D-Day နောက်ကွယ်ကသူလျှိုမဟုတ်သောသူလျှိုများ (၁၂၉)

by Hla Soewai - Mar 02 2022

ဟစ်တလာက အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြန်သည်၊ ဒီတကြိမ်တွင်တော့ ခပ်ဖြေးဖြေး သာ၊ အဝေးက ငြိမ်သက်အေးချမ်းစွာ လဲလျှောင်းနေသော အယ်လ်ပ်တောင်တန်းကြီး သည် သူ့စိတ်ကို တနည်းနည်း နှင့် ဖြေသိမ့်ပေးနေသလို ဖြစ်ပုံရသည်။ “အခု ကိစ္စကို ဗိုဂဲလ်၊ ရှလင်းဘတ်ခ် နဲ့ ကနယ်ရစ်တို့ အားလုံး တသဘောတည်း ရှိပေမယ့် ကျုပ်ကတော့ အဲ့လို မယူဆဘူး၊ အဖြစ်အပျက်တွေကတော့ အင်မတန် စိတ်ဝင်စားစရာ ကောင်းလောက်အောင် အပြောင်းအလဲ မြန်လာတယ်၊ ဟုတ်တယ် မဟုတ်လား ဟား ရိုက်ချ်ဖူးဟား” ဟု သူနှင့် အတူ ကျန်ရစ်ခဲ့သော ဟင်းမလား ကို ပြောလိုက်သည်။

 

အနောက်ဖက်သို့ နေလုံးကြီး ဝင်ကာ တဖြေးဖြေး ပျောက်ကွယ်သွားနေသည်ကို ဟစ်တလာသည် ရပ်ကြည့်နေသည်။ နေဝင်ရီတရော အချိန် ဖြစ်လာ၍ မြင့်မား ခေါင်သီလှသော အယ်လ်ပ် တောင်တန်း ၏ ထိပ်ဖျားတွင် ပန်းနုရောင် နှင့် ခရမ်းရောင် ယှက်သန်း ဖြာကျလာနေသည်။

 

“ပထမတော့ ဗိုဂဲလ်က ပိုးစာပင် စစ်ဆင်ရေး ဆိုတာ ဆိပ်ကမ်း အတု လို့ ပြောတယ်၊ အခု လေယာဉ်ပစ် အမြှောက်တွေ ထားဖို့ ရေပေါ် အဆောက်အဦးတွေ ဖြစ်သွားပြန်ပြီ”

 

“အတော်ကို စိတ်ဝင်စားစရာတော့ ကောင်းနေတယ် ဖူဟား၊ ကျွန်တော်မှာလည်း ဒါနဲ့ ပတ်သက်ပြီး သီအိုရီ တခု တော့ ရှိနေတယ်”

 

ဟစ်တလာက ပြတင်းပေါက် တွင် ရပ်နေရာက ပြန်လှည့်လာပြီး “ကဲ...ပြောစမ်းပါဦး”

 

“ပထမ အချက်က သူ ပြောနေတာ အမှန် ဆိုတာပဲ၊ သူ ယုံကြည်တဲ့ လူတွေဆီက သတင်း အသစ်တွေ ရလာတယ်၊ ဒါကြောင့် ဖူဟားကို ပြောသွားတာတွေက သူတကယ်ကို ယုံကြည်လို့ ပြောသွားတာပဲ”

 

“ဖြစ်နိုင်ပါတယ်၊ ဆက်ပါဦး”

 

“ဒုတိယ အချက်က ဖူဟားကို သူတင်ပြတဲ့ သတင်းတွေက လုံးဝ လုပ်ကြံ ဖန်တီး ထားတာလည်း ဖြစ်နိုင်တယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ ကပ် ဗိုဂဲလ် နဲ့ သူ့ရဲ့ ဆရာသမား ဝီလျှံ ကနယ်ရစ် နှစ်ယောက်စလုံးက ဖူဟား နဲ့ ဂျာမဏီ ကို လုံးဝဖျက်လိုဖျက်ဆီး လုပ်ဖို့ ရည်ရွယ်ထားတဲ့ လူတွေ ဖြစ်နေလို့ပဲ”

 

ဟစ်တလာက လက်ကို ပိုက်ပြီး ခေါင်းကို မော့ရင်း စဉ်းစားနေလိုက်ပြီး “နေပါဦး၊ သူတို့က ဘာလို့ ကျုးကျော် တိုက်ခိုက်လာမယ့် အစီအစဉ် တွေကို လှည့်ဖျားရတာတဲ့တုန်း”

 

“ရန်သူတွေ ဖက်ကသာ ပြင်သစ် ကို သိမ်းနိုင်ပြီ ဆိုတာနဲ့ ဂျာမဏီ ပြည်သူတွေက သူတို့ စစ်ရှုံးသွားပြီလို့ ယူဆလာကြတော့မယ်၊ အဲ့ဒီကျရင် ကျွန်တော်တို့ “မဟူရာ တီးဝိုင်းကြီး” လို့ အမည်ပေးထားတဲ့ ကနယ်ရစ် နဲ့  သစ္စာဖေါက်တွေက ကျွန်တော်တို့ဖက် မျှားဦးလှည့်လာပြီး ချေမှုန်းဖို့ ကြိုးစားလာကြလိမ့်မယ်။ သစ္စာဖေါက်တွေသာ အာဏာကို ဆုပ်ကိုင်သွားနိုင်ခဲ့လို့ ရှိရင် ငြိမ်းချမ်းရေး ရဖို့ ဆိုပြီး လုပ်လာမယ်၊ အဲ့ကျရင် ဂျာမဏီလည်း ပထမ ကမ္ဘာစစ်ကြီး ပြီးသွားတုန်းကလို ချိနဲ့ အားပျော့ပြီး ဥရောပ ကုန်းမြေ ကြီးမှာ ခွက်ဆွဲ တောင်းစားရမယ့် ဘဝ ရောက်သွားလိမ့်မယ်၊ ဗြိတိသျှ၊ ပြင်သစ်၊ အမေရိကန် ထမင်းစားပွဲကြီးက ကျလာတဲ့ အကြွင်းအကျန်တွေကို လိုက်ကောက်စားကြရတော့မယ်။ ပြီးတော့ ဘော်ရှီဗစ်တွေလည်း ရှိသေးတယ် ဖူဟား”

 

ရုရှား တို့ လက်အောက် တွင် ဂျာမန်တို့ နေသွားရမည့် အဖြစ်ကို တွေးမိသွား၍ ဟစ်တလာ၏ မျက်လုံးများသည် တဖြေးဖြေးချင်း မီးဝင်းဝင်း တောက်လာသည်။ “ဒါမျိုး ကျုပ်တို့ လုံးဝ အဖြစ်ခံလို့ မရဘူး” ဟု ပြောရင်း ဟင်မလား မျက်နှာကို စေ့စေ့ကြည့်ကာ “ခင်ဗျား ကြည့်ရတာ ပြောစရာ မကုန်သေးဖူး၊ နောက်ထပ် သီအိုရီ တခု ရှိနေသေးတယ် မဟုတ်လား ရိုက်ချ် ဖူဟား”

 

“ရှိနေပါတယ် ဖူဟား”

 

“ကဲ.. ဆိုစမ်းပါဦး”

 

“ဗိုဂဲလ် က သူရလာတဲ့ သတင်း တွေ အမှန်ပဲလို့ ယုံကြည်နေတယ်၊ ဒါပေမယ့် သူလည်း အဆိပ်ရည်တွေ သောက်နေရတာ သိချင်မှ သိမယ်”

 

ဟစ်တလာက အတော် စိတ်ဝင်စားသွားဟန် ရှိပြီး “လုပ်စမ်းပါဦး  ဟား ရိုက်ချ်ဖူဟား”

 

“ကျွန်တော် အနေနဲ့ ဗိုလ်ချုပ် ကနယ်ရစ် နဲ့ ပတ်သက်ပြီး ဘယ်လို သဘောထား ရှိတယ်ဆိုတာ ဖူဟားကို အမြဲလို မကွယ်မဝှက် ပြောခဲ့တဲ့ လူပါ၊ ဒီလူဟာ သစ္စာဖေါက်လို့ ကျွန်တော် ယုံကြည်ထားတယ်၊ ဗြိတိသျှ နဲ့ အမေရိကန် အေးဂျင့်တွေနဲ့ လည်း ဒီလူ အဆက်အသွယ် ရှိနေတယ်ဆိုတာ ကျွန်တော် သိထားတယ်၊ ဗိုလ်ချုပ် ကနယ်ရစ် နဲ့ ပတ်သက်ပြီး ကျွန်တော် စိုးရိမ်နေတာ တွေသာ တကယ် ဖြစ်နေတယ် ဆိုရင် ဗြိတိန်မှာ ရှိတဲ့ ဂျာမန် သူလျို ကွန်ယက်ကြီး တခုလုံး သတင်း ပေါက်ကြားသွားအောင် သူ့အနေနဲ့ လုပ်နိုင်တယ်၊ ဒီတော့ အင်္ဂလန်မှာ ရှိနေတဲ့ ကနယ်ရစ်ရဲ့ စပိုင်တွေ ပေးတဲ့ သတင်းတွေ ကို အမှန်လို့ ယူဆလို့ မရတော့ဘူးလို့ စဉ်းစားတာ သဘာဝ မကျဘူးလား၊ ဒါကို ကက်ပတိန် ဗိုဂဲလ်က သိသွားရင်လည်း ဗိုလ်ချုပ် ကနယ်ရစ်က သူ့ကို သူ ကာကွယ်ဖို့ တိတ်တိတ် နေခိုင်းမှာ အမှန်ပဲ”

 

ဟစ်တလာ က အခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန် လျှောက်နေပြန်သည်၊ “ခင်ဗျား အတွေးက တကယ်ကို ပြောင်မြောက်ပါပေတယ်၊ ဒါကြောင့်လည်း ခင်ဗျား တယောက်တည်းကိုပဲ ကျွန်တော် ယုံတာ”

 

“ကျွန်တော်တို့ ဆိုရိုးစကား ရှိတယ် မဟုတ်လား ဖူဟား၊ အလိမ်အညာ တွေကို ပြောင်းပြန်စဉ်းစားရင် အမှန်တရား ဆိုတာလေ၊  လိမ်ညာမှုတွေကို မှန်ထဲ ထောင်ကြည့်ရင် အမှန်တရားက ကျွန်တော်တို့ကို မှန်ထဲကနေ ပြန်ကြည့်နေလိမ့်မယ်”

 

“ခင်ဗျား ကြည့်ရတာ အကြံတခု ရှိပုံရတယ်”

 

“ရှိနေတယ် ဖူဟား၊ ဒီနေရာမှာ ကပ် ဗိုဂဲလ်က အခရာကျတယ်၊  ဗိုဂဲလ်ကသာ ရန်သူတွေ ကျုးကျော်တိုက်ခိုက်လာမယ့် အစီအစဉ် တွေရဲ့ လျိုဝှက်ချက် ကို ကျွန်တော်တို့ဆီ ယူလာနိုင်မယ် ဆိုရင် ကနယ်ရစ် သစ္စာဖေါက်တာ ကို ကျွန်တော်တို့ အပြီးအပိုင် ‌ဖေါ်ထုတ်နိုင်တော့မယ်”

 

“ဗိုဂဲလ် ကြည့်ရတာ ညဏ်ပညာ အမျှော်အမြင် နဲ့ ပြည့်စုံပုံရတယ်”

 

“စစ်ကြီး မဖြစ်မီ အထိ ဂျာမဏီမှာရှိတဲ့ အတော်ဆုံး ဥပဒေပညာရှင် တွေထဲမှာ တယောက် အပါအဝင်လို့ သတ်မှတ်ခံထားရတယ်၊ ဒါပေမယ့် သူ့ကို ကနယ်ရစ်က ကိုယ်တိုင်ကိုယ်ကျ စည်းရုံး ခေါ်လာတယ် ဆိုတဲ့ အချက်ကို မေ့ထားလို့ မဖြစ်ပြန်ဘူး၊ ဒါကြောင့်လည်း သူရဲ့ သစ္စာရှိမှု အပေါ် ကျွန်တော် သံသယ ရှိနေတာပဲ။ သူ့ကိုတော့ အတော်ကို သတိထားပြီး ကိုင်တွယ်မှ ဖြစ်လိမ့်မယ်”

 

“ဒါ ခင်ဗျား ကျွမ်းကျင်တဲ့ အလုပ်ပေပဲ၊ ဟုတ်တယ် မဟုတ်လား ဟား ရိုက်ချ် ဖူးဟား”

 

ဟင်မလားက ခပ်ယဲ့ယဲ့ ပြုံးလိုက်ရင်း “မှန်ပါတယ် ဖူဟား” ဟု ပြောလိုက်သည်။

 

                                                ****************************

 

ဗိုဂဲလ် ရောက်လာချိန်တွင် အမှောင်ထုက ကြီးစိုးလာနေပြီ ဖြစ်သည်၊ နှင်း မုန်တိုင်း ကျနေ၍လည်း နှစ်နာရီမျှ ကားမောင်းလျှင် ရောက်နိုင်သည့် အကွာအဝေးကို လေးနာရီမျှ ကြာမြင့်သွားခဲ့ရသည်။ ကား နောက်ခန်း မှ ထွက်လိုက်ပြီး နောက်ဖုံးထဲရှိ သူ၏ ဘရိဖ်ကေ့စ်ကို ထုတ်ယူလိုက်သည်။ ယာဉ်မောင်းကို ပြန်လွှတ်လိုက်သည်။ သူတည်းဖို့  ရွာထဲရှိ ဟိုတယ် ခပ်သေးသေး တခုတွင် ကြိုတင် ဘုတ်ကင်လုပ်ထားပေးပြီးလည်း ဖြစ်သည်။ ထရုဒ်က သူ့အား အိမ်ဝမှ ထွက်ကြိုနေသဖြင့် တင်းကျပ်စွာ ပွေ့ဖက် နှုတ်ဆက်လိုက်မိသည်။ သူမသည် အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ကျန်းကျန်းမာမာ ရှိနေပြီး ဖြူစွတ်သော အသားအရည်သည် အအေးဒဏ်ကြောင့် ပန်းနုရောင် သမ်းနေသည်။ သူမ၏ ညိုမှောင်သော ဆံနွယ်များသည် တောင်တန်း ဒေသ ၏ နေရောင်ကြောင့် ကွက်တိကွက်ကျား ဖြူစွတ်လာသည်။ စကီစီးသူများ ဝတ်သည့် ထူထဲသော ဆွယ်တာကြီး နှင့် သိုးမွှေး ဘောင်းဘီရှည်ကို ဝတ်ထားသည်၊ ဖိနပ်ကိုလည်း တောင်တက်ရာတွင် သုံးသည့် ဘွတ်ဖိနပ်ကို စီးထားသည်။

 

ထူထဲသော အဝတ်အစားများ အောက်တွင် သူမ၏ ခန္ဓာကိုယ်သည် တောင့်တင်းသန်စွမ်းလျက် ရှိနေဆဲ ဖြစ်သည်ကို ဗိုဂဲလ် အကဲခတ်လိုက်မိသည်။ သူမအား ပွေ့ဖက်ထားစဉ်မှာပင် “ဗိုဂဲလ်ရယ် ရှင့်ကြည့်ရတာ အရိုးပေါ် အရေတင် ဖြစ်နေပါ့လား၊ ဘာလင်မှာ အဲ့လောက်တောင် အခြေအနေ ဆိုးနေပြီလား”

 

သမီးများက အပေါ်ထပ် အခန်းထဲတွင် အိပ်ပျော်နေကြပြီ ဖြစ်သည်။ ထရုဒ်က သူ့၏ ညစာ အတွက် ပြင်ဆင်နေစဉ်တွင် ဗိုဂဲလ်သည် အပေါ်ထပ် ရှိ သမီးနှစ်ယောက် ထံ တက်သွားသည်။ အခန်းထဲတွင် အေးစိမ့်နေသည်။ နီကိုးလ်သည် လစ်ဘက်နှင့် တကုတင်တည်း အတူအိပ်နေ၍ အမှောင်ထဲတွင် ဘယ်သူဘယ်ဝါ မှန်း ခွဲ၍ မရ ဖြစ်နေသည်။ ဗိုဂဲလ်သည် ကုတင်ဘေးတွင် မတ်တတ်ရပ်ပြီး သမီးများ၏ အသက်ရှုသံကို နားထောင်နေသည်၊ သူတို့ထံမှ မွှေးပျံ့သော ကိုယ်သင်းနံ့များကိုပါ ရနေသည်။

 

အောက်ထပ် ပြန်ဆင်းလာသည့် အခါတွင်တော့ အစားအသောက် က အဆင်သင့် ဖြစ်နေပေပြီ၊ ထရုဒ်က အတော်ကြာကြာကတည်းက စားပြီးသွားပြီ ဖြစ်၍ ဘေးတွင် ဝင်ထိုင်ပြီး စကားတပြောပြောနှင့် ရှိနေသည်။ သူတယောက်တည်းသာ ဝက်သားနှပ် နှင့် အာလူးကို အငမ်းမရ စားနေမိသည်။ အတော်လေး ဆာလောင်နေသည့် သူ့အဖြစ်ကိုလည်း အံ့ဩနေမိသည်။ ပထမတပန်းကန် ကုန်သွား၍ ထရုဒ်က နောက်တပန်းကန် ထပ်ထဲပေးရပြန်သည်။ ဗိုဂဲလ် လည်း ဒုတိယ ပန်းကန် ကိုတော့ ဖြည်းဖြည်းချင်း စားရတော့သည်။

 

ထရုဒ်က သူ့မိဘများ နှင့် သမီးနှစ်ယောက် အကြောင်းများကို ခရားရေလွှတ်သလို တတွတ်တွတ် ပြောနေသည်။ ထို့အပြင် ဂျာမန် စစ်သားများ ရွာသို့ ရောက်လာပြီး ရွာထဲတွင် ကျန်ရှိနေသော အမျိုးသားများ နှင့် ကျောင်းသား အရွယ် ကလေးသူငယ်များကို လာရောက် ခေါ်ယူသွားသည့် အကြောင်းများလည်း ပြောပြခဲ့သည်။ သူမတို့တွင် သားယောကျ်ားလေး မမွေးဖွားခဲ့သည်ကိုပင် ဘုရားသခင်အား ကျေးဇူးတင်ရမည်ဟု ဆိုပြန်သည်။ ဗိုဂဲလ် ရောက်လာရသည့် အကြောင်းရင်းကိုတော့ မေးမြန်းခဲ့ခြင်း တော့ မရှိပေ။

 

ဗိုဂဲလ်လည်း စားသောက်ပြီးသွားသဖြင့် ထရုဒ်က ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းနေသည်။ ထို့နောက် ကော်ဖီ တခရား ဖျော်ပြီး မီးလင်းဖိုဘေး ရပ်နေသော ဗိုဂဲလ် ကို ပေးရန် လျှောက်လာစဉ် အပြင်က တံခါးကို ခပ်ဖြေးဖြေး ခေါက်နေသံကို ကြားလိုက်ရသည်။ ထရုဒ်လည်း တံခါးကို သွား ဖွင့်ပေးလိုက်သည်။ တံခါးဝတွင် ရပ်နေသော တကိုယ်လုံး အနက်ရောင် ဝတ်ထားသော သည့် လူအား စိုက်ကြည့်နေရင်း  ကိုယ်မျက်လုံးကိုပင် ကိုယ် မယုံနိုင် လောက်အောင် အံဩခြင်းမက အံ့ဩနေမိသည်။

 

“အိုး မိုင်ဂေါ့” ဟု သူမ ပါးစပ်မှ တီးတိုး ရေရွတ်လိုက်ရင်း လက်ထဲ က ကော်ဖီ ခွက် နှင့် ပန်းကန်ပြားသည် ကြမ်းပြင်သို့ လွတ်ကျသွားက အစိတ်စိတ် အမွှာမွှာ ကွဲသွားတော့သည်။

 

                                                ***************************