ရုရှား ကျုးကျော်မှု အပေါ် တရုတ်၏ သဘောထား

by Hla Soewai - Mar 03 2022

၁၉၆၈ ခုနှစ် တွင် ဆိုဗီယက်တို့ ချက်ကိုစလိုဗက်ကီယား ကို ကျူးကျော်ခဲ့ကြစဉ်က တရုတ်ပြည်ကို အုပ်ချုပ်နေကြသော စိတ်မာခက်ထန်သည့် တော်လှန်ရေး သမားကြီးများက စက်ဆုပ်ဖွယ် ရာဇဝတ်မှုကြီး အဖြစ် ကျယ်လောင်စွာ ပြောဆိုရှုတ်ချခဲ့ကြသော်လည်း ၎င်းတို့ အနေနှင့် အံ့အားတသင့် တော့ မဖြစ်ခဲ့ဟု ပြောကြပြန်သည်။



ဥက္ကဌကြီး မော်စီတုံး နှင့် သူ၏ လက်ထောက်များကဆိုဗီယက် အပေါ် ကာလကြာမြင့်စွာက သံသယ ရှိနေမှုများ မှန်ကန်ကြောင်း သက်သေပြလိုက်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ တခါက ၎င်းတို့ လွန်စွာ ဂုဏ်ယူခဲ့သော ဆိုဗီယက် ယူနီယံအား ယခုအခါ "ဆိုရှယ်လစ် နယ်ချဲ့ဝါဒီများ" က အုပ်ချုပ်‌နေကြပြီး မူလလက်ဟောင်း အမေရိကန် နယ်ချဲ့ အရင်းရှင် များ နှင့် တတန်းစားတည်း ဖြစ်နေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်ဟုလည်း ထုတ်ဖေါ်ပြောဆိုခဲ့ကြပြန်သည်။



ချုလင်လိုင်း ကမူ ဆိုဗီယက် ခေါင်းဆောင်များသည် ကမ္ဘာကြီးအား နှစ်ခြမ်းပိုင်း၍ အုပ်ချုပ်ရန် အမေရိကန် နှင့် ကြိတ်ဝိုင်း ဖွဲ့နေကြသည်၊ ချက်ကိုစလိုဗက်ကီယား အား ကျုးကျော်လာခြင်းသည် ဝါရှင်တန် နှင့် မော်စကို အကြား သဘောတူညီချက် ရှိထား၍ သာ ဖြစ်သည်၊ယခုလည်း အမေရိကန်တို့ ဝင်ရောက်မစွက်ဖက် ဆိုသည်ကို ကြိမ်းသေသိထား၍ သာ ‌ဆိုဗီယက် တို့  ပရာဂ်သို့ တင့်ကားများ စေလွှတ်ရဲခြင်း ဖြစ်သည်ကပင် သက်သေပြလာခဲ့ပြီဟု ပြောခဲ့သည်။


ထိုစဉ်က တရုတ်တို့ ဖက်က ဒေါသတကြီး တုန့်ပြန် ပြောဆိုခဲ့ခြင်းသည် ပရပ်ဂ် ‌‌နွေဦး ၏ လစ်ဘရယ် ပြုပြင်ပြောင်းလဲမှူ အပေါ် စာနာစိတ် ရှိကြ၍တော့ မဟုတ်ပေ။ ချက်ခေါင်းဆောင် အလက်ဇန်ဒါး ဒူးဘက်အား မော်စကိုသို့ ဖမ်းဆီး ခေါ်ဆောင်သွားမှု အပေါ်လည်း တလုံးတပါဒမျှ ‌ထည့်သွင်း ပြောဆိုခဲ့ခြင်းလည်း မရှိပြန်ပေ။


ဆိုဗီယက် ဖက်ဆစ် နယ်ချဲ့ သိမ်းပိုက်ထားသူများ အား ချက် လူထု ကြီးက ‌ရဲဝန့်စွာ တော်လှန်ဆန့်ကျင်လာခဲ့ခြင်း ဟု သတ်မှတ်ပြောဆိုခဲ့ကြသည်။


နောက်ပိုင်း ထိုဖြစ်ရပ် အပေါ် ဆိုဗီယက် ခေါင်းဆောင် ပိုင်း မှ ပြောဆိုသုံးနှုန်းလာသော သံတမန် စကားလုံးများကို တရုတ်ပြည်သူ့‌နေစဉ် သတင်းစာကြီးမှ‌နေ၍ "ချက်ကိုစလိုဗက်ကီယား တနိုင်ငံလုံးကို သိမ်းပိုက်နိူင်ဖို့ တပ်အင်အား သိန်းချီ စေလွတ်ပြီးမှ နယ်မြေတည်တံ့ ပိုင်ခွင့်ဆိုသည့် စကားကို ပြောဖို့ လိုဦးမည်‌လော" ဟု တုန့်ပြန် ရေးသားခဲ့သည်။



ယခုကဲ့သို့ ကမ္ဘာစနစ်ကြီး တခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်နေချိန်တွင် ရှီကျင့်ပင် နှင့် ပူတင်တို့သည် ဝါဒရေးရာတွင် စိတ်တူကိုယ်တူ မိတ်ဆွေရင်းချာ များ ဖြစ်လာ‌နေပြီ ဖြစ်သည်။


ပူတင်သည် ဖေဖေါ်ဝါရီ ၂၄ ရက်နေ့ ယူကရိန်းကို မည်သည့် အကြောင်းတစုံတရာ မရှိပဲ စတင် ကျုးကျော်ခဲ့ကြစဉ် သူ၏ စစ်ရေး ရည်မှန်းချက်ကို ဖုံးကွယ်ထားရန်ပင် ကြိုးစားခဲ့ခြင်းပင် မရှိပေ၊ လူဦးရေ ၄၄ သန်းမျှသာ ရှိသော အိမ်နီးချင်း နိုင်ငံငယ်လေးအား ၎င်းအား ဒုက္ခပေးမလာနိုင်မည့် လက်အောက်ခံ နိူင်ငံ လေး တခု အဖြစ် ပြောင်းလဲပစ်ရန်ပင် ဖြစ်သည်။


ဂျာမန် အဓိပတိ အိုလက်ဖ် ရှိုးလ် ကမူ "ပူတင်သည် ရုရှား အင်ပိုင်ယာကြီး ထူထောင်ချင်နေသူ" ဟုပင် ခပ်ပြတ်ပြတ် ပြောခဲ့သည်။


ရှီကျင်ပင့် နှင့် သူ၏ အစိုးရသည် ယူကရိန်း ပဋိပက္ခ အပေါ် ကြား နေဟန် ဆောင်နေကြသည်။ သို့သော် တရုတ်တို့ မည်သည့်ဖက် ယိမ်းသည်ကို အားလုံးက သိထားကြပြီး ဖြစ်သည်။ တရုတ်တို့ က ဝတ်‌ ကျေတန်းကျေ ငြိမ်းချမ်းရေး စကား တဖက်က ပြောနေ‌သော်လည်း တဖက်တွင် ရုရှားတို့၏ ဝါဒဖြန့် စကားများကို သံယောင်လိုက် ပြော‌နေကြပြန်သည်။


ရုရှားတို့ ပြောနေသည့် စစ်အေးတိုက်ပွဲ အပြီး ဆိုဗီယက် ဩဇာခံ နိုင်ငံများအား နေတိုးအဖွဲ့ထဲ သွတ်သွင်း ခဲ့မှူကိုသာ အပြစ်ဖို့ရမည် ‌ဆိုသည်ဖက်ကို ထောက်ခံ ပြောဆိုလာသည်။


တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက အနောက်နိုင်ငံ အစိုးရများ အ‌နေဖြင့် ရုရှားတို့၏ ကြောင်းကျိုး ခိုင်လုံသည့် လုံခြုံရေး နှင့် စပ်လျင်းသည့် တောင်းဆိုချက်များကို ဖြေရှင်းပေးရမည်၊ ထိုသို့ ဖြေရှင်းနိုင်အောင် လည်း ၂၇ နိုင်ငံ ပါဝင်သော အီးယူ နှင့် ရုရှားတို့ တန်းတူရည်တူ သဘောထား ဆွေးနွေးရမည်ဟု ‌တောင်းဆိုလာခဲ့သည်။


ယခုအခါ ၎င်းတို့၏ မိတ်ဆွေ ရင်းချာဖြစ်သော ရုရှားသည် ယူကရိန်းအား တစစီ ချိုးဖဲ့ပစ်ရန် ကြိုးစားနေချိန်တွင် တရုတ် သံတမန်တို့ ကမ္ဘာစင်မြင့်တွင် နိုင်ငံများ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေ တည်တံ့ပိုင်ခွင့်ကို လေးစားရမည်ဟူသော စကားတို့ကို လျှာအရိုး မရှိ ပြောဆိုရတော့မည့် အလှည့်ရောက်လာခဲ့ရပြီ ဖြစ်သည်။


တရုတ် အရာရှိများက "အင်အားချိန်ခွင်လျှာ ညီမျပြီး ရေရှည် ထိရောက်မှု ရှိသည့် ဥရောပ လုံခြုံရေး ယန္တရား တရပ်" ဖြစ်စေချင်သည့် ရုရှား၏ ဆန္ဒဟု ပြောဆိုလာကြသည်၊ (ထိုစကားလုံး အတိအကျ ကို ဇော်မင်းထွန်းက အတည်အကျ ပုံတူကူး ပြောဆိုခဲ့ခြင်း ဖြစ်သည်) ၊ ထိုစကားရပ်များ ပါသည့် ပူးတွဲကြေညာချက်ကို ဆောင်းရာသီ ဘီဂျင်း အိုလံပစ် ဖွင့်ပွဲ မတိုင်မီ နာရီပိုင်း အလိုတွင် ရှီကျင့်ပင် နှင့် ပူတင်တို့ ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ပါရှိလာခဲ့ပြီး ဖြစ်သည်။ ပူတင်၏ "ဥရောပ လုံခြုံရေး အား ဥပဒေ ကြောင်းဖြင့် ရေရှည် အာမခံ နိုင်မည့်" ရုရှား၏ အဆိုပြုချက်ကို တရုတ်မှ ထောက်ခံသည်ဟု ပါရှိခဲ့ပြန်သည်။


ဆိုလိုသည်က ဥရောပ လုံခြုံရေး နှင့် မဟာမိတ် ဖွဲ့မည့် ကိစ္စများတွင် ရုရှား မှ ဗီတို အာဏာ စွဲကိုင်ထားနိုင်ရေးပင် ဖြစ်သည်။ တရုတ် အစိုးရကမူ ဥရောပ လုံခြုံရေး ဆိုင်ရာ ကိစ္စများကို ဥရောပ တိုက်သားများသာ ဆုံးဖြတ်သင့်ပြီး အမေရိကန်တို့ ဥရောပမှ ထွက်ခွာပေးရမည်ဟု ယူဆထားသည်ဟု တရုတ် ပညာရှင်များက ရှင်းပြခဲ့ကြသည်။



ကမ္ဘာကြီးကို နိုင်ငံကြီးများကသာ စီမံ အုပ်ချုပ်သွားသင့်သည်ဟူသော အယူအဆကို တရုတ် အမျိုးသားရေး ဝါဒီတို့ လွန်စွာ သည်းခြေကြိုက်သော စကား ဖြစ်လာသည်။ တရုတ် ဆိုရှယ်မီဒီယာများတွင် ပူတင်အား ချီးကြူးကြသည့် ပို့စ်များ ဖြင့် ပြည့်နှက်နေသည်၊ ဝေဖန်မှုများကိုတော့ ဆင်ဆာလုပ်ခဲ့ကြသည်။


ယခင် ဆိုဗီယက် အုပ်စုဝင် နိုင်ငံများက ရုရှား ၏ အနိုင်ကျင့် ဗိုလ်ကျ လာမှုကို စိုးရိမ်ကြောင့်ကြလာ၍ နေတိုး အဖွဲ့ထဲ ဝင်ချင် လာကြ၍ တိုးချဲ့ ဖွဲ့စည်းပေးခဲ့ရသည် ဆိုသည်ကို တရုတ်တို့ မည်သို့မျှ နားလည် နိုင်စွမ်း မရှိပေ၊ ၎င်းတို့ အဖို့က နေတိုးစာချုပ် အဖွဲ့သည်  "ရန်လုပ်ရမည့်  လူကို အမြဲ ရှာဖွေနေသူများ" ဖြစ်၍ ကျူးကျော်ရန်စနိုင်မည့် လက်နက် အဖြစ် အသုံးချနေခြင်း ပင် ဖြစ်သည်ဟုသာ ယူဆထားခဲ့သည်။



လူမျိုးရေး သန့်စင်‌နေသည့် လုပ်ရပ်အား ကာကွယ်ရန် အကြောင်းပြပြီး ယူဂိုဆလာဗီယား ပြည်တွင်းစစ်တွင် နေတိုး တပ်များ ဝင်ရောက်စွက်ဖက်ခဲ့သည်ကိုတရားမဝင် လုပ်ရပ် အဖြစ် ကင်ပွန်းတပ်လာခဲ့သည်။ ကိုဆိုဗို စစ်ပွဲ ဖြစ်ပွားနေစဉ် ၁၉၉၉ မေလ အတွင်း ဘဲလ်ဂရိတ်ရှိ တရုတ်သံရုံး အား နေတိုးတပ်များ၏ ဗုံးကြဲတိုက်ခိုက် ခံရမှုအား မတော်တဆ ဖြစ်ရပ် အဖြစ် လက်ခံရန် ယခုတိုင် တရုတ်အစိုးရ က ငြင်းပယ်နေဆဲ ဖြစ်ပြီး ထိုနေ့ကို တရုတ်တို့ ၏ အရေးပါသော လက်နက်စီမံကိန်းတခု အတွက် ပရိုဂျက် ၉၉၅ ဟု အမည်ပေးခဲ့ကြသည်။


ရုရှားတို့ ယူကရိန်းအား ကျူးကျော်တိုက်ခိုက်လာသည့်နေ့မှာပင် တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဟွာ ချွန်ယင် မှ  အနောက်အုပ်စုသည် တရုတ်၏ အချုပ်အခြာ အာဏာကို နင်းခြေပစ်ခဲ့သည့် လုပ်ရပ်များ သမိုင်းစဉ်တလျောက် ရှိခဲ့ပြီး ယခုလည်း နေတိုးအပေါ် တရုတ်တို့ သွေးကြွေး ဆပ်ရဦးမည် ဖြစ်သည်ဟု ဘဲဂရိတ် သံရုံးကိစ္စအား ရည်ညွှန်းပြောဆိုသွားခဲ့သည်။



ပူတင်၏ ယူကရိန်းအား ဝင်ရောက်တိုက်ခိုက်မည့် အစီအစဉ်ကို ရှီကျင့်ပင် အနေဖြင့် ကြိုတင်သိရှိခဲ့ခြင်း ရှိမရှိ ဆိုသည်ကိုကား သဲသဲကွဲကွဲ မသိရသေးပေ။ သို့သော် ဘီဂျင်းနှင့် ကုလဌာနချုပ်ရှိအနောက်တိုင်း သံတမန်များကမူ တရုတ် တို့ အတော် အထိတ်တလန့် ဖြစ်သွားသည်ကို တွေ့ခဲ့ရသည်ဟု ပြောခဲ့ကြသည်။



မည်သို့ပင် ဖြစ်စေ စစ်ပွဲသည် ပိုမိုပြင်းထန်လာသည်နှင့်အမျှ ရုရှား လိုလားသော မူဝါဒ ကျင့်သုံးနေသည့် တရုတ် အစိုးရ အဖို့ နိုင်ငံရေး အရ အကြီးအကျယ် ထိခိုက်လာရဖို့ ရှိနေသည်။



သို့သော် ဘီဂျင်းရှိ ကိုယ့်မျက်ချေးသာ ကိုယ် မြင်တတ်သူများကမူ အမေရိကန် တို့ အရှေ့ဥရောပတွင် အလုပ်များနေပြီ ဖြစ်၍ အင်ဒို-ပစိဖိတ် ဒေသတွင် တရုတ်ဩဇာအာဏာကို လက်မြန်ခြေမြန် ချဲ့ထွင်ဖို့ အခွင့်ကောင်း ရလာနိုင်သောကြောင့် ရုရှားတို့၏ နယ်ချဲ့ ဝါဒနှင့် ပြေလည်အောင် နေသွားဖို့ လိုသည်ဟု ယူဆနေကြသည်။