"မေရီက အပ်ဗဲယား အတွက် ခင်ဗျား စပိုင်လုပ်နေတာကို သိနေတယ်၊ ပြီးတော့ ကျွန်တော်ကလည်း ဂျာမန် အေးဂျင့် ဆိုတာ သိထားတယ်၊ ဗြိတိသျှ တွေသာ ဒါတွေကို သိသွားရင် ကျေကျေနပ်နပ် ကြီး လွှတ်ထားမှာတော့ မဟုတ်ဘူး၊ သူ့ကို ပါ ထောင်ထဲ တန်းထည့်ကြလိမ့်မယ်၊ ဒါက ကံကောင်းရင်နော်၊ ကံမကောင်းရင်တော့ ကြိုးပေး ကွပ်မျက် ပစ်ကြလိမ့်မယ်"
ဒိုရသီက လက်ကို ဝှေ့ရမ်းပြရင်းက "သူတို့ မေရီကို လက်ဖျားနဲ့တောင် မတို့ဖူး၊ ဒီအထဲမှာ သူမှ မပါခဲ့တာပဲ"
"တိုက်ရိုက် မဟုတ်ရင်တော့ ကြံရာပါ ဆိုတဲ့ စကားရှိသေးတယ်လေ ရှောင်၊ ခင်ဗျားရဲ့ သူလျို အလုပ်တွေ မှာ အလိုလိုနေရင်း မေရီက ကြံရာပါ ဖြစ်နေပြီ"
ဒိုရသီထံမှ ဘာစကားသံမှ ထွက်မလာပဲ လမ်း ဆက်လျှောက် နေသည်။ နျုမန် ပြောသည့် စကားများကို စဉ်းစားနေပုံရသည်။
အတော်လေးကြာမှ "ဂျာမဏီ မှာ ကျွန်တော်က ဘာလုပ်ရမှာတုန်း၊ ကျွန်တော် မသွားချင်ဘူး"
"ဒီလိုဆိုလည်း ဗိုဂဲလ်က တတိယ နိုင်ငံ တခုခု သွားလို့ ရအောင် စီစဉ်ပေးနိုင်တယ်၊ ဥပမာ ပေါ်တူဂီ တို့ စပိန်တို့ပေါ့၊ နောက်ဆုံးဗျာ ခင်ဗျား အိုင်ယာလန်ထဲ ပြန်ဝင်နိူင်အောင် လုပ်ပေးလို့ ရသေးတယ်"
"မေရီက သွားမှာ မဟုတ်ဘူးဗျ၊ ဟမ်တန် ဆင်း ကနေ ဘယ်မှ ခွာမယ့် မိန်းမမျိုး မဟုတ်ဘူး၊ ကျွန်တော် ခင်ဗျားနဲ့ လိုက်မယ်ဆိုရင်တောင် ကျွန်တော်ဖာသာ တယောက်တည်းလိုက်ရမှာ၊ သူ့ကိုတော့ ဒီ သောက် ဗြိတိသျှ တွေလက်ထဲ ဖြစ်ချင်ရာဖြစ် ဆိုပြီး ထားခဲ့ရမလို ဖြစ်နေပြီ"
ပြောရင်း ဆိုရင်းနှင့် "ဟမ်တမ် လက်ရုံး" မယကာ ဆိုင်သို့ ရောက်လာကြသည်။ သူတို့ စက်ဘီးများကို ဆိုင် အပြင်ဖက် နံရံတွင် မှီထောင်ထားလိုက်ကြသည်။
"ခင်ဗျား ပြောတာတွေ ဒီည စဉ်းစားလိုက်ဦးမယ်ဗျာ၊ မေရီကိုလည်း အကျိုးအကြောင်း ပြောပြပြီး မနက်ကျ အဖြေပေးမယ်"
ဆိုင်ထဲ ဝင်လိုက်ကြသည့် အခါ ဘားကောင်တာ နောက်တွင် ဖန်ခွက်များကို ပွတ်တိုက်နေသည့် ဆိုင်ပိုင်ရှင်မှ လွဲ၍ လူရှင်းနေသည်။ မီးလင်းဖိုတွင် မီးတောက်သည် အရှိန်ပြင်းပြင်း နှင့် တောက်လောင်နေသည်။
နျုမန် နှင့် ဒိုရသီလည်း အပေါ် ကုတ်အင်္ကျီများကို ချွတ်ကာ တံခါးဝ တွင် ကပ်နေသော အဝတ်ချိတ်သည့် တန်းတွင် သွားချိတ်ထားလိုက်ကြသည်။ ထို့နောက် မီးလင်းဖို နှင့် အနီးဆုံးစားပွဲတွင် ဝင်ထိုင်ခဲ့သည်၊ စားပွဲပေါ်ရှိ မီနူးတွင် များများစားစား ရွေးချယ်စရာ မရှိ၊ ဒီနေ့အတွက် ဝက်သား မုန့်သာ ရသည် ဟု ရေးထားသည်။ မီးအရှိန်က အတော်ပူလာသည်။ ဝက်သားမုန့် နှင့် ဘီယာ မှာလိုက်ကြသည်။ နျုမန်က ဆွယ်တာပါ ချွတ်လိုက်ရသည်၊ တအောင့်လောက် အကြာတွင် ဆိုင်ရှင်က သူတို့ မှာထားသည်များကို လာချပေးသည်။
နျုမန်က မနက်ပိုင်းတွင် ဒိုရသီ ခြံစည်းရိုး ပြင်နေသည်ကို ဝိုင်းလုပ်ကိုင် ပေးခဲ့သဖြင့် ဆာလောင်နေပြီ ဖြစ်၍ ချက်ခြင်းလို ခေါင်းမဖေါ်တမ်း စားနေသည်။ ပတ်ဝန်းကျင်ကိုပင် သတိမထားမိတော့၊ တံခါးဝမှ လူတယောက် ဝင်လာသံ ကြားမှပင် မော့ကြည့်မိတော့သည်။
ဝင်လာသည့်လူက ခန္ဓာကိုယ် ထွားထွားကျိုင်းကျိုင်း နှင့် ဖြစ်ပြီး နျုမန်သည် သူကို ရွာနား ပတ်ဝန်းကျင်တွင် တွေ့ဖူးထားပြီး ဖြစ်သည်။ ဂျင်နီ ၏ အဖေ မာတင် ကောဗီးလ် ဖြစ်မှန်းလည်း သိထားခဲ့သည်။
ကောဗီးလ်သည် ဝီစကီ တခွက်မှာပြီး ဘားကောင်တာတွင်ပင် ထိုင်နေသည်။ နျုမန်လည်း စားနေရင်း တန်းလန်းက သူ့အား မကြာခဏ ဆိုသလို လှမ်းကြည့်နေမိသည်။ သူ့၏ ဦးခေါင်းထက်ရှိ အနက်ရောင် ဆံပင်များက မျက်လုံးပေါ် ဝဲကျနေပြီး ပါးသိုင်းမွှေးများ ကတော့ အချို့နေရာများတွင် ဖြူနေသည်။ ဝတ်ထားသည့် ကုတ်အင်္ကျီက ညစ်ပတ် စွန်းထင်းနေပြီး ကားစက်ဆီနံ့များ ထွက်နေသည်။
သူ၏ ကြီးမားသော လက်ချောင်းများက အသားမာ တက်နေပြီး စက်ဆီများက ဖျက်မရအောင် စွန်းထင်းနေပြီ ဖြစ်သည်။ ကော်ဗီးလ်က လက်ထဲက ဝီစကီ ခွက်ကို တချက်တည်း မော့သောက်လိုက်ပြီး နောက်တခွက် ထပ်မှာလိုက်ပြန်သည်။ နျူမန်လည်း စားသောက် ပြီးသွား၍ စီးကရက် တလိပ်ထုတ်ကာ မီးညှိ ဖွာရှိုက်လိုက်သည်။
ကိုဗီးလ်က ဒုတိယ တခွက် သောက်ပြီး သွားသည့် အခါတွင်တော့ နျုမန် နှင့် ဒိုရသီတို့ ထိုင်နေရာဖက် လှည့်ပြီး စိုက်ကြည့်လာသည်။ "မောင်ရင်ကို ကျုပ်သမီး နဲ့ မပတ်သက်အောင် နေလို့ ပြောထားပါရစေ၊ ကျုပ်သမီး နဲ့ မောင်ရင် တို့ ရွာနားတဝိုက်မှာ တပူးပူး တတွဲတွဲ တွေ့နေရတယ်လို့ ကျုပ်ကြားထားတယ်၊ ဒါနဲ့ ပတ်သက်ပြီး ကျုပ် မကျေနပ်ဖူး"
ဒိုရသီက သွားကို တင်းတင်းစေ့လိုက်ပြီး "ကိုယ့်ဖာသာ ကိုယ်သောက်စရာ ရှိတာ သောက်ပါ"
"ဂျင်နီ နဲ့ ကျွန်တော်တို့ အတူ ရှိနေတာလည်း မိတ်ဆွေ သူငယ်ချင်း အဆင့်ထက် မပိုပါဘူးဗျာ"
"မင်းပြောတာ ကို ငါယုံမယ်များ မှတ်နေသလား၊ မင်း ငါ့သမီးကို ကျောရအောင် ကြံနေတာမလား၊ ငါ့သမီးက မင်းထင်တဲ့ အစားမျိုးထဲက မဟုတ်ဘူး"
"ဒီမှာ ခင်ဗျားဖာသာ ဘာပဲ ယုံယုံ ကျုပ် ဂရုမစိုက်ဘူး"
"ဒီက ဒိုရသီ နဲ့ သူ့မိန်းမ ဆီ ငါ့သမီး သွားလာနေတာ ငါ ဘာမှမပြောလိုဘူး၊ အေး...မင်းလို လူမျိုးနဲ့ သွား ပတ်သက်နေတာကိုတော့ ငါမကြိုက်ဘူး၊ မင်းလိုကောင်မျိုးက ငါ့သမီးအတွက် သင့်တော်တဲ့ လူမျိုး မဟုတ်ဘူး၊ မင်းတို့ နှစ်ယောက် နောက်တခါ အတူတွေ့ရတယ် ကြားလို့ကတော့ကွာ၊ မင်းနဲ့ ငါနဲ့ တွေ့ပြီသာ မှတ်"ဟု နျုမန် အား လက်ညိုးငေါက်ငေါက်ထိုးပြီး ကြိမ်းဝါးလိုက်သည်။
ဒိုရသီက "ခေါင်းပဲ ငြိမ့်ပြလိုက်၊ ခေါင်းထဲ ထည့်မနေနဲ့"
"ဂျင်နီ က ရှောင် နဲ့ မေရီ တို့ဆီ လာနေတာကလည်း သူ့ကို ဂရုစိုက်မှန်း သိလို့၊ သူ့အတွက် လုံခြုံမှု ရှိတလို့၊ စိတ်ချမ်းချမ်းသာသာ နေရလို့ပဲ၊ ကျုပ် ဒီထက်ပိုပြီး မပြောချင်ဘူး"
"ဂျင်နီ အိမ်မှာ ဘယ်လိုနေနေ မင်းအပူ တပြားသားမှ မပါဘူး၊ မင်းနဲ့ မဆိုင်တာတွေ မပြောနဲ့၊ သူနဲ့ ဝေးဝေးနေတာ မင်း အတွက် အကောင်းဆုံး လို့ပဲ ပြောလိုက်ပါပေရဲ့"
နျူမန်က သောက်လက်စ စီးကရက်ကို ထိုးချေလိုက်သည်၊ ဒိုရသီ ပြောသည်က အမှန်ပင်၊ သူ့အနေနှင့် ခွန်းတုံ့ပြန်မနေပဲ ပါးစပ်ပိတ်နေခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်။ အခုလို အချိန်တွင် ရွာသား တယောက်နှင့် ထိုးကြိတ်ရသည့် အဖြစ် အရောက်ခံ၍ မဖြစ်၊ ကော်ဗီးလ် လို လူမျိုးက သူ့ဘဝ တလျှောက်လုံး လူတိုင်းကို ဖြဲချောက်တတ်သည့် လူစားမျိုး ဖြစ်သည်။ သူ့သမီးအရင်းကိုပင် ချမ်းသာပေးသူ မဟုတ်၊ ဒီလို လူမျိုးကို အခွင့်အရေး ရတုံး လူမှန်နေရာမှန် ပြန်ရောက်အောင် ဆုံးမ ပစ်ချင်နေသည်။ ထိုသို့ လုပ်ပေးနိုင်ခဲ့လျှင် ဂျင်နီကို ဘယ်တောမှ ထိခိုက်နာကျင်အောင် လုပ်တော့မည် မဟုတ်ဟုလည်း တွေးမိလိုက်သည်။
"ခင်ဗျား ဘာလုပ်ချင်လဲ ပြော၊ ကျုပ်ကို ထိုးမလား၊ ဒီလိုမျိုးပဲ ဖြေရှင်းဖို့ သိတယ် မဟုတ်လား၊ ခင်ဗျား မကြိုက်တာ တခုခု ဖြစ်လာရင် ထိုးမယ်ကြိတ်မယ် ဆိုတာမျိုးလား၊ ဒါကြောင့်လည်း ဂျင်နီ ဒိုရသီ တို့ ဆီပဲ လာလာနေတာ၊ ခင်ဗျား ဒဏ်ကို မခံနိုင်လွန်းလို့"
ကော်ဗီးလ်၏ မျက်နှာ တင်းမာလာသည်၊ "မင်း ဘာကောင်လဲ ပြော၊ မင်း ပြောနေတဲ့ ဇာတ်လမ်းကို ငါမယုံဖူး" ဟု ပြောရင်း နျူမန် ရှိရာ တိုးလာပြီး အနီးရှိ ခုံတခုံကို ဆွဲလွှတ်ပစ်လိုက်သည်။
"မင်းလို ကောင်မျိုးတော့ကွာ၊ လာအပြင်ထွက်ခဲ့"
နျူမန်က "လာလေ ဒါမျိုး တွေ့ချင်နေတာ အတော်ပဲ"
***********************
ပြဿနာ ဖြစ်နေသည်ကို ရိပ်စားမိလာကြ၍ ရွာသား အချို့ ဆိုင် အပြင်ဖက် တွင် စုရုံးလာကြသည်။
ကော်ဗီးလ်၏ ညာဝိုက်လက်သီးသည် အချိန်အဆမဲ့စွာဖြင့် နျုမန်သည် တန်းဝင်လာသည်၊ နျုမန်က အလွယ်တကူပင် ရှောင်တိမ်းလိုက်သည်။ နောက်ထပ် နှစ်ချက် ဆက်တိုက် ထပ်ဝင်လာပြန်သော်လည်း နျုမန်က ခေါင်းကို လက်မ အနည်းငယ်မျှသာ ဘယ်ညာ တိမ်းယုံ တိမ်းလိုက်ပြီး သူ့လက်နှစ်ဖက်ကိုလည်း မျက်နှာရှေ့တွင် ကာထားလိုက်သည်။ သူ့မျက်လုံးများကလည်း ကော်ဗီးလ်ကို အလွတ်မပေးပဲ စိုက်ကြည့်နေပြီး ခံစစ်အနေအထားဖြင့် နေလိုက်သည်။ အကယ်၍ ကော်ဗီးလ်အား ထိုးရန် ရှေ့တိုးသွားမိက သူ၏ သန်မာသော လက်ကြီးများနှင့် ဖမ်းဆွဲပြီး ချုပ်ထားလိုက်မည် ဆိုက မည်သို့မျှ ရုန်းထွက်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
ထို့အတွက် ကော်ဗီးလ် အမှား လုပ်လာမည့် အချိန်ကိုသာ စောင့်နေသည်။ ထိုအခါမှ ဆင့်ကာ ဆင့်ကာ ထိုးပြီး ပွဲအမြန် သိမ်းနိုင်ရန် ရည်ရွယ်ထားသည်။
ကော်ဗီးက မနားတမ်းဆိုသလို အချိန်အဆ မရှိပဲ ထိုး လာပြန်သည်။ အမောဖေါက်လာပြီ ဖြစ်၍ အသက် ပြင်းပြင်း ရှုသံများ ကြားလာရသည်။ သူ့မျက် နှာပေါ်တွင်လည်း မှန်းချက် နှင့် နှမ်းထွက် မကိုက် ဖြစ်လာ၍ စိတ်ပျက်သည့် လက္ခဏာများ အတိုင်းသား တွေ့နေရသည်။ နောက်ဆုံးတွင် သူ့အား အတင်းဝင်ပူးရန် လက်နှစ်ဖက်ကို ဆန့်ပြီး တဟုန်ထိုး ဝင်လာသည်။ နျူမန်က ဘေးတဖက်သို့ အမြန် တိမ်းရှောင်ပေးပြီး သူ့ဘေးနားက ဖြတ်သွားသော ကော်ဗီးလ်အား ခြေထိုး ခံလိုက်သည်။
ကော်ဗီးလ်သည် "ဒုတ်" ဆိုသော အသံကြီးနှင့် အတူ မြေကြီးပေါ် မျက်နှာအပ်ကျသွားသည်။ ကော်ဗီးလ် လက်နှင့် ထောက်ကာ ကုန်းရုန်း ထဖို့ ကြိုးစားလာ၍ နျူမန်သည် ချက်ခြင်းဆိုသလို မျက်နှာတည့်တည့် သို့ ခြေထောက်နှင့် နှစ်ချက် ဆင့်ကန်ထဲ့လိုက်သည်။ ကော်ဗီးလ်သည် မျက်နှာကို လက်နှင့် ကာဖို့ ကြိုးစားလိုက်သေးသော်လည်း တတိယ တချက် ထပ်ကန်
ထဲ့လိုက်သည့် အခါတွင်တော့ စူးစူးဝါးဝါး အော်သံကြီး နှင့် အတူ မြေကြီးပေါ် ဖင်ထိုင်ရက် လဲကျသွားတော့သည်။
သူ၏ နှာခေါင်းရိုးက ကျိုးသွားပြီ ဖြစ်၍ သွေးများက ဒလဟော စီးကျလာနေသည်။
"ကဲ...ဒီလောက်ဆို အတော်နေသာထိုင်သာ ရှိသွားပြီ မဟုတ်လား မာတင်၊ ဆိုင်ထဲ ပြန်ဝင်တော့"
ကော်ဗီးလ်က ဘာမှ ပြန်မပြောပဲ ရှေ့တိုးလာပြန်ပြီး သူ၏ ဘယ် ဝိုက်လက်သီး တချက်ကို အားကုန်ပစ်သွင်းလိုက်ပြန်သည်။ ဒီတခါတော့ သူ့လက်သီးသည် နျူမန်၏ ပါးရိုးကို တည့်တည့်မတ်မတ်ကြီး ထိသွားခဲ့ပြီ ဖြစ်၍ အသားများပင် လန်ထွက်သွားသည်။
နျုမန်သည် တူကြီးနှင့် ထုခံလိုက်ရသလို ခံစားလိုက်ရသည်။ မျက်လုံးများလည်း ပြာဝေသွားပြီး မျက်ရည်များပင် ထွက်ကျလာသည်။ ခေါင်းကို တချက် ခါရမ်းလိုက်သည်။ ပြင်သစ် တွင် ကော်ဖီဆိုင် နောက်ဖေး လမ်းကြား ထဲ လဲကျနေပြီး သူ့ကိုယ်က ထွက်လာသော သွေးများ မိုးရေများ နှင့် အတူ ရေမြောင်းထဲ စီးမျောသွားခဲ့ပုံ ကို အမှတ်ရ မိသွားသည်။ SS များက သူ့အပေါ်မှ မိုးကြည့်နေရင်းက စစ်ဖိနပ်များနှင့် ကန်သူက ကန်၊ လက်သီးနှင့် ထိုးသူကထိုး၊ ပုလင်း နှင့် ရိုက်သူကရိုက်၊ ပစ္စတို သေနတ်ဒင်ဖြင့် ဆောင့်သူက ဆောင့် နေ၍ လူးလိမ့်နေအောင် ခံနေရသည်။
ကိုဗီးလ် က ဒီတကြိမ်လည်း အရင်ကလို ရမ်းသမ်းထိုးလာပြန်သည်။ နျုမန်က ခေါင်းငုံ ရှောင်လိုက်ရင်း အားယူကာ ခြေထောက်နှင့် ကော်ဗီးလ်၏ ညာဖက် ခုံညင်းရှိရာကို တအားကျုံးကန်လိုက်သည်။ ကော်
ဗီးလ်ထံမှ နာကျင်လွန်း၍ အော်သံကြီး ထွက်လာသည်။ နျုမန်က နောက်ထပ် သုံးချက်လောက် ဆက်တိုက် ကန်ထဲ့လိုက်သည်။ ကော်ဗီး ၏ ခန္ဓာကိုယ်ကြီး က လဲပြိုကျသွားသည်။ သူ၏ ခုံညင်း ပြုတ်ထွက်သွား ပြီလားဟု ပင် နျူမန် ထင်လိုက်မိသည်။ ကော်ဗီလ် မျက်နှာပေါ်တွင် ကြောက်ရွံ့သည့် အမူအရာများ ပေါ်လာသည်၊ သူ့ဘဝတလျှောက်လုံး နျုမန်လို သူ့ကို ခံချရဲသည့် လူမျိုး
တခါမှ တွေ့ခဲ့ဖူးပုံ မရပေ။
နျုမန်က သူ၏ ညာဖက်ခြမ်းသို့ နေရာ ရွှေ့လိုက်ပြန်၍ ကော်ဗီးလ်သည် သူ၏ အနာတရ ဖြစ်သွား
သော ခြေထောက်ကို အားယူ ထလိုက်ရသည်။ ကော်ဗီးလ်က မတ်တတ်ပင် တည့်တည့် မရပ်နိုင်တော့၍ နျုမန်က ပွဲပြီးလောက်ပြီဟု တွေးလိုက်မိသည်။
နျုမန်ုက ဆိုင်ရှိရာဖက် လှည့်လိုက်ချိန်တွင် ကော်ဗီးလ်သည် သူ၏ ကောင်းနေသေးသော ခြေထောက်ကို အားယူပြီး နျုမန်အား ခုန်အုပ်လိုက်ပြန်သည်။ နျူမန်သည် အံ့အားတသင့် ဖြစ်သွား၍ ရှောင်ချိန်မရတော့၊ ကော်ဗီး ခုန်အုပ်လိုက်သည့် အရှိန်ကြောင့် နျုမန်သည် နံရံ နှင့် ကပ်သွားသည်။ အရှိန်ပြင်းပြင်း နှင့် မောင်းလာသော လော်ရီ ကားတစီး ဝင်တိုက်လိုက်သလို ခံစားလိုက်ရသည်။ နျုမန်သည် အသက်ကို ပုံမှန် ပြန် ရှုသွင်း နိုင်အောင် ကြိုးစားလိုက်သည်၊ ကော်ဗီးလ်က သူ့ခေါင်းကို ဘယ်ညာ ရမ်းခါလိုက်ပြန်ပြီး နျူမန်၏ မေးစေ့ကို လက်နှင့် ညှစ်ထားလိုက်သည်။ နျုမန်က သူ၏ လျှာကို သူ ပြန် ကိုက်မိသွား၍ ပါးစပ်က သွေးများ စီးကျလာသည်။
ကော်ဗီးလ် သူ့အား တခုခု မလုပ်နိုင်မီ နျူမန်သည် သူ ဂွကြားအား ဒူးဖြင့် တိုက်ထဲ့လိုက်သည်။ ကော်ဗီးလ် ထံမှ ညည်းသံကြီး ထွက်လာပြီး အောက်သို့ စိုက်ကျလာသည့် မျက်နှာကို ဒူးနှင့် ပင့်တိုက်လိုက် ပြန်၍ အရိုးများ ကျိုးသွားသံပင် ထွက်လာသည်။ နျုမန်က ရှေ့တလှမ်းတိုး လာပြီး လက်ကို မြှောက်ကာ တံတောင်ဆစ် နှင့် ခေါင်းတဖက်ခြမ်းသို့ တိုက်ထဲ့လိုက်ပြန်သည်။
ကော်ဗီးလ်၏ ဒူးက ခွေကျသွားပြီး မြေကြီးပေါ် လဲကျသွားတော့သည်၊ သတိမေ့မျောသွားခြင်းတော့ မရှိသေး
"ထ မလာနဲတော့ မာတင်၊ ထလာရင် ဒီထက် အခြေအနေ ဆိုးသွား တော့မယ် ဆိုတာ သိတယ်နော်"
ထိုသို့ ပြောလိုက်စဉ်တွင် စူးစူးဝါးဝါး အော်သံကြီး ကြားလိုက်၍ နောက် လှည့်ကြည့်လိုက်ရာ သူတို့ ရှိရာ ပြေးလာနေသော ဂျင်နီကို တွေ့လိုက်ရသည်။
*********************