ယူကရိန်း အကျပ်အတည်းတွင် အဓိက ကျလာသည့် ဒွန်းနက်စ် နှင့် လူဟန့် ‌ခွဲထွက်မှု

by Hla Soewai - Feb 23 2022

ရုရှားသည် အဆိုပါ ဒေသနှစ်ခု မှ တ‌ဖက်သတ်လွတ်လပ်ရေး ကြေညာလာမှု ကို အသိအမှတ် ပြုလိုက်ပြီ ဖြစ်သည်။



ယင်းနှင့် အတူ ယူကရိန်း ပတ်ပတ်လည် တွင် တပ်ဖြန့်ချထားသော အင်အား ၁၉၀,၀၀၀ အထိ ရှိလာနေပြီ ဖြစ်သည့် ရုရှား တပ်များကလည်း ဝင်ရောက် ကျူးကျော်ရန် အသင့်အနေအထား ရှိနေကြသည်။



ဖေဖေါ်ဝါရီ ၂၁ ရက်တွင် ရုရှားသည် ခွဲထွက်လာသည်ဆိုသော ဒွန်နက်စ် နှင့် လူဟန်စ် ဒေသများ၏ လွတ်လပ်ရေးကို "ချက်ခြင်းဆိုသလို" အသိအမှတ်ပြုသွားမည်ဟု စီစဉ်ထားသည့်အတိုင်း ရုပ်မြင်သံကြား မှ ပြောကြားသော မိန့်ခွန်း ရှည်ကြီးတွင် ထည့်သွင်း ပြောကြားလာခဲ့သည်။ တဖန် သူ၏ အမျိုးသား လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များကိုလည်း သူ့လုပ်ရပ်အား ထောက်ခံကြောင်း ဆွေးနွေးပြောဆို ခိုင်းခဲ့ပြန်သည်။



မိန့်ခွန်း ပြောပြီးသည်နှင့် အဆိုပါ "ပြည်သူ့ သမ္မတ" နိုင်ငံများမှ ခေါင်းဆောင်ဆိုသူများနှင့် "ချစ်ကြည်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေး နှင့် အပြန်အလှန် အကူအညီပေးရေး" သဘောတူ စာချုပ်များ လက်မှတ်ရေးထိုးခဲ့သည်။ ၎င်း၏ ပါလီမန်ကိုလည်း စာချုပ်များအား တရားဝင် ဖြစ်အောင် အမြန် အသိအမှတ် ပြုပေးရန်ပါ တိုက်တွန်းလာသည်။


ဒွန်းနက်စ် နှင့် လူဟန်စ် ဒေသများသည် ရုရှား စကားပြောသူများ အဓိက နေထိုင်ရာ ဒွန်းဘာစ် ဒေသအတွင်း တည်ရှိပြီး ၂၀၁၄ ခုနှစ်မှစ၍ ခွဲထွက်ရေး သမားများ ၏ လက်ဝယ် ကျရောက်သွားခဲ့ပြီ ဖြစ်၍ ရုရှား တို့ ထိန်းချုပ်ထားနိုင်ပြီဟု ပြော၍ ရပေသည်။



ယခုအခါ အဆိုပါ ဒေသများမှ လွတ်လပ်ရေး ကြေညာလာမှုကို ရုရှား မှ အသိအမှတ်ပြုလိုက်ခြင်းကြောင့် ယူကရိန်း ပဋိပက္ခလမ်းကြောင်းကို မည်သို့ မည်ပုံ ပြောင်းလဲသွားနိုင်သည်ကို အီကော်နော်မစ် မဂ္ဂဇင်းကြီးက ယခုလို ရှင်းပြထားပေသည်။



ယူကရိန်း နှင့် ပတ်သက်၍ စစ်ရေးအရ တင်းမာမှုများ ဖြစ်ခဲ့ခြင်းသည် ယခုမှ စတင်လာသည် မဟုတ်ပဲ ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီ လအတွင်း ဖြစ်ပွားခဲ့သော "မိုင်ဒန် ရင်ပြင် တော်လှန်ရေး" ကြီး မှ အစပြုလာခဲ့ခြင်း ဖြစ်သည်။



ထိုအချိန်က ရုရှား ထောက်ခံမှု ရထားသည့် ယူကရိန်း သမ္မတ ဗစ်တာ ရာနူကိုဗစ်ခ်ျသည် ကီယက်မြို့တော်အတွင်း လပေါင်းများစွာ ကြာအောင် လမ်းပေါ်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး နောက်တွင် အာဏာစွန့်ကာ နိုင်ငံ မှ ထွက်ပြေးသွားခဲ့ရသည်၊ ထိုအဖြစ်ကို လက်တုန့်ပြန်သည့် အနေဖြင့် ရုရှားသည် ယူကရိန်း တောင်ပိုင်းရှိ ကရိုင်းမီးယားကို နောက်တလ ဖြစ်သည့် မတ်လတွင် ကျုးကျော် သိမ်းပိုက်ခဲ့သည်။



ဧပြီလတွင်တော့ ယူကရိန်း အရှေ့ပိုင်းရှိ ဒွန်းနက်စ် နှင့် လူဟန်စ်ဒေသများရှိ ပြည့်သူစစ် ဆိုသူများက တိုင်ပင်ထားခြင်းမရှိပဲ အစိုးရ အ‌ဆောက်အအုံများကို ဝင်ရောက် သိမ်းပိုက်ခဲ့ကြသဖြင့် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။ ဒေသခံ များ အပြင် အစိုးရအပေါ် မကျေမနပ် ဖြစ်နေသူများ ပါ ပူးပေါင်းပါဝင်လာကြသည်။



ထို့နောက် ၂၀၁၄ မေလတွင် ဒွန်းနက်စ် ပြည်သူ့ သမ္မတ နိုင်ငံ နှင့် လူဟန်စ် ပြည်သူ့သမ္မတ နိုင်ငံများအဖြစ် ကြေညာပြီး ၎င်းတို့ ဒေသများကို "နိုဗိုရိုစီယား (ရုရှားသစ်) ဟု သတ်မှတ်လာကြသည်၊ ၁၈ ရာစုနှစ်အတွင်း ယူကရိန်း တောင်ပိုင်းအား သိမ်းယူပြီး ရုရှား အင်ပိုင်ယာ အတွင်း သွတ်သွင်းခဲ့စဉ်က ထိုကဲ့သို့ ခေါ်ဝေါ်ခဲ့သည်ကို ပြန်လည် သုံးစွဲ ခဲ့ကြခြင်းလည်း ဖြစ်ပေသည်။



ယူကရိန်း တပ်များက ငြိမ်ခံမနေပဲ ထိုဒေသများကို ပြန်လည် သိမ်းယူနိုင်ရန် ထိုးစစ်ဆင်လာခဲ့ကြသည်။သို့သော် ရုရှား မှ စစ်ကူများ ဒလဟော ဝင်ရောက်လာပြီး တိုက်ထုတ်ခဲ့သဖြင့် နိုင်ငံ အလယ်ပိုင်းသို့ ပြန်လည် ဆုတ်ခွာ ပေးလိုက်ရသည်။ အလျင် အမြန်ပင် ယူကရိန်း၊ ရုရှား နှင့် ခွဲထွက်ရေး သမားများအကြား Minsk I ဟု ထင်ရှားလာမည့် သဘောတူ စာချူပ် ချုပ်ဆိုနိူင်ခဲ့ပြီး ရုရှား ထိုးစစ် ရပ်ဆိုင်းသွားခဲ့သည်။ သို့သော် ကြာရှည် မခံပဲ သဘောတူညီမှု ပျက်ပြားသွားခဲ့ရပြီး ၂၀၁၅ ဇန်နဝါရီလတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလာခဲ့ပြန်သည်။



ဂျာမဏီ အဓိပတိ အင်ဂျဲလာ မာကယ် နှင့် ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်ဒေးတို့ ဝင်ရောက် ဖြန်ဖြေပေးခဲ့သဖြင့် Minsk II ခေါ်သည့် Minsk I သ‌ဘောတူညီချက် အကောင်အထည် ‌ဖေါ်ရေး အစီအစဉ်များ အပေါ် သဘောတူညီမှု ရခဲ့ကြသည်။ ထို သဘောတူညီချက်ဖြင့် ဒွန်ဘာစ် ရှိ‌ ‌ဒေသ အတော်များများသည် ခွဲထွက်ရေး သမားများ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့သည်။



သို့သော် တဆက်တည်း ပိုင်ဆိုင်သွားခြင်းမျိုး မဟုတ်ပဲ အလယ်တည့်တည့်ရှိ ‌ကတုတ်ကျင်းများ၊ မြေမြုပ်မိုင်းများ ကို ဖြတ်၍ ကီလိုမီတာ ၅၀၀ ရှည်လျားသည့်  line of contact ခေါ် "ထိစပ်မျဉ်း'" ဖြင့် ပိုင်းဖြတ် ပေးခဲ့သည်။



အပစ်အခတ် ရပ်စဲရေးကို စောင့်ကြည့်ရန် ပြည်ပမှ လေ့လာသူများ ရှိနေသည့် ကြားမှပင် သေနတ်သံများက စဲသည်ဟူ၍ မရှိခဲ့ပဲ ယခုအချိန်အထိ လူပေါင်း ၁၄,၀၀၀ ခန့် သေဆုံးသွားခဲ့ရပြီး ဖြစ်သည်။



အနောက်နိုင်ငံများမှ အကြိမ်ကြိမ် သတိပေးနေသည့် ကြားတွင်ပင် ရုရှားသည် ယူကရိန်းအား ကျုးကျော်ရန် အကြောင်းပြချက် တခုခု ဖန်တီးဖို့ ကြိုးစားလာခဲ့သည်။ ယခုလအတွင်း "ထိစပ်မျဉ်း" တလျောက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်လာမှုများ သိသိသာသာ တိုးမြှင့်လာခဲ့သည်။




ခွဲထွက်ရန် ကြေညာထားသည့် ဒေသများရှိ ခေါင်းဆောင်များက အရပ်သားများကို ‌ရုရှားနိုင်ငံ တွင်းသို့ စတင် ရွှေ့ပြောင်းပေးလာခဲ့ကြသည်၊ သို့သော် လက်နက်ကိုင် တိုက်ခိုက်နိုင်စွမ်း ရှိသူများကိုမူ ချန်လှပ်ထားခဲ့သည်၊ ယူကရိန်းသည် မိမိတို့ ဒေသများအတွင်းသို့ ဖေါက်ခွဲရေး သမားများနှင့် သံချပ်ကား များ စေလွှတ်နေသည် ဆိုသော ရုရှားသတင်းများကို "အလိမ်အညာ သတင်း" များအဖြစ် ယူကရိန်းက ပယ်ချခဲ့သည်။


Minsk သဘောတူညီချက်များအရ ဒွန်းနက်စ် နှင့် လူဟန်စ် ဒေသများကို ယူကရိန်းမှ "အထူးအုပ်ချုပ်ခွင့်ရ ဒေသ" အဖြစ် သတ်မှတ်ပေးပြီး ပြန်လည် သွတ်သွင်းနိုင်ခွင့်ကို မျှော်မှန်း၍ ရနေသည်။ သို့သော် မည်မျှ အတိုင်းအတာ အထိ အထူးအခွင့်အရေး ရမည်ဆိုသည်ကိုတော့ အတိအကျ အဓိပ္ပါယ် ဖွင့်ဆိုထားခဲ့ခြင်း မရှိသေးပေ။


ရုရှားတို့ အတွက် Minsk သည် ယူကရိန်းအား အထဲမှ သပ်လျိုကာ မတည်မငြိမ် ဖြစ်အောင် ဖန်တီးခြင်း သို့မဟုတ် ယူကရိန်းအား အနောက်အုပ်စုဖက် ယိမ်းမသွားရန် ဗီတိုအာဏာ ဖြင့် ပယ်ချနိုင်ခွင့် ရရှိအောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်ခြင်းမျိုးဖြင့် ထိန်းချုပ်သွားအောင် လုပ်လို့ရသည့် ထရိုဂျန် မြင်းကြီး ဖြစ်လာခဲ့သည်။



ယူကရိန်းအဖို့ ကတော့ ၂၀၁၅ ခုနှစ်ကတည်းက မျိုချရန် ငြင်းဆန်နေခဲ့သည့် အဆိပ်ဆေးလုံးကြီး ဖြစ်လာနေခဲ့သည်။



ရုရှားတို့က ဒွန်းနက်စ် နှင့် လူဟန်စ်အား လွတ်လပ်သော နိုင်ငံများ အဖြစ် အသိအမှတ် ပြုခဲ့ခြင်းသည် နယ်မြေချဲ့ထွင်လို၍သာ ဖြစ်သည်ဟု ပြော၍ရပေသည်၊ အဘယ်ကြောင့်ဆိုသော ထွက်ပေါ်လာမည့် "သမ္မတ နိုင်ငံများ" ဆိုသည်ကလည်း အသစ်ချပ်ချွတ် ရုရှား နိုင်ငံသားများနှင့် ပြည့်နှက် လာဖို့ အလားအလာများ ရှိနေသောကြောင့်ပင်။



ရုရှားသည် ယခုအခါ ဒွန်ဘာစ် ဒေသတွင်းရှိ လူများအား ရုရှား နိုင်ငံကူးစာအုပ် ထောင်ပေါင်းများစွာကို ဖြန့်ဝေပေးထားခဲ့ပြီး ဖြစ်သည်။ ထိုဒေသရှိ အတော်များများ သည်လည်း ယမန်နှစ်က ပြုလုပ်ခဲ့သော ရုရှား ပါလီမန် ရွေးကောက်ပွဲတွင် ဝင်ရောက် မဲပေးခဲ့ကြသည်။



သို့သော် ပူတင် နှင့် ၎င်း၏ အမျိုးသားလုံခြုံရေး ကောင်စီ အဖွဲ့ဝင်များ ဆွေး‌နွေးချက်များအရ ဆိုမူ
ဒွန်းနက်စ် နှင့် လူဟန်စ် တို့အား ရုရှား ပိုင်နက် အတွင်း တရားဝင် သွတ်သွင်းမည့် ပုံ မတွေ့ရပေ။



ယူကရိန်း နှင့် အနောက်နိုင်ငံများ ဖက်ကမူ ရုရှားမှ အင်အားသုံးပြီး နိုင်ငံတကာ အသိအမှတ်ပြု နယ်ခြားမျဉ်းအား ပြန်လည် ရေးဆွဲရန် အားထုတ်လာမှုကို ကန့်ကွက် နေကြသည်။


အကယ်၍ ပူတင်သည် အသိအမှတ် ပြုယုံလောက်နှင့်ပင် ရပ်သွားမည် ဆိုလျှင် ယူကရိန်းတို့ဖက်က တော်ပါသေးရဲ့ ဆိုကာ သက်ပြင်းတချချ နှင့် ရှိနေကြပေလိမ့်မည်။ ထိုသို့ ပြဿနာ ဖန်တီးနေသော ဒေသများကို လက်လွှတ်ပစ်ချင်နေကြ၍လည်း ဖြစ်သည်။



သို့သော် ပူတင်သည် အောင်ပွဲရပြီဆိုကာ ထိုမျှနှင့်
ကျေနပ်သွားမည့် အရိပ်အယောင် မ‌တွေ့ရပေ။



ရုရှား လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သော ဥပဒေ အသစ်တွင် ရုရှား အစိုးရ အနေဖြင့် အဆိုပါ ဒေသများရှိ နေထိုင်သူများအား "ပြင်ပ ခြိမ်းချောက်မှုများ" မှ အကာအကွယ် ပေးရန် အာဏာကုန် အပ်နှင်းထားခဲ့သည်။



ထိုထက် ပို၍ စိုးရိမ်စရာ ကောင်းနေသည်က ခွဲထွက်ရေး သမားများသည် ၎င်းတို့ ထိန်းချုပ်မှု အောက်တွင် မရှိသော ယူကရိန်း နယ်မြေများကိုပင် "သမ္မတ နိုင်ငံများ" မှ ပိုင်ဆိုင်သည်ဟု ပြောဆိုလာခြင်းပင် ဖြစ်သည်။



အကယ်၍ ပူတင်သာ ထိုကဲ့သို့ တောင်းဆိုမှုများကို လက်ခံလာမည် ဆိုက ရှေ့လျှောက် ယူကရိန်း ပြည်တွင်းရေးတွင် ဆက်၍ စွက်ဖက် နှောက်ယှက်ဖို့ အကြောင်းပြချက် များစွာ ရရှိလာတော့မည် ဖြစ်ပေတော့သည်။


နောက်ဆုံးရရှိသော သတင်းများအရ ပူတင်သည်
ဒွန်ဘာစ် ဒေသတခုလုံးကို ပိုင်ဆိုင်ရန် ခွဲထွက်ရေး သမားများ၏  တောင်းဆိုမှုများကို အသိအမှတ် ပြုလိုက်ပြီ ဖြစ်ပြီး ယူကရိန်းရှိ ၎င်းတို့၏ သံတမန်များကို သယ်ထုတ်တော့မည်ဟု ရုရှားဖက်က ပြောလာသည်။


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကင်သည် ကြာသပတေးနေ့တွင် ရုရှား နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံရန် စီစဉ်ထားမှုအား ရုရှားတို့ဖက်မှ သံတမန် ရေး အပေါ် အလေးအနက် မရှိသောကြောင့်ဆိုကာ ဖျက်သိမ်းပစ်လိုက်သည်။


ထိုမတိုင်မီ စောစောပိုင်းက ပူတင်သည် ဒွန်းနက်စ် နှင့် လူဟန်စ် ဒေသများသို့ ငြိမ်းချမ်းရေး ထိန်းသိမ်း‌ ရေး အတွက် ဝင်ရောက်ရန် ရုရှားတပ်များကို အမိန့်ပေးလိုက်ပြီ ဖြစ်သည်။


ယင်းနှင့်အတူ ယူကရိန်းအား ရုရှားတို့ အလုံးအရင်းနှင့် ကျူးကျော်လာမည့် အရေး အပေါ် စိုးရိမ်ထိတ်လန့်မှုများ တိုးမြင့် ဖြစ်ပေါ်လာနေပြီ ဖြစ်သည်။