီအတွက် အသုံးချလို့ ရမယ့် အခွင့်အလန်း တခု နှစ်ခု လောက်တော့ ရှိနေသေးတယ်ဗျ၊ ပထမ က ဒါပဲ” ဆိုကာ ဖလင်လိပ် ထည့်ထားသော သူအိပ်ကပ်ကို ပုတ်ပြလိုက်သည်။ “ကျွန်တော် အထင် မှားကောင်း မှားနိုင်တယ်၊ ကျွန်တော်ကို ခုထိ သူတို့ မသိကြသေးဖူး၊ ဗိုဂဲလ်က လည်း ကောင်းကောင်း လေ့ကျင့်ပေးထားတယ်၊ ကျွန်တော်ကလည်း အတော်ကို ဂရုတစိုက် နဲ့ လိုက်နာတော့ နောက်ယောင်ခံ လိုက်တာ မခံရသေးဖူး ဆိုတာပဲ၊ ပေါ်တူဂီတွေ လက်ထဲ ရောက်အောင် ဒီဖလင်လိပ်ကို ကျွန်တော် ဘယ်လို ပို့နေတယ် ဆိုတာ သူတို့ မသိသေးဖူး၊ သွားပို့တဲ့ ပြီး အခါတိုင်း လေလှိုင်းပေါ်မှာ သူတို့ဖက်က သိနေတယ် ဆိုတဲ့ အရိပ်အယောင် မကြားရသေးဘူး၊ ကျွန်တော်ကို ဟမ်တန်ဆန် ထိ လည်း ဘယ်သူမှ လိုက်မလာကြဘူး၊ ကျွန်တော်နေတဲ့ ရွာက အရမ်းသေးတော့ လိုက်လာတာနဲ့ ချက်ခြင်းလို သိမှာပဲ၊ အဲ့တော့ ကျွန်တော် ဘယ်မှာနေတယ်၊ အခြား အေးဂျင့်တွေ နဲ့ ဆက်သွယ်နေတယ် ဆိုတာ မသိသေးဘူး။

 

“လုပ်နေကျ ကတော့ဗျာ..ကွန်ယက်ထဲမှာ ပါနေတဲ့ လူတွေ အားလုံး သိရတဲ့ အထိ စောင့်ကြည့်ပြီး အားလုံးကို တချိန်တည်း ဖမ်းကြတာပဲ၊ ဂက်စတာပိုက ပြင်သစ် တော်လှန်ရေးသမားတွေကို ဒီလိုပဲ လုပ်ခဲ့ကြတာပဲ၊ MI-5 လည်း လန်ဒန်မှာ ဒီလိုပဲ လုပ်ကြမှာပဲ”

 

“မဆိုးပါဘူး၊ ရှင်ပြောတာ ဖြစ်နိုင်ခြေရှိပါတယ်၊ အဲ့တော့ ဘာလုပ်သင့်တယ်”

 

“ခင်ဗျား ဂျော်ဒန်နဲ့ ဒီညတွေ့ဖို့ ရှိလား”

 

“အင်း..ရှိတယ်”

 

“ဘယ်အချိန် လဲ”

 

“ညစာ အတူစားဖို့ ခုနှစ်နာရီ ချိန်းထားတယ်”

 

“အဆင်သင့်လိုက်လေဗျာ။ ခင်ဗျား ကို ကျွန်တော် လုပ်စေချင်တာ တခု ရှိတယ်”

 

နျူမန်က ငါးမိနစ်ကြာမျှ ထွက်ပြေးမည့် သူ၏ အစီအစဉ် အသေးစိတ်ကို ရှင်းပြလိုက်သည်။ ကက်သရင်းလည်း သူပြောသမျှ ကို မျက်တောင်ပင် မခတ်ပဲ အာရုံစိုက် နားထောင်နေခဲ့သည်။ ကော်ဖီဆိုင် အပြင်ဖက်တွင် ရစ်သီ ရစ်သီ လုပ်နေသော စောင့်ကြည့်နေကြသူများထံ မကြည့်မိအောင်လည်း သတိထားနေရသည်။

 

နျူမန်က ပြော၍ ပြီးသွားသည့် အခါတွင် တော့ “အခုအချိန်ကစပြီး ခင်ဗျား ဘာလုပ်လုပ် လုပ်နေကျအတိုင်းပဲလုပ်၊ ဘာမှ ထူးထူးခြားခြား မလုပ်မိအောင်နေ၊ ခင်ဗျား နောက်ကို သူတို့ လိုက်နေတာကို ရိပ်မိနေပြီ ဆိုတာ သူ့တို့စိတ်ထဲ သံသယ မဖြစ်အောင်နေ၊ အချိန်မကျမခြင်း အဲ့တိုင်းပဲ နေ၊ ဈေးဝယ်ထွက်၊ ရုပ်ရှင်သွားကြည့်၊ လူမြင်ကွင်းမှာ ရှိပစေ၊ ကျွန်တော် လက်ထဲက ဖလင်ကို ပေါ်တူဂီတွေ လက်ထဲ မထည့်မချင်း ခင်ဗျားကို သူတို့ လက်ဖျားနဲ့တောင် တို့မှာ မဟုတ်သေးဘူး၊ အချိန်ကျလာရင် ခင်ဗျား တိုက်ခန်းကို ပြန်၊ ဝိုင်ယာလက်စ် စက်ကို သယ်လို့ ရအောင် အဆင်သင့် ထုတ်ပိုးထား၊ ကျွန်တော် ညနေ ငါးနာရီ အတိအကျ ရောက်အောင် လာခဲ့မယ်၊ နောက်ပေါက်ကနေပဲ ဝင်ခဲ့မယ်၊ ကျွန်တော်ပြောတာ နားလည်တယ်နော်”

 

ကက်သရင်းက ခေါင်းငြိမ့်ပြလိုက်သည်။

 

“နောက်ထပ် ပြဿနာတခု ရှိနေသေးတယ်။ ကျွန်တော် ကားတစီး နဲ့ ဓါတ်ဆီ ဘယ်မှာ ရနိုင်မလဲ ဆိုတာ ခင်ဗျား သိလား”

 

ကက်သရင်း က စိတ်ညစ်နေသည့် ကြားမှပင် သူ့စကားကြောင့် မရီပဲမနေနိုင် ရီလိုက်မိသည်။ “သိတ်သိတာပေါ့ရှင်၊ ကျမနာမည်တော့ မသုံးနဲ့နော်”

 

                                        ************************

 

နျူမန်က ကော်ဖီဆိုင်ထဲမှ အရင် ထထွက်သွားသည်၊ မေဖဲယားဖက်တွင် နာရီဝက်မျှ အချိန်ဖြုန်းလိုက်သည်၊ သူ့နောက်သို့ အနည်းဆုံး လူနှစ်ယောက် လိုက်လာသည်၊ တဦးက ဆီစိမ်ကုတ်အင်္ကျီ၊ ကျန်တဦးက မိုးကာ အင်္ကျီ နှင့် ဖြစ်သည်။

 

မိုးက သဲသဲမဲမဲ ရွာလာပြန်သည်၊ မိုး နှင့် အတူ လေလည်း ပါလာသည်။ သူလည်း တကိုယ်လုံး ရွှဲရွှဲ စိုပြီး ခိုက်ခိုက်တုန်အောင် ချမ်းတက်လာသည်၊ ပင်လည်း ပင်ပန်းလာပြီ ဖြစ်သည်။ နွေးနွေးထွေးထွေး ရှိမည့် တနေရာရာ ခဏလောက် ဝင် ခိုပြီး နားချင်စိတ် ပေါက်လာ၍ ပို့မန်း ရင်ပြင်ဖက်သို့ ဆက်လျှောက်လာခဲ့သည်၊ ဆာရာကို သူ့အကြံအစည်ထဲ ပါအောင် လုပ်ရသည့် အတွက် စိတ်ထဲ မကောင်း ဖြစ်နေမိသည်။ ပြီးသွားသည့် အခါတွင်တော့ သူမအား စစ်လားဆေးလား လုပ်ကြမည်၊ ထိုအခါ သူမ ဘာမှ မသိဟု ယူဆကြမည်သာ ဖြစ်သည်။

 

စာအုပ်ဆိုင် အပြင်ဖက်တွင် ရပ်လိုက်ပြီး မှန်ထဲမှတဆင့် အထဲကို ချောင်းကြည့်လိုက်သည်။ ဆာရာ သည် ဆံပင်ကို ဖြစ်သလို နောက်ပြန်စီးကာ လှေကားပေါ်တွင် ရပ်နေသည်။ လန့်သွားမည် စိုး၍ မှန်ကို လက်နှင့် အသာခေါက်လိုက်သည်။ သူမက အသံလာရာ လှည့်ကြည့်ပြီး သူ့ကို မြင်သွားသည့်အခါ မျက်နှာက ဝင်းလက်သွားသည်။ လက်ထဲက စာအုပ်များကို ချကာ သူ့အား ဝမ်းပမ်းတသာ လက်ပြန်ပြပြီး အထဲသို့ ဝင်လာရန် အချက်ပြလိုက်သည်။ အထဲသို့ ဝင်လာသည့် သူ့ကို ဆာရာက တချက်လှမ်းကြည့်လိုက်ရင်း “အလို...ရှင့်ကြည့်ရတာ မသက်သာလိုက်တာ၊ ဘယ်လိုတွေများ ဖြစ်လာတာတုန်း”

 

နျုမန်က ဘာမှ ပြန်မပြော၊ သူ့ ပါးပေါ်က ပတ်တီးများ အတွက် ရှင်းပြ၍ မရ ဖြစ်နေသည်။ အမှောင်ထဲတွင် ချောလဲသွား၍ ဟု ဝိုးတဝါး ပြန်ပြောလိုက်သည်။ သူပြောသည်ကို ယုံသွားပုံ ရှိသည်။ သူ့အပေါ် အင်္ကျီကို ကူချွတ်ပေးပြီး အပူထွက်သည့် အ‌ပေါက်နား သွားလှန်းထားသည်။ သူမနှင့် နှစ်နာရီခန့် အချိန်ဖြုန်းလိုက်ပြီး စာအုပ်များကို စင်များ ပေါ်သို့ ကူတင်ပေးနေခဲ့သည်။ ပြီးနောက် ဆိုင်ဘေးရှိ ကော်ဖီ ဆိုင်တွင် အတူသွားထိုင်လိုက်ကြပြန်သည်။ အရင် စောင့်ကြည့်သူများ နေရာတွင် လူသစ်များ နှင့် တာဝန်လဲလိုက်သည်ကို သတိထားမိလိုက်သည်။ လမ်းဒေါင့်တွင် ဗင်ကား အမည်းတစီး ရပ်ထားသည်၊ ကားရှေ့တွင် ထိုင်နေသူများသည် သူ့အား အခြား တဖက်မှ စောင့်ကြည့်နေသူများပင် ဖြစ်မည်ဟု ယူဆလိုက်သည်။

 

အမှောင် စချသည့် အချိန် ညနေ လေးနာရီ ခွဲတွင်တော့ သူ့ကုတ်အင်္ကျီကို လှန်းထားသည့် နေရာမှ ကောက်ယူပြီး ဝတ်လိုက်သည်။ သူမက အပြောင်အပျက် ပုံစံမျိုး နှင့် စိတ်မကောင်းဟန် ပြလိုက်ရင်း လက်ကို ဆွဲကာ ဆိုင်နောက်က စတိုခန်းထဲ ဆွဲခေါ်လာသည်။ သူမကိုယ်သူမ နံရံနှင့် ကပ်လိုက်ပြီး သူ့အား ဆွဲယူပြီး နမ်းလိုက်သည်။ “ကျမ ရှင့်အကြောင်း တလုံးတပါဒမှ မသိသေးပေမယ့် ရှင့်ကို အရမ်းသဘောကျနေမိတယ်၊ ရှင့်ပုံက တစုံတခု အတွက် လွမ်းဆွတ်နေသလို၊ ကျမ အဲ့တာကို သဘောကျနေတာ”

 

နျုမန် ဆိုင်အပြင်သို့ ထွက်လာမိချိန်တွင်တော့ သူမနှင့် ဘယ်တော့မှ ပြန်ဆုံရတော့မည် မဟုတ်ဆိုသည့် အတွေးဝင်လာခဲ့သည်။ ပို့မန်း ရင်ပြင်မှ မြောက်ဖက်ရှိ ဘိတ်ကာ လမ်း မြေအောက် ဘူတာရုံသို့ ထွက်လာခဲ့သည်၊ သူ့အား လူနှစ်ယောက် က ခြေလျှင် လိုက်လာပြီး ဗင်ကားအမည်းလည်း မသိမသာ ပါလာသည်။

 

ဘူတာထဲ ဝင်လိုက်ပြီး ချာရင်း ကရော့စ် ဘူတာ အတွက် လက်မှတ်ဝယ်လိုက်သည်၊ ထို့နောက် ဆိုက်လာသည့် ရထား ပေါ်တက်လိုက်သည်၊ ချာရင်း ကရော့စ်တွင် အူစတန် ရောက်မည့် ရထားကို ပြောင်းစီးခဲ့သည်။ အူစတန် ဘူတာ အရောက်တွင်  သူ့နောက်က လူနှစ်ယောက် လိုက်လာမှန်းသိ၍ မြေအောက် ဘူတာရုံ နှစ်ခုကို ဆက်ထားသည့် လှိုင်ခေါင်းကို ဖြတ်ပြီး လျှောက်လာခဲ့သည်။ လက်မှတ်ရောင်းသည့် နေရာတွင် ဆယ့်ငါးမိနစ်ခန့် စောင့်ပြီးမှ လီဗာပူး အတွက် လက်မှတ်ဝယ်လိုက်သည်။ သူစီးရမည့် ပလက်ဖေါင်း အရောက်တွင် ရထားပေါ် လူများ တက်နေပြီ ဖြစ်ပြီး တွဲများထဲတွင်လည်း လူ့အပြည့် ဖြစ်နေသည်။ ခုံတခုံ လောက် လွတ်နေမည့် နေရာကို ရှာဖွေရန် တွဲထဲရှိ အခန်းများကို လိုက်ဖွင့်ကြည့်ပြီး နောက်ဆုံး တွင် တနေရာစာ လွတ်နေသည့် အခန်းကို တွေ့သဖြင့် အထဲ ဝင်ထိုင်လိုက်သည်။

 

လက်က နာရီကို တချက်ကြည့်လိုက်သည်၊ ရထားထွက်ရန် သုံးမိနစ်ခန့်သာ လိုတော့သည်။ သူထိုင်နေသည့် အခန်းအပြင်ဖက်ရှိ စင်္ကြန်လမ်းပေါ်တွင် လူများ ပြည့်လာနေသည်။ ခရီးသွားများ အဖို့ ကံမကောင်းပါက ယခုလိုပင် ခရီးအစအဆုံး မတ်တပ်ရပ် စီးလာသည်က အဆန်း မဟုတ်တော့၊ နျူမန်သည် မတ်တတ်ထရပ်လိုက်ပြီး ဝမ်းဗိုက်ထဲ ရစ်နာလာသည်ဟု ဘေးလူ ကြားအောင် ရေရွတ်လိုက်ရင်း အခန်း အပြင်သို့ တိုးထွက်လိုက်သည်။ တွဲအဆုံးရှိ အိမ်သာ သို့ လျှောက်သွားခဲ့သည်။ တံခါးကို ခေါက်လိုက်ရာ အထဲက ပြန်ဖြေသံ မကြားရ၍ ဒုတိယ အကြိမ် ထပ်ခေါက်လိုက်ရင်း နောက်လှည့်ကြည့်လိုက်သည်။ စင်္ကြန်လမ်းတွင် မတ်တတ်ရပ်နေသော ခရီးသည်များနှင့် ကွယ်နေ၍ သူ့နောက်ကို လိုက်လာသူကို မမြင်ရတော့။

 

အချိန်ကိုက်ပင် ဖြစ်သည်၊ ရထားက စပြီး ဘီးလှိမ့် ထွက်စပြုလာပြီ ဖြစ်သည်။ နျူမန်သည် အိမ်သာ အပြင်ဖက် တွင် စောင့်နေဟန်ပြုပြီး ရထား အရှိန်ရလာသည်အထိ ရပ်နေသည်။ ရထားသည် ခုန်ဆင်း၍ မဖြစ်နိုင်လောက်အောင် အရှိန်ရစ ပြုလာချိန် တွင်တော့ နျူမန်သည် တံခါးပေါက်နား ဖြတ်ကနဲ ကပ်သွားပြီး တံခါး ဆွဲဖွင့်ကာ ပလက်ဖေါင်းသို့ ခုန်ချလိုက်သည်။

 

အကျကောင်းသွား၍ ဖုတ်ဖက်ကာ ထပြီး ထွက်ပေါက် ရှိရာ သို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ အပြင်တွင်တော့ အမှောင်ချထားပြီး ဖြစ်၍ ပတ်ဝန်းကျင် တခုလုံး ပိန်းပိတ်အောင် မှောင်နေပြီ ဖြစ်သည်။

 

အူစတန် လမ်းသည် ညနေပိုင်း ရုံးဆင်းလာသူများ နှင့် ပြည့်နှက်နေပြီ ဖြစ်သည်။ တက္ကဆီ တစီးကို လှမ်းတားလိုက်ပြီး အမြန် ဝင်ထိုင်လိုက်သည်၊ တက္ကဆီ သမားအား အရှေ့ခြမ်းရှိ လိပ်စာ တခုကို ပြောရင်း မောင်းခိုင်းလိုက်သည်။

 

                                        **********************