အခန်းက ခပ်စုတ်စုတ် ပင် ဖြစ်သည်။ လူအိပ်ပုံမရသည့် ကုတင်တလုံးတွေ့ရပြီး ဗီကာရီ၏ MI-5 ရုံးခန်းထဲရှိ ကုတင် အရွယ်အစားလောက်ပင်၊ မီးဖိုချောင်ကလည်း ခပ်သေးသေး ဖြစ်ပြီး ဓါတ်ငွေ့မီးဖိုပေါ်တွင် ကော်ဖီကို ပူအောင် တင်ထားသည်၊ စားပွဲတွင်တော့ လူနှစ်ယောက်သည် ကျောက်ရုပ်များ အလား ထင်မှတ်ရအောင် မလှုပ်မယှက် ထိုင်နေပြီး ရေဒီယိုကို အာရုံစိုက် နားထောင်နေကြသည်။
သူတို့ ပါးစပ်ဖျားတွင် စီးကရက် ကိုယ်စီ နှင့် ဖြစ်နေပြီး တခန်းလုံးလည်း ပြာလဲ့လဲ့ စီးကရက် မီးခိုးများ ဖုံးလွှမ်းနေသည်။ မီးကို မှိတ်ထား၍ ကျဉ်းမြောင်းလှသည့် ပြတင်းပေါက်မှ ဝင်လာသော အလင်းရောင်သာ ရှိသည်၊ ဗီကာရီက ပြတင်းပေါက် ရှိရာ လျှောက်သွားပြီး အောက်ကို ငုံ့ကြည့်လိုက်ရာ အမှိုက်များနှင့် ဗလပွ ဖြစ်ကာ ညစ်ပတ်နေသည့် နောက်ဖေးလမ်းကြားကို တွေ့လိုက်ရသည်။ ကလေးနှစ်ယောက် သံဗူး များကို လေထဲမြှောက်ကာ တုတ်တံနှင့် ရိုက်ကစားနေကြသည်။ လေတချက် ဝှေ့ရမ်းလာ၍ သတင်းစာစက္ကူဟောင်းများ သည် ပင်လယ်ဇင်ယော်များ အလား လေထဲတွင့် ကွေ့ကာဝိုက်ကာ လွင့်ပျံ့နေသည်။ ဘုသီက မီးဖိုပေါ်မှ ခရားကို မလိုက်ကာ ကြွေပန်းကန်လုံး နှစ်လုံးထဲသို့ ကော်ဖီများ ငှဲ့ထည့်လိုက်သည်။ ကော်ဖီအရသာက ခါးပြီး ပြင်းလွန်းသည်၊ သို့သော်လည်း ပူပူ နွေးနွေး ဖြစ်၍ မဆိုးလှဟု ပြောရမည် ဖြစ်သည်။
ဘုသီက နှုတ်ခမ်းပဲ့နေသော ခွက် ထဲက ကော်ဖီကို သောက်ရင်းက ထိုင်နေသော လူနှစ်ယောက်ထဲမှ အသက်ခပ်ကြီးကြီး၊ ခပ်ထွားထွား လူနှင့် စ၍ မိတ်ဆက်ပေးလာသည်။ "အယ်ဖရက် ဗီကာရီ၊ သူက ပီလီကန်၊ နာမည်အရင်းတော့ မဟုတ်ဘူး၊ အမည်ဝှက်တခု၊ သူ့နာမည်ရင်းကိုလည်း ခင်ဗျား သိဖို့ မလိုဘူး၊ ကျွန်တော်တောင်မှ သူ့နာမည်ရင်းကို မှတ်မိနေတုန်းလား ဆိုတာ မကျိမ်းသေလှဘူး"၊ ထို့နောက် ဒုတိယလူဖက် လှည့်ကာ "ဒီပုဂ္ဂိုလ်က တော့ ဟော့ခ်၊ ဒါကတော့ သူ့နာမည်အရင်း၊ ဟော့ခ်က ကျွန်တော်တို့ ဖက်ကနေ လှုပ်ရှားပေးနေတာ၊ ဟုတ်တယ် မဟုတ်လား ဟော့ခ်"
ဟော့ခ်က ဘုသီ ပြောသည်ကို ကြားသော်လည်း သူ့မျက်နှာက အပြောင်းအလဲ မရှိ၊ လူပုံသဏ္ဍန်က ပိန်ပိန် ရှည်ရှည် ဖြစ်၍ တောင်ဝှေး တချောင်း နှင့် တူနေသည်။ စစ်ကြီး အတွင်း ဈေးပေါပေါ နှင့် ချုပ်ဝတ်ထားဟန်ရှိသော ကုတ်အင်္ကျီသည် ပုခုံးအောက်သို့ တွဲကျနေသည်။ ညဖက်များတွင် သာ အပြင်ထွက် အလုပ် လုပ်လေ့ရှိသည့် လူတယောက်၏ နေမထိသည့် အသားအရောင်လို ဖြူရော်ရော် ဖြစ်နေသည်။ ခေါင်းထက်ရှိ ရွှေရောင် ဆံပင်သည် ပါးလျားလိုက်လာပြီး အဖြူဖက်သို့ ကူးပြောင်းစ ပြုလာနေသည်။ သို့သော် သူ့အရွယ်သည် ဗီကာရီ သင်ကြားခဲ့ရသော တက္ကသိုလ်ရှိ ကျောင်းသားများနှင့် မတိမ်းမယိမ်းလောက်သာ ရှိဦးမည် ဖြစ်သည်။ သူ၏ စီးကရက်ကို လက်မနှင့် လက်ညိုးကြားတွင် ညှပ်ထား၍ ပြင်စစ် တယောက်၏ သောက်ပုံသောက်နည်းမျိုး နှင့် တူနေသည်။
ဗီကာရီသည့် သူအား ရုံးရှိ ကန်တင်းတွင် တွေ့ဖူးသလို စိတ်ထဲက ထင်မိ၍ မသိုးမသန့် ဖြစ်နေသည်။ ဒါမှမဟုတ်လည်း အောက်ထပ်ရှိ စာရင်းရုံးမှ ဖိုင်တွဲများ ဂျိုင်းကြား ညှပ်ရင်း တက်လာသည့် သူ့ ကို အတက်အဆင်းတွင် တွေ့မိသည်များလား မသိဟု ထင်မိပြန်သည်။ ဒါမှ မဟုတ်လည်း ဂရေ့စ် ကလာရင်တန်လို ဘုသီ၏ ရုံးခန်း လျို့ဝှက် အပေါက်မှ ထွက်လာသည်ကို လှမ်းမြင်လိုက်တာမျိုးလား မဝေခွဲနိုင် ဖြစ်နေသည်။ ဟော့ခ်က ဗီကာရီ ဖက်ကို လှည့်မကြည့်။
တချိန်လုံး ကျောက်ရုပ်လို မလှုပ်မယှက် ထိုင်နေပြီး ဘုသီ သည် သူထိုင်နေသည့် နေရာနား ရောက်လာမှသာ ခေါင်းကို လက်မဝက်ခန့် စောင်းလိုက်ပြီး မျက်နှာ အနေအထားကလည်း တင်းမာသွားပုံရ၍ ဘုသီများ သူ့အား ရန်ပြုလေမလား ဆိုသည့် အတွေး ဝင်လာပုံ ရှိသည်။
ဗီကာရီသည် ပီလီကန် ဆိုသူကို အကဲခတ်လိုက်ပြန်သည်။ သူ့ကြည့်ရသည်မှာ စာရေးဆရာ တယောက်၊ မဟုတ်ရင်လည်း သင်္ဘောကျင်း အလုပ်သမား တယောက် ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဂျာမန် သို့မဟုတ် ပြင်သစ် တယောက် ဖြစ်ရမည်။ ပိုလန်ကလည်း ဖြစ်နိုင်သည်၊ ပိုလန် လူမျိုးများက ယခုဆို နေရာအနှံ့တွင် ရောက်နေကြပြီ ဖြစ်သည်။
သူသည် ဟော့ခ် လို မဟုတ်ပဲ ဗီကာရီအား စိုက်ကြည့်နေသည်။ သူ၏ အကြည့်က တည်ငြိမ်သော်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေပုံ ရှိသည်။ သူမျက်နှာပေါ်က ထူထဲသော မျက်မှန်ကြီးရှိနေသည့် အပြင် နေရောင်ကို တိုက်ရိုက် ကြည့်၍ မရသည့်အလား အမည်းရောင် အနည်းငယ် ထဲ့ထားပြန်၍ ဗီကာရီအဖို့ မျက်လုံးများကို အကဲခတ်၍ မရ ဖြစ်နေသည်။
သားရေကုတ်အင်္ကျီကြီး အောက်တွင် တန်ဖိုးကြီး ကာဒီဂန် အမျိူအစား ဆွယ်တာကို နှစ်ထပ် ဝတ်ထားသည်။ စီးကရက်ကို ဖင်စီခံ အနားအထိ သောက်ပြီး ထိုးချေလိုက်သည်။
ဘုသီက သူဝတ်ထားသော ကုတ်အင်္ကျီ ကို ချွတ်ရင်းက ရေဒီယိုက အသံကို တိုးလိုက်သည်။ ထို့နောက် ဗီကာရီကို ကြည့်ပြီး "ကဲ...ကျွန်တော်တို့ ဘယ်က စကြမလဲ"
******************
ဟော့ခ်သည် ဗီကာရီ တို့ အဖွဲ့ အတွက် မဟုတ်ပဲ ဘုသီ အတွက် လှုပ်ရှားပေးနေသူ ဖြစ်သည်။
ဘုသီသည် ဟော့ခ်၏ ဖခင်နှင့် သိကျွမ်းသူ ဖြစ်သည်။ အိန္ဒိယ တွင် လုံခြုံရေး ဖက်၌ သူတို့နှစ်ဦးအတူ လုပ်ကိုင်ခဲ့ဖူးသည်။ ၁၉၃၅ နှစ် အတွင်း မိသားစု အိမ်ရှိရာ ကင့် သို့ နေ့လည်စာ ဖိတ်၍ သွားစားခဲ့စဉ် ဟော့ခ် နှင့် စတင် ဆုံဖြစ်ခဲ့သည်။ ဟော့ခ်သည် ထိုအချိန်က အရက်ကလေး တထွေထွေဖြင့် စကား အများကြီး ပြောလာပြီး သူတို့ နှစ်ဦး လုပ်ခဲ့သည့် အလုပ်များ အပေါ် ပြစ်တင် ရှုတ်ချခဲ့သည်၊ သူ့ပါးစပ်မှလည်း မက်စ် နှင့် လီနင်တို့၏ အဆိုအမိန့်များကို ရှိတ်စပီယား ပြဇာတ်များအလား အလွတ် ရွတ်ပြခဲ့ပြန်သည်။ သူ၏ လက်များကလည်း အနားမနေပဲ သူ၏ အိမ်ရှေ့ ပန်းခြံကို လက်ဝှေ့ရမ်းပြကာ အင်္ဂလိပ် အုပ်ချုပ်သူ လူတန်းစားများ၏ အကျင့်ပျက် ဖေါက်ပြန်နေမှု၏ သင်္ကေတ အဖြစ် ပြောဆိုနေပြန်သည်။
နေ့လည်စာ စား အပြီးတွင် ဖခင်ဖြစ်သူက ဘုသီအား ခပ်ယဲ့ယဲ့ ပြုံးပြပြီး သား၏ ရိုင်းပြသော အမူအရာများ အတွက် တောင်းပန်စကား ဆိုလာသည်။
သူ့သား အတွက် ငွေကုန်ကြေးကြခံပြီး တန်ဖိုးကြီး
ကျောင်းများတွင် ထားကာ ပညာသင်ပေးခဲ့ရသည်မှ အလဟသ ဖြစ်ကုန်ပြီဟုလည်း ပြောခဲ့သည်။
သို့သော် ဘုသီ အဖို့က ဟော့ခ် လို လူမျိုးကို ရှာနေသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်၍ သူလည်း ကိစ္စမရှိပါ ဆိုသည့် သဘောဖြင့် ပြုံး၍သာ ပြခဲ့သည်။
***************
ဘုသီ၏ ထိုစဉ်က အလုပ်သစ်သည် ကွန်မြူနစ်များကို မျက်ခြေမပြတ် စောင့်ကြည့်ရန် ဖြစ်သည်။ အထူးသဖြင့် အောက်စဖို့၊ ကင်းဘရစ်ခ်ျ ကဲ့သို့သော တက္ကသိုလ် ကျောင်းတိုက်ကြီးများ အတွင်းတွင် ဖြစ်သည်။ ဂရိတ်ဗြိတိန် ရှိ ကွန်မြူနစ် ပါတီသည် ရုရှားရှိ အရှင်သခင်ကြီးများ၏ မေတ္တာဂရုဏာတော်များကို ရရှိခံစားနေခဲ့သည်။ ထို့အတွက်လည်း ကျေးဇူးသိတတ်စွာဖြင့် တက္ကသိုလ် ကျောင်းဝင်းများ အတွင် လူသစ်များ ရအောင် လိုက်လံစည်းရုံးပေးခဲ့ကြသည်။ ထို့မျှမကသေး ရုရှား ထောက်လှန်းရေး NKVD အတွက်လည်း စပိုင်များ ရှာဖွေပေးလာခဲ့ကြသည်။ ဟော့ခ်သည် ဘုသီ အတွက် လုပ်ကိုင်ပေး ရန် အောက်စဖိုသို့ ရောက်လာခဲ့သည်၊ ဤသည်ကလည်း ရည်ရွယ်ချက် ပျောက်နေသလို ဖြစ်နေသည့် ဟော့ခ်အား ဘုသီက လမ်းပြစည်းရုံးနိုင်ခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။ ဘုသီက ထိုသို့ စည်းရုံးရာတွင် တဖက်ကမ်းခတ်သူလည်း ဖြစ်သည်။
ဟော့ခ်သည် ကွန်မြူနစ်များ နှင့် အရက်အတူတူ သောက်၊ တင်းနစ် အတူတူ ရိုက်၊ အတူသွား အတူလာ နေနိုင်ယုံသာမက၊ ဝါဒရေးရာများကိုလည်း သူတို့နှင့် အပြိုင် ငြင်းခုံနိုင်သူ ဖြစ်သည်။ ကွန်မြူနစ် ပါတီက ချည်းကပ်လာလျှင် ခါးခါးသီးသီး ငြင်းဆန်တတ်ပြီး ရဲများက သူ့အပေါ် ပြဿနာရှာလာလျှင် ဘုသီအား ဖုန်းကောက်ဆက်ကာ ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့သည်။ ဟော့ခ်သည် ဘုသီ အတွက်တော့ လူကောင်းတယောက် ဖြစ်နေသည်။
********************
ပီလီကန်သည် ဂျာမန် ဂျုးတဦး ဖြစ်ပြီး ကွန်မြူနစ် လည်း ဖြစ်သည်။ ဘုသီက သူ့အတွက် အသုံးချလို့ ရမည့်လူမှန်း ချက်ခြင်းလို ရိပ်စားမိလိုက်သည်။ ပီလီကန်သည် ၁၉၂၀ နောက်ပိုင်းလောက်ကစပြီး ဘာလင် လမ်းမများပေါ်တွင် ကျင်လည်ကျက်စားနေသည့် ကွန်မြုနစ် တဦး ဖြစ်လာသည်၊ သတ်ရပုတ်ရမည့် အရေး နှင့် ကြုံလာလည်း လက်မနှေး၊ သို့သော် ဟစ်တလာ အာဏာရလာသည့် အခါတွင်တော့ သူ့အဖို့ အခုလို ဆက်နေသွား၍ မဖြစ်တော့မှန်း သိလာ၍ လုံခြုံရာကို ရှာလာခဲ့သည်။
၁၉၃၃ တွင် အင်္ဂလန်သို့ ရွှေ့ပြောင်းလာခဲ့သည်။ NKVD သည်လည်း ပီလီကန် အကြောင်းကို ဘာလင်မှာ ကတည်းက ကောင်းစွာ သိထားခဲ့ပြီးလည်း ဖြစ်သည်။ အင်္ဂလန် တွင် ပီလီကန် အခြေတကျ ဖြစ်လာချိန်တွင် ၎င်းတို့ အတွက် လုပ်ကိုင်ပေးရန် လာရောက်စည်းရုံး သိမ်းသွင်း နိုင်ခဲ့သည်၊ ပီလီကန်၏ အလုပ်သည် NKVD အတွက် အလားအလာရှိသူများကို ရှာဖွေ စုဆောင်းပေးရခြင်းသာ ဖြစ်သည်။ ပထမဆုံး ပီလီကန်၏ မျက်စိ ကျခြင်း ခံရသူ က ဟော့ခ်ပင် ဖြစ်သည်။
ပီလီကန်က သူတို့ဖက် ပါရန် ဟော့ခ် အား စည်းရုံးနေစဉ်တွင် သူတို့ အနား ရောက်လာသူက ဘုသီ ပင် ဖြစ်သည်၊ ဘုသီက ပီလီကန် အား ရုရှား သူလျိုဟု ဆိုကာ အကျပ်ကိုင် ခြိမ်းချောက်လာသည့် အခါတွင်တော့ ဘုသီ အတွက် လုပ်ကိုင်ပေးရန် သဘောတူလိုက်ရပေတော့သည်။
"ခင်ဗျား ကျွန်တော် ပြောနေတာ တွေ နားလည်ပါတယ်နော် အယ်ဖရက်"
ဗီကာရီ က ပြတင်းပေါက်မှ အပြင်သို့ ကြည့်ရင်းက ခေါင်းငြိမ့်ပြလိုက်သော်လည်း စိတ်ထဲက ခင်ဗျားထက် လေးကွက်လောက်ကို ကြိုမြင်ပြီးနေပြီဟု ပြောလိုက်သည်။
*******************
၁၉၃၉ ဩဂုတ်လတွင် ဘုသီသည် ဟော့ခ်အား MI-5 သို့ ခေါ်လာခဲ့သည်။ ထို့နောက် ဘုသီ၏ ညွန်ကြားချက်ဖြင့် ပီလီကန်သည် မိမိစည်းရုံးထားခဲ့သူသည် ယခုအခါ ဗြိတိသျှ ထောက်လှန်းရေး ဖက်တွင် ဝင်ရောက် လုပ်ကိုင်နေပြီ ဖြစ်ကြောင်း မော်စကိုရှိ အရှင်သခင်များအား အကြောင်းကြားလိုက်သည်။
မော်စကိုသည်လည်း ထိုသတင်းကြောင့် ဘဝင်ခိုက်သွားခဲ့ပြီး ပီလီကန်အားလည်း စတား အေးဂျင့် တဦးအဖြစ် ရှု့မြင်လာခဲ့ကြသည်။ ဘုသီလည်း အရေးမပါလှသော သတင်းများကို ပီလီကန် မှတဆင့် မော်စကို သို့ ပေးပို့စေခဲ့သည်။ ထိုသတင်းများ ၏ အရင်းအမြစ်များသည် MI-5 က ထွက်လာခြင်းဟုလည်း ပီလီကန် အား အယုံသွင်းခိုင်းခဲ့သည်။ ပီလီကန် ပို့သော သတင်းများကိုလည်း ရုရှားတို့က တဖက်လှည့် နှင့် စုံစမ်းခဲ့ကြပြီး အစစ်အမှန် ဖြစ်ကြောင်း အတည်ပြုနိူင်ခဲ့သဖြင့် ပီလီကန် အပေါ် ယုံကြည်မှုကလည်း တစထက် တစ တိုးမြင့်လာခဲ့ကြသည်။
၁၉၃၉ နိုဝင်ဘာလတွင် ဘုသီသည် ပီလီကန် အား နယ်သာလန်သို့ စေလွှတ်လိုက်သည်။ ထိုအချိန်က ဝေါ်လ်ဝာာ ရှလင်းဘတ်ခ် ဆိုသည့် မြောက်ကြွ မြောက်ကြွ ဖြစ်နေသည့် ဂျာမန် SS ထောက်လှန်းရေး အရာရှိ ပေါက်စ လေးသည် ဒပ်ခ်ျ ပိုင်နက်ထဲသို့ နာမည်ဝှက် ဖြင့် မကြာခဏ ရောက်လာတတ်ပြီး MI-6 မှ အရာရှိများနှင့် တွေ့ဆုံလေ့ရှိသည်။
ရှလင်းဘတ်ခ်သည် ၎င်းကို၎င်း ဟစ်တလာကို ဖြုတ်ချရန် ကြံစည်နေသည့် ဂျာမန်စစ်အရာရှိတဦး အဖြစ် အယောင်ဆောင်ထားသည်။ ဗြိတိသျှတို့အားလည်း ထို့အတွက် အကူအညီပေးရန် တောင်းခံဖို့ ရောက်လာတတ်သည်၊ တကယ်တမ်းတွင်မူ ဗြိတိသျှတို့ဖက်က သိထားသော ဟစ်တလာကို ဖြုတ်ချရန် တကယ်တမ်း လုံးပမ်းနေသည့် သူ့အမြင် "သစ္စာဖေါက်မျာ"၏ အမည်များကို ရနိုင်ရန် အတွက် ချည်းကပ်နေခြင်းပင် ဖြစ်သည်၊ ထိုသို့ သိလာမှသာ ဖမ်းဆီးနိုင်မည်လည်း ဖြစ်သည်။
ပီလီကန် နှင့် ရှလင်းဘတ်ခ်တို့သည် ဒပ်ခ်ျ နယ်ခြား မြိုလေးတမြို့ရှိ ကော်ဖီဆိုင်တဆိုင်တွင် ဆုံဖြစ်ခဲ့ကြသည်။ ရှလင်းဘတ်ခ် က သူ့အား ဗြိတိန်တွင် စပိုင်တယောက် အဖြစ်လှုပ်ရှားရန် ကမ်းလှမ်းလာခဲ့သဖြင့် မိမိသည် ရုရှား NKVD အတွက် အလုပ်တခု နှစ်ခု ခန့် လုပ်ပေးခဲ့ပြီ ဖြစ်ကြောင်း၊ ထိုအထဲတွင် အောက်စဖို့ တက္ကသိုလ် ကျောင်းသား ဟော့ခ်ကို စည်းရုံးနိုင်ခဲ့သည့် အကြောင်း၊ ဟော့ခ်သည် ယခုအခါ MI-5 တွင် ရောက်နေပြီး မိမိနှင့်လည်း အမြဲလို အဆက်အသွယ် ရှိနေသည်ဟုလည်း ဝန်ခံလိုက်သည်။
ရှလင်းဘတ်ခ် အတွက်လည်း ချစ်ကြည်ရေး သဘော လက်ဆောင် အဖြစ် ကာမစိတ် နိုးကြွစေသည့် အာရှ အမျိုးသမီး များ၏ ပုံများ စုဆောင်းထားသည်ကိုပါ ပေးခဲ့သည်။ ရှလင်းဘတ်ခ်ကလည်း ပီလီကန်အား ပေါင်စတာလင် တထောင်၊ ကင်မရာတလုံး၊ ဆက်သွယ်ရေး စက်တလုံး ပြန်ပေးပြီး ဗြိတိန်သို့ ပြန်ခိုင်းလိုက်သည်။
********************