D-Day နောက်ကွယ်ကသူလျှိုမဟုတ်သောသူလျှိုများ (၁၂၆)

by Hla Soewai - Feb 25 2022

ကက်သရင်း သည် တက္ကစီ နောက်ခန်းရှိ ကူရှင်ကို မှီထိုင်လိုက်ရင်း ကားပြတင်းပေါက်မှန်ကို လာရောက် ရိုက်ခတ်နေသော မိုးပေါက်များ စီးကျလာနေပုံကို ငေးကြည့်နေသည်။ ဘက်တာဆီး တံတားကို ဖြတ်ကျော် လာချိန်တွင် မိုးနှင့် အတူ လေက ပါလာ၍ တက္ကစီပင် ယိမ်းထိုးသွားသည်။ လမ်းပေါ်တွင် ယာဉ်သွား ယာဉ်လာကတော့ အတော်လေးကို ရှင်းနေသည်။ ကက်သရင်းက နောက်မှန်မှ တဆင့် အပြင်သို့ ကြည့် လိုက်ပြန်သည်။ သူမကား၏ နောက် ကိုက်နှစ်ရာခန့် အကွာလောက်တွင် အမည်းရောင် ဗင်ကား တစီး တွေ့လိုက်ရပြီး ရှေ့ခန်းတွင် လူနှစ်ယောက် ထိုင်လိုက်လာသည်။

 

ကက်သရင်း ပြန်လှည့်လိုက်ချိန်တွင် တက္ကစီ ဒရိုင်ဘာက နောက်ကြည့်မှန်မှတဆင့် သူမကို အကဲခတ်နေမှန်း သတိထားမိသွားသည်။ သူတို့နှစ်ဦး မျက်လုံးခြင်း ခဏ ဆုံသွားကြပြီးနောက် ဒရိုင်ဘာ၏ အကြည့်သည် လမ်း ဆီသို့ ပြန်ရောက်သွားသည်။ ကက်သရင်းသည် အလိုလိုနေရင်း သူမ၏ လက်ပွေ့အိတ်ထဲရှိ ဓါးစူးချွန် ရှိရာသို့ လက်ရောက်သွားခဲ့သည်။

 

တက္ကစီသည် အရောင်အဆင်း ကင်းမဲ့ပြီး မွဲခြောက်ခြောက် ဖြစ်လာနေသည့် ဝိတိုရိယ ခေတ် ပုံစံများ တညီ တညာတည်း ဆောက်ထားသော အိမ်များရှိရာ လမ်းထဲသို့ ချိုးဝင်လာခဲ့သည်။ လမ်း‌ပေါ်တွင် လူသွားလူလာဟူ၍ တယောက်တလေမျှပင် မတွေ့ရ၊ ယာဉ်အသွားအလာလည်း မရှိ၊ ကက်သရင်းက နောက်သို့ လှည့်ကြည့်လိုက် သည့် အခါ ဗင်ကား အမည်းကို မတွေ့ရတော့၍ စိတ်အနည်းငယ် သက်သာသလို ဖြစ်သွားမိသည်။

 

ဒီနေ့ ချိန်းထားသည့် နေရာသို့ သွားရဖို့ကို သူမစိတ်ထဲ လေးလံနေသည်ကတော့ အမှန်ပင် ဖြစ်သည်။ သူမကို အင်္ဂလန်မှ ပြန်ခေါ်ထုတ်ရန် ဗိုဂဲလ်အား တောင်းဆိုထားခဲ့သည်။ ထို့အတွက် မည်သို့ တုန့်ပြန်လာမည်ကို သိချင် စိတ် အားကြီးနေသည်။ တဖက်တွင်လည်း မတောင်းဆိုခဲ့မိလျှင် ကောင်းလေစွဟု တွေးမိနေပြန်သည်။

 

MI-5 သည် သူမအား ခြေရာခံ မိနေပြီ ကို စိတ်ထဲမှ အလိုလို သိနေသည်။ သူမဖက်ကလည်း ဆိုးဆိုးဝါးဝါး အမှားများ ကျူးလွန်ထားခဲ့ပြီး ဖြစ်သည်။ ထိုအနေအထားများကြားမှ တန်ဖိုး မဖြတ်နိုင်သော ထောက်လှန်းရေး သတင်းများကို ပီတာ ဂျော်ဒန်၏ မီးခံသေတ္တာထဲမှ အရယူပေးနိုင်ခဲ့ပြန်သည်။ မနေ့ညကပင် SHAEF ဟု အတိုကောက် ခေါ်နေသည့် မဟာမိတ်တပ်ပေါင်းစု စစ်ဌာနချုပ်၏ အမှတ်အသား ဖြစ်သော ဓါးနှင့် ဒိုင်း တံဆိပ် ခတ်နှိပ်ထားပြီး ထိပ်တန်း လျှို့ဝှက်ချက်ဟု တံဆိပ်တုံး နှိပ်ထားသည့် စာရွက်စာတမ်းများကို ဓါတ်ပုံ ရိုက်ယူခဲ့ပြီး ဖြစ်သည်။

 

သူမလက်ထဲတွင် မဟာမိတ်တို့ ဝင်ရောက်တိုက်ခိုက်မည့် လျှို့ဝှက်ချက်များ ရောက်ရှိနေပြီကိုလည်း ရိပ်စားမိ နေသည်။ ပီတာ ဂျော်ဒန် လုပ်‌ကိုင်နေသော ပရိုဂျက်သည် စီမံကိန်းကြီး တခုလုံး၏ တစိတ်တပိုင်းပဲလား ဆိုတာကိုတော့ သူမ အနေဖြင့် သုံးသပ်နိုင်စွမ်း မရှိပေ။ သို့သော် ဘာလင်တွင် ထိုပဟေဠိကို အဖြေထုတ်နိုင်ရန် လုံးပမ်းနေကြပြီ ဖြစ်၍ သူမ နောက်ထပ် ရယူ နိုင်ခဲ့သော သတင်းများသည် ရွှေထက်မက တန်ဖိုး ရှိလာနေပြီ ဖြစ်သည်။

 

ထိုသို့ တွေးမိ၍လည်း အလုပ်ကို ဆက်လုပ်ချင်နေမိသည်။ ဘာကြောင့်မှန်းမသိ၊ တကယ်တမ်းဆိုလျှင် မည်သို့မျှ အဓိပ္ပါယ် မရှိလှ၊ သူမသည် နဂိုကတည်းက သူလျှိုတယောက် ဖြစ်ချင်ခဲ့သူ မဟုတ်၊ ဗိုဂဲလ်၏ အကျပ်ကိုင် မှုကြောင့်သာ လုပ်ခဲ့ရခြင်း ဖြစ်သည်။ ဂျာမဏီအပေါ်လည်း အလွန်အကျွံ သစ္စာ ရှိလှ၍ မဟုတ်၊ ဂျာမဏီ သာ မဟုတ်၊ ကက်သရင်းသည် မည်သည့် အရာ၊ မည်သူ တဦးတယောက် အပေါ်ကို သစ္စာ ထားနေခြင်း မရှိ၊ ထို့ကြောင့်လည်း သူမသည် သူလျှိုကောင်း တယောက် ဖြစ်လာရသည်ဟု ယူဆ၍ ရနေသည်။

 

နောက်တချက်လည်း ရှိနေပြန်သည်။ ဗိုဂဲလ်သည် ဒါကို “ဂိမ်း” တခု ဟု အမြဲလို ပြောဆိုသုံးနှုံးတတ်သည်။ သူမသည် ဂိမ်း စွဲနေသူ တယောက် ဖြစ်လာခဲ့သည်။ ဂိမ်း ကစားရင်း တွေ့လာရသော စိန်ခေါ်မှုများကို နှစ်သက်သည်။ အနိုင်ရချင်စိတ်ကလည်း ရှိနေ၍ ဖြစ်သည်။

 

သူမ အခုလို ထိပ်တန်း စစ်ရေး စီမံချက်များ ခိုးယူပေးနေခြင်းကပင် ဂျာမဏီ သည် စစ်ကြီးကို အနိုင်ရပြီး နာဇီ တို့ ဥရောပ ကုန်းမြေကြီးကို နောက်ထပ် နှစ်ပေါင်း တထောင်လောက်ထိ အုပ်စိုးသွားနိုင်ရေးအတွက် မဟုတ်၊ သူမသည် အပ်ဗဲယားမှ အင်္ဂလန်သို့ လွှတ်လိုက်သော နဝေတိမ်တောင်များ ထက် အပုံကြီး တော်သည်ကို သက်သေပြနိုင်ရန် ကြိုးစားပမ်းစား လုပ်ပြနေခြင်း ဖြစ်သည်။ ဗိုဂဲလ် ပြောသည့် ဂိမ်းကို သူ့ထက်ပင် သာလွန် အောင် ကစားပြနိုင်သည်ကိုလည်း သိအောင် လုပ်ပြချင်နေမိသည်။

 

တက္ကစီ ထိုးရပ်သွား၍ သူမ၏ အတွေးစများ ပြတ်သွားခဲ့ရသည်။ တက္ကစီသမားက သူ့ဖက် လှည့်လာပြီး “ခင်ဗျား မောင်းခိုင်းတာ ဒီနေရာဆိုတာ သေချာရဲ့လား” ဟု မေးသံ ကြားလိုက်ရသည်။

 

သူမက ကားပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်မိသည်။ တက္ကစီသည် ဗုံးဒဏ်ခံရ၍ ပျက်စီး ယိုယွင်း နေသော  ဂိုထောင်များ တန်းစီ ရှိနေသည့် လမ်းပေါ် ရောက်နေသည်။ တလမ်းလုံး လူသူကင်းရှင်း နေသည်။ တစုံတယောက်သာ သူမနောက်သို့ နောက်ယောင်ခံ လိုက်လာမည် ဆိုလျှင် အလွယ်တကူ သိနိုင်မည့် နေရာ မျိုးလည်း ဖြစ်သည်။ သူမက ဒရိုင်ဘာအား ကျသင့်ငွေ လှမ်းပေးပြီး ကားပေါ်မှ ဆင်းလာခဲ့သည်။

 

တက္ကစီကား မောင်းထွက်သွားပြီး စက္ကန့် အနည်းငယ်လောက် အကြာတွင် ဗင်ကား အမည်းက သူမရပ် နေရာဖက် မောင်းလာပြီး ကျော်ဖြတ်သွားခဲ့သည်။ လူနှစ်ယောက်လည်း ရှေ့ခန်းတွင် ထိုင်နေသည်။ စတော့ဝဲလ် မြေအောက် ဘူတာရုံမှာ မလှမ်းမကမ်းတွင် ရှိနေသည်။ သူမက ထီးကို ဖွင့်လိုက်ပြီး ဘူတာရှိရာသို့ ခပ်သုပ်သုပ် လျှောက်လာခဲ့လိုက်သည်။ ဘူတာတွင် လိုက်ကက်စတာ ဘူတာသို့ သွားရန် လက်မှတ်ဝယ်လိုက်သည်။ သူမ ပလက်ဖေါင်း ပေါ် ရောက်လာချိန်တွင် ရထားမှာ ထွက်လုဆဲဆဲ ဖြစ်သည်။ တံခါးပြန်မပိတ်မီကလေး တွဲထဲသို့ ဝင်လိုက်နိုင်ပြီး လွတ်နေသော ခုံတခုံတွင် ဝင်ထိုင်လိုက်သည်။

 

ဟော့စ် နျူမန်သည် လိုက်ကက်စတာ ရင်ပြင် အဝင်ဝတွင် ရပ်စောင့်နေရင်း သတင်းစာ စက္ကူ နှင့် ထုတ်ထား သောငါးနှင့် အာလူး ရောထားသည့် မုန့်ပွဲကို စားနေသည်။ နောက်ဆုံးလက်ကျန် ငါးကို အပြီးဝါးစားလိုက်ပြီး ချိန်တွင် ဝမ်းထဲက ရစ်တစ်တစ် ဖြစ်လာသည်။ တချိန်တည်းမှာပင် လူ လေးငါးယောက် နှင့် အတူ ရော၍ ဝင်လာသော ကက်သရင်းကို လှမ်းတွေ့လိုက်ရသည်။ လက်ထဲက ဆီစွန်းနေသော သတင်းစာ စက္ကူကို လုံး ခြေကာ အမှိုက်ပုံးထဲ ပြစ်ထည့်လိုက်ပြီး သူမနောက်မှ လိုက်လာခဲ့သည်။

 

တမိနစ်ခန့်အကြာတွင် သူမ နှင့် ဘေးချင်းယှဉ်ရက် ဖြစ်လာသည်။ ကက်သရင်းသည် သူ့ဖက် လှည့်မကြည့်ဘဲ မျက်နှာကို ရှေ့တူရှူသို့ ကြည့်နေသည်။ သူမအနားသို့ နျူမန် ရောက်လာနေသည်ကို သတိမူမိဟန် မပြ၊ ထို့နောက် လက်ကို ဆန့်ထုတ်ပြီး နျူမန် လက်ထဲသို့ ဖလင်လိပ်ကို ထည့်ပေးလိုက်သည်။ နျူမန်ကလည်း ဘာစကားမှ မပြောဘဲ သူမလက်ထဲသို့ စာရွက် အပိုင်းအစ တခု ပြန်ပေးပြီး အနီးရှိ ခုံတန်းရှည် တခုတွင် ဝင်ထိုင်ရင်း ကျန်ခဲ့ကာ ကက်သရင်း ထွက်သွားသည်ကို ကြည့်နေခဲ့သည်။

 

                                                **********************

 

“အဲ့ဒီနောက် ဘာဆက်ဖြစ်လဲ” ဟု အယ်ဖရက် ဗီကာရီက မေးလိုက်သည်။

 

“စတော့ဝဲလ် မြေအောက်ဘူတာထဲ ဆင်းသွားတာပဲ၊ ကျွန်တော်တို့လည်း လူတယောက်ကို နောက်က လိုက်ခိုင်းတာ မမှီတော့ဘူး၊ ရထားက ထွက်သွားပြီ”

 

“သေစမ်းကွာ”

 

“ကျွန်တော်တို့ လူတယောက်ကို ဝါတာလူး ဘူတာက တက်လိုက်ခိုင်းပြီး နောက်က ဆက်လိုက်ခဲ့တယ်”

 

“ဒါဆို အဲ့ဒီအမျိုးသမီး က တယောက်တည်း ဘယ်လောက်ကြာအောင် ရှိနေခဲ့လဲ”

 

“ငါးမိနစ်လောက်ပါပဲ”

 

“နောက်ထပ် အေးဂျင့် တယောက် နဲ့ ကောင်းကောင်း တွေ့လို့ ရတဲ့ အချိန်ပမာဏပဲ”

 

“အဲ့လိုတော့ မဟုတ်‌သေးဘူးလို့ ပြောရမယ် အယ်ဖရက်”

 

“ဒါဆို ဘာလဲ”

 

“သူ့ဖက်ကတော့ အရင် လုပ်နေကျ အတိုင်းပဲ၊ တနာရီ ခွဲလောက် လန်ဒန် အနောက်ခြမ်းဖက် ဟိုသွားဒီသွား နဲ့ နောက်ကလိုက်လာတာ ရှိမရှိ ကြည့်သေးတာ၊ ပြီးတော့မှ ကော်ဖီဆိုင်ထဲ ဝင်သွားတယ်၊ ကျွန်တော်တို့လည်း နာရီဝက်လောက် နားခွင့် ရလိုက်တယ်၊ ပြီးတော့မှ လိုက်ကက်စတာ ရင်ပြင်ဖက် ထွက်သွားတာ၊ ရင်ပြင်ထဲ တချက် ဖြတ်လျှောက်ပြီး အားလ်ကုတ်ကို ပြန်သွားတယ်”

 

“ဘယ်သူနဲ့မှ တွေ့တာမျိုး မရှိဘူးလား”

 

“ကျွန်တော်တို့ ကြည့်နေတာ အဲ့လိုမျိုး မတွေ့ခဲ့ရဘူး”

 

“လိုက်က်စတာ ရင်ပြင်ထဲမှာကော”

 

“စောင့်ကြည့်နေတဲ့ လူတွေက ပြောတာတော့ ဘယ်သူနဲ့မှ မတွေ့ဘူးတဲ့”

 

“ဒါဆို ဘေးဝါးတား လမ်းပေါ်က စာတိုက်ပုံးကကော”

 

“အထဲက ဟာတွေ အကုန် ထုတ်ကြည့်ပြီးပြီ၊ အပုံကြီးပေါ်မှာ ဘာမှ ရေးမထားတဲ့ စာအိတ် အလွတ်ကို တွေ့ခဲ့တယ်၊ ကြည့်ရတာ သူ့နောက် လိုက်လာမလာ ရပ်ကြည့်လို့ ရအောင် အကွက်ဆင်တာပဲ ဖြစ်မယ်”

 

“တော်တော်ကို တော်တဲ့ အမျိုးသမီးပါလား”

 

“ဝါရင့် သူလျှို တယောက် ဆိုတာ သေချာတယ်”

 

ဗီကာရီက သူ့လက်ချောင်းများကို အချွန်အတက် လို ဖြစ်အောင် လုပ်လိုက်ရင်းက “ဒီအမျိုးသမီး အခုလို လျှောက်သွားနေတာ လေကောင်းလေသန့် ရှူရအောင် တော့ မဟုတ်ဘူး၊ သွားရင်းနဲ့ တနေရာရာမှာ တခုခု ချသွားတာ၊ ဒါမှမဟုတ် အေးဂျင့်တယောက် နဲ့ တွေ့ကိုတွေ့ရမယ်”

 

“ဒါဆို ရထားပေါ်မှာပဲ ဖြစ်ရမယ်”

 

“ဒီပြင်နေရာတွေလည်း ဖြစ်နိုင်တာပဲ၊ သေစမ်းပါကွာ”

 

“ကျွန်တော်တို့ဖက်က ဆက်ပြီး စောင့်ကြည့်နေရုံပဲ ရှိတယ်၊ တချိန်ချိန်တော့ ဒီအမျိုးသမီး အမှားလုပ်မိမှာ ကျိန်းသေတယ်”

 

“ကျွန်တော် ကတော့ သူ့ဖက်က အမှားလုပ်မှာကို ထိုင်စောင့်မနေချင်ဘူး၊ သူ့ကို ကြာကြာလွှတ်ထားပြီး စောင့်ကြည့်နေလေ သူ့ဖက်က ရိပ်မိသွားဖို့ အခွင့်အလမ်း များလေပဲ၊ အဲ့လို ရိပ်မိသွားခဲ့ရင်တော့....”

 

“ကျွန်တော်တို့ အားလုံး သေပြီသာ မှတ်တော့” ဟု ဟာရီက ဗီကာရီ စကားကို ဝင်ပြီး အဆုံးသတ် ပေးလိုက်သည်။

 

“အဲ့တာ အမှန်ပဲ ဟာရီ၊ ကျွန်တော်တို့ သေပြီပဲ”

 

ဗီကာရီသည် စောစောက အချွန်အတက်လို ဖြစ်အောင် လုပ်ထားသော လက်ချောင်းများကို ပြန်ဖြေလိုက်ပြီး သမ်းဝေလာသော ပါးစပ်ကို ပိတ်လိုက်သည်။ “မောင်ရင် ဂရေ့စ်နဲ့ကော ပြောဖြစ်သေးလား”

 

“ပြောဖြစ်တယ်၊ သူဖက်ကလည်း ကျွန်တော်ပေးတဲ့ နာမည်တွေကို အမျိုးမျိုး ရှေ့နောက် လှည့်ပြီး စစ်ကြည့်တာပဲ၊ ဘာမှ မတွေ့ဘူးတဲ့”

 

“ဘရွမ်း ဆိုတာကကော”

 

“အတူတူပဲ၊ အေးဂျင့်တယောက် ရဲ့ အမည်ဝှက်တို့ စစ်ဆင်ရေး တခုရဲ့ အမည်တို့တော့ မဟုတ်ဘူး၊ ဒီနာမည်တွေကို ဘာကြောင့် ဂရေ့စ် ကို စစ်ခိုင်းရတာလဲ ဆိုတာ အခု ကျွန်တော်ကို ရှင်းပြလို့ ရမလား”

 

ဗီကာရီက မော့ကြည့်လိုက်ပြီး “ကျွန်တော် ရှင်းပြခဲ့ရင် ကျွန်တော်ဖက်က အတော်ကို ယုံကြည်နေသလို ဖြစ်သွားမယ်၊ အခုဆို ဘာမှ မဟုတ်ဘဲ၊ ကျွန်တော် မျက်စိမှားတာမျိုးပဲ ဖြစ်မယ်” ဟု ပြောရင်း သမ်းဝေလိုက်ပြန်ပြီး သူ့လက်မှ နာရီကို တချက် ကြည့်လိုက်ပြန်သည်။

 

“အင်း..ကျွန်တော်လည်း ဘုသီကို သွား အစီရင်ခံရဦးမယ်၊ ပြီးရင် “ပါတီပွဲကြီး” အတွက် သူပေးတဲ့ စာရွက်တွေ ယူလာရဖို့ ရှိနေတယ်”

 

“ဒါဆို အရင်အတိုင်း ကျွန်တော်တို့ ဆက်လုပ်ကြမယ် ဆိုတဲ့ သဘောလား”

 

“ဘုသီက ဘာမှ မပြောရင်တော့ ဆက်လုပ်ဖို့ပဲ ရှိတော့တာပေါ့”

 

“ဒီည အတွက် အာစရိ ဘာအစီအစဉ် ရှိလဲ”

 

ဗီကာရီက အားယူ၍ ထလိုက်ပြီး မိုးကာအင်္ကျီကို ကောက်ဝတ်လိုက်သည်။ “ကိုယ်တို့ သွားနေကျ ကလပ်သွားပြီး ညစာစား၊ ပြီးရင် ကမယ် ဆိုရင်တော့ အပြောင်းအလဲ ဖြစ်မလားလို့၊ သူတို့ကိုလည်း တယောက်ယောက်က စောင့်ကြည့်နေဖို့ လိုသေးတယ်၊ မောင်ရင် ဂရေ့စ်ကို ခေါ်လာခဲ့ပါလား၊ ဌာနက ညစာ အတွက် စရိတ်ခံမှာပါ”

 

                                                ****************