သူ ပြန်ပေါ်လာပြန်ပြီ

by Hla Soewai - Mar 14 2022

လူမြင်ကွင်းမှ တပတ်ကျော်ကြာ ပျောက်ဆုံးသွားသော အာဏာသိမ်း ခေါင်းဆောင်သည် စစ်အရာရှိများ ကျောင်းဆင်းပွဲကို ဗီဒီယို ကွန်ဖရင့်မှ တဆင့် စကား ပြောရင်း ပြန်လည် ထွက်ပေါ် လာပြန်ပြီ ဖြစ်သည်။

 

သူ၏ စကားထဲတွင် NLD သည် ပြီးခဲ့သည့် ရွေးကောက်ပွဲမှာ မည်သို့မည်ပုံ မဲခိုးကြောင်းများ ပြောဆိုခဲ့သည်။ ဤသည်က ၎င်း၏ လုပ်ရပ်အတွက် ကာကွယ် ပြောဆိုနေရခြင်းမျိုး ဖြစ်၍ မထောင်းသာ လှသော်လည်း NLD အစိုးရ လက်ထက်တွင် စီးပွားရေး ကျဆင်းလာခဲ့သည်ဟု ပြောခဲ့ခြင်းသည်ကတော့ အရှက်ကင်းမဲ့လှသည်ပင်။ ၎င်းလက်ထက်တွင် တိုင်းပြည်စီးပွားရေး စုတ်ပြတ်ထွက်လာနေသည့် ကြားမှပင် ထိုသို့ ပြောဆိုခြင်းသည် ၎င်းတို့၏ ဝါဒဖြန့် အလိမ်အလည် များကို ကိုယ်တိုင် ပြန်ယုံလာသည့် အဖြစ် ရောက်နေပြီကို မီးမောင်း ထိုးပြ လိုက်ခြင်းပင် ဖြစ်သည်။

 

အိုင်စီဂျေ တွင် ဂမ်ဘီယာ၏ တရားစွဲဆိုမှုများသည် တပ်မတော်၏ ပုံရိပ် ကျဆင်းအောင် ရည်ရွယ်ခြင်း ဖြစ်၍ အထူး သတိထား စောင့်ကြည့်ရမည်ဟု နေပြည်တော်ရှိ နိုင်ငံခြားရေးရာ ကော်မတီ အစည်းအဝေး တွင် ပြောသွားခဲ့ပြန်သည်ဟု သတင်းများက ဆိုသည်။ ၎င်း အပြောအတိုင်း ယုံကြည်ရမည်ဆိုလျှင် ကုလသမဂ္ဂ အပါအဝင် တကမ္ဘာလုံး ရှိ အဖွဲ့အစည်းများသည် လူလိမ်များ ဖြစ်ပြီး သူသည်သာ အမှန် ပြောသူ ဟု ယူဆ ရဖို့သာ ရှိပေတော့သည်။

 

မင်းအောင်လှိုင်သည် ထိုသို့သော ပွဲမျိုးကို ကိုယ်တိုင်ကိုယ်ကျ တက်လေ့ရှိသော်လည်း ယခုအခါ ဗီဒီယို ကွန်ဖရင့် အသုံးပြုလာပြီး မျက်နှာလည်း ချောင်ကျနေသည်ဟု ဧရာဝတီ သတင်းတွင် ရေးသားထားသည်။

 

စစ်ကောင်စီသည် တဖက်က တိုင်းရင်းသား ဒေသများကို ဗုံးကြဲတိုက်ခိုက်ပြီး ၎င်းတို့ကို ဆန့်ကျင်ပါက ထိုသို့ သော အကျိုးဆက်များ ခံစားရလိမ့်မည်၊ ၎င်းတို့နှင့် လက်တွဲမည် ဆိုလျှင် စစ်ဘေးရှောင် ဒုက္ခသည်များအား ကူညီရန် ဂျပန်မှ တာဝန်ယူမည့် သဘောမျိုးကို ဂျပန် ငြိမ်းချမ်းရေး ပွဲစား ဆာဆာကာဝါ အား ချင်းမိုင်သို့ စေလွှတ်ပြီး ပြောခိုင်းခဲ့သည်။ ဤသည်ကို ကြည့်က မင်းအောင်လှိုင်သည် တိုင်းရင်းသား လက်နက်ကိုင်များ ဘေးထွက်နေမည် ဆိုလျှင် ပြည်သူ ကာကွယ်ရေး တပ်ဖွဲ့ PDF များကို ချေမှုန်းနိုင်လိမ့်မည်ဟု ယုံကြည်ထားပုံ ရှိသည်။

 

ဂျပန် နှင့် အာဆီယံ နိုင်ငံများသည်လည်း NUG ကို အားပေးထောက်ခံခြင်း မပြုဘဲ ပေယျာလကန် ပြုထားမှသာ နိုင်ငံတွင်း တည်ငြိမ်မှု အမြန်ရလိမ့်မည်ဟု ထုတ်မပြောသော်လည်း ထိုသို့ ယုံကြည်ထားပုံရှိသည်။ NUG ကို အား‌ပေး ထောက်ခံပါက ပဋိပက္ခ ရေရှည်သွားနိုင်သည်ဟု ယူဆနေကြသည်။ မြန်မာ ပြည်သူများအား စစ်ဖိနပ် အောက်တွင် နင်းပြားဘဝဖြင့် ရှိစေပြီး တိုင်းပြည်၏ အဖိုးတန် သဘာဝ သယံဇာတများ နှင့် လုပ်အား တို့ကို ၎င်းတို့ ဝမ်းဗိုက် မပြည့်မချင်း ဝါးမြို နိုင်ကြရန် ကြံစည်နေကြပုံရှိသည်။

 

ထို့အတွက်လည်း အမေရိကန် အစိုးရသည် ယူကရိန်းအား အကူအညီအဖြစ် ဒေါ်လာ ၁၃ ဘီလီယံ ခန့်ကို ဖတ်ကနဲ ထုတ်ပေးနိုင်သော်လည်း မြန်မာပြည်သူတို့ အပ်နှံထားသော ဒေါ်လာ တစ်ဘီလီယံ ကိုတော့ ပြန် ထုတ်ပေးရမည့် အရေး မသိကျိုးကျွံ ပြုနေကြခြင်းသည် ပဋိပက္ခကို အမြန် အဆုံးသတ်သွားစေချင်ကြသည့် သဘောသာ ဖြစ်သည်ဟု ယူဆ၍ ရနေပေသည်။

 

အလားတူပင် ဗြိတိန် နိုင်ငံခြားရေး ရုံးကလည်း မြန်မာ သံအမတ်ကြီး ဦးကျော်စွာမင်း အား သံအမတ်နေအိမ်မှ အမြန်ဆုံး ထွက်ခွာပေးရန် တိုက်တွန်းသော အီးမေးကို ပေးပို့လာပြန်သည်။ ၎င်းတို့ အဖို့ ထိုသို့ မလုပ်က မြန်မာနိုင်ငံတွင်း ရှိ မိမိတို့ သံရုံး အမှုထမ်းများနှင့် ဗြိတိန် နိုင်ငံသားများ၏ လုံခြုံရေး စိတ်မချရသော ကြောင့် ဟု အကြောင်းပြလာခဲ့ကြသည်။

 

အလျှင်းသင့်၍ တင်ပြလိုသည်မှာ အနောက်နိုင်ငံများ၏ ကြောင်သူတော် လုပ်ရပ်များကို အထင်ရှားဆုံး သက် သေ အဖြစ် ထွက်ပေါ်လာခဲ့သည်က ၁၉၃၆ မှ ၁၉၃၉ အတွင်း ဖြစ်ပွားခဲ့သော စပိန် ပြည်တွင်းစစ်ကြီးပင် ဖြစ်သည်။ စပိန်တွင် ပြည်သူများက ရွေးချယ်တင်မြှောက်ခဲ့သော လက်ဝဲယိမ်း အစိုးရအား ဗိုလ်ချုပ် ဖရန်ကို ဦးဆောင်သည့် စစ်တပ် မှ ဖြုတ်ချရန် ကြိုးစားခဲ့၍ စပိန်တွင် ပြည်တွင်း စစ်မီးကြီး ဟုန်းဟုန်း တောက်လောင် လာခဲ့သည်။

 

စစ်အာဏာရှင် ဖရန်ကို အား ဟစ်တလာ နှင့် မူဆိုလိုနီ တို့က ငွေအား၊ လူအား လက်နက်အား ဖြင့် အလုံးအရင်း ထောက်ပံ့ခဲ့ကြသော်လည်း ဒီမိုကရစီ ဘိုးအေကြီးများ ဖြစ်သည့် အမေရိကန်၊ ဗြိတိန် နှင့် ပြင်သစ် တို့က မူ ပြည်တွင်းရေး ဝင်မစွက်ဆိုကာ လက်ပိုက် ကြည့်နေခဲ့ကြသည်။ ထိုသို့ တဖက်သတ် ဖြစ်လာနေမှုကို မည်သို့မျှ ရပ်ကြည့်နိုင်စွမ်း မရှိတော့သည် ဒီမိုကရေစီ နိုင်ငံများမှ ပြည်သူများက သမ္မတနိုင်ငံ တပ်များ ဖက်မှ ဝင်‌ရောက် တိုက်ခိုက်ရန် အလုံးအရင်း နှင့် ရောက်ရှိလာကြပြီး အင်တာနေရှင်နယ် ဘရီးဂိတ် ဟု အမည်ပေးကာ သီးခြား တပ်မကြီးများ ဖွဲ့စည်းပြီး ပါဝင် တိုက်ခိုက်လာခဲ့သည်။ ပြင်သစ်သည် အကူအညီ ပေးရန် အသာထားဘိဦး အင်တာနေရှင်နယ် ဘရီးဂိတ်သို့ ဝင်ရောက်ရန် စပိန်သို့ ဝင်ရောက်လာသူများ ပြင်သစ်ကို ဖြတ်ကျော်လာလျှင်ပင် လိုက်လံ ဖမ်းဆီး ခဲ့ကြပြန်သည်။

 

ထိုသို့ တပ်မကြီးများ ဖွဲ့စည်းခဲ့သော်လည်း ၎င်းတို့အား ပေးရန် လက်နက် အလုံအလောက် မရှိ၍ သမ္မတ နိုင်ငံတပ်များက ရှိသမျှ လက်နက်များကို မျှဝေသုံးခဲ့ကြရသည်။ သမ္မတနိုင်ငံ တပ်များ ဖက်မှ အကူအညီ ပေးခဲ့သည့် နိုင်ငံဆို၍ ဆိုဗီယက် နှင့် မက္ကဆီကိုသာ ရှိ‌ပေသည်။ နောက်ဆုံးတွင် ဖရန်ကို၏ တပ်များက အောင်ပွဲ ခံနိုင်ခဲ့သဖြင့် စပိန် ပြည်သူများသည် အာဏာရှင် စနစ်အောက်တွင် ဖရန်ကို မသေမချင်း ၁၉၇၅ အထိ နောက်ထပ် နှစ်ပေါင်း လေးဆယ်ခန့် နေထိုင်ခဲ့ကြရပေသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ NUG သည် ယခုထိ ပြည်ပ မှ အကူအညီ တပြားတချပ်မျှပင် လက်ခံရရှိခဲ့ခြင်း မရှိသေးပေ။ ထိုသို့ သော အနေအထား တွင် ပင် ပြည်သူတို့၏ ထောက်ခံမှုဖြင့် အာဏာသိမ်း အဖွဲ့အား အုပ်ချုပ်၍ မရအောင် ဒုက္ခကောင်းကောင်းပေးနိုင်ခဲ့သည်။

 

ထို့အတွက် ကိုမင်းကိုနိုင်မှ စစ်အာဏာရှင် စနစ်ကို မိမိတို့ ပြည်တွင်းအားဖြင့် အမြစ်ဖြတ် ဖြိုလှဲနိုင်ရန် ဆင်နွှဲ နေသည့် တော်လှန်ရေးကြီး အတွက် ငွေကြေး ပံ့ပိုးမှုများ ရရှိရန် အရေးကြီးကြောင်းကို လူထု ထံ ဗီဒီယို မက်ဆေ့ချ် ဖြင့် အကြောင်းကြားလာခဲ့ပြီ ဖြစ်သည်။ လိုအပ်သည့် လက်နက်များ ဝယ်ယူနိုင်ရန် စီစဉ်နေပြီး ပြည်သူများအား အသိပေး သွားမည်ဟု ဆိုသည်။

 

မြန်မာပြည်သူများက စစ်အာဏာရှင်များကို ဘယ်သော အခါမျှ ဒူးထောက် အညံ့ခံမည် မဟုတ်၊ ယခုပင် စစ်တပ်သည် လေကြောင်း အကူအညီမပါဘဲ စစ်တိုက်ရဲသည့် အနေအထား မရှိ‌တော့ ဟု ကိုမင်းကိုနိုင်မှ ထောက်ပြသွားခဲ့သည်။ စစ်အာဏာရှင် များ အဖို့ လက်နက်ကြီး ပစ်ကူ နှင့် တိုက်လေယာဉ်များ သုံး၍ တိုက်ခိုက်လာရခြင်းသည်ပင် ၎င်းတို့ လက်ဝယ်ရှိ မရှိမဲ့ ရှိမဲ့ နိုင်ငံခြားငွေများ ကို ဗုံးပေါလအော ထုတ်သုံး‌နေရပြီ ဖြစ်သည်။

 

ထို့အတွက် တဖက်က ချွေတာ နိုင်ရန် ဝန်ကြီးများ ဟု ဆိုကာ ခန့်အပ်ထားသူများ အတွက် တလအတွက် ကားတစီးလျှင် ဆီဂါလံ ၆၀ သာ ထုတ်ပေးတော့မည်ဟု စိုးဝင်းမှ အသိပေးလိုက်ပြီ ဖြစ်သည်။ မင်းအောင် လှိုင်သည် ပါးစပ်မှ အရေမရ အဖတ်မရ ပြောနေခြင်းဖြင့် အချိန်ဖြုန်းနေသည့် အချိန်တွင် စိုးဝင်းသည် ၎င်းကိုယ်၎င်း တိုင်းပြည်ကို လက်တွေ့ကျကျ အုပ်ချုပ်နိုင်သူ အဖြစ် ပုံဖေါ်လာနေပြီ ဖြစ်သည်။

 

ရန်ကုန်ရှိ လူဦးရေ တဝက်ခန့်သည် ရေနံဈေး နှုန်း များ မြင့်တက်လာ၍ ဆိုကာ လျှပ်စစ်ဓါတ်အား ဖြတ် တောက်ပြစ်ခဲ့ကြသဖြင့် နောက်ဆက်တွဲ ရေပြတ်လတ်မှုကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်လာနေရပြီ ဖြစ်သည်။

 

မြန်မာ နိုင်ငံ အတွင်းရှိ အရပ်ဖက် အဖွဲ့အစည်း စုစုပေါင်း ၁၁၆ ဖွဲ့က စစ်တပ်မှ ပြည်သူများ အပေါ် ရက်စက် ကြမ်းကြုပ်စွာ သတ်ဖြတ်၊ ကျေးရွာများကို ဗြောင်ကျကျ မီးရှို့ ဖျက်ဆီးနေမှုများကို ဒီအတိုင်း လက်ပိုက် ကြည့်မနေကြဘဲ ဥပဒေကြောင်းအရ အမြန် အရေးယူနိုင်မည့် နည်းလမ်းများကို ရှာဖွေ ပေးရန် ကုလ လူ့အခွင့်အရေး ကောင်စီသို့ အိပ်ဖွင့်ပေးစာ ပေးပို့၍ အပူတပြင်း တောင်းဆိုလာခဲ့ကြသည်ဟု သိရသည်။

 

ထိုသို့ တောင်းဆိုခဲ့ကြသည်မှာလည်း အကြောင်းမဲ့တော့ မဟုတ်၊ လူ့အခွင့်အရေး ကောင်စီသည် ယူကရိန်း တွင် ရုရှားတို့ လူ့အခွင့်အရေး ချိုးဖောက်နေမှုများ အတွက် စုံစမ်းရေး ကော်မရှင်ကို အလျှင်အမြန် ဖွဲ့စည်း ပေးခဲ့ သည်ကို သိရှိလာ၍ လည်း ဖြစ်သည်။

 

မြန်မာ ပြည်တွင် စစ်တပ်၏ လူသိရှင်ကြား ထင်တိုင်းကြဲ နှိပ်စက်ကလူ ပြုနေမှုများ အပေါ် ထိုသို့ အရေးတယူ ဆောင်ရွက်ရန် ပျက်ကွက်နေခဲ့သည်မှာ တနှစ်ပင် ကျော်လာခဲ့ပြီ ဖြစ်သည်။ ထိုမျှသာမကသေး NUG အားလည်း ကမ္ဘာလူ့အခွင့်အရေး ကောင်စီတွင် မြန်မာပြည်သူများအပေါ် ကိုယ်စားပြု၍ တက်ရောက်ခွင့်ကို ငြင်းပယ် ခဲ့ကြပြန်သည်။

 

ကုလ လူ့အခွင့်အရေး ကောင်စီသည် ပြီးခဲ့သည့် ၁၅ နှစ် အတွင်း စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ အပေါ် မည်သို့မျှ ထိရောက်မှု မရှိသည့် ဆုံးဖြတ်ချက်များ‌ ချမှတ်ခဲ့သည်မှာ အကြိမ် ၂၀ ရှိသွားပြီး ဖြစ်သည်။ တိုင်တန်းလာသည်များကို လက်တွေ့ အရေးမယူနိုင်ခဲ့ခြင်းသည် ၎င်းတို့အား လုပ်စရာရှိတာ ဆက်လုပ်ဟု တဖက်လှည့် နှင့် တိုက်တွန်းနေသည်နှင့် အတူတူ ပင် ဖြစ်ပေလိမ့်မည်။

 

မိမိတို့တွင် မိမိတို့သာ ရှိသည်ဟူသော စိတ်ဓါတ်ဖြင့် စစ်အာဏာရှင်များကို ကျားကုတ်ကျားခဲ တွန်းလှန်နေ ကြသော ပြည်သူတို့ ခုခံစစ်က အရှိန်မြင့်တက်လာနေပြီး မြို့နယ် အချို့ နှင့် မြို့ကြီးများ အထိ ပျံ့နှံ့ ရောက်ရှိ လာနေပြီ ဖြစ်သည်ဟု ဗီအိုအေ သတင်းတွင် ဖေါ်ပြလာခဲ့သည်။ နိုင်ငံအတွင်း မြို့နယ်ပေါင်း ၃၃၀ ရှိသည့် အနက် မြို့နယ် ၂၅၀ ခန့်တွင် လက်နက်ကိုင် အဖွဲ့များ ဖွဲ့စည်းပြီး ဖြစ်သည်ဟု နိုင်ငံတွင်း အခြေအနေများကို အနီးကပ် လေ့လာနေသော သုတေသီ မက်သယူး အာနိုးက ဆိုသည်။

 

စစ်တပ်သည် ထိုအနေအထားများကို ချေမှုန်းရန် နောက်ဆုံး ဗျူဟာ ဖြစ်သည့် မြေလှန်စနစ်ကို လူသိရှင်ကြား ကျင့်သုံးလာရပြီး ရဲအဖွဲ့အချို့ကို ဖျက်သိမ်းကာ ရှေ့တန်းသို့ စေလွှတ်လာရခြင်း၊ ၎င်းတို့အား ထောက်ခံသူ အရပ်သားများကို ပျူစောထီး ဆိုကာ လက်နက်တပ်ဆင်ပေးလာရခြင်း၊ အစိုးရဝန်ထမ်းများကို အစောင့်အဖြစ် ထားခဲ့နိုင်ရန် စစ်သင်တန်းများ ပေးလာခြင်းများ ဖြင့် တုန့်ပြန်လာနေရပြီကို ကြည့်ခြင်းအားဖြင့် ဂမူးရှူးထိုး ဖြစ်လာနေပြီ မှာ သိသာနေသည်ဟု အာနိုးက ထောက်ပြသွားခဲ့သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

(ပုံတွင် ချင်းပြည်နယ် တောင်ပိုင်း တွင် စစ်သင်တန်း တက်ရောက်နေသော တော်လှန်ရေး တပ်ဖွဲ့ဝင်များကို တွေ့နိုင်သည် - ဧရာဝတီ)