ကမ္ဘာခေါင်းဆောင်များ အကြား အဆင်မသင့်သည့် အခါ နှုတ်မစောင့်စည်း နိုင်တော့ပဲ တဦး နှင့် တဦး မခံချင်အောင် ပြောဆိုလာမှုသည် ယခုမှ မဟုတ်ပဲ ၁၆ ရာစုနှစ် အော်တိုမန် အင်ပါယာ ပြည့်ရှင်မှ အစပျိုးလာခဲ့သည်ဟု အီကော်နော်မစ် မဂ္ဂဇင်းတွင် “Beastly History of Diplomatic Insult” ခေါင်းစဉ် ဖြင့် အသေးစိတ် ရှင်းပြခဲ့သည်။
ဖေဖေါ်ဝါရီ ၁၀ ရက်နေ့တွင် ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး လစ်ဇ် ထရပ်စ် သည် ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျေ လပ်ရော့ဗ် နှင့် ဆွေးနွေးရန် မော်စကိုသို့ ရောက်ရှိလာခဲ့သည်။ သူမ၏ စိတ်ထဲတွင်လည်း လက်ရှိ ခရီးစဉ်သည် ယူကရိန်း ကြောင့် ပေါ်ပေါက်လာနေသော တင်းမာမှုများကို အထိုက်အလျောက် ပြေလျော့သွားမည်ဟု မျှော်လင့်ချက် အပြည့် နှင့် ရောက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမ ထင်သလို ဖြစ်မလာခဲ့ပေ။ ဆွေးနွေးပွဲ အပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် လပ်ရော့ဗ် က သူ့အနေနှင့် “ဆွံ့အ နားမကြားသူနှင့် ပြောရသလို ပဲ” ဟု ဆိုကာ စင်ပေါ်မှ ဆင်းသွားခဲ့၍ မစ္စက် ထရပ်စ် တဦးတည်းသာ စင်ပေါ်တွင် ထီးထီးကြီး ကျန်ရစ်ခဲ့ပေတော့သည်။
လပ်ရော့ဗ်သည် ထိုသို့ မဆင်မချင် ပြောဆိုခဲ့မှုက ယခုမှ ပင် မဟုတ်ပေ၊ ၂၀၁၅ ခုနှစ် အတွင်းကလည်း ဆော်ဒီ အရာရှိများအား “ကျပ်မပြည့်သူများ (morons)” ဟု ပြောခဲ့သည့်စကား သည် မိုက်ကရိုဖုန်း မပိတ်မိ၍ အားလုံးကြားသွားသည့်အထိ ဖြစ်ခဲ့ရသည်။
ကမ္ဘာသမိုင်းစဉ်တလျှောက် ထိုသို့ မဆင်မခြင် စော်စော်ကားကား ပြောဆိုခဲ့မှု များက ရှိထားခဲ့ပြီးလည်း ဖြစ်သည်။
အော်တိုမန် အင်ပိုင်ယာ တန်ခိုးထွားနေသည့် ၁၆ ရာစုနှစ် အတွင်း ၁၅၁၂ မှ ၁၅၂၀ အထိ အုပ်ချုပ်ခဲ့သည့် ဆလင်း ဂရမ် ဆိုသည့် မင်းကြီးသည် သူ၏ အင်ပိုင်ယာ နှင့် အီဂျစ် စော်ဘွား ပိုင် မမ်လွတ် အကြား ကြားခံ ဒေသ ဒူလ်ကာဒီယာ အား သိမ်းပိုက်နိုင်ခဲ့မှု အား အကြောင်းကြားရန် ကိုင်ရိုသို့ သံတမန်တဦး စေလွှတ်ခဲ့သည်။ သံတမန်သည် အီဂျစ် စော်ဘွား ရှေ့ အရောက်တွင် သူ့တွင်ပါလာသည့် အိတ်ကြီးကို ဖွင့်ပြီး အီဂျစ် စော်ဘွားထံ လှမ်းပစ်ပေးလိုက်ရာ အိတ်ထဲတွင် ပါလာသည့် သူ၏ မဟာမိတ် အရင်းအခြာကြီး ဖြစ်သည့် ဒူကာဒီယာ ဘုရင် ၏ ခေါင်းပြတ်ကြီးက ထွက်ကျလာပြီး တလိမ့်လိမ့်နှင့် အီဂျစ်စော်ဘွား ခြေရင်းတွင် ရပ်တန့်သွားသည်။
ထို့နောက်တွင်တော့ အခြေအနေများ တင်းမာလာပြီး နောက်ဆုံးတွင် အီဂျစ်အား ဝင်ရောက် သိမ်းပိုက်သည် အထိ ဖြစ်လာခဲ့ရသည်။
နောက်ထပ် အခြေအနေများ ဆိုးလာသည့် အထိ ဖြစ်သွားခဲ့ရသည် တခုက ၁၈၂၇ တွင် အယ်ဂျီရီယား နယ်စားကြီးသည် ကြက်ဥမွှေတံဖြင့် ပြင်သစ် သံအမတ်ကြီးကို ဒေါသ မထိန်းနိုင်ပဲ ပစ်ပေါက်ခဲ့မှုပင် ဖြစ်သည်၊ ထိုအမှုသည် ပြင်သစ် တို့ အယ်လ်ဂျီရီယားကို နယ်ချဲ့ သိမ်းပိုက်သည်အထိ ဖြစ်လာခဲ့ရပြီး နှစ်ပေါင်း ၁၃၀ ကျော်မျှ ပြင်သစ် ကိုလိုနီ ဘဝ ကျရောက်သွားခဲ့ရသည်။
ခေတ်သစ် သမိုင်းတွင်တော့ ထိုသို့ ကိုယ်ထိလက်ရောက် ကျုးလွန်ခဲ့မှုများ မရှိတော့ပေ။ ၁၉၉၉ ခုနှစ်မှစ၍ ဗင်နီဇွဲလား အား ၁၄ နှစ်မျှ အုပ်ချုပ်သွားခဲ့သည့် အာဏာရှင် ဟူဂို ချားဗက်ဇ် သည် ဂျော့ ဒဗလျု ဘွတ်ရှ် အား တချိန်လုံး မကောင်းဆိုးဝါး နှင့် နှိုင်းယှဉ်ကာ စော်ကားမော်ကား ပြောဆိုသွားခဲ့သည်။ အထင်ရှာဆုံးက ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မနေ့က ဂျော့ဘွတ်ရှ် မိန့်ခွန်းပြောသွားခဲ့၍ ယခုတိုင် စကားပြောစင်မြင့်တွင် “ဆာလ်ဖာအနံ ထွက်နေသည်” ဟု နောက်တနေ့ မိန့်ခွန်းတွင် ချားဗက်ဇ်က ထည့်သွင်း ပြောဆိုသွားခဲ့ခြင်းပင် ဖြစ်သည်။
၂၀၀၆ ခုနှစ် နိုင်ငံသို့ အသံလွှင့်သော ရုပ်မြင်သံကြား မိန့်ခွန်းတွင် ဂျော့ဘွတ်ရှ်အား “နလပိန်တုံး၊ မြည်းတကောင်၊ အန္တရာယ်ကောင်၊ သူရဲဘောကြောင်သူ၊ လူသတ်သမား၊ အရက်သမား လူလိမ်၊ ဂျီနိုဆိုက် ကောင်” အစရှိသည့် စကားလုံးများ စုပြုံထည့်သွင်း၍ ပြောဆိုသွားသည်။ အခြား နိုင်ငံ ခေါင်းဆောင်များကတော့ ချားဗက်ဇ်အား သည်းငြည်းခံနိုင်စွမ်း မရှိကြ၍ ၂၀၀၇ ခုနှစ်တွင် နိုင်ငံအကြီးအကဲများ ထိပ်သီး အစည်းအဝေး တခုတွင် စပိန် ဘုရင် က “မင်း ပါးစပ် ပိတ်ထားလို့ မရဘူးလား” ဟု လူသိရှင်ကြား ကြိမ်းမောင်းသွားခဲ့ဖူးသည်။
ထိုသို့ စော်ကားမော်ကား ပြောဆိုခဲ့ခြင်းသည် ၎င်းတို့ အတွက် ဂုဏ်သိက္ခာ တက်လာစရာ မရှိသော်လည်း လူထု နောက်မြီးဆွဲ ပေါ်ပြူလစ် နိုင်ငံရေး သမားများ နှင့် အာဏာရှင်များ အဖို့က နိုင်ငံတကာ ၏ လေးစားခံရမှုသည် ၎င်းတို့ အတွက် အရေးမပါလှ၊ ထိုသို့ ပြော၍ လူအများ၏ အာရုံစိုက်ခံရခြင်းကို လိုလားကြသူများ ဖြစ်သည်။ ၎င်းတို့ နိုင်ငံသားများအကြား မိမိကိုယ် ယုံကြည်မှု အပြည့်နှင့် မည်မျှ သတ္တိရှိကြောင်း ပြနိုင်ဖို့က ပို၍ အရေးကြီးသည်ဟု ခံယူထားကြသူများလည်း ဖြစ်သည်။
ဇင်ဘာဘွေ သမ္မတ ဖြစ်ခဲ့သူ ရောဘတ် မူဂါဘီသည် ထိုစဉ်က ဗြိတိသျှ ဝန်ကြီးချုပ် တိုနီ ဘလဲယားအား “ဘောင်းဘီတိုနှင့် ချာတိတ်ကလေး” ဟု လှောင်ပြောင်ပြောဆိုခဲ့ဖူးသည်။ သူ၏ စကားကို ပြည်တွင်းရှိ အတိုက်အခံများကပင် သဘောကျ ခဲ့ကြသည်။ အလားတူပင် တရုတ် သံတမန်များက ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးကိုပင် “boy” ဟု ခေါ်ကာ မလေးမစား ပြောဆိုခဲ့ကြသည်။
ဦးနှောက် နှင့် ပါးစပ်အကြား အရည်စစ် filter မရှိသည့် မိမိသဘောတခုတည်းဖြင့် အုပ်ချုပ်သူများ အကြားတွင် ဖီလစ်ပိုင် သမ္မတ ဒူတာတေး ၏ အပြောအဆိုကလည်း ထင်ရှားခဲ့ပြန်သည်။ ၂၀၁၆ ခုနှစ်အတွင်း အီးယူ အမတ်များက ၎င်း၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုကာ ရက်စက်စွာ လူများအား သတ်ဖြတ်နေမှုကို ဝေဖန်ပစ်တင် ခဲ့သဖြင့် “F**k you” ဟု စာတိုတစောင် ထုတ်ပြန်ပြီး ခလယ် လက်ချောင်းကို ထောင်ပြခဲ့ဖူးသည်။
မြောက်ကိုရီယား ခေါင်းဆောင် ကင်ဂျုံအန်းသည် ဒေါ်နယ် ထရန့်အား “သူငယ်ပြန်နေသူ” ဟု ခေါ်ဝေါ် သမုတ်ခဲ့ပြီး ထရန့်ကလည်း ၎င်းအား “Rocket Man” ဟု ပြန်လည် ခေါ်ဝေါ်ခဲ့သည်။
ထိုသို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုမှုများ အပြင် မသိမသာ ပြုလုပ်ခဲ့မှုများလည်း ရှိခဲ့ပြန်သည်။
၂၀၁၀ ခုနှစ် အတွင်း အစ္စရေး နှင့် တူရကီအကြား သံခင်းတမန်ခင်း အငြင်းပွားမှု ဖြစ်နေစဉ်အတွင်း အစ္စရေး ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးသည် တူရကီ သံအမတ်ကြီးအား ဆိုဖာနိမ့်လေးပေါ်တွင် ထိုင်ခိုင်းကာ လက်ခံ တွေ့ဆုံခဲ့သည်။ တူရကီကလည်း အလားတူ ပုံသဏ္ဍန်မျိုး ပြန်၍ ပြုလုပ်ခဲ့ပြန်သည်။ သမ္မတ အာဒိုဂန်သည် ဥရောပ ကောင်စီ၏ ဥက္ကဌ ဖြစ်သူ ချားလ် မီချယ်အား ကုလားထိုင် အမြင့်ကြီးပေါ်တွင် ထိုင်၍ လက်ခံတွေ့ဆုံခဲ့စဉ်အတွင်း ဥရောပ ကော်မရှင် ဥက္ကဌ ဖြစ်သူ အာဆူလာ ဗွန် ဒါ လီယင်းအား ဆိုဖာ အနိမ့်ပေါ်တွင် နေရာချပေးခဲ့သည်။
၂၀၀၇ ခုနှစ် အတွင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်သည် ဂျာမဏီ ဝန်ကြီးချုပ် အင်ဂျဲလာ မာကယ်အား လက်ခံတွေ့ဆုံစဉ် သူ၏ လက်ဗရာဒေါ အမျိုးအစား ဧရာမ ခွေးနက်ကြီး နှင့် မိတ်ဆက်ပေးခဲ့သည်၊ မာကယ်သည် ခွေးများကို ကြောက်ရွံ့ ရွံရှာတတ်မှန်း သိထား၍ တမင် လုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ နောက်ပိုင်းတွင် ပူတင် သည် “သူမအတွက် တခုခု သဘောကျစရာ လုပ်ပေးခြင်လို့” ဟုပင် ထိုကိစ္စနှင့် ပတ်သက်၍ ပြောခဲ့သည်။
ထိုသို့သော ကိစ္စများက သံခင်းတမန်ခင်းများ တွင် အခွင့်အရေး ရသလို ပုံစံတမျိုးမျိုး နှင့် ဆက်၍ ဖြစ်ပေါ်နေဦးမည်သာ ဖြစ်သည်။ သံတမန်များက ယခုအခါ memes များ သုံး၍ နှိပ်ကွပ်လာကြသည်။ ၂၀၁၈ ခုနှစ်အတွင်း အီရန်၏ ဘာသာရေး ခေါင်းဆောင်ကြီးမှ အစ္စရေးအား “အန္တရာယ် ပေးနိုင်သည့် ကင်ဆာ အကျိတ်တခု” ဟု တွစ်တာ တွင် ရေးသားခဲ့ပြီး အမေရိကန်ရှိ အစ္စရေး သံရုံးကလည်း အတင်းအဖျင်း ပြောတတ်သည့် အထက်တန်းကျောင်းသူများ အကြောင်း ရိုက်ကူးထားသည့် “Mean Girls” ရုပ်ရှင် စကရင်ရှော့ဖြင့် ပြန်လည်တုန့်ပြန်ခဲ့ပြီး စာတမ်း တွင် “ငါ့ကို ဘာလို့ ဒီလောက်တောင် စွဲလမ်းနေတာလဲ” ဟု ရေးထားခဲ့ပေသည်။