“ပါတီပွဲကြီး” စစ်ဆင်ရေး အကြောင်း ထင်ရာမြင်ရာ စဉ်းစားရင်း ဗီကာရီသည် စိန့်ဂျိမ်း လမ်းရှိ သူ့ ရုံးခန်းထဲတွင် တနေ့တာ အချိန်ကုန်လွန်သွားခဲ့ရသည်။ ထိုစစ်ဆင်ရေး၏ ရည်ရွယ်ချက်ကိုကား ဗီကာရီသည် ထိပ်တန်းလျှို့ ဝှက်ချက်များကို ရယူနိုင်စွမ်း ရှိနေသည့် ဂျာမန် အေးဂျင့် တယောက် နောက်သို့ လိုက်နေဆဲ ဟု အပ်ဗဲယား တဖွဲ့လုံး ယုံကြည်လာအောင် ပြုလုပ်ရေးပင် ဖြစ်သည် မဟုတ်ပါလား။
ဗီကာရီသည် ရုံးခန်း တံခါးကို ထပိတ်ပြီး စားပွဲပေါ်တွင် ပြန်ထိုင်လိုက်သည်။ သူ့အဖို့မှာ တရေးတမော အိပ်ရ ဖို့က မဖြစ်မနေ လိုအပ်လာသည်။ အိပ်ငိုက်နေသော ကျောင်းသားတယောက် အလား စားပွဲပေါ် ခေါင်းတင်ကာ အိပ်လိုက်သည်။ စိတ်က ချက်ချင်းလို ဟောက်စ်တန်ရှိ အခန်းငယ်လေးထံ လွင့်ပျံ့သွားခဲ့ရပြန်သည်။ ပီလီကန် နှင့် ဟောခ် ဆိုသူများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည်။ ညစ်ပတ်နံစော်နေသော နောက်ဖေးလမ်းကြားရှိ ကလေးငယ်များ၏ ဘောင်းဘီတို ထဲမှ ထိုးထွက်လာနေသော ကျူရိုးတံ အလား ခြေသလုံးများကိုလည်း တွေ့ခဲ့ ရသည်။ ပြတင်းပေါက် ဘောင်ပေါ်က ပရုပ်လုံးသည် အမှုန့်သာ ကျန်တော့သည့် အဖြစ်ကို မြင်ခဲ့ရသည်။ ဘုရားရှစ်ခိုးကျောင်းကြီးဆီမှ ပျံ့လွင်လာသော အော်ဂင် ဂီတသံကိုလည်း ကြားခဲ့ရသည်။ မာလ်တီဒါ အကြောင်း ခေါင်းထဲ ရောက်လာပြန်သဖြင့် သူမ၏ စျာပန အခမ်းအနားကို မတက်ရောက်နိုင်ခဲ့သောကြောင့် သူ၏ လည်ကုပ် ပေါ်မှနေ၍ ရေပူ နှင့် တကိုယ်လုံး အလောင်းခံလိုက်ရသလို ခံစားမိပြန်သည်။
“ငါ ဘာလို့ ဒါတွေ လိုက်တွေးနေတာလဲ၊ ခဏလေး ခေါင်းထဲ က ထုတ်ပြီး အိပ်ပျော်အောင် အိပ်ပါတော့လား” ဟု ရေရွတ်လိုက်မိသည်။
ထိုသို့ သတိပေးနေသည့်ကြားမှ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ပီလီကန်၊ ဟော့ခ် တို့ အကြောင်းနှင့် ဝေါ်လ်တာ ရှလင်းဘတ်ကို လှည့်ဖျားနိုင်ရန် မည်သို့မည်ပုံ အသေးစိတ် ကြံစည် နိုင်ခဲ့ပုံတို့ကို ပြောနေသည့် ဘုသီ အား မျက်စိထဲ မြင်လာခဲ့ပြန်သည်။ ဘုသီ မှာ ယခုအခါ လောက် ပျော်ရွှင်နေသည်ကို တခါမှ မမြင်ခဲ့ဖူးသည်ကတော့ အမှန်ပင် ဖြစ်သည်။ ဘုသီအား သူ၏ လက်သပ်မွေးထားသော အေးဂျင့်များ အနားတွင် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့မှု၊ အရသာ ဆိုးလှသော ကော်ဖီခွက်ကို နှုတ်ခမ်းပဲ့နေသည့် ကြွေပန်ကန်း လုံးထဲ ထည့်ကာ သောက်နေသည့်အဖြစ်၊ ဒါတွေကို ကြည့်ခြင်းဖြင့် သူသည် ဘုသီ အပေါ် အထင်နှင့် အမြင် လွဲသွားခဲ့ရတာများလား၊ သို့မဟုတ် ထိုသို့ ဖြစ်လာအောင်ပဲ ဘုသီက ကြံဖန်ခဲ့လေရော့သလား၊ ဘုသီကို တဌာနလုံးက သူ၏ ရုံးခန်းကြီးထဲမှ ချောင်းချောင်းကြည့်နေတတ်သည့် ကာတွန်း ဇာတ်ကောင် ဗျူရိုကရက် တယောက်လို သဘောထားခဲ့ကြသည်။ သူ၏ ရူးကြောင်ကြောင်နိုင်သော အဆိုအမိန့်များ၊ ရုံးခန်းတံခါးပေါ်က အနီ နှင့် အစိမ်းရောင် မီးများ၊ သူ၏ တန်ဖိုးကြီးလှသော ပရိဘောဂများ ပေါ်တွင် ကော်ဖီခွက်အရာ တင်ကျန်ခဲ့ သည်ကိုပင် ပြောမဆုံး ဖြစ်နေသူ၊ ဒါတွေအားလုံး တမင်ဖန်တီးထားသည့် လိမ်လည်မှု တွေများလား။
ယခု သူမြင်တွေ့ခဲ့ရသည်က ထိုကဲ့သို့သော ဘုသီ မဟုတ်တော့၊ ဘုသီသည် စာရွက်များကို ဟိုစားပွဲ ဒီစားပွဲ တွန်းထိုး ပို့တတ်သည့် ဗျူရိုကရက် တယောက် မဟုတ်တော့၊ ဘုသီသည် အေးဂျင့်များကို ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်စီမံခန့်ခွဲနေသူ ဖြစ်နေသည်။ ထို့သို့လုပ်ရင်းက လိမ်ညာ လှည့်ဖျား ဖို့ ဝန်လေးသူတဦး မဟုတ်။ ဗီကာရီသည် မျက်ခွံများ လေးလံလာနေသည့်ကြားမှ ဘုသီအား အရင်လောက် မုန်းတီးစိတ် မရှိတော့ဘဲ လျော့ပါးလာသည်ကို သတိပြုမိလိုက်ပြန်သည်။ သို့သော် စိတ်အနှောက်အယှက် ပေးလာနေသော သူ၏ အတွေးစ တခုလည်း ရှိနေပြန်သည်။ အဘယ်ကြောင့် ဘုသီသည် သူ၏ သရုပ်မှန်ကို ယခုမှ လှစ်ဟပြလာ ခဲ့ရပေသနည်း ဆိုသည့် အမေးပင် ဖြစ်သည်။
ဗီကာရီသည် တဖြေးဖြေး နှင့် အိပ်မောကျသွားခဲ့ရသည်။ အဝေးတနေရာရှိ ဘစ်ဘင် နာရီကြီးမှ ဆယ်နာရီ ထိုးသံ ကြားလိုက်ရသည်။ ထို့နောက် အသံသည် တဖြေးဖြေး ပျောက်ကွယ်သွားပြီး အပြင်ဖက်မှ တယ်လီ ပရင်တာ များမှ တချက်ချက် မြည်သံများက ပိတ်ထားသော သူ၏ ရုံးခန်းတံခါးကို ဖေါက်ကာ ဝင်ရောက် လာနေသည်။ ဖြစ်နိုင်လျှင် အချိန်အကြာကြီး အိပ်ပြစ်လိုက်ချင်သည်။ ဒါတွေအားလုံး မိနစ် အနည်းငယ်လောက် မေ့ထား လိုက် ရုံနှင့် ဖြစ်နိုင်လောက်သည်။
တအောင့်လောက်အကြာတွင် သူကို တစုံတယောက်က လာရောက် လှုပ်နှိုးသလို ခံစားလိုက်ရသည်။ လှုပ်နှိုး ပုံသည် မသိမသာ မှ တဖြေးဖြေး ကြမ်းတမ်းလာသည်။ အသံက ပထမတွင်တော့ နူးနူးညံ့ညံ့ ချိုချိုသာသာ ဖြစ်သော်လည်း တဖြေးဖြေး နှင့် စိုးရိမ်ထိတ်လန့်သံများ ရောစွက်လာသည်။
“ပရော်ဖက်ဆာ ဗီကာရီ.... ပရောဖက်ဆာ ဗီကာရီ...ကျွန်မ ခေါ်နေတာ ကြားပါတယ်နော်”
ဗီကာရီသည် ခေါင်းကို စားပွဲပေါ်ရှိ ယှက်ထားသော လက်နှစ်ဖက်ပေါ် တင်ထားဆဲဖြစ်ပြီး စိတ်ထဲတွင် ဟယ်လင်ဟု ထင်နေမိသည်။ သို့သော် လက်နှိပ်စက်စာရေးမထဲ မှ တဦး ဖြစ်နေသည်။
“ကျမ အခုလို လာနှိုးရတာ စိတ်မကောင်းပါဘူး ပရော်ဖက်ဆာ၊ ဟာရီ ဒေါ်လ်တန်က ဖုန်းပြောချင်လို့ နှိုးပေးပါတဲ့၊ အရမ်း အရေးကြီးတယ်လို့ ပြောပါတယ်၊ ကျမ အခုပဲ ပရော်ဖက်ဆာ အတွက် လ္ဘက်ရည် ပူပူလေး တခွက် ဖျော်ပြီး ယူလာပေးမယ်နော်”
***************************
အခန်း (၄၁)
LONDON
မိုးများ ရွာသွန်းနေသည့်ကြားမှ မနက် ဆယ့်တစ်နာရီ မထိုးမီလောက်တွင် ကက်သရင်း ဘလိတ်သည် သူမ၏ တိုက်ခန်းမှ ထွက်လာခဲ့သည်။ ကောင်းကင် တခုလုံး မဲမှောင်နေ၍ ရာသီဥတုသည် ဆိုးသည်ထက် ဆိုးလာဖို့သာ ရှိနေသည်။ နျူမန် နှင့် တွေ့ဖို့ ချိန်းထားသည့် အချိန် မရောက်မီ သုံးနာရီခန့် လိုသေးသည်။ ရာသီဥတုသည် အုံ့မှိုင်းလာနေသဖြင့် လန်ဒန်မြို့ တဝိုက် ခြေရာဖျောက်သည့် အနေဖြင့် လှည့်ပတ်သွားလိုစိတ် မရှိတော့ဘဲ ချိန်းထားသည့် နေရာသို့သာ တန်းသွားချင်သည့် စိတ်ကို မနည်း ဖျောက်ဖျက်နေရသည်။
ထိုသို့ သွားနေရသည်မှာ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်လှသည့် အပြင် သူမနောက်ကို တယောက်ယောက်များ နောက်ယောင်ခံ လိုက်နေသည့်အထင်နှင့် ရထားပေါ် တက်လိုက် ဆင်းလိုက်၊ တက္ကစီ တစီးပြီး တစီး ပြောင်း စီးလိုက် နှင့် အမြဲလို ကျီးလန့်စားစား အကဲခတ်နေရသည်မှာ စိတ်လည်း ပင်ပန်းရသည့် အလုပ်မျိုး ဖြစ်သည်။ သို့သော် ယခု အချိန်မျိုးတွင် ဤကဲ့သို့ လုပ်ဖို့က ပို၍ လိုအပ်လာနေသည်။
တံခါးဝတွင် ရပ်လိုက်ပြီး ပုဝါနှင့် မေးအောက်တွင် သိုင်းချီလိုက်ရင်း လမ်းဆီသို့ လှမ်းကြည့်ပြန်သည်။ တနင်္ဂနွေနေ့ နံနက်ခင်း ဖြစ်၍ လမ်းပေါ်တွင် တိတ်ဆိတ်နေသည်။ ယာဉ်သွားယာဉ်လာ ကင်းရှင်းနေပြီး ဆိုင်များလည်း မဖွင့်သေး၊ လမ်းတဖက်ရှိ ကော်ဖီဆိုင်သာ ဖွင့်နေသည်။ ပြတင်းပေါက် ဘေးတွင် ထိပ် ပြောင်ပြောင် နှင့် လူတယောက် ထိုင်ပြီး သတင်းစာ ဖတ်နေသည်။ ခဏတဖြုတ် မော့ကြည့်ပြီး စာမျက်နှာ လှန်ကာ ခေါင်းပြန်ငုံ့သွားပြန်သည်။
ကော်ဖီဆိုင် အပြင်ဖက်တွင် လူ ခြောက်ယောက်ခန့် ဘတ်စ်ကားဂိတ်တွင် ကားစောင့်နေကြသည်။ ကက်သ ရင်းက တဦးစီ၏ မျက်နှာကို အကဲခတ် လိုက်ပြီး အရင်က မြင်ဖူးခဲ့သလားဟု ဆန်းစစ်ကြည့် ပြန်သည်။ ထိုအထဲမှ တယောက်ကို တနေရာတွင် မြင်ဖူးသလို ထင်မိပြန်သည်။ လမ်းတဖက်ရှိ တိုက်တန်းများ ပေါ်သို့ မော့ကြည့်လိုက်သည်။
“အကယ်၍ သူတို့သာ စောင့်ကြည့်နေမယ်ဆိုရင် တနေရာတည်းက ကျောက်ချပြီး နေကြမယ်၊ ဥပမာ တိုက်ခန်းတခန်းထဲက၊ ဒါမှမဟုတ် ဆိုင်တဆိုင် အပေါ်ထပ် အခန်းတခုထဲကနေလိုမျိုး ကြည့်နေကြလိမ့်မယ်၊”
တိုက်တန်းလျားများရှိ ပြတင်းပေါက်များကို တန်းစီကြည့်လိုက်ပြန်သည်။ တစုံတရာများ အပြောင်းအလဲ ရှိနေသလား၊ သူမကို ပြန်စိုက်ကြည့်နေသည့် မျက်နှာ တခုခုများ တွေ့ရလေမလား၊ သို့သော် ထူးထူးခြားခြား ဘာမှ မတွေ့ရပေ။ ပုဝါကို ပြီးအောင် ချည်လိုက်ရင်းက ထီးကို ဖွင့်ကာ မိုးရေထဲသို့ တိုးထွက် လာခဲ့သည်။
ကွန်းဝဲလ် လမ်းသို့ သွားမည့် ဘတ်စ်ကားပေါ် တက်လိုက်သည်။ ကားပေါ်တွင် လူရှင်းနေသည်။ အဖွားကြီး နှစ်ယောက် တွဲထိုင်နေပြီး ပါးစပ်က မပီမသနှင့် တယောက်တည်း တခုခု ရေရွတ်နေသည့် အဖိုးကြီးတယောက်၊ မုတ်ဆိတ်များ မသေမသပ် ရိတ်ထားကာ မိုးရေများနှင့် စွတ်စိုနေသည့် မိုးကာအင်္ကျီ နှင့် သတင်းစာ တစောင်ကို ဖတ်နေသည့် ပိန်ပိန်သွယ်သွယ် လူတယောက် သာ ရှိသည်။
ကက်သရင်းသည် ဟိုက်ပတ် ဒေါင့် မှတ်တိုင်တွင် ဘတ်စ်ကားပေါ်မှ ဆင်းလိုက်ချိန်တွင် သတင်းစာ နှင့် လူလည်း လိုက်ဆင်းလာသည်ကို တွေ့လိုက်ရသည်။ ကက်သရင်းက ပန်းခြံထဲ ဝင်လာခဲ့သည်။ သတင်းစာနှင့်လူက သူမနှင့် ဆန့်ကျင်ဖက် ပီကာဒဲလီ ဖက် သို့ လျှောက်သွားသည်။
MI-5 က နောက်ယောင်ခံ လိုက်တတ်သူများ အကြောင်း ဗိုဂဲလ် ပြောသည်ကို အမှတ်ရလိုက်မိသည်။
“လမ်းပေါ်မှာ မင်း ဖြတ်လျှောက်သွားရင်း တွေ့လာတဲ့ လူတွေကို နောက်တခါ ဘယ်တော့မှ ပြန်မကြည့်မိစေနဲ့”
ကက်သရင်းသာ MI-5 အတွက် နောက်ယောင်ခံ လိုက်ရမည့်လူများ ရွေးရမည်ဆိုလျှင် သတင်းစာ နှင့် လူကို အရင်ဦးဆုံး ရွေးချယ်မိမည် ဖြစ်သည်။
ပတ်လိန်း နှင့် ကပ်နေသော ပန်းခြံထဲရှိ လူသွားလမ်း အတိုင်း မြောက်ဖက်သို့ လျှောက်လာခဲ့သည်။ ပန်းခြံ၏ မြောက်ဖက်စွန်း ဘေးဝါးတား လမ်းအနား အရောက်တွင် ပြန်လှည့်ပြီး နောက်သို့ ပြန်လျှောက်လာခဲ့သည်။ သူမအား ခြေလျှင် နောက်ကလိုက်သူ မရှိမှန်း သေချာသလောက် ဖြစ်သွားခဲ့သည်။ ထို့နောက်တွင် ဘေးဝါးတား လမ်းအတိုင်း ပြန်လျှောက်ပြီး စာတိုက်ပုံးတခု အနီး အရောက်တွင် ခဏရပ်လိုက်သည်။ စာအိတ် အလွတ် တလုံးကို ထည့်လိုက်ရင်းက သူမနောက်ကို လိုက်လာသူ ရှိမရှိ နောက်တကြိမ် အကဲခတ် ကြည့်လိုက်ပြန်သည်။ ဘာမှ ထူးထူးခြားခြား မတွေ့ရ၊ ကောင်းကင်တွင် တိမ်များက ထူထပ်သိပ်သည်းလာနေသည်။ မိုးလည်း သည်းထန်လာနေပြီ ဖြစ်သည်။ တက္ကစီ တစီးကို အဆင်သင့် တွေ့လိုက်ရသဖြင့် တက်စီးလိုက်ပြီး ဒရိုင်ဘာအား စတော့ဝဲလ် လမ်းပေါ်ရှိ လိပ်စာတခုသို့ မောင်းခိုင်းလိုက်သည်။