ရုရှား-ယူကရိန်း စစ်ပွဲ မှသည် အာဏာရှင်တို့၏ ကျဆုံးခန်း ဆီသို့

by Hla Soewai - Feb 26 2022

နှစ်ဆယ့်တစ် ရာစု၏ ယဉ်ကျေးသော လူ့ကမ္ဘာကြီးတွင် အင်အားနည်းသော အိမ်နီးချင်း နိုင်ငံတခုအား လက်နက် အားကိုးဖြင့် ဝင်ရောက် ကျူးကျော်တိုက်ခိုက်လိုက်ခြင်းကြောင့် ကြီးနိုင်ငယ်ညှဉ်း တောတွင်း ဝါဒကို ကျင့်သုံး နေသူများ ရှိနေဆဲ ဖြစ်ကြောင်း ရုရှား ခေါင်းဆောင် ဗလာဒီမာ ပူတင်မှ ဖေဖေါ်ဝါရီ ၂၄ ရက်နေ့ အရုဏ်ကျင်း ချိန်တွင် ထုတ်ဖေါ် ပြသလိုက်ပြီ ဖြစ်သည်။

 

ယူကရိန်း နယ်စပ်ဒေသများတွင် တပ်အင်အား ၁၉၀,၀၀၀ ခန့် ချထားပြီး ဖြစ်သော်လည်း ခြိမ်းခြောက်ရုံ သက် သက်ထက် မပို၊ ပူတင် သည် ထိုမျှ အထိ မိုက်ရူးရဲဆန်လိမ့်မည် မဟုတ်ဟု တွေဝေမိန်းမောနေသူများအား ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ပထမဆုံး အကြိမ် ကြည်းရေလေ စစ်အင်အား အပြည့်သုံးကာ ကျူးကျော်ပြလိုက် ခြင်းဖြင့် တွေဝေမိန်းမောနေသော ကမ္ဘာကြီးကို လှုပ်နှိုး ပြလိုက်လေသည်။

 

ယခင်က ပူတင်သည် ဒွန်းနက်စ် နှင့် လူဟန့်စ်တို့ကို သိမ်းပိုက်နိုင်ရုံဖြင့် ကျေနပ်လိမ့်မည်ဟု ယူဆနေမှုများကို ရိုက်ချိုး ပြခဲ့ပြီးလည်း ဖြစ်သည်။

 

နောက်ထပ် အာဏာရှင် နိုင်ငံ ဖြစ်သည့် တရုတ်က ၎င်းတို့ အချင်းချင်း တိုက်ကြသေကြ သဘောမျိုးဖြင့် စောင့် ကြည့်နေမည် ဖြစ်ပြီး အခြေအနေကောင်းသည်ဟု တွက်ဆလာနိုင်သည့် အချိန်တွင် တိုင်ဝမ်ကို လက်ဦးမှုယူကာ သိမ်းပိုက်လာနိုင်ပေသည်။ တဖက်ကလည်း ပူတင်သည် မိမိတို့ဖက် လှည့်လာနိုင် သည်ဟု တွက်ဆနေကြမည်။ မြောက်ကိုရီယားသည်လည်း တောင်ကိုရီယားအား ရန်စ ကျူးကျော်လာနိုင်သည့် အရေးကို အားလုံးက တွက်ဆထားကြပြီး ဖြစ်သည်။

 

ပူတင်သည် တရုတ်တို့ အား လေးစားသမှု ပြသသည့် အနေဖြင့် ဘီဂျင်း ဆောင်းရာသီ အိုလံပစ် အပြီးထိစောင့် ပေးခဲ့ရှာသည်ဟု ပြော၍ ရနိုင်ပေသည်။

 

ပူတင်၏ လုပ်ရပ်သည် ကြီးနိုင်ငယ်ညှင်း အနိုင်ကျင့် သက်သက်သာ ဖြစ်ပြီး မဆိုင်သူ မကပ်နှင့်၊ မင်းတို့ မိန်းမ တွေ မုဆိုးမ ဖြစ်ကုန်မယ် သဘောမျိုး ဆန်ဆန်ပင် အနောက်နိုင်ငံများကို ၎င်းလက်ဝယ်ရှိ နျူကလီယား လက်နက်များ ဝှေ့ယမ်းကာ ကြိမ်းမောင်းနေပြန်သည်။

 

ယခုအရေးတွင် ပူတင်သည် ဆက်လက် မိုက်တွင်းနက်နေဦးမည် ဆိုလျှင် ကျဆုံးခန်းသို့ ဆိုက်ရောက်ပေ တော့မည်။ ရုရှား၏ စီးပွားရေး နှင့် လူမှု အဆောက်အအုံများ ယိမ်းယိုင်လာပေတော့မည်။ ထိုအခါတွင်တော့ အာဏာရှင် ပေါက်စများ၏ အားကိုးအားထားရာ ဒေါက်တိုင်ကြီး ပြိုလဲ သွားပေတော့မည်။

 

ပူတင်သည် ယူကရိန်းရှိ နာဇီများနှင့် အမျိုးသားရေး ဝါဒီများကို ချေမှုန်းရန်ဟု ဆိုကာ “အထူးစစ်ဆင်ရေး” တရပ် ဆင်နွှဲမည်ဟု ရုပ်မြင်သံကြား မှ စစ်ကြေညာပြီး မိနစ်ပိုင်း အတွင်းမှာပင် ဒုံးကျည်များက ကီယက် နိုင်ငံတကာ လေဆိပ် အနီးတဝိုက်တွင် ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ကြားခဲ့ရသည်။

 

ရေနံ နှင့် သဘာဝဓါတ်ငွေ့ ဈေးနှုန်းများမှာ ချက်ချင်းလို Brent ဈေးကွက်တွင် တစည်ကို ဒေါ်လာ ၁၀၀ ကျော်အထိ ရောက်ရှိသွားခဲ့သည်။ ကမ္ဘာတဝှမ်း ရှိ စတော့ရှယ်ယာဈေးကွက်များလည်း ထိုးကျ သွားခဲ့သည်။ အရပ်ဖက် လေယာဉ်များ အားလုံးအနေနှင့် ယူကရိန်း လေကြောင်းပိုင်နက်ကို ရှောင်ရှားကြရန် ညွှန်ကြား ချက်များ ထုတ်ပြန်လာခဲ့သည်။

 

ယူကရိန်း နိုင်ငံ အတွင်း သေကြေ ပျက်စီးမှု အားလုံးအတွက် ရုရှားတနိုင်ငံတည်းသာ တာဝန်ယူရမည် ဖြစ်ပြီး မိမိတို့မှ မဟာမိတ်များနှင့် အတူ တစုတစည်းတည်း ပြတ်သားစွာ တုန့်ပြန်သွားမည်ဟု အမေရိကန် သမ္မတ ဘိုင်ဒင်မှ ပြောလာသည်။

 

ယူကရိန်းမှမူ မိမိတို့ဖက်မှ အလျော့ပေးမည် မဟုတ်ဘဲ ဥရောပနှင့် ကမ္ဘာကြီးတခုလုံး ၏ အနာဂတ်အပေါ် အန္တရာယ်ကျရောက်လာပြီ ဖြစ်၍ နိုင်ငံတကာ အနေနှင့် ချက်ချင်းလက်ငင်း တုန့်ပြန်ရမည်ဟု တောင်းဆို လိုက်သည်။ မိမိတို့ နယ်မြေ အား တလက်မ မှ ပေးစရာ မလိုသည့် အပစ်အခတ် ရပ်စဲရေး အတွက်ဝင် ရောက်ညှိနှိုင်းပေးခြင်းမျိုးသာ လက်ခံမည်။ ကျန်အရာများကို ထည့်ပင် မစဉ်းစားဟု ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးက ရဲရဲတောက် ပြောဆိုသွားခဲ့သည်။

 

ကီယက် မြို့တော်တွင်တော့ ယခုအချိန်အထိ အသွားအလာ မပျက် ရှိနေကြဆဲဟု သိရသည်။

 

ရုရှားသည် ၎င်းတို့ရှိ နည်းဗျူဟာမြောက် တပ်မပေါင်း ၁၁၀ ကို ထုတ်နှုတ်သုံးစွဲလာပြီး သံချပ်ကာ ကားများ သည်လည်း ရှေ့ပြေး အဖြစ် တောင်ပိုင်းရှိ ကရိုင်းမီးယား၊ မြောက်ပိုင်းရှိဘဲလာရုစ် နှင့် အရှေ့ခြမ်းရှိ ရုရှား ဖက်ခြမ်းများမှ အလုံးအရင်းနှင့် လှိမ့်ဝင်လာနေပြီ ဖြစ်သည်။ လက်ရှိ တွင် ချာနိုဘိုင်း နျုကလီယား စက်ရုံကြီး ရှိရာ ဒေသကို ယူကရိန်း လက်လွှတ်လိုက်ရပြီ ဖြစ်သည်။

 

အနောက်တိုင်းရှိ စစ်ရေး ကျွမ်းကျင်သူများကမူ ပင်ဆာ ပုံစံ ထိုးစစ်ကြီး အဖြစ် နှစ်ဖက်ညှပ်တိုက်လိမ့်မည်ဟု တွက်ဆနေကြသည်။ ထို့အတွက် အရှေ့ဖက် ဒွန်ဘာစ် ဒေသတဝိုက်ရှိ ယူကရိန်းတပ်များကို ဝိုင်းပတ်ချေမှုန်းပြီး ဆုတ်ခွာနိုင်သည့် လမ်းကြောင်းကို နီပါး မြစ်ကြောင်းမှ ပိတ်ဆို့ထားမည် ဖြစ်သည်။ နောက်ထပ် စစ်ကြောင်း သည် ဘဲလာရုစ်မှနေ၍ နယ်ခြား နှင့် ၁၄၀ ကီလိုမီတာသာ ကွာဝေးသည့် ကီယက် မြို့တော် သို့ ချီတက်လာ ကြမည် ဖြစ်သည်။

 

ပူတင်သည် မည်သည့် အတိုင်းအတာအထိ တိုက်ခိုက်သွားမည်ကို သဲသဲကွဲကွဲ မသိရသေးသော်လည်း အနောက် တိုင်းနိုင်ငံများ၏ ပြင်းထန်သော စီးပွားရေး ပိတ်ဆို့မှု ဒဏ်ကို ခံကြရမည် ဖြစ်သည်။ ရုရှားတပ်များ ယူကရိန်းမှ ပြန်ဆုပ်သွားသည့် တိုင် ဆက်လက်ရှိနေဦးမည် ဖြစ်ပြီး ရုရှားနိုင်ငံသားများက ထိုသို့ ရေရှည်စစ်ပွဲကြီး ဆင်နွှဲ နေခြင်းသည် မိမိတို့ အကျိုး ပျက်သုဥ်းဖို့သာ ရှိသည်ကို သိမြင်လာကြသည့်အပြင် မိမိတို့ နှင့် ညီရင်းအကိုလို နေထိုင်ခဲ့ကြသော ယူကရိန်းနိုင်ငံသားများ အပေါ် နိုင့်ထက်ကလူ ပြုကျင့်နေမည် ကိုလည်း မလိုလားကြပေ။

 

ဤသည်ကို ကြိုတင်တွက်ဆထားပြီး ဖြစ်သည့် ပူတင်က ရုရှားသည် ယူကရိန်း အား တိုက်ခိုက်ခြင်း မဟုတ်၊ မိမိတို့ သည် အမေရိကန် နှင့် နယ်နမိတ်ထိစပ်လာနေမှုကို ကြိုတင် လက်ဦးမှု ယူကာ တုန့်ပြန်ရခြင်းဟု လိမ်ညာ ဝါဒ ဖြန့်နေပြီ ဖြစ်သည်။ သို့သော် ပူတင် အတွက် ပြဿနာမှာ ယူကရိန်း နယ်မြေများကို သိမ်းပိုက်လာနိုင်လေ လေ ယခင် ဆိုဗီယက် အုပ်စုဝင်၊ နေတိုး အဖွဲ့ဝင်၊ နိုင်ငံများရှိ တပ်အင်အား အလုံးအရင်း ဖြန့်ကျက်ချထားပြီး ဖြစ်သော နေတိုး တပ်ဖွဲ့များ နှင့် သွားရောက်ထိစပ်လာနေမည့် အရေးပင် ဖြစ်သည်။

 

လက်ရှိတွင် ရုရှား နိုင်ငံတွင် စိန့်ပီတာစဘတ် အပါအဝင် မြို့ကြီးပေါင်း ၅၀ ကျော်တွင် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီး များ ဖြစ်ပွားလျက် ရှိနေပြီး ရာပေါင်းများစွာ ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

 

နေတိုးတပ်များက ယူကရိန်းဖက်မှ ဝင်ရောက် တိုက်ခိုက်ပေးမည်တော့ မဟုတ်ပေ။ ဤသည်ကလည်း နျူကလီယား အင်အားကြီး နိုင်ငံ အချင်းချင်း ထိတ်တိုက်တွေ့လာမည့် အရေးကို ရှောင်ရှားလို၍ ပင် ဖြစ်သည်။

 

ယခုပင် ယူကရိန်း စစ်ပွဲသည် ပူတင် တဦးတည်းက ဖန်တီးခဲ့ခြင်း ဖြစ်သောကြောင့် နောက်ဆက်တွဲ သွေးထွက် သံယို ဖြစ်မှုများ အတွက် ၎င်း အပေါ် ရာဇဝင်က သက်ညှာစွာ စဉ်းစားပေးကြမည် မဟုတ်ပေ။ ထွက်ပေါ်လာ သော သွေးစက်တိုင်းလိုလိုသည် ပူတင်၏ လက်တွင် စွန်းထင်း ပေကျံလာလိမ့်မည်ဟု အီကော်နော်မစ် မဂ္ဂဇင်းက ရေးသားခဲ့သည်။

 

အာဏာရှင်တို့ သည် မိုက်ရူးရဲ ဆန်သူများ ဖြစ်ကြ၍ ၎င်းတို့ တဦးတည်း သဘောဆန္ဒတခုတည်း ဖြင့်အုပ် ချုပ်ခွင့် ရနေခြင်းကပင် မည်သို့မျှ ငြိမ်းချမ်းမှု ရလိမ့်မည် မဟုတ်‌ဆိုသည်ကို ပူတင်က သက်သေပြလိုက်ပြီ ဖြစ်သည်။

 

ထို့အတူ မြန်မာရှိ ပြည်သူ ၅၄ သန်း၏ ကောင်းကျိုး ဆိုးကျိုးကို မင်းအောင်လှိုင် တဦးတည်းမှ ဆုံးဖြတ်လုပ် ပိုင်ခွင့် ရနေခြင်းသည် မည်သို့မျှ တရားမျှတမှု မရှိသော လုပ်ရပ်လည်း ဖြစ်သည် မဟုတ်ပါလား။

 

ထိုအရေးကို ကန့်ကွက်နေကြသည့် ပြည်သူများကိုလည်း ၎င်း၏ လက်ပါးစေများက နေရာအနှံ့တွင် ရိုက်နှက် ဖမ်းဆီး သတ်ဖြတ်နေကြသည်။ တိုင်းပြည်ကို ထိုသို့ ဓါးပြဆန်ဆန် ပုံစံမျိုး ဖြင့် ရေရှည် အုပ်ချုပ်သွား၍ ရနိုင်မည်လော၊ ခဏတဖြုတ်သာ နောက်ဆို ငြိမ်သွားမည်ဟူသော အတွေးဖြင့် အိမ်ပေါင်ပြီး ဖဲရိုက်နေသူကဲ့သို့ လွန်စွာ မှ မိုက်မဲရာ ကျပေမည်။ မင်းအောင်လှိုင်သည် အခြေအနေမဟန်လျှင် အသင့်ရပ်ထားသော လေယာဉ် ပေါ်သို့ တက်သွားပေလိမ့်မည်။ ထိုအခါတွင် မိမိတို့ ဘဝများ မည်သို့ မည်ပုံ ထိခိုက်လာမည် ဆိုသည်ကိုကော ၎င်းအား ထောက်ခံနေကြသူများ မတွေးမိကြပြီလော။

 

မင်းအောင်လှိုင်သည်လည်း ပူတင်ကဲ့သို့မဟုတ်၊ မိမိနိုင်ငံသားများကို ဗုံးကြဲတိုက်ခိုက်ရန် စေခိုင်းနေသူ ဖြစ်သည်။ ယခုအခါ ထိုင်းနယ်စပ်နှင့် ကပ်နေသော ကယားပြည်နယ် အတွင်းရှိ နန်းမဲခုံ ဒေသကို နှစ်ရက်ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု မြေပြင်သတင်းများက ဆိုကြောင်း ရိုက်တာ သတင်းဌာနမှ ဖေါ်ပြလာခဲ့သည်။ ယင်းနှင့် အတူ ထိုးစစ်ကြီး ဆင်နွှဲလာဖို့ တပ်များ စုံရုံးနေသည်ဟုလည်း သိရသည်။

 

ထိုအချိန်တွင် ၎င်းကြောင့် နိုင်ငံတွင်း အပစ်အခတ် ရပ်စဲရေး ဖေါ်ဆောင်နိုင်ခဲ့သည် ဆိုကာ အရှက်ကင်းမဲ့စွာ ပြောခဲ့ဖူးသည့် ဟွန်ဆန်သည်လည်း ဖနွမ်းပင်သို့ အလည်အပတ်ရောက်ရှိလာသော မလေးရှား ဝန်ကြီးချုပ်နှင့် အတူ ပူးတွဲ ၍ စစ်ကောင်စီ အား အာဆီယံ အချက် ငါးချက် ကို အချိန်နှင့် တပြေးညီ ထိထိရောက်ရောက် အကောင်အထည် ဖေါ်ပေးရန် တောင်းဆိုခဲ့ပြန်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

Image Credit - The Economist