D-Day နောက်ကွယ်ကသူလျှိုမဟုတ်သောသူလျှိုများ (၁၃၀)

by Hla Soewai - Mar 03 2022

"ဟင်းဒရစ်ခ်ျ ဟင်းမလား ကျမတို့ အိမ် ထဲ ရောက်လာတာကို ခုထိ မယုံနိုင်အောင်ကို ဖြစ်နေတုံးပဲ" ဟု ထရုဒ်က သူမဖာသာ တဦးတည်း ပြောဆိုနေသည့် အလား ရေရွတ်လိုက်ပြန်သည်။ သူတို့ အိပ်ခန်းထဲရှိ ငြိမ်းလုလု ဖြစ်နေသော မီးလင်းဖို ရှေ့တွင် ရပ်နေရင်း ယခုလို ပြောလိုက်ခြင်း ဖြစ်သည်။ သူမသည် ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ် ထားကာ လက်နှစ်ဖက်ကို လည်း တင်းကျပ်စွာ ပိုက်ထားပြန်သည်။ အလင်းရောင် ဖျော့တော့တော့ အောက်တွင် သူမ၏ မျက်နှာသည် မျက်ရည်များနှင့် စိုစွတ်နေပြီး တကိုယ်လုံးလည်း တုံတုံရီရီ ဖြစ်နေသည်ကို ဗိုဂဲလ် မြင်နေရသည်။



"သူ့ ကို စတွေ့လိုက်တုံးက အိမ်မက်များ မက်နေသလားတောင် ထင်နေမိတယ်၊ အိမ်မက် မဟုတ်မှန်း လည်း သိရော ကျမတို့ အားလုံးတော့ အဖမ်းခံရပြီလို့ အောက်မေ့သွားတယ်၊ ပြီးတော့မှ ဟင်းဒရစ်ခ်ျ ဟင်းမလားက ကျမ ခင်ပွန်းနဲ့ တိုင်ပင်စရာ ရှိလို့ ကျမ မိဘအိမ်အထိ လိုက်လာတာ ဖြစ်မှာလို့ အသိဝင်လာတယ်"



ထို့နောက် မီးဖိုကို စိုက်ကြည့်နေရာမှ ဗိုဂဲလ် ဖက် ပြန်လှည့်လိုက်ပြီး "အဲ့တာ ဘယ်လို ဖြစ်ရတာလဲ ဆိုတာ တဆိတ်လောက် ပြောပြစမ်းပါဦး၊ ရှင်ပြောတော့ သူ့ဆီမှာ လုပ်နေတာ မဟုတ်ဖူးဆို၊ ကျမကို ပြောစမ်းပါ၊ ရှင်ဟာ ဟင်းမလားရဲ့ လက်ပါးစေတယောက် မဟုတ်ပါဘူး လို့၊ လိမ်ပြီးတော့ပဲ ဖြစ်ဖြစ် အဲ့လို ပြောပေးပါလားရှင်"



"ကိုယ်က ဟင်းဒရစ်ခ်ျ ဟင်းမလားဆီမှာ လုပ်နေတာ မဟုတ်ဘူး"


"သူနဲ့ အတူ ပါလာတဲ့ လူက ဘယ်သူလဲ"


"အဲ့တာ ဝေါ်လ်တာ ရှလင်းဘတ်ခ်"


"သူက ကော ဘာလဲ"


ဗိုဂဲလ် က ရှလင်းဘတ် ဘာ ဆိုသည်ကို ပြောပြလိုက်သည်။



"ဒါဆို ရှင်ကကော ဘာလဲ၊ ရှင်ပြောတော့ ကနယ်ရစ် အတွက် ဥပဒေ အကြံပေး လုပ်နေတာဆို"


"ကိုယ်အလုပ်က ဘာဖြစ်လာလည်း ဆိုတော့ စစ်ကြီး မဖြစ်ခင်မှာ အထူးအရည်အချင်း‌ တွေ ရှိနေတဲ့ လူတွေကို လိုက်ရှာပြီး လေ့ကျင့်ပေးရတယ်၊ ပြီးရင် သူတို့ကို စပိုင် အဖြစ် အင်္ဂလန် ကို လွှတ်ပေးရတယ်"



ထရုဒ် မျက်နှာ ပေါ်တွင် သူမ ကာလကြာမြင့်စွာ ကတည်းက သံသယ ရှိနေခဲ့သည်များ မှန်နေလေပြီ ဟူသော အမူအရာများ တွေ့လာရသည်။


"ရှင် ကျမကို အဲ့ဒါတွေ ဘာလို့ စောစောကတည်းက မပြောတာလဲ"


"ကိုယ့် အနေနဲ့ ဘယ်သူကိုမှ ပြောခွင့်မရှိဘူး၊ မင်းကိုတောင် ပြောခွင့် ပေးမထားဘူး၊ မင်းတို့ကို အကာအကွယ် သဘောမျိုး ဖြစ်အောင် လိမ်ထားခဲ့ရတာ၊ အခြား ဘာအကြောင်းမှ ကိုယ့်မှာ မရှိပါဘူး"



"ဒီနေ့ ကော ဘယ်ကနေ ရောက်လာရတာတုန်း"



သူမကို ထပ်လိမ်နေ၍လည်း အကြောင်းမထူးတော့၊ "ဘာတီးဂါတင်းမှာ ဟစ်တလာနဲ့ တွေ့ပြီး ပြန်လာတာ"


"ဘုရားသခင်" ဟု ထရုဒ်က အလန့်တကြား ရေရွတ်လိုက်ရင်း သူမ၏ ခေါင်းကိုလည်း ခါရမ်းနေပြန်သည်။ "အခြား ဘာတွေကော ရှင် ကျမ ကို လိမ်ထားသေးလဲ ကပ် ဗိုဂဲလ်"



"ကိုယ့် အလုပ်ကလွဲလို့ အခြားဘာကိုမှ လိမ်မထားဘူး"



ထရုဒ် မျက်နှာ အမူအရာက သူ့စကားကို ယုံကြည်ဟန် မပြပေ။


"ဒီအိမ်ထဲထိ ဟင်းဒရစ်ခ်ျ ဟင်းမလား ရောက်လာပြီ၊ ရှင် ဘာတွေ လုပ်နေတာတုန်း၊ ရှင်ဟာ တခါက ထူးချွန်တဲ့ ရှေ့နေကြီး ဖြစ်ခဲ့တာ မမေ့နဲ့ဦး၊ ရှင်အဖို့ ဟာမန်း ဟဲလားလို တရားလွှတ်တော်ချုပ် တရားသူကြီး ဖြစ်ဖို့ အလားအလာ ရှိခဲ့ဖူးတဲ့လူ၊ ဥပဒေကို အသွေးထဲ အသားထဲက မြတ်နိုးခဲ့တဲ့ လူတယောက်"



"ဂျာမဏီ မှာ ဥပဒေဆိုတာ မရှိတော့ဘူး ထရုဒ်၊ ဟစ်တလာ ဆိုတဲ့လူပဲ ရှိတော့တယ်"


"ဟင်းမလားက ညကြီးမင်းကြီး အချိန်မတော်မှ ဘာအတွက် ရောက်လာရတာတုန်း"


"မိတ်ဆွေ တယောက်ကို သတ်ပစ်ဖို့ သူ့ကို အကူအညီ ပေးစေချင်လို့"



"ဘုရားရေ...ရှင် မကူညီနိုင်ဖူးလို့ ပြောလိုက်တယ် မဟုတ်လား"


ဗိုဂဲလ်က မော့ကြည့်လိုက်ပြီး...


"ကိုယ် က မကူညီနိုင်ဖူးလို့ ပြောလိုက်ရင် ကိုယ့်ကို သတ်ကြလိမ့်မယ်၊ ပြီးရင် မင်း နဲ့ သမီးတွေကိုပါ အရှင်ထားမှာ မဟုတ်ဘူး ငါတို့အားလုံး အသတ်ခံရဖို့ ရှိနေတယ် ထရု‌ဒ်"



*********************


အပိုင်း (၄)



အခန်း (၄၃)


LONDON: FEBRUARY 1944


"အဖြစ်ကတော့ အရင်အတိုင်းပဲ အယ်ဖရက်၊ ကျွန်တော်တို့ လူတွေနဲ့ သုံးနာရီလောက်ကြာအောင် တူတူပုန်းတမ်း ကစားပြီး မှ သူ့တိုက်ခန်းကို ပြန်သွားတယ်"



"အဓိပ္ပါယ် မရှိဘူး ဟာရီ၊ ဒီအမျိုးသမီး နောက်ထပ် အေးဂျင့် တယောက်နဲ့ တွေ့ရင်‌ တွေ့၊ ဒါမှ မဟုတ် အချိန်းအချက် လုပ်ထားတဲ့ တနေရာရာမှာ ပို့ရမယ့် ဟာတွေကို သွားချခဲ့တာမျိုးပဲ ဖြစ်မယ်"



"အဲ့လို လုပ်ခဲ့တယ် ဆိုရင်တော့ ကျွန်တော်တို့ မျက်စိ လျှမ်းသွားတာပဲ ဖြစ်မယ်၊ ဒီတခါလည်း သွားပြန်ပြီ"



ဗီကာရီက တောက်တချက် ခေါက်လိုက်ရင် စီးကရက် တလိပ်ကို ထုတ်ပြီး သောက်လက်စ ကုန်လုဆဲဆဲ စီးကရက် နှင့် တို့ပြီး မီးညှိလိုက်သည်။ ထိုသို့ စီးကရက် ဆက်တိုက် သောက်နေမိသည့် အတွက် သူ့ကိုယ်သူလည်း စက်ဆုပ်နေမိပြန်သည်။ စီးကရက် သောက်သည်ကပင် မကောင်းမှန်း သိနေသည့်အထဲ တလိပ်ကုန် နောက်တလိပ် မီးထပ်ညှိသည့် အဖြစ်က မည်သို့မျှ ခွင့်လွှတ်နိုင်ဖွယ် မရှိ။



ထိုသို့ ဖြစ်လာရခြင်းမှာလည်း စိတ်ဖိစီးမှု များလာ၍သာ ဖြစ်သည်။ ယခု ဆိုလျှင် သူတို့ စစ်ဆင်ရေးသည် တတိယပတ်ထဲ ဝင်လာနေပြီ ဖြစ်သည်။ "ပါတီပွဲကြီး" ဟု အမည်ပေးထားသည့် စာရွက်စာတမ်း အတုများကို ကက်သရင်း ဘလိတ်အား ဓါတ်ပုံ ရိုက်ခွင့် ပေးခဲ့သည်မှာလည်း လေးကြိမ်တိတိ ရှိနေပေပြီ။ လေးကြိမ်စလုံးလည်း သူမအား
နောက်ယောင်ခံ လိုက်‌ကြည့်နေသူများကို လှည့်စား နိုင်ခဲ့ပြန်သည်။


ထို့အတွက် ဖလင်လိပ်များကို မည်သို့မည်ပုံ အပြင်ရောက်အောင် ပေးပို့နေသည်ကို သူတို့ အဖို့ မသိနိုင် ဖြစ်‌နေရသည်။ ထို့အတွက်လည်း ဗီကာရီ အဖို့ ထိုင်ရမလို ထရမလို ဖြစ်လာခဲ့ရခြင်းပင်။ ယခု အတိုင်း ရှေ့ဆက် သွားမည် ဆိုက အချိန်ကြာလာသည်နှင့် အမျှ သူ့လူများ ဖက်က အမှားတခုခု ကျုးလွန်နိူင်ခြေ ရှိသည့် အခွင့်အလန်း ပိုများလာပေတော့မည်။


"ဒီတိုင်းဆို ကျုပ်တို့ ဖက်က လုပ်ပုံလုပ်နည်း‌ တွေ တခုခု မှား‌နေပြီ ထင်တယ်"


"အာစရိ ဘာဆိုလိုတာလဲ"


"ကျုပ်တို့ဖက်က ဒီအမျိုးသမီး ဖလင်လိပ်တွေကို ဘယ်မှာများ ချသွားလိမ့်မလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ နောက်က ‌တ‌ကောက်ကောက် နောက်ယောင်ခံ လိုက်နေကြတာ၊ ကျုပ်တို့ ဖက်က ဒီတခါ ဗျူဟာ ပြောင်းပြီး လာယူမယ့် အေးဂျင့်ကို စ ရှာကြမယ် ဆိုရင်ကောဗျာ"



"ဘယ်လို စရှာကြမလဲ၊ ကျွန်တော်တို့ဖက်က ဘယ်သူဘယ်ဝါမှန်း မသိ၊ ဘယ်လိုပုံ ရှိမှန်းလည်း မသိပဲနဲ့"



"တကယ်တမ်း ပြောရရင် ကျုပ်တို့ဖက်က သိနိုင်ခြေ ရှိနေတယ်၊ ကက်သရင်း အပြင်ထွက်တဲ့ အခါတိုင်း ကျုပ်တို့ဖက်ကလည်း လိုက်ထွက်တာချည်းပဲ၊ ဒီအတိုင်းပဲ ဂင်ဂါ ဘရက်ရှောလည်း နောက်က လိုက်တာပဲ၊ လိုက်တဲ့ အခါတိုင်း ဘရက်ရှောက ဓါတ်ပုံတွေ တပုံတခေါင်းကြီး ရိုက်ယူထားခဲ့ပြီးသား၊ ဒီဓါတ်ပုံတွေထဲမှာ ကျုပ်တို့ ရှာနေတဲ့ လူ ပါကို ပါရမယ်"



"ဟုတ်ပြီ ဗျာ၊ ကျွန်တော်တို့ ကြိုးစားကြည့်သင့်တယ်"



ဆယ်မိနစ်လောက် အကြာတွင် ဓါတ်ပုံ တထပ်ကြီး ကိုင်ကာ ဟာရီ ပြန်ရောက်လာသည်။ "ကဲ...ဟော့ဒီမှာ ဓါတ်ပုံစုစုပေါင်း ၁၅၀ ရှိတယ်၊ အတိအကျပဲ အယ်ဖရက်"


ဗီကာရီသည် ခုံတွင် ထိုင်ချလိုက်ရင်း သူ၏ လခြမ်းပုံ စာကြည့်မျက်မှန်ကို ထုတ်တတ်လိုက်သည်။ ဓါတ်ပုံများကို တပုံချင်းစီ ကောက်ယူပြီး အသေအချာ စီစစ်ကြည့်နေသည်။ ဓါတ်ပုံထဲက မျက်နှာများ၊ သံသယ ဖြစ်ဖွယ် ဝတ်စားဆင်ယင်မှု များ၊ မျက်နှာ အမူအယာများ အားလုံးကို အလွတ် ကျက်မှတ်မိအောင် ဗီကာရီသည် တပုံပြီး တပုံ ဦးနှောက်ထဲ့ ထည့်နေရသည်။ ဟာရီကတော့ လ္ဘက်ရည် ငှဲ့သောက်လိုက် လမ်းထလျှောက်လိုက် လုပ်နေသည်။



နှစ်နာရီခန့် အကြာတွင်တော့ ဗီကာရီသည် သူရှာနေသည့် လူကို တွေ့လာခဲ့ပြီဟု ယူဆမိလာသည်။



"ဒီမှာ ကြည့် ဟာရီ၊ ဒီလူက လိုက်ကက်စတာ စကွဲယားထဲမှာ၊ ပြီးတော့ သူ့ကိုပဲ အူစတန် ဘူတာရုံ မှာ ထပ်တွေ့တယ်၊ တိုက်ဆိုင်တာမျိုးကော၊ မတူတဲ့ အခြား လူတယောက်ယောက်လည်း ဖြစ်နိုင်တယ်၊ ဒါပေမယ့် ကျုပ်စိတ်ထဲမှာ သံသယ ဖြစ်လာတာတော့ အမှန်ပဲ"


"ဟုတ်ပါ့ဗျာ၊ သေစမ်း" ဟု ဟာရီက ရေရွတ်လိုက်ရင်းက ဓါတ်ပုံထဲက အနက်ရောင် ဆံပင်၊ လေးထောင့်ကျ ပုခုံးနှင့် ခပ်ညှက်ညှက် လူကို အသေအချာ ကြည့်နေပြန်သည်။ ထိုလူ၏ ဝတ်စားဆင်ယင်ထားပုံသည် ထူးခြားမှု မရှိပဲ သူလိုကိုယ်လိုပင် ဖြစ်သည်။ သူ့အား ထူးထူးခြားခြား အာရုံမစိုက်မိအောင် လမ်းပေါ်က လူတယောက်လို သာမန်ကာ လျံကာ ဝတ်ထားပုံရသည်။



ဗီကာရီ က ဓါတ်ပုံများကို ပြန်စုလိုက်ပြီး နှစ်ပုံ ပုံလိုက်သည်။



"အဲ့လူကိုသာ တွေ့အောင် ရှာပေတော့ ဟာရီ၊ အခြား ဘယ်သူမှ မဖြစ်နိုင်ဘူး"



နာရီ ဝက်ခန့်အကြာတွင် ဟာရီသည် ထိုလူအား ထင်ထင်ရှားရှား မြင်ရသည့် ထရာဖါဂါ ရင်ပြင်တွင် ရိုက်ယူထားသော ပုံကို ရွေးထုတ်လိုက်သည်။



"ဒီလူကို လျို့ဝှက် အမည်ပေးဖို့တော့ လိုတယ်"


"သူ့ကြည့်ရတာ ရူဒေါ့ဖ် နဲ့ ဆင်တယ်"


"ကဲ..အဲ့ဒါဆိုလည်း ရူ‌ဒေါ့ဖ်ပဲပေါ့"


********************************