အခန်း (၄၀)
LONDON
"အရေးပါတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်နေပါပေါ့လား အယ်ဖရက်၊ လာ...ကားထဲ မြန်မြန်ဝင်၊ အေးလွန်းလို့ အရိုးတွေ ကွဲထွက်သွားဦးမယ်။ ကျွန်တော်လည်း နှစ်ဆယ်ဦး ကော်မတီဆီ သွား အစီရင်ခံပြီး ပြန်လာတာ ၊ ပြောစရာတောင် လိုမယ်မထင်ဖူး၊ သဘောကျနေကြတာများ၊ ခင်ဗျားကိုလည်း ကွန်ဂရက်ကျူလေးရှင်း လုပ်တယ်လို့ ပြောပေးပါတဲ့" ဟု ဘုသီက ချီးမွမ်းခန်းဖွင့်ရင်း သူ၏ ဟမ်ဘား ကားကြီး၏ နောက်ခန်း တံခါးကို ဖွင့် ပေးလိုက်သည်။
"ကဲ...ဒီတော့ ကွန်ဂရက် ကျူလေးရှင်း ပါ အယ်ဖရက်"
"ကျေးဇူးတင်ပါတယ်ပဲ ပြောရတော့မယ် ထင်ပါတယ်" ဟု ဗီကာရီ က အလိုက်အထိုက် ပြန်ပြောလိုက်ရင်း အချိန်က မနက် ခုနှစ်နာရီ ဖြစ်နေ၍ ဘယ်အချိန်ကများ နှစ်ဆယ်ဦး ကော်မတီကို သွား ပြောပါလိမ့်ဟုလဲ တွေးလိုက်မိပြန်သည်။ ရာသီဉတု ကလည်း ပုံမှန်ထက်ပင် အအေးပိုလာနေပြီး မိုးကလည်း ရွာနေပြန်၍ အလင်းရောင်က တဝက်တပျက်သာ ထွက်ပေါ်နေသေးသည်။
သူ ကားထဲဝင်ထိုင်လိုက်သည်နှင့် ကားသည် မိုးရေများဖြင့် တလက်လက် တောက်ပြောင်နေသည့် လမ်းပေါ်သို့ မောင်းထွက်လိုက်သည်။ ဗီကာရီလည်း မျက်လုံးကို မှိတ်ပြီး နောက်ကို ခေါင်းမှီကာ ခြေပစ်လက်ပစ် ထိုင်ချလိုက်မိတော့သည်။
သူ့အဖို့ က ပင်ပန်းနွမ်းနယ်နေသည်ဟု ပြောယုံနှင့် မလုံလောက်တော့၊ ခန္ဆာကိုယ် အကြောအချင်များ လှုပ်ပင် မလှုပ်ချင်အောင် ဖြစ်လာနေသည်။ ခေါင်းကိုလည်း ပြုတ်တူကြီးနှင့် ညှပ်ထားသလို ခံစားနေရပြီး ရင်ဘတ်ကိုလည်း နပမ်းသတ်ပွဲထဲကလို လူတယောက် တက်ဖိထားသလို ဖြစ်နေပြန်သည်။
ကက်သရင်း ဘလိတ် ထပြီး ဂျော်ဒန် စာကြည့်ခန်းထဲဝင်ကာ ဓါတ်ပုံများ ရိုက်ယူနေချိန်ကစပြီး ယခုထိ တမှေး မှ ပြန်မအိပ်ရသေး၊ ရန်သူကို လိမ္မာ ပါးနပ်စွာ လှည့်စားနိုင်ခဲ့မှု အပေါ် စိတ်လှုပ်ရှားနေသောကြောင့်လော၊ သို့တည်း မဟုတ် ထိုသို့သော ပုံစံမျိုး နှင့် လှည့်ဖျားခဲ့ရသည်ကိုပဲ စိတ်ထဲက ကိုယ့်ကိုကိုယ် ရွံရှာနေမိသောကြောင့်လော၊ တခုခု က သူ့အား အိပ်ချင်စိတ် များ အား ဟန့်တားထားနေသည်ကတော့ အမှန်ပင် ဖြစ်သည်။
ဗီကာရီက ပိတ်ထားသော မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်သည့်အခါ ကားသည် အရှေ့ဖက်သို့ ဦးတည် မောင်းနေသည်ကို သတိထားမိသည်။ ဟိုက်ပတ် ပန်းခြံ ထောင့်ကို ကျော်လာပြီး ပတ်လိန်းမှ တဆင့် ဘေးဝါးတား လမ်းပေါ် ရောက်လာသည်၊ လမ်းတလျောက် လူသွားလူလာ ကင်းမဲ့နေသည်။ တက္ကစီ တစီး စ နှစ်စီးစ နှင့် လော်ရီကား တစီး နှစ်စီးခန့်သာ ဟိုနား ဒီနား တွေ့နေရသည်။ လမ်းလျှောက်နေသူတဦးသည်လည်း ပလိပ်ရောဂါ ကူးစက်နေသည့် အရပ်ထဲ ဖြတ်လျှောက်နေသကဲ့သို့ ကြောက်လန့်တကြား သုတ်ခြေတင်နေသည်။
ဗီကာရီက မျက်လုံးကို ပြန်မှိတ်လိုက်ရင်းက "အခု ကော ဘာဆက်လုပ်မှာလဲ"
"ကျွန်တော် ခင်ဗျားကို ပြောထားပြီးပြီလေ၊ နှစ်ဆယ်ဦး ကော်မတီက ကျွန်တော်တို့ လက်ထဲမှာ ရှိနေတဲ့ ဂျာမန် အေးဂျင့်တွေကို ထုတ် သုံးပြီး "ပါတီပွဲ" စာရွက်စာတမ်းတွေ အပေါ် ဘာလင်က ပိုပြီး ယုံကြည်လာအောင် ထပ်လုပ်ဖို့ ရှိနေတယ် ဆိုတာလေ"
"ကျွန်တော် မှတ်မိပါတယ်" ဟု ပြောလိုက်ရင်း ထိုစဉ်က ထိုသို့ လုပ်ရန် အလျင်အမြန် ဆုံးဖြတ်လိုက်ကြသည်ကိုပင် သူ့အဖို့ အံ့ဩခြင်း မက အံ့ဩ ခဲ့ရသည်ကိုလည်း မမေ့သေးပေ၊ နှစ်ဆယ်ဦးကော်မတီသည်
ဗျုရိုကရေစီ ကြိုးနစ်စနစ် ကျင့်သုံးတတ်မှုကြောင့် နာမည် ဆိုး ထွက်နေမှန်း သိထားသောကြောင့်ပင်။
မိမိတို့ဖက်နှင့် ပူးပေါင်းရန် စည်းရုံးထားပြီးသား ဂျာမန် အေးဂျင့်များကတဆင့် ပို့ရမည့် မက်ဆေ့ခ်ျတိုင်းကို ကော်မတီက အတည်ပြုပြီးမှသာ ပို့၍ ရသည်။
တခါတရံတွင် ဘက်ကာ ၏ ကွန်ယက်မှ တဆင့် ပေးပို့လိုသည်များကို ကော်မတီ၏ အတည်ပြုချက်ရဖို့ ဗီကာရီသည် ရက်ပေါင်းများစွာ စောင့်ခဲ့ရသည်။ ယခု ကျမှ အဘယ်ကြောင့် အလောသုံးဆယ် ဖြစ်လာကြရ ပေသနည်း။
ထို့အတွက် အဖြေတခုခု ထွက်အောင် စဉ်းစားဖို့ ဦးနှောက်ကို ထပ်၍ အလုပ်မပေးချင်တော့၊ "အခု ကျွန်တော်တို့ ဘယ်သွားနေကြတာလဲ" ဟုသာ မေးလိုက်သည်။
"လန်ဒန် အရှေ့ပိုင်း၊ အတိအကျ ပြောရရင် ဟောက်စတန် ကို"
"အဲ့တာဆိုရင် အရှေကို သွားရမှာ အခု အနောက်ကို ပြန်သွားနေရတာလဲ"
"ကျွန်တော်တို့ ကို နောက်ယောင်ခံ လိုက်တာ ရှိမရှိ သေချာအောင်လို့"
"ဘယ်သူကများ နောက်ယောင်ခံ လိုက်ဖို့ ရှိနေလို့တုန်း ဆာ ဘက်ဆယ်၊ အမေရိကန်တွေ လား"
"တကယ်တမ်း ပြောရရင် ကျွန်တော်က ရုရှားတွေ ကို ပိုပြီး စိုးရိမ်မကင်း ဖြစ်နေတယ်"
"ဘာကြောင့်လဲ ဆိုတာ မေးချင်ပေမယ့် ပင်ပန်းလွန်းလို့ မမေးတော့ဖူးဗျာ"
"မကြာခင် ခင်ဗျား ရှင်းရှင်းလင်းလင်း သိလာမှာပါ"
"အခု သွားမယ့် နေရာမှာ ကော်ဖီလေးများ ရနိုင်မလား"
ဘုသီက ရယ်လိုက်ရင်း "ရစေရမယ်လို့ အာမခံတယ်ဗျာ"
"ကောင်းတယ်ဗျာ၊ စိတ်တော့ မရှိနဲ့၊ ကျွန်တော် ခဏတဖြုတ် မှိန်းလိုက်ဦးမယ်"
ဗီကာရီသည် ထိုသို့ ခွင့်တောင်းလိုက်သော်လည်း ဘုသီ ပြန်ပြောသည်ကို မကြားနိုင်တော့ပဲ အိပ်မောကျသွားတော့သည်။
****************
ကားက ဆောင့်ရပ်သွားသဖြင့် ဗီကာရီလည်း ရှေ့သို့ ငိုက်ကျသွားသည်၊ တံခါးဖွင့်သံ နှင့်အတူ လေအေးများက ကားထဲသို့ တိုးဝင်လာခဲ့သည်။
ဗီကာရီလည်း ချက်ခြင်းလို နိုးသွားခဲ့ရသည်။ သူ့၏ ဘယ်ဖက်ဘေးတွင် ဘုသီက ထိုင်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရ၍ အံ့ဩသွားမိသည်။ ချက်ခြင်းလို လက်က နာရီကို ကြည့်လိုက်မိရာ ရှစ်နာရီ ထိုးကာနီးနေပြီ ဖြစ်သည်၊ တနာရီ နီးပါးခန့် လန်ဒန် လမ်းများ ပေါ် ဖြတ်သန်းလာခဲ့ရတာပါလားဟု တွေးလိုက်မိပြန်သည်။
ပုံစံမကျပဲ ခွေခွေခေါက်ခေါက် အိပ်လာခဲ့သဖြင့် ဇက်ကြောများ နာနေသည်။ သူ၏ ခေါင်းထဲတွင်လည်း တဒုတ်ဒုတ် မြည်နေပြီး ကာဖင်း နှင့် နီကိုတင်း ဓါတ်များ ကို တောင်းဆိုလာနေပြီ ဖြစ်သည်။ လက်တန်းကို ဆုပ်ကိုင်လိုက်ရင်းက ထိုင်သည့် အနေအထား ဖြစ်အောင် ခန္ဓာကိုယ်ကို ပြန်တည့်မတ်လိုက်သည်။ ကားပြတင်းပေါက်မှတဆင့် အပြင်သို့ လှမ်းကြည့်လိုက်ရာ လန်ဒန် အရှေ့ပိုင်း ဟောက်စတန် ရှိ ဝိတိုရိယ ခေတ်ပုံစံ နှစ်လုံးတွဲ အိမ်ကြီးတအိမ်ရှေ့ ရောက်နေသည်၊ အိမ်ပုံစံသည် အရုပ်ဆိုး အကျည်းတန် လှသဖြင့် ခေတ်မကောင်းတော့၍ လည်ပတ်နိုင်စွမ်း မရှိတော့သည့် စက်ရုံဟောင်းကြီး တခု နှင့် ဆင်ဆင်တူနေသည်။
အိမ်တွဲကြီး၏ ဘေးတဖက်တွင်တော့ ဗုံးဒဏ်ခံထားရ၍ အပျက်အစီးပုံကြီးသာ ကျန်တော့သည်။
"ကဲ..ထတော့ အယ်ဖရက် ရောက်ပြီ၊ ဘာတွေများ အိမ်မက်တွေ မက်နေရတာတုန်း" ဟု ဘုသီက ပြောရင်း သူ့အား နှိုးလိုက်သည်။
ဘုသီစကားကြောင့် ချက်ခြင်းလို သူ့ကိုယ်သူ သတိထားလိုက်မိသည်၊ သူ တကယ်ပဲ အိမ်မက် မက်ရင်း ဂယောင်ဂတန်း တွေများ ပြောခဲ့လေသလား။ ပြင်သစ်က အကြောင်းလား၊ ကက်သရင်း ဘလိတ်အကြောင်းများလား၊ ဒါမှမဟုတ် ဟယ်လင် အကြောင်းများ ဖြစ်နေလေမလား။
ကားပေါ်မှ ဆင်းလိုက်ရင်း ခန္ဓာကိုယ် လဲပြိုမသွားအောင် ကား နောက်ဖုံးကို လက်နှင့် လှမ်းကိုင်လိုက်ရသည်။ ဘုသီကတော့ သတိပြုမိပုံမရ၊ လမ်းဘေး ပလက်ဖေါင်း ပေါ်မှ သူ့အား စိတ်မရှည်စွာ ရပ်စောင့်နေရင်းက အိပ်ကပ်ထဲမှ အကြွေစိများကို အသံမြည်အောင် လှုပ်ရမ်းနေသည်။ ပတ်ဝန်းကျင်က မှုန်မှိုင်းမှိုင်း အနေအထားမှ အအေးဓါတ်က ပိုကဲလာပုံ ရှိသည်။ ဗီကာရီလည်း ဘုသီ ရပ်နေရာသို့ လျှောက်လာရင်းက စိုစွတ်သော လေကို တဝကြီး ရှုသွင်းလိုက် နိုင်သဖြင့် နေသာထိုင်သာ ရှိသွားသည်။
ဘုသီ က ရှေ့မှနေ၍ အိမ်ထဲသို့ ဦးဆောင် ခေါ်လာခဲ့သည်။ အိမ်သည် အခန်းများ ဖွဲ့၍ အဆောင် အဖြစ် ပြောင်းထားပုံရသည်၊ နံရံ တဖက်တွင် နံပတ်အလိုက် စာတိုက်ပုံးလေးများ အစီအရီ ချိတ်ထားသည်။ တံခါးနှင့် တည့်တည့် ဟောခန်း၏ အဆုံးတွင် အပေါ်သို့ တက်သည့် လှေကားကို တွေ့လိုက်ရသည်။ ဗီကာရီက ဝင်လာသော တံခါးကို ပြန်ပိတ်လိုက်သဖြင့် မှောင်အတိကျသွားသည်။ တံခါး မပိတ်ခင်က တွေ့ထားသည့် မီးခလုတ် ရှိမည် ထင်သည့် နေရာကို လက်နှင့် လိုက်စမ်းပြီး ဖွင့်လိုက်သော်လည်း မီးအလင်းရောင် ထွက်မလာခဲ့။
"ဒီမှာက အမှောင်ချထားတာကို ကျွန်တော်တို့ အနောက်ပိုင်းကထက် ပိုပြီး အလေးအနက်ထား ကြတယ်၊" ဟု ဘုသီက ပြောသဖြင့် ဗီကာရီလည်း သူ၏ မိုးကာ အင်္ကျီထဲမှ လက်နှိပ်ဓါတ်မီးကို ထုတ်ပြီး ဘုသီကို လှမ်းပေးလိုက်သည်။ ဘုသီက ရှေ့မှ ဦးဆောင်ကာ သစ်သား လှေကားမှ တဆင့် အပေါ်သို့ တက်လာခဲ့ကြသည်။
ရှေ့မှ သွားနေသော ဘုသီ၏ ပုခုံးပြင်ကျယ်ကြီးနှင့် အားဖျော့နေပြီ ဖြစ်သော ဓါတ်မီးရောင်မှ လွဲ၍ ဗီကာရီကတော့ ဘာဆိုဘာမှ မမြင်ရ ဖြစ်နေသည်။ သို့သော် လည်း မျက်မမြင် တယောက်လို သူ၏ အာရုံများက နိုးထလာသည်။ သူ့နှာခေါင်းထဲတွင်လည်း ကျင်ငယ်နံ၊ ဘီယာ ဘူးခွံများမှ ထွက်လာသော အနံ့များ နှင့် အတော်ကြာနေပုံရသည့် ကြက်ဉကျော် ထားသည့် ဆီသိုးနံ့များ သူ၏ နှာခေါင်းထဲသို့ ရောပြွမ်း ရောက်ရှိလာနေသည်။
ထို့နောက် ကလေးတယောက်ကို ရိုက်နှက်ဆုံးမ၍ ငိုသံများ၊ လင်မယား ရန်ဖြစ်သံများ နှင့် တနေရာဆီမှ အော်ဂင်တီး၍ သီချင်းငြည်းနေသော အမျိုးသားတယောက်၏ အသံများပါ ကြားလာရသည်။ အနီးအနားတွင် ဘုရားရှိခိုးကျောင်း တကျောင်းများ ရှိနေ၍လားဟု တွေးလိုက်မိသော်လည်း နောက်မှ ဘီဘီစီက လာသော သီချင်းသံဖြစ်မှန်း သဘောပေါက်သွားခဲ့၍ တနင်္ဂနွေနေ့ ဖြစ်မှန်း သိလိုက်ရသည်။ သူ့အဖို့ ကက်သရင်း ဘလိတ်ကို ရှာနေရ၍ ဘယ်နေ့ ရောက်နေမှန်းပင် မသိအောင် ဖြစ်နေခဲ့ရသည်။
အိမ်ပေါ်ထပ် သို့ ရောက်လာသည့်အခါ ဘုသီက ဓါတ်မီးဖြင့် အောက်သို့ ပြန်ထိုးပြသည်။ အလင်းရောက်အောက်တွင် ခန္ဓာကိုယ် ကြုံလှီနေသော ကြောင်တကောင်၏ မျက်လုံးများကို တွေ့လိုက်ရသည်။ ကြောင်က ဒေါသတကြီး မာန်ဖီပြီး ထွက်ပြေးသွားသည်။ ဘုသီက ဘီဘီစီက လွှင့်သည့်ဓမ္မ တေးသံများ ထွက်လာရာသို့ ဦးတည်သွားသည်၊ သီချင်းသံ ရပ်သွားပြီး ဝတ်ပြုဆုတောင်းသံများ ထွက်လာသည်။ ဘုသီက သူ့တွင် ပါလာသော သော့ဖြင့် သော့ပေါက်ထဲသို့ ထည့်ကာ လှည့်ဖွင့်ပြီး
အထဲသို့ ဝင်သွားသည်။
************************