နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် အာဆီယံ အစည်းအဝေးတွင် မိန့်ခွန်းပြော

by Hla Soewai - Feb 19 2022

ကမ္ဘောဒီယား နိုင်ငံခြားရေး ဝန်ကြီး ပရတ် ဟော့ဆွန်း သည် မတ်လ အစောပိုင်းအတွင်း မြန်မာသို့ အာဆီယံ အထူး သံတမန် အဖြစ် သွားရောက်သည့် အခါ အမျိုးသား ညီညွတ်ရေး အစိုးရနှင့် ‌‌တွေ့ဆုံနိုင်အောင် ကြိုးပမ်းသွားမည်ဟု အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အပြီး ပြောဆိုသွားခဲ့သည်။

 

ဤသည်ကလည်း အစည်းအဝေး အတွင်း မလေးရှား နိူင်ငံခြားရေး ဝန်ကြီးမှ NUG နှင့် တွေ့ဆုံရန် တောင်းဆိုလာခဲ့၍ ဖြစ်သည်။

 

ထိုသို့ မဖြစ်မနေ တွေ့ဆုံရန် မလေးရှား ဝန်ကြီးမှ တောင်းဆိုခဲ့ရခြင်းမှာ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် ၏ အာဆီယံ အစည်းအဝေးတွင် ပြောကြားခဲ့သော ဗီဒီယို မိန့်ခွန်း ကြောင့် ထိုသို့ ဖိအားပေးလာခြင်း ဖြစ်သည်။

 

ဒေါ်ဇင်မာအောင်က လက်ရှိဖြစ်ပေါ်နေသော ပြဿနာများကို အာဏာသိမ်း အဖွဲ့ အနေနှင့် အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းပေးရန်၊ လေကြောင်းမှ တိုက်ခိုက်မှုများ နှင့် တိုင်းရင်းသား လက်နက်ကိုင်များ၊ ဒီမိုကရေစီ အင်အားစုများ ထိန်းချုပ် နယ်မြေများကို ထိုးစစ်ဆင်နေမှုများ ရပ်ဆိုင်းရန်၊ အကြမ်းဖက် စစ်ကောင်စီ မှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေမှုများ၊ ပြည်သူ များကို သတ်ဖြတ်နေမှုများ ရပ်ဆိုင်းရန်၊ နှင့် ၎င်းတို့ကျူးလွန်သော စစ်ရာဇဝတ်မှုများ အတွက် သီးခြား စုံစမ်းစစ်ဆေးရေးကို ထောက်ခံပေးရန် တို့ကို သူမ၏ မိန့်ခွန်းတွင် ထည့်သွင်းတောင်း ဆိုသွားခဲ့သည်။

 

ဒေါ်ဇင်မာအောင်၏ မိန့်ခွန်း အဖွင့်တွင်ပင် "my fellow ASEAN Foreign Ministers" ဟု ခေါ်ဝေါ်သုံးနှုန်း သွားခဲ့ပြီ ဖြစ်သည်။ ဝဏ္ဏမောင်လွင် နှင့် ဝန်ကြီးချုပ် ၏ အထူး အကြံပေး ဆိုသူ ရင်ရင်နွယ်တို့ နှစ်‌ယောက်ပေါင်း၍ ထွက်လာသော အကြံဉာဏ်ကား အင်တာပိုကို အကူ အညီတောင်းမည် ဆိုသော အဆင့်သာ ရှိနေချိန်တွင် NUG ၏ ခြေလှမ်းများက ကြောက် ခမန်းလိလိ တိုးမြင့်လာနေပေသည်။

 

ဒေါ်ဇင်မာအောင်သည် ၁၉၉၈ တွင် ဗိုလ်သန်းရွှေ စစ်အစိုးရ၏ ထောင်ဒဏ် ၂၈ နှစ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရပြီး ၁၁ နှစ်အကြာ ၂၀၀၉ ခုနှစ်တွင် လွတ်မြောက်လာခဲ့သူလည်း ဖြစ်သည်။ ၂၀၁၂ တွင် အမေရိကန် နိုင်ငံခြား‌ရေး ဝန်ကြီးဌာန ၏ သူရသတ္တိ နှင့် ပြည့်စုံသော အမျိုးသမီး ဆု ကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။

 

ပရတ် ဆော့ဟွန်း က မိမိအနေဖြင့် ပထမဆုံး ခရီးစဉ် ဖြစ်၍ သက်ဆိုင်သူ အားလုံး နှင့် တွေ့နိုင်ဦးမည် မဟုတ်သော်လည်း အချို့နှင့် တွေ့မည်၊ လောဘ ကြီး၍ မရသေးဟုလည်း ပြောဆိုသွားခဲ့သည်။

 

စစ်ကောင်စီ က အမျိုးသား ညီညွတ်ရေး အစိုးရအား "အကြမ်းဖက်" အဖွဲ့အစည်း အဖြစ် မည်သို့ပင် ဝါဒဖြန့် ပုံဖေါ်နေသော်လည်း အာဆီယံ အဖွဲ့အနေနှင့် ၎င်းတို့၏အပြောကို လက်ခံခြင်း မရှိဆိုသည် အထင်အရှား ပြဆိုလိုက်ခြင်း ဖြစ်၍ ပြည်သူတို့၏ အောင်ပွဲ တရပ် ရရှိသွားခဲ့ပြီ ဖြစ်သည်။

 

ဟွန်ဆန်သည်ပင် ဥက္ကဌ အဖြစ် သူ၏ သက်တမ်းသည် ဆယ်လ နှင့် ၁၄ ရက်သာ ကျန်တော့၍ မြန်မာ ပြဿနာကို နောက်ဥက္ကဌ မှ ဆက်၍ လုပ်သွားဖို့သာ ရှိကြောင်း လက်လျော့စကား ပြောသွားခဲ့ပြီ ဖြစ်သည်။ နောက်ဥက္ကဌ ဆိုသည်မှာ  အင်ဒို ၏ အလှည့် ဖြစ်နေပြန်၍ သက်သာစရာ အကြောင်းမမြင်။

 

စစ်‌ ကောင်စီ၏ ဟွန်ဆန် အားကိုးသော သံတမန် ထိုးစစ်သည် အဖက်ဖက်က အရေးနိမ့် လာနေသည်။

 

အာဏာသိမ်း လာခဲ့သည်မှာ တနှစ်ကျော်နေပြီ ဖြစ်သော်လည်း ပြည်သူတို့ ၏ တွန်းလှန် ခုခံစစ်ကြောင့် စစ်ကောင်စီသည် တိုင်းပြည်ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့သည့် အဖြစ်ကို အားလုံးက လက်ခံလာကြရပြီ ဖြစ်သည်။

 

ယခုလ အစောပိုင်းတွင် အဓိက ကျသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ လေးဖွဲ့မှ အာဏာသိမ်း အဖွဲ့အား ဆန့်ကျင် တိုက်ခိုက်သွားမည်ဟု ကတိပြုသည့် ကြေညာချက် ထုတ်ပြန်လာခဲ့ခြင်း ကြောင့်လည်း မင်းအောင်လှိုင်၏ မျှော်လင့်ချက်များ ပျက်ပြား သွားစေခဲ့ရသည်ဟု Bloomberg စီးပွားရေး ဂျာနယ်မှ ရေးသားလာခဲ့သည်။

 

နိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်သည် ယခင်ကလို နယ်စပ်ဒေသများတွင် မဟုတ် တော့ဘဲ တနိုင်ငံလုံး အနှံ့ ကူးစက် ပြန့်ပွားလာနေပြီ ဖြစ်သည်။

 

ထိုအနေအထား အတိုင်း ဆက်လက် ခွင့်ပြုနေမည်ဆိုလျှင် ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လာတော့မည့် အနေအထားကို အာဆီယံ အဖို့ ထည့်သွင်းစဉ်းစားလာခဲ့ရသည်။

 

မင်းအောင်လှိုင်သည် အာဆီယံ အစည်းအဝေးသို့ ဝဏ္ဏမောင်လွင်မှ လွဲ၍ မည်သူမျှ မလွှတ် နိုင်ဟု ဆက်တိုက် ဆိုသလို တင်းခံနေခြင်းကြောင့်လည်း အာဆီယံသည် NUG နှင့် ဆက်သွယ် ဆောင်ရွက်သွားဖို့ ဖန်တီးပေးသလို ဖြစ်လာခဲ့ရသည်။

 

ယခုအခါ ဖိလစ်ပိုင်သည် နယူးဇီလန်ကဲ့သို့ပင် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဖြစ်မည့် လွတ် လပ်စွာ ကုန်သွယ်ရေး သဘောတူ စာချုပ် ထဲသို့ ကမ္ဘာတဝှမ်းက ဝိုင်းဝန်းဆန့်ကျင်နေသည့် မြန်မာအား ထည့်သွင်းရန် အပြင်းအထန် ဆန့်ကျင်နေသည်။ အဆိုပါ စာချုပ်သည် ဒေသတွင်း အလုံးစုံ စီးပွားရေး ပူးပေါင်းမှု Regional Comprehensive Economic Partnership (RECP) ဖြစ်ပြီး အာဆီယံ ဆယ်နိုင်ငံ နှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီယား၊ ဩစတေးလျှ၊ နယူးဇီလန်တို့ ပါဝင်နေသည်။ နယူးဇီလန်မှ မြန်မာ ပါဝင်မည့် မည်သည့် အတည်ပြု စာရွက်စာတမ်းကိုမျှ လက်ခံ စဉ်းစားမည် မဟုတ်ဟု ကျန်နိုင်ငံများအား အကြောင်းကြားထားပြီး ဖြစ်သည်။

 

ယခုအခါ မစ်ဆူဘီရှီ နှင့် ပီထရိုနာစ် ရေနံကုမ္ပဏီကြီးများလည်း မြန်မာမှ လုပ်ငန်းများ ရပ်ဆိုင်းတော့မည်ဟု အသီးသီး ကြေညာခဲ့ကြသည်။

 

ကမ္ဘာတဝှမ်း ဖြစ်ပျက် ပြောင်းလဲလာနေသည်များကို တစွန်းတစမျှပင် သင်ခန်းစာ ယူတတ်ပုံ မရသော စစ်ဗိုလ်ချုပ်များကတော့ ရေအိုင်ထဲက ဖါးသူငယ်များ အလား အင်းကွက်ချ၊ ယတြာချေ ပြီး တိုင်းပြည်ကို အုပ်ချုပ်ရန်သာ စိတ်ကူးရှိသူများ ဖြစ်နေ၍ အာဆီယံပင် ၎င်းတို့အား နွားရိုင်းများ ကဲ့သို့ မည်သို့မည်ပုံ ကျုံးသွင်းရမည်ကို ပြောဆိုတိုင်ပင်လာနေကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!