D-Day နောက်ကွယ်က သူလျိုမဟုတ်သော သူလျို (၁၃၆)

by Hla Soewai - Mar 11 2022

"တခါတော့ ရှိအောင် ကြိုးစားခဲ့ဖူးသေးတယ်၊ ဒါပေမယ့် အဲ့ဒီလူကလည်း ဒေးဗစ် အတိုင်းပဲ၊ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်က ကျေးလက်က ဘုရားကျောင်းတခုမှာ ကျမ ပေးခဲ့ဖူးတဲ့ ကတိကို ချိုးဖောက် နိုင်စွမ်း မရှိတာလည်း ပါတယ်"


"မင်း ကိုယ့်အပေါ် ပေးခဲ့တဲ့ ကတိကို အဲ့လိုမျိုး ထိန်းထားနိုင်ခဲ့ရင် ကောင်းမှာပဲနော်" ဟု ပြောလိုက်ရင်း ချက်ခြင်းဆိုသလို သူ၏ စကား ထဲတွင် နာကြည်း အခံရခက်သည့် လေသံမျိုး ပါသွားသည်ကို နောင်တရသွားခဲ့သည်။ ဟယ်လင်က သူ့အား ကြည့်လိုက်သည့် သူမ၏ မျက်လုံးများလည်း မျက်တောင် တဖျတ်ဖျတ် နှင့် ဖြစ်သွားသည်။
"တခါတလေ ကျမလည်း အဲ့လို အတွေးမျိုး ပေါ်ဖူးပါတယ် အိုး..ကျမ ပါးစပ်က ထွက်သွားမိပြီ၊ ကျမလည်း အမေရိကန် တွေ ကြည့်ကြည့်ပြီး အင်္ဂလိပ် မဆန်တော့သလို ဖြစ်ဖြစ်လာတယ်"


ဗီကာရီ မျက်နှာလည်း ရဲကနဲ ဖြစ်သွားသည်။


"ဒါနဲ့ ရှင် အဲလစ် ဆင်မဆမ်နဲ့ တွေ့နေတုံးပဲလား"


"ဘုရားရေ အဲ့တာတွေ မင်း ဘယ်လို သိနေတာတုန်း"


"ရှင်နဲ့ ပတ်သက်တဲ့ မိန်းမတွေ အကြောင်း ကျမ အကုန် သိထားပြီးသားပါ အယ်ဖရက်၊ ဒါတင် မကသေးဖူး သူရေးရေးနေတဲ့ ဘာမဟုတ်တဲ့ စာအုပ်တွေကိုတောင် ကျမ ‌သဘောကျနေမိသေး"


"သူနဲ့လည်း အနေဝေးသွားခဲ့ပြီ၊ ဒါကလည်း စစ်ကြီး ဖြစ်နေတာရယ်၊ ကိုယ့်အလုပ်တွေကြောင့်ပဲလို့ ဖြေသိမ့်ထားရတယ်၊ အမှန်အတိုင်း ပြောရရင် သူက မင်း မှ မဟုတ်ဝာာပဲ ဟယ်လင်၊ အဲ့ဒါကြောင့်လည်း အခုလို အနေဝေးသွားတဲ့ အဖြစ်ကို ကိုယ် ပြန်ပြင်ဆင် နိုင်အောင် မကြိုးစားခဲ့တာပဲ၊ သူ့ကိုလည်း အခြားလူတွေလိုပဲ သဘောထားလိုက်တော့တယ်"


"ရှင်...ရှင် ဒီလို စကားတွေ ဘာကြောင့် ပြောရတာလဲ"


"အဲ့တာ အမှန်တွေ ပဲလေ၊ ပြီးတော့ မင်းကလည်း အဲ့လို မျိုး ပြောတာ ကြားချင်နေတယ် မဟုတ်လား၊ အဲ့တာကြောင့်လည်း မင်း ကိုယ့်ကို တွေ့ဖို့ ကြိုးစားခဲ့တာ ဖြစ်မယ်"


"အမှန်က ကျမ လေ ရှင် ပျော်နေတယ် ဆိုတာပဲ ကြားချင်ခဲ့တာပါ၊ ကျမကြောင့် ရှင့် ဘဝ ပျက်စီးသွားခဲ့ရတယ် ဆိုတာမျိုးတော့ မပြောစေချင်ဖူး" ဟု ပြောရင်း သူမ၏ မျက်ဝန်းတဝိုက်တွင် မျက်ရည်များ ဝဲလာသည်။


"မင်းကို မင်းလည်း အဲ့‌လောက်တော့ ထင်မထားစေချင်ဘူး ဟယ်လင်၊ မင်းကြောင့် ကိုယ့်ဘဝလည်း ပျက်စီး မသွားဘူး၊ မပျော်မရွှင် လည်း ဖြစ်မနေဘူး၊ ကိုယ့် နှလုံးသား မှာ အခြား တယောက်အတွက် နေရာ မပေးနိုင်သေးတာပဲ ရှိတယ်၊ ဒီအတွက်လည်း မင်းကိုတောင် ကျေးဇူးတင်ရဦးမယ် ထင်တယ်"


"ကျမတို့ ဒီမှာပဲ ကျေအေးကြရအောင်၊ ကျမတို့ နောက်ဆုံးတွေ့ခဲ့ကြတုန်းက ပြောခဲ့တဲ့ စကားမျိုးတွေ ပြန်မပြောကြရအောင်၊ ကျမ လည်း ရှင်နဲ့ တခါတလေ အတူ အချိန်ဖြုန့်းချင်မိတယ်၊ ဘုရားရေ..ကျမတို့ တခုခု သောက်ကြမလား၊ ကျမကို အဆင်ပြေတဲ့ တနေရာ ခေါ်သွားပြီး ဝိုင် တခွက်လောက် ငှဲ့ပေးပါလား"


သူတို့လည်း နေ့လည်ဖက် တွင် လူရှင်းနေတတ်သည့်ဒုခ် ဆိုင်ဖက် လျှောက်လာခဲ့ကြသည်။ ဆိုင်ရှိ ဒေါင့်ကျကျစားပွဲတလုံးတွင် နေရာပေး၍ ဝင်ထိုင်လိုက်ကြသည်။ ထိုဆိုင်ထဲတွင် ဒေးဗစ်၏ မိတ်ဆွေ တယောက်ယောက် ရှိနေပြီး သူတို့ အတူ ထိုင်နေသည်ကို မြင်သွားနိုင်သည်ဟု ဗီကာရီက မျှော်လင့်ထားခဲ့သော်လည်း ဆိုင်ထဲတွင် သူတို့ နှစ်ဦးသာ ရှိနေသည်။ ဗီကာရီသည် ဟယ်လင်ကို ခွင့်တောင်းပြီး ဟာရီထံ ဖုန်းဆက်ကာ သူ ဘယ်မှာ ရှိနေကြောင်း အသိပေးလိုက်သည်။ သူ ပြန်လာသည့်အခါတွင်တော့ လွန်စွာမှ တန်ဖိုးကြီးလှသည့် ဝိုင် ပုလင်းက သူတို့ ထိုင်နေသည့် စားပွဲပေါ် တွင် အခန့်သား နေရာယူထားသည်ကို တွေ့လိုက်ရသည်။



"ဒါအတွက်တော့ ဘာမှမပူနဲ့ ဒါလင်၊  ဒေးဗစ်ရဲ့ ပါတီလို့ သဘောထားလိုက်"


သူတို့နှစ်ဦးလည်း သောက်ကောင်းကောင်းနှင့် သောက်လိုက်ကြ၍ ခဏ အတွင်းမှာပင် ပုလင်းတဝက် ကျိုးသွားသည်။ သောက်ရင်းက ဗီကာရီ ရေးခဲ့သည့် စာအုပ်များ နှင့် ဟယ်လင်၏ သားသမီးများ အကြောင်း ထွေရာလေးပါး ပြောဖြစ်ခဲ့ကြသည်။ ဒေးဗစ် အကြောင်းပင် ပါလာခဲ့သေးသည်။ သူမပြောနေသည့် အချိန်တိုင်း ဗီကာရီ၏ မျက်လုံးများက သူမ၏ မျက်နှာပေါ်မှ ခွာသည့်မရှိ၊ သူမ၏ မျက်လုံးအိမ်ထဲတွင် အမျိုးအမည် မဖေါ်ပြနိုင်သည့် ဝမ်းနည်းကြေကွဲသည့် အရိပ်အယောင်များကို တွေ့နေရသည်။ သူမ၏ မအောင်မမြင် ဖြစ်ခဲ့ရသည့် အိမ်ထောင်ရေးကြောင့်များလား၊ မည်သို့ပင် ဖြစ်စေ ထိုသို့ ဝမ်းနည်းယောင်သန်းနေသည့် မျက်လုံးများကပင် ဗီကာရီ အဖို့ စွဲမက်စရာ ဖြစ်နေသည်။ သူမ၏ လက်များက ဗီကာရီ၏ လက်ပေါ် အုပ်လိုက်သဖြင့် နှစ်ဆယ့်ငါးနှစ် အတွင်း ပထမဆုံးအကြိမ် သူ၏ နှလုံးများ ခုန်လာခဲ့သလို ခံစားလိုက်ရသည်။


"ရှင် အဲ့ဒီအကြောင်းတွေကိုကော တွေးမိသေးလား"


"ဘာအကြောင်း တွေကိုလဲ"


"အဲ့နေ့ မနက်က အကြောင်းကိုလေ"


"ဟယ်လင်..မင်း ဘာတွေပြောနေ...."


"ဘုရားရေ...ရှင်ဟာ တခါတခါ အတော်ကို ထူတာပါလား၊  ရှင် အိပ်ခန်းထဲ ရောက်လာပြီး ကျမ ရှင် ခန္ဓာကိုယ်ကို အသုံးချခဲ့တဲ့ မနက်ကို ပြောနေတာ"


ဗီကာရီ က ခွက်ထဲက လက်ကျန် ကို မော့သောက်လိုက်ပြီး ထပ်ဖြည့်လိုက် ရင်း "ဟင်အင်း..မတွေးမိခဲ့တာတော့ အမှန်ပဲ"


"ဘုရားရေ ...အယ်ဖရက် ဗီကာရီ ရှင် မလိမ်တတ်ရင်လည်း မလိမ်ပါနဲ့လား၊ ရှင်အလုပ်သစ်မှာ ဘယ်လိုများ လုပ်နေပါလိမ်မလဲနော်"


"ကောင်းပြီ၊ ကိုယ်ဝန်ခံတယ်၊ တွေးခဲ့မိတယ်" ဟု ပြောရင်း သူတို့ နောက်ဆုံးတွေ့ခဲ့သည်များကို ပြန်စဉ်းစားလိုက်မိသည့် နောက်ဆုံးအချိန် သည် ဘယ်တုန်းကများ ဖြစ်နေမလဲဟု ဦးနှောက်ကို အလုပ်ပေးလိုက်သည်။ အဖြစ်နိုင်ဆုံးက ကင့် တွင် ရောက်နေစဉ် ပက်ထရစ် ဆိုသည့် အမည်ဝှက် ဖြင့်နှစ်ဖက် သူလျို လုပ်နေသူ အတွက် ဂျာမန်တို့ထံ ပေးပို့ရမည့် ကြေးနန်းသတင်းကို ထိုင်ရေးပေးတုန်းက ဖြစ်မည်။ "ကျဉ်းထဲ ကျပ်ထဲ ရောက်လာပြီဆို တွေးတွေး နေမိလို့ သတိထားနေရတယ်"


"ကျမ ဘဝ မှာ သူဟာ ပထမဦးဆုံးပါလို့ ကျမလည်း ဒေးဗစ်ကို လိမ်ခဲ့မိတယ်၊ ကျမရဲ့ ပထမဆုံးက ရှင် ဖြစ်ခဲ့တာကိုပဲ ဝမ်းသာနေမိတယ်" ပြောပြီး ဝိုင် ခွက်ကို လက်ချောင်းလေးများ နှင့် လှည့်နေရင်းက ပြတင်းပေါက် အပြင်သို့ ငေးကြည့်နေပြန်သည်။


"အဲ့ဒီတုန်းက ခဏလောက်ပဲ ကြာတယ်၊ အရမ်းမြန်တယ်၊ ဒါပေမယ့် ပြန်သတိရမိတော့ နာရီ တော်တော် ကြာသွားတယ် လို့ ထင်လာမိတယ်"


"အင်း..မင်း ဘာဆိုလိုတယ် ဆိုတာ ကိုယ်သိပါတယ်"


ဟယ်လင်က သူထိုင်နေရာဖက် မျက်နှာပြန်လှည့်လိုက်ပြန်ပြီး "ဒါနဲ့ ချဲလ်ဆီးမှာ ရှင့်အိမ် ရှိတုံးပဲလား"


"ရှိသေးတယ် ပြောကြတာပဲ၊ ပြန်မရောက်ဖြစ်တာ ၁၉၄၀ ထဲက ဆိုပါတော့" ဟု ဗီကာရီက အရွှန်းဖောက် လိုက်သည်။


"ကျမကို အဲ့ခေါ်သွားပြီး ရှင့် အိပ်ယာပေါ်မှာ ချစ်ကြရအောင်လား"


"မင်း ပြောတာ ကိုယ်လည်း သဘောကျတာပါပဲ၊ အဲ့ကျရင် ကိုယ့်အသဲတွေ နောက်တခါ ထပ်ကွဲရလိမ့်ဦးမယ်၊ ဒီအရွယ်ကျမှ အသဲကွဲခဲ့ရင် ငယ်ငယ်တုန်းကလို ခံနိုင်ရည် ရှိမှာ မဟုတ်တော့ဘူး"


ဟယ်လင်၏ မျက်နှာပေါ်တွင် မည့်သည့် အရိပ်အယောင်မျှ မတွေ့ရတော့၊ နောက်ဆုံးတွင် ထွက်လာသည့် အသံကလည်း အသက်မပါ၊ "ရှင် အသဲ‌ တွေ ဘယ်တုန်းကများ ကျောက်ဆိုင် ကျောက်သားတွေလို မာကျောသွားတာပါလိမ့် အယ်ဖရက် ရယ်"


သူမ စကားများက သူနှင့် ယဉ်ပါးပြီးသား ဖြစ်နေသည်။ ပီတာ ဂျော်ဒန်အား စစ်ကြောမေးမြန်းပြီးနောက် ဘုသီက သူ့လက်ကို ဆွဲ၍ ထိုသို့သော စကားမျိုးကို ပြောခဲ့ဖူးသည်ကို အမှတ်ရလိုက်မိသည်။



သူတို့ နှစ်ဦးအကြား အရိပ်တခု ဖြတ်သန်းသွားသလို ထင်လိုက်ရသည်၊ အရိပ်သည် သူမ၏ မျက်နှာပေါ် ဖြတ်သွား၍ မဲမှောင်သွားပြီး ဆက်ရွေ့လျားသွားသည်။ သူမက ဘာစကားမှ မပြောပဲ မလှုပ်မယှက် ထိုင်နေသည်။ သူမ၏ မျက်လုံးများက စိုစွတ်လာဟန် ရှိသည်။ မျက်တောင် တဖြတ်ဖြတ် ခတ်ကာ ကျလုလု ဖြစ်လာသော မျက်ရည်များကို ထိန်းလိုက်ပြီး မျက်နှာ အမူအယာ ကို ပုံမှန်ဖြစ်အောင် ကြိုးစားလိုက်ပြန်သည်။


ဗီကာရီသည် သူ့ကိုယ်သူ အရူးတယောက်လို ထင်မြင်လာမိသည်။ အခြေအနေများသည် ထိန်းချုပ်၍ မရအောင် လွန်သွားခဲ့ပြီ ဖြစ်သည်။ သူမကို တွေ့ခဲ့ခြင်းသည်ကပင် ရူးနှမ်းချင်း သက်သက်သာ ဖြစ်သည်။ အကျိုးတစုံတရာ ဖြစ်လာမည်လည်း မဟုတ်၊ သူတို့နှစ်ဦးအကြား တိတ်ဆိတ်နေခြင်းသည်ကပင် သတ္တုတခုကို ကျောက်စက်နှင့် ပွတ်တိုက်နေသလို ခံစားလာရသည်။ သူ၏ အိတ်ကပ်ထဲက လခြမ်း ပုံ မျက်မှန်ကို လက်နှင့် စမ်းလိုက်ရင်း အကြောင်းတခုခု ပြပြီး ထထွက်သွားရန် စဉ်းစားမိလိုက်သည်။


ဟယ်လင်က သူအနေရ အထိုင်ရ ခက်လာနေသည်ကို ရိပ်စားမိဟန်ရှိသည်။ "ကျမလည်း ရှင့်အချိန်တွေကို အတော်ဖြုန်းပစ်လိုက်မိပြီ၊ ရှင် အလုပ်ကို ပြန်သွားသင့်တဲ့ အချိန်ရောက်ပြီ ထင်ပါရဲ့"


"ဟုတ်တယ်၊ ကိုယ် ပြန်သွားသင့်နေပြီ၊ ဒီလို ပြောရလို့ စိတ်မကောင်း ပါဘူး"


"စစ်ကြီး ပြီးသွားလို့ ရှိရင် ဒီ မီးခိုးရောင် အင်္ကျီကြီးကို ဆက်ဝတ်ချင်စိတ်ကို ဖျောက်လိုက်၊ ရှင့် စာအုပ်တွေ ရှိတဲ့ အရပ်ကိုပဲ ပြန်ပါ၊ အဲ့ကျရင် ရှင့်ကို ကျမ အခုထက်တောင် ပိုသဘောကျမိဦးမယ်"


ဗီကာရီက ဘာစကားမှ ထပ်မပြောပဲ သူမကိုသာ စိုက်ကြည့်နေမိသည်။ သူမရှိရာဖက် ကိုယ်ကို ကိုင်းလိုက်ပြီး ပါးပြင်ကို နမ်းဖို့ ကြိုးစားလိုက်သည်၊ သို့သော် သူမက မျက်နှာကို မော့လိုက်ရင်း သူ့လည်ပင်းကို လက်နှင့် သိုင်းကာ ဆွဲယူပြီး နှုတ်ခမ်းကို အသာအယာ နမ်းလိုက်သည်။

"ရှင် စိတ်တွေ ပြောင်းလာမှာ မကြာတော့ဖူး ထင်ပါရဲ့" ဟု ပြုံးရင်း ပြောလိုက်သည်။


"ကိုယ်လည်း တကယ်ပဲ အဲ့လို ထင်မိပါတယ်"


"ကောင်းပါလေ့ရှင်"


" ဂွတ်ဘိုင်..ဟယ်လင်'


"ဂွတ်ဘိုင် အယ်ဖရက်"



ဟယ်လင်က သူ့လက်ကို ဆွဲကိုင်လိုက်ရင်း "ကျမ ပြောဖို့ တခု ကျန်နေသေးတယ်၊ ရှင် ဘာပဲ လုပ်လုပ် ဘာဆယ် ဘုသီကိုတော့ မယုံစားလိုက်‌လေနဲ့၊ သူက တကယ့် အဆိပ်ရှိတဲ့ လူမျိုး၊ သူ့ဖက်ကိုလည်း ဘယ်တော့မှ ကျောမလှည့်မိအောင် သတိထား"


ထိုသို့ ပြောလိုက်သည့်စကား ကြောင့် သူမနှင့် တခါက ဖေါက်ပြန်ခဲ့ဘူးသည့် လူသည်  ဒေးဗစ်လို လူမျိုးဟု ပြောသည်ကို အမှတ်ရလိုက်သည်။


မင်းပြောတဲ့ လူက ဘုသီပဲ ဖြစ်မယ် ထင်ပါရဲ့ ဟု စိတ်ထဲက ပြောလိုက်မိသည်။


***************************