ပူတင်သည် ယူကရိန်းကို ကျုးကျော်သည် ဖြစ်စေ မကျုးကျော်ခဲ့သည် ဖြစ်စေ ရုရှား အဖို့ ထိခိုက် နစ်နာသွားခဲ့ပြီ ဖြစ်

by Hla Soewai - Feb 22 2022

ဖေဖေါ်ဝါရီ ၁၉ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်း၏ အယ်ဒီတာ အာဘော်မှ အထက်ပါ ခေါင်းစဉ် ဖြင့် ယခုလို ရေးသား ဖေါ်ပြလာခဲ့သည်။


ဖေဖေါ်ဝါရီ ၁၄ ရက်နေ့တွင် ပူတင်သည် ကြိုတင် ဇာတ်တိုက်ထားသည့် အတိုင်း ရုပ်မြင်သံကြား ရှေ့သို့ ထွက်လာပြီး ၎င်း၏ နိုင်ငံခြားရေး ဝန်ကြီး၏ သံတမန် ရေး ဖြေရှင်းရန် အဆို ပြုမှုကို "good" ဟု တိုတိုတောင်း‌တောင်းပင် ပြောသွားခဲ့သည်။



နောက်တရက်မှာပင် ယူကရိန်း နယ်ခြားတွင် ရှိနေသော တပ်အင်အား ၁၈၀,၀၀၀ အနက် အချို့သည် စစ်ရေးလေ့ကျင့်မှု များ ပြီးဆုံး၍ မိမိတို့ တပ်စခန်း အသီးသီး သို့ ပြန်ကြတော့မည်ဟု ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောလာခဲ့သည်။


ကမ္ဘာတဝှမ်း သက်ပြင်းချသံများ မဆုံးသေးမီမှာပင်
မဆိုသလောက်သော အရည်အတွက်သာ ရွှေ့ပြောင်းရန် ပြင်ဆင်နေပြီး အများစုက တိုက်ခိုက်ရန် အသင့် အနေအထားဖြင့် ဆက်ရှိနေသည် ဆိုသော ထောက်လှန်းရေး ဂြိုလ်တုဓါတ်ပုံများ ထွက်ပေါ်လာခဲ့သည်။



အနောက်တိုင်း နိုင်ငံများမှ ပူတင်အား လိမ်လည်သည်ဟု ဝိုင်းဝန်းပြောဆိုလာခဲ့ကြသည်။ ယူကရိန်း အား ရုရှား မှ ကျုးကျော်လာမည့် အန္တရာယ် နီးကပ်လာနေပြီ ဖြစ်ကြောင်း နှစ်ဆတိုး၍ သတိပေးလာခဲ့ကြသည်။



အကယ်၍ ရုရှားတပ်များ ပြန်ရုပ်သွားခဲ့လျှင်ပင် ပြဿနာက ပြီးဆုံးသွားမည် မဟုတ်ပေ၊ စစ်ကြီး ဖြစ်လာသည်၊ မဖြစ်လာသည် ဖြစ်စေ ပူတင် စနက်ကြောင့်ရုရှားသည် ထိခိုက်နစ်နာသွားခဲ့ရပြီ ဖြစ်သည်။



သို့သော် အနောက်တိုင်းရှိ လေ့လာသူများကမူ ထိုအချက်ကို သဘောတူ သူ အနည်းငယ်မျှသာ ရှိပေလိမ့်မည်။ ၎င်းတို့၏ အမြင်တွင် ပူတင်သည် သေနတ် တချက်မျှပင် မဖောက်လိုက်ရပဲ တကမ္ဘာလုံး၏ အာရုံစိုက်မှု ကို ရရှိသွားခဲ့ပြီး ရုရှားအား ပေ့ါသေးသေး ဆက်ဆံ၍ မရဟု အမြင်ကို ဖန်တီး‌နိုင်လိုက်ပြီဟု ယူဆနေကြသည်။ ၎င်း၏ လုပ်ရပ်ကြောင့် ယူကရိန်းသည် မတည်မငြိမ် ဖြစ်သွားခဲ့ရပြီး ယူကရိန်းအနာဂတ် သည် ၎င်းလက်ထဲတွင် ရှိနေသည်ဟု အားလုံးက ‌ရှု့မြင်လာအောင် ပြနိုင်ခဲ့ပြီဟု သုံးသပ်လာကြသည်။



စစ်ပွဲကို လက်ရှောင်ပေးလိုက်ခြင်းဖြင့် နေတိုးထံမှ လိုက်လျောမှုများ ရကောင်းရဖွယ် ရှိနေသည်။ ပြည်တွင်းတွင်လည်း ၎င်းအား ပရိယာယ်ကြွယ်ဝလှသည့် ခေါင်းဆောင်ကြီး အဖြစ် ထင်မြင်လာအောင် မီးမောင်းထိုးပြနိုင်ခဲ့သလို ကြုံတွေ့နေရသော စီးပွားရေး အကျပ်အတည်းများနှင့် အတိုက်အခံများကို ဖိနှိပ်နေမှုများမှ လူထုကို အာရုံလွှဲနိုင်ခဲ့ပြန်သည်။



အထက်ပါ အချက်များသည် နည်းဗျုဟာအရသာ အကျိုးရှိနိူင်ပြီး ရေရှည် မဟာဗျူဟာ ပိုင်းတွင်မူ ပူတင်အတွက် အကျိုးယုတ်စေခဲ့သည်။



ပူတင်အား တကမ္ဘာလုံးက အာရုံစိုက် စောင့်ကြည့်နေကြသည်မှာ မှန်သော်လည်း ၎င်း၏ လုပ်ရပ်ကြောင့် အကွဲကွဲ အပြားပြား ဖြစ်နေသော ရန်သူများကို ပေါင်းစည်းပေးသလို ဖြစ်သွားခဲ့သည်။ ယခုအခါ အနောက်နိုင်ငံများက ၂၀၁၄ ခုနှစ် အတွင်း ရုရှားတို့ ကရိုင်းမီယားကို ကျုးကျော်ခဲ့စဉ်ကထက် ပို၍ ပြင်းထန်သော အရေးယူ ဒဏ်ခတ်မှုများ ပြုလုပ်ရန် တညီတညွတ်တည်း သဘောတူ လာခဲ့ကြပြီ ဖြစ်သည်။



၂၀၁၉ ခုနှစ်အတွင်း နေတိုး အဖွဲ့ကြီးသည် သုံးစားမရတော့ဟု ပြောလာသည့် ပြင်သစ် သမ္မတ သည်ပင် ရုရှားတို့၏ ရန်ကို ကာကွယ်ရန် အရေးတကြီး လိုအပ်လာနေပြီဟု လေသံပြောင်းလာခဲ့၏။



ဥရောပ ရေးရာများတွင် ဖာသိဖာသာ နေလေ့ရှိသည့်
ဆွှီဒင် နှင့် ဖင်လန်တို့သည်ပင် နေတိုအဖွဲ့ထဲ ပါဝင်လာဖို့ တာစူလာနေပြီ ဖြစ်သည်။



ယခင်က မစူးစမ်း မဆင်ခြင်ပဲ ရုရှား ဓါတ်ငွေ့ပိုက်လိုင်း အသစ် Nord Stream 2 အား ထောက်ခံခဲ့သည့် ဂျာမဏီသည်ပင် ရုရှားတို့ ယူကရိန်းကို ကျုးကျော်ခဲ့မည် ဆိုက မည်သူကမျှ ဂျာမဏီ ၏ လုပ်ရပ်ကို ကြည်ဖြူစွာ ကြည့်နေကြတော့မည် မဟုတ်၍ ရုရှား ဓါတ်ငွေ့များ သည် ပြဿနာကြီး ဖြစ်လာတော့မည်ကို ရိပ်စားမိလာကြပြီ ဖြစ်သည်။



ပူတင်သည် သူ၏ ခြိမ်းချောက်မှုကြောင့် အနောက်နိုင်ငံများ ဒူးတုန်သွားကြပြီဟု ယူဆလျှင်တော့ ကြိမ်းသေပေါက် မှားယွင်းသွားခဲ့ပြီ ဖြစ်သည်။



ပူတင်၏ ခြိမ်းချောက်မှုများကြောင့် ယူကရိန်းသည် ထိခိုက်နစ်နာသွားခဲ့ရသည်ကတော့ အမှန်ပင် ဖြစ်သည်။ သို့သော် ယူကရိန်း နိုင်ငံသားများ အကြား မိမိတို့ အနာဂတ် ကံကြမ္မာ သည် အနောက်အုပ်စု ပေါ်တွင် တည်မှီနေသည် ဆိုသည့် ခံယူချက် ခိုင်မာလာနေပြီ ဖြစ်သည်။


ပူတင်သည် ယူကရိန်းအား နေတိုး အဖွဲ့ကြီးမှ လက်မခံ ပါဟူသော အာမခံချက် ရရှိနိုင်ဖွယ် ရှိသော်လည်း ပေါချောင်ကောင်း ပေးလိုက်ခြင်းမျိုးသာ ဖြစ်သည်။ ယူကရိန်းသည် အဖွဲ့ဝင် ဖြစ်မလာခြင်းကို အမှုထားစရာ မလိုတော့၊  အနောက်နိုင်ငံများ၏ လစ်လျုရှုထားခံရသည့် အဖြစ်မှ ယခုအခါ သံတမန်ရေး နှင့် စစ်ရေးတွင် အုံနှင့် ကျင်းနှင့် ဝိုင်းအုံ ထောက်ခံမှု ကို ရရှိသွားခဲ့ပြီ ဖြစ်သော ကြောင့်ပင်။ ထိုကဲ့သို့သော အနေအထားသည် ရုရှားတပ်များ ရုတ်သိမ်းသွားခဲ့လျှင်ပင် ပျက်ပြယ်သွားတော့မည် မဟုတ်ပေ။ ဤသည်က ပူတင် အစိုးရိမ်ဆုံး အရာသည် လက်‌တွေ့
အကောင်အထည် ပေါ်သွားခဲ့ခြင်းပင် ဖြစ်သည်။



ပူတင်သည် ဥရောပကုန်းမြေကြီးတွင် ဖြန့်ကျက်ချထားမည့် ဒုံးကျည်များ၊ ပြုလုပ်နေသည့် စစ်ရေး လေ့ကျင့်မှုများ အကြောင်း ကို ဥရောပ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ပါဝင်လာအောင် ပြုလုပ် နိုင်ခဲ့လျင်ပင်၊ ယင်းသည် ရုရှားတနိုင်ငံတည်းသာ မဟုတ်၊ အားလုံး အကျိုးရှိမည့် ကိစ္စမျိုးလည်း ဖြစ်ပေသည်။



ပူတင် အတွက် အကြီးအကျယ် ထိခိုက်စရာ ဖြစ်လာရမည်က ပြည်တွင်း တွင် ဖြစ်သည်။ ရုရှားသည် ၎င်းတို့၏ စီးပွားရေးအား မည်သူမျှ နှောက်ယှက်၍ မရအောင် ခံတပ်ကြီးအလား အခိုင်အမာ တည်ဆောက်ချင်နေသည်။



ဒေါ်လာ မဟုတ်သော နိုင်ငံခြား အရန်ငွေများကိုလည်း တိုးမြှင့်စုဆောင်းလာခဲ့ပြီး ဖြစ်သည်။ ပြည်တွင်း ကုမ္ပဏီများအားလည်း ပြည်ပမှ ငွေကြေးစီးဝင်မှုကို  အားပြုနေမှုအား ကန့်သတ်လာခဲ့သည်။ နည်းပညာပိုင်းတွင် လည်း ချစ် ပြားများမှသည် app များအထိ ကိုယ်ပိုင် တည်ဆောက်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ ၎င်းတို့၏ အဓိက နိုင်ငံခြားငွေ ရရာရကြောင်း ဖြစ်သည့် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့များကို ဝယ်ယူရေး အတွက် တရုတ်ကို မျက်နှာလို မျက်နှာရ လုပ်လာကြသည်။



ထိုသို့ ကြိုးပမ်းနေမှုများသည် အနောက်နိုင်ငံများ၏
စီးပွားရေး ဒဏ်ခတ်မှုများကို အထိုက်အလျောက် ခံနိုင်ရည် ရှိလာမည်မှာ မှန်သော်လည်း လုံးဝကြီးတော့ ကာကွယ်ဟန့်တားနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။



အီးယူသည် ရုရှားပို့ကုန်စုစုပေါင်း၏ ၂၇% ကို ဝယ်ယူတင်သွင်းလျက် ရှိနေပြီး တရုတ်သည် ၅၀% ခန့် အားပေးနေသည်။ တရုတ်သို့ ဓါတ်ငွေ့များ ‌တိုက်ရိုက် တင်ပို့ ရောင်းချနိုင်ရန် ဆိုက်ဘေးရီယားကို ဖြတ်ကာ ဆောက်လုပ်နေသည့် ပိုက်လိုင်းသည် ၂၀၂၅ တွင် ပြီးဆုံးမည် ဆိုလျင်ပင် ဥရောပသို့ ရောင်းချနေသည့် ဓါတ်ငွေ့ ပမာဏ၏ ငါးပုံ တပုံခန့်သာ ရှိမည် ဖြစ်သည်။



ပဋိပက္ခ သည် စစ်ပွဲကြီး အဆင့် ကူးပြောင်းလာခဲ့လျင် နိုင်ငံတကာ ဘဏ်အချင်းချင်း ငွေပို့စနစ် SWIFT အား ရုရှား ဘဏ်တိုက်ကြီးများ အသုံးပြု၍ မရသည့် အခြေအနေ ဆိုက်ရောက်သွားတော့မည် ဖြစ်သည်။ ဟွာဝေး အား လုပ်သလို နည်းပညာ တင်သွင်းမှု ကန့်သတ်ခံခဲ့ရလျှင် ရုရှား နည်းပညာ ကုမ္ပဏီများ အခက်အခဲများ နှင့် ရင်ဆိုင်ကြရတော့မည် ဖြစ်သည်။



ပူတင်သည် ထိုသို့ အပြန်အလှန် မှီခိုနေရသည့် ဘဝမှ လွတ်မြောက်ရန် တရုတ်ကို ချည်းကပ်ဖို့သာ ရှိပေတော့သည်။ သို့ဆိုက ရုရှားသည် နိုင်ငံတကာ သံတမန် မျက်နှာစာတွင် တရုတ်၏ ညာလက်ရုံးကြီးအလား ရှုမြင်ခြင်း ခံရပြီး သိက္ခာကျဖို့သာ ရှိပေတော့သည်။ ထို့ပြင် တရုတ်တို့ အတွက် ဈေးပေါပေါ နှင့် ဝယ်ယူနိုင်သည့် ကုန်ပစ္စည်းများ ရရှိနိုင်သည့် ဈေးကွက် အဖြစ်လည်း ဆက်ဆံခံရပေတော့မည်။ ဤသည်က ပူတင် အဖို့ အသားမာတက်အောင် ထမ်းရတော့မည့် တံပိုးကြီး ဖြစ်လာပေလိမ့်မည်။



နိုင်ငံတွင်းရှိ ပူတင် လက်ဝေခံ များသည်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်စရာများ ရှိနေပြန်သည်။ ယူကရိန်း တွင် ဒီမိုကရေစီ အမြစ်တွယ်လာပြီး အနောက်အုပ်စုနှင့် ပလူးပလဲ ဖြစ်လာပါက အဆိုပါ လက်ဝေခံ များသည် ရုရှား စီးပွားရေးကို ထိန်းချုပ်ထားပြီး ထင်သလို လုယက် ယူနိုင်စွမ်း လျော့ပါးလာတော့မည့် အရေးကို တွက်ဆလာကြတော့မည် ဖြစ်သည်။ စစ်ကြီး ဖြစ်လာပါက ၎င်းတို့ အကျိုးစီးပွားများသည်သာ ပျက်သုံးရမည့် ကိန်းနှင့် ကြုံလာရပေတော့မည်၊ တခါက ပူတင် အားကိုးအားထား ပြုစရာ ဖြစ်ခဲ့သူများက ပြေးပေါက်ကို ရှာလာကြတော့မည် ဖြစ်သည်။ ထိုအနေအထားတွင် ပူတင်၏ လုံခြုံရေး နှင့် စစ်ဖက် ခေါင်းဆောင်များသည် ပူတင်၏ အားကိုအားထားပြုရာ အဖြစ် မျက်နှာသာပေး ခံလာရပြီး ပြည်တွင်းတွင် ဖြစ်ပေါ်လာမည့် အထွေထွေ မကျေနပ်မှုများကို
ရက်ရက်စက်စက် ဖိနှိပ်လာကြတော့မည် ဖြစ်သည်။



ထိုသို့ ဖြစ်လာနိုင်သည်များကို ကောင်းစွာ တွက်ဆမိသော ပူတင်သည် ဖြစ်ချင်ရာဖြစ် ဆိုကာ ယူကရိန်းကို ကျုးကျော်ဖို့ စွန့်စားလာခဲ့လျင်ကော၊ လက်ရှိတွင်တော့ တဦးနှင့် တဦး ဘယ်ခြောက်ကာ ညာလှမ်းနေသည့် အဆင့်တွင် ရှိနေပေ‌သေးသည်။



တချက် သတိထားဖို့ ရှိသည်က ပူတင်သည် ယူကရိန်း နိုင်ငံအတွင်း ကြီးမားသော ဒေသကြီး ဖြစ်သည့် ဒွန်ဘာစ် ‌ရှိ သမ္မတ နိုင်ငံများ အဖြစ် တဖက်သတ် ကြေညာနေမှုကို အသိအမှတ်ပြုလာမည့် အရေးပင် ဖြစ်သည်။ ထိုသို့ အသိအမှတ်ပြုရန်လည်း ရုရှားလွှတ်တော်က ပူတင်အား တိုက်တွန်းလာခဲ့ပြီ ဖြစ်သည်၊ ထိုသို့ သမ္မတ နိုင်ငံ ကြေညာလိုသူများသည် ၎င်းတို့ လက်ရှိ ထိန်းချုပ်ထားသည့် ဒေသများသာမက အခြား ဒေသများကိုပါ ၎င်းတို့ပိုင် အဖြစ် သွတ်သွင်းကာ ကြေညာခဲ့ကြသည်။ ပူတင်အဖို့ အချိန်မရွေး ခလုတ်ဆွဲ၍ ပြဿနာ ဖန်တီးနိုင်၍ ရနေသည်။



စစ်ကြီး ဖြစ်ပွားလာပါက အနောက်နိုင်ငံများသည် ရုရှား ဓါတ်ငွေ့များကို သပိတ်မှောက်လာကြပေမည်၊ ယူကရိန်းသည် ရုရှား၏ ဘဏ္ဍာငွေများ၊ လူအင်အားများ ဆုံးရှုံးခံကာ ကုစားရမည့် အနာကြီး ဖြစ်လာပြီး နိုင်ငံတကာတွင် လည်း အပယ်ခံ ဘဝ ရောက်သွားမည်လည်း ဖြစ်သည်။



ရုရှားနိုင်ငံသားများ အဖို့ အနောက်နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်မှုများကို လတ်တလော ခံကြရဦးမည် ဖြစ်သည့်အပြင် ရေရှည်တွင် ရုရှား လုံခြုံရေး တပ်များ၏ ဖိနှိပ်မှုများကို ခံကြရတော့မည် ဖြစ်သည်။



ပူတင်သည် ယခုအခါ ချောင်ပိတ်မိနေသော်လည်း နောက်မှ တိုက်မည်ဆိုကာ ရုန်းထွက်၍ ရနေသေးသည်။ အနောက်နိုင်ငံများကမူ ပူတင် အရွေးမှားသဖြင့် ပေါ်ပေါက်လာသော အန္တရာယ်များကို ကာကွယ်ရန် ပို၍ စည်းလုံးလာခဲ့ကြပြီ ဖြစ်သည်။



ပူတင်သည် ယူကရိန်း နိုင်ငံ၏ လွတ်လပ်ရေးကို အသိအမှတ် ပြုလိုစိတ် မရှိပဲ အနောက်နိုင်ငံများက ရုရှားကို တိုက်ခိုက်ရန် ခြေကုပ်စခန်း အဖြစ် အသုံးချလို၍ ဝိုင်းဝန်း မြှောက်ပင့်ပေးနေခြင်းဟု ယူဆနေသူလည်း ဖြစ်သည်။


ယခုအခါ ပူတင်သည် ဒွန်ဘက်ရှိ ခွဲထွက်ရန် ကြံနေသည့် ဒွန်တက်စ် နှင့် လူဟန်စ် ဒေသများကို "ပြည်သူ့ သမ္မတ နိုင်ငံများ" အဖြစ် အသိအမှတ်ပြုလိုက်ပြီး ရုရှားတပ်များကို စေလွှတ်တော့မည်ဟု ကြေညာလိုက်ခြင်း ဖြင့် စစ်ပွဲကြီး ဖြစ်ရန် လက်တကမ်း အလို သို့ ချည်းကပ်လာနေပြီ ဖြစ်သည်။