ဗလာဒီမာ ပူတင်၏ တပ်များ ကီယက် မြို့တော်အနီး တရွေ့ရွေ့ ချည်းကပ်လာနေပြီး ရုရှား ဒုံးကျည်များသည်လည်း ယူကရိန်း မြို့တော်များသို့ တဖွဲဖွဲ ကျရောက်လာနေချိန်တွင် သမ္မတ ဇယ်လင်စကီး မှ ယူကရိန်း နိုင်ငံပေါ်တွင် လေယာဉ် မပျံသန်းရ ဇုံ သတ်မှတ်ပေးရန် နေတိုး အဖွဲ့ကြီးအား ဒေါသတကြီး တောင်းဆိုလာခဲ့သည်၊ ထိုသို့ လုပ်ရန် ပျက်ကွက်နေခြင်းသည် မိမိပြည်သူများအား ဆက်လက် သတ်ဖြတ်နိုင်ရန် ရုရှား အား "မီးစိမ်း" ပြနေသည်နှင့် အတူတူပင် ဖြစ်သည်ဟု ဆိုသည်။
"ရုရှား တို့ လက်ချက်ဖြင့် သေသွားရသူတိုင်း ခင်ဗျားတို့ကြောင့် သေရတာ ဖြစ်တယ်" ဟု ပြောသွားခဲ့ပြန်သည်။
ထိုသို့ လေကြောင်း ပိုင်နက်အား မည်သူကိုမျှအသုံးပြုခွင့် မပေးဟူသော No-Fly Zone အယူအဆသည် ဟိုယခင်ကတည်းကပင် ရှိခဲ့ပြီး ဖြစ်သည်ဟု အီကော်နော်မစ် မဂ္ဂဇင်းကြီးက ယခုလို ရှင်းပြခဲ့သည်။
ပထမ ကမ္ဘာစစ်ကြီး အပြီးတွင် ဂျာမဏီအား စစ်ရေး နှင့် ဆိုင်သည့် မည်သို့သော ပျံသန်းမှု မျိုးကို မဆို ခွင့်မပြု ဟု ဗာဆိုင်း စာချုပ် ဖြင့် စတင် တားမြစ်လာခဲ့သည်။
ခေတ်သစ် လေကြောင်း ပျံသန်းခွင့် ကန့်သတ်လာမှုကို ၁၉၉၀ ကျော် နှစ်များ အတွင်း ဆက်ဒမ် ဟူစိန် အပေါ် ပြဠာန်းလာခဲ့ရာမှ စတင်လာခဲ့သည်။ ထိုအချိန်က ဆက်ဒမ်သည် နိုင်ငံ မြောက်ပိုင်းရှိ ကပ်ဒ် လူမျိုးစုများ နှင့် တောင်ပိုင်းရှိ ရှီးယိုက် ဘာသာဝင်များ အပေါ် လေကြောင်းမှ တိုက်ခိုက်လာခဲ့သည်။
ထို့အတွက် ဗြိတိန်၊ အမေရိကန် နှင့် ပြင်သစ်တို့မှ ထိုဒေသများ ပေါ်တွင် လေယာဉ် ပျံသန်းခွင့် မပြုဟု ကြေညာလာခဲ့သည်။ ၁၉၉၁ မှ ၂၀၀၃ အကြား ပြဠာန်းခဲ့သော ကာလများ အတွင်း အကြိမ်ပေါင်း ၂၂၅,၀၀၀ မျှ ကင်းလှည့် ပျံသန်း ပေးခဲ့ရသည်၊ (ပြင်သစ်သည် ၁၉၉၆ တွင် ဆက်လက် ပါဝင်ခြင်း မရှိတော့ပေ)
အလားတူပင် နေတိုး အဖွဲ့ကြီးမှ ၁၉၉၃ မှ ၁၉၉၅ အတွင်း ဘော့စနီယား နှင့် ဟာဇီဂိုဗီနား၊ ၂၀၁၁ တွင် လစ်ဗျား အပေါ် သတ်မှတ်ပေးလာခဲ့သည်။.လစ်ဗျားတွင် ထိုသို့ လေယာဉ် မပျံသန်းရ သတ်မှတ်လိုက်ခြင်း ကြောင့် နောက်ပိုင်းတွင် ကဒါဖီ အစိုးရ ပြိုလဲသွားသည် အထိ ဖြစ်လာခဲ့ရသည်။
လေယာဉ်မပျံသန်းရ ဇုံ သတ်မှတ်ပေးခြင်းသည် စစ်လေယာဉ်များကို အသုံးပြု၍ မြေပြင်ရှိ စစ်ရေး ပစ် မှတ်များ နှင့် အရပ်သားများ အပေါ် တိုက်ခိုက်ခြင်း မပြုနိုင်အောင် ဟန့်တား ပေးခဲ့ခြင်းပင် ဖြစ်သည်။ သို့သော် ထိုသို့ သတ်မှတ်ပြဠာန်းခဲ့ခြင်းသည် လွယ်လင့်တကူ ပြုလုပ်၍ ရသည့် အရာမျိုးတော့ မဟုတ်။ လေယာဉ် မပျံသန်းရဟု ကြေညာလိုက်ယုံဖြင့် လည်း ကိစ္စမပြီး။
ထိုသို့ ကြေညာလာသော နိုင်ငံများမှ ၎င်းတို့ပိုင် စစ်လေယာဉ်များ သုံး၍ သတ်မှတ်ပေးထားသော ဇုံနယ်မြေ အတွင်း ကင်းလှည့်စောင့်ကြပ်ပေးလာရသည်။ ချိုးဖောက် ဝင်ရောက်လာသည့် လေယာဉ်မှန်သမျှကို ပစ်ချခဲ့ရသည်၊ အီရတ် ကို သတ်မှတ်ကြေညာခဲ့စဉ်ကာလ များက အီရတ်ပိုင် လေယာဉ် လေးစင်းကို ပစ်ချခဲ့ရသည်။
တဖက်တွင်လည်း ထိုသို့ ကင်းလှည့်နေသော မိမိတို့ လေယာဉ်များအား ပစ်ချမခံရအောင် အကာအကွယ်များ ပြုလုပ်ခဲ့ရပြန်သည်။ ထို့အတွက် ရန်သူ၏ လေကြောင်းကာကွယ်ရေး စနစ်အား တိုက်ခိုက်ခြင်း၊ ရန်သူ ရေဒါ လှိုင်းများ အား ဖျက်ဆီးပစ်ခြင်း များ လုပ်လာခဲ့ရသည်။ ထို့အတွက် no-fly zone ဆိုသည်က သတ်မှတ်ခံရသော နိုင်ငံ အပေါ် စစ်ပွဲ ဆင်နွှဲရခြင်းမျိုး နှင့် အလားသဏ္ဍန်တူပေသည်။
အီရတ် နှင့် လစ်ဗျားတို့ အပေါ် လုပ်ရသည်မှာ ပြဿနာ မရှိလှသော်လည်း ရုရှားအပေါ် ထိုသို့ လုပ်ပါက အမေရိကန် တို့သည် ရုရှား တိုက်လေယာဉ်များကို ပစ်ချရတော့မည့် အဖြစ်နှင့် ကြုံလာရတော့မည် ဖြစ်သည်။ ထိုအခါ တွင် အမေရိကန်၊ ဗြိတိန်တို့က တဖက် နှင့် ရုရှား က တဖက် စစ်ရေးအရ ထိတ်တိုက် ရင်ဆိုင်လာရပေတော့မည်။
ယင်းနှင့် အတူ နေတိုး စစ်မဟာမိတ်စာချုပ် အဖွဲ့ဝင် နိုင်ငံအားလုံး မဖြစ်မနေ ပါဝင်လာရတော့မည် ဖြစ်ပြီး ဥရောပ-ရုရှား စစ်ပွဲကြီး အဖြစ် အသွင်ကူးပြောင်း သွားတော့မည် ဖြစ်သည်။
မိမိတို့ နေတိုးတပ်ဖွဲ့များ သည် မြေပြင်ကကော၊ လေကြောင်းကပါ ယူကရိန်း သို့ ဝင်ရန် ရည်ရွယ်ထားခြင်း မရှိဟု နေတိုးအဖွဲ့၏ အတွင်းရေးမှုး ချုပ် ဖြစ်သူ ဂျန် စတိုးလင်ဘတ်ခ် က ထုတ်ဖေါ် ပြောဆိုခဲ့သည်။
လေယာဉ် မပျံသန်းရ ဇုံအား စောင့်ကြည့်ထိန်းသိမ်းရေးတွင် အဟန့်အတားများလည်း ရှိနေပြန်သည်၊ အဓိကအားဖြင့် ရဟတ်ယာဉ် များနှင့် ပတ်သက်၍ အခက်အခဲများ ကြုံလာရသည်ကို ဘော့စနီးယား တွင် သိရှိလာခဲ့ကြသည်။ လေယာဉ်များ အသုံးမပြုနိုင်အောင် ဟန့်တား နိုင်ခဲ့သော်လည်း ယခုလို ကီယက် မှ ၁၅ မိုင်အကွာ ရောက်နေသော ရုရှား စစ်ယာဉ်တန်းမျိုးကို မူ ရှေ့ဆက်မတိုးအောင် ပြုလုပ်နိုင်စွမ်း မရှိ ဖြစ်နေသည်။
အီရတ်တွင် ဆက်ဒမ်သည် ရှီးယိုက်တို့အား ဗုံးကြဲတိုက်ခိုက်၍ မရ ဖြစ်လာသဖြင့် မြေပြင်တပ်များကို သုံး၍ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်ကို အမေရိကန် ပိုင်းလော့များလည်း ဘာမှမတတ်နိုင်ပဲ ဝေဟင်မှသာ ပျံဝဲစောင့်ကြည့်နေကြရသည်။
အချို့ကလည်း ပူတင်သည် နေတိုးအဖွဲ့ နှင့် စစ်ပွဲဆင် နွှဲရန် အထိ ဆန္ဒမရှိ၍ အနည်းဆုံး ယူကရိန်း အနောက်ခြမ်းလောက်ကို No-Fly Zone သတ်မှတ်ပေးသင့်သည်ဟု ထောက်ခံ ပြောဆိုလာကြသည်။
အချို့ကလည်း ဆီရီယားကို ဥပမာပေး ပြောဆိုလာခဲ့ကြသည်၊ ဆီရီယား လေကြောင်းပိုင်နက် အတွင်း စစ်ရေး အရ ထိတ်တိုက်တွေ့မှုမျိုး အား ရှောင်ရှားရန် de-conflict ဟု သတ်မှတ်ကာ အမေရိကန် နှင့် ရုရှား လေယာဉ်များ တနေရာထဲတွင် ရောက်ရှိ မနေရေး၊ အမြင့်ပေ အတူတူ ပျံသန်းခြင်းမျိုး မရှိရေး အတွက် စီမံ နိုင်ခဲ့ကြသည်။
အကယ်၍ ယူကရိန်း အနောက်ပိုင်းအား no-fly zone သတ်မှတ်ထားနိုင်မည်ဆိုက ယူကရိန်း သမ္မတ မစ္စတာ ဇယ်လင်စကီး အတွက် ကီယက်ကို လက်လွှတ်ခဲ့ရလျှင် အနောက်ဖက်ခြမ်းရှိ ပိုလန်နယ်စပ်နှင့် ၁၇ ကီလိုမီတာ အကွာရှိ လီဗိ မြို့မှနေ၍ စစ်ပြေး အစိုးရ အနေဖြင့် ရပ်တည်သွားနိုင်မည် ဖြစ်သည်။
ဤသည်ကို ကောင်းစွာ ရိပ်စားမိသော ရုရှားသည် ယူကရိန်းတွင် ဆီရီယား ကဲ့သို့ de-conflict ယန္တယား မျိုး တည်ဆောက်ရန် လိုလားပုံ မရှိ ဟု ပင်တဂွန် က ဆိုသည်။
ရုရှားသည် ယူကရိန်း လေပိုင်နက် အတွင်း တဦးတည်း ထင်တိုင်းကျဲခြင်နေပြီး အနောက်နိုင်ငံများလည်း မည်သို့မျှ မတတ်နိုင် လက်မှိုင်ချနေရဆဲပင် ဖြစ်ပေသည်။
သို့သော် တဖက်တွင် ရုရှားအား စီးပွားရေး အရ ဖြူကာ ပြာကာ ကျသွားရေး ကို အနောက်အုပ်စု မှ ဦးစားပေး ဆောင်ရွက်နေသည်။ အောင်မြင်သွားပါက ထိုကဲ့သို့သော စီးပွားရေး လက်နက်များ သုံးပြီး ကမ္ဘာတဝှမ်းရှိ အာဏာရှင်များကို ဆက်လက် ဖယ်ရှားသွားရန် ပြင်ဆင်လာတော့မည် ဖြစ်သည်။
ဒေါ်လာ ၁.၆ တြီလီယံ ပမာဏာရှိ ရုရှား စီးပွားရေး အဆောက်အအုံကြီးကို ၎င်းတို့ အကျိုးစီးပွား အပျက်ခံကာ ထိရဲခြင်း ရှိမည်မဟုတ်ဟု ပူတင်က လွဲမှားစွာ ယူဆခဲ့သည်။
ယခုအခါ ထိုလက်နက်ကြီးများ၏ အစွမ်းထက်ပုံကို မျက်မြင် ကိုယ် တွေ့ ကြုံလာခဲ့ရပြီ ဖြစ်သော တရုတ် တို့ပင် ထိတ်လန့်လာနေကြပြီး တိုင်ဝမ်အား အင်အားသုံး သိမ်းယူရေး ကို ပြန်လည် သုံးသပ်လာကြပြီ လည်း ဖြစ်သည်။