မင်းအောင်လှိုင်၏ အိုမီခရွန်လော...

by Hla Soewai - Feb 17 2022

အမေရိကန် ဘောလ်တီမိုး ရှိ ဂျွန်ဟော့ကင်း တက္ကသိုလ်ကျောင်းတိုက် ကြီးမှ ကိုဗစ် ကူးစက်ခံရမှု အခြေအနေ နောက်ဆုံး စာရင်း ထုတ်ပြန်ချက်အရ စတင် ဖြစ်ပွားချိန်ကစပြီး ကမ္ဘာတဝှမ်း လူပေါင်း ၄၁၃ သန်းကျော် ကူးစက်ခံထားရပြီး ၅ သန်းကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်ဟု သိရသည်။

 

မြန်မာ ပြည်တွင်တော့ အိုမီခရွန် ထိုးစစ်ကြီး စတင်လာပြီ ဖြစ်သည်။ ဧရာဝတီ သတင်း၏ အဆိုအရ ရန်ကုန် ဆေးရုံကြီး၏ ပြင်ပလူနာ ဌာနကို ပိတ်ပြစ်လိုက်ရပြီဟု သိရသည်။

 

အဆိုပါ ထိုးစစ်ကြီး စတင်ရန် တာစူနေချိန်တွင် မင်းအောင်လှိုင်သည် အနယ်နယ် အရပ်ရပ်မှ ဝန်ထမ်းများကို နေပြည်တော်သို့ လာ၍ သူ့ကို အလေးပြု ရမည်ဟု ခေါ် ချိန်နှင့် လည်း တိုက်ဆိုင်နေပေသည်။ လူမသိ သူမသိ ပြီးဆုံးသွားရှာသော အဆိုပါ အခမ်းအနားကြီး ပြီးနောက် နှစ်ရက် အတွင်းမှာပင် ရန်ကုန်ဆေးရုံကြီး ပြင်ပ လူနာ ဌာန ပိတ်လိုက်ရပြီ ဆိုသော သတင်းထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

 

ထို့ကြောင့် ဒုတိယ လှိုင်းကဲ့သို့ အခြေအနေများ ဆိုးသည်ထက် ဆိုးလာပါက အာဏာသိမ်း အဖွဲ့ တွင်သာ အပြည့်အဝ တာဝန်ရှိနေသည်ဟု ဆိုရမည် ဖြစ်သည်။

 

ယခုလ အစောပိုင်းတွင် အာဏာသိမ်း အဖွဲ့ ခေါင်းဆောင် မင်းအောင်လှိုင်မှ တနိုင်ငံလုံးရှိ ဆေးရုံ ၁,၀၇၇ ခု ရှိသည့် အနက် ၇၆၅ ခုသာ အပြည့်အဝ လည်ပတ်နိုင်စွမ်း ရှိနေကြောင်း စကားဦးသန်းလာခဲ့လေသည်။

 

ရန်ကုန် ဆေးရုံကြီးတွင် အငယ်တန်း ဆရာဝန် ၅၀% နှင့် အထက်တန်း ဆရာဝန် စုစုပေါင်း၏ ၃၀% သည် CDM တွင် ပါဝင်နေကြဆဲ ဖြစ်သည်။ ကျန်ရှိနေသေးသော ဆရာဝန် များလည်း အိုမီခရွန် ကူးစက်ခံနေရ၍ လုပ်ငန်းခွင် ဝင်မရ ဖြစ်နေသဖြင့် ဆေးရုံများပိတ်ခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် တိုတယ် နှင့် ချေဗရွန် ကိစ္စကို ရေငုံနှုတ်ပိတ်နေသော်လည်း နိုင်ငံတွင်းမှ ဂျပန်၏ ကီရင် ဘီယာ လုပ်ငန်း ထွက်ခွာမည့် သတင်း အပေါ် ထူးထူးခြားခြား ဝေဖန်ချက် ထွက်လာခဲ့သည်ဟု အေအက်ဖ်ပီ သတင်း တွင် ဖေါ်ပြလာခဲ့သည်။

 

ဝေဖန်ချက်ကလည်း မှတ်သားစရာကောင်းလှသည်။ ကီရင် နေရာတွင် အစားထိုးဖို့ လွန်စွာ လွယ်ကူကြောင်း နှင့် စားသုံးသူများကလည်း အခြား တံဆိပ် များကို ပြောင်း သောက်မည်သာ ဖြစ်သည်ဟူ၍ပင်။

 

သို့သော် ကီရင်သည် ယခင်က ဘီယာဈေးကွက်၏ ၈၀ ရာနှုန်းကို ထိန်းချုပ်ထားခဲ့ရာမှ ဦးပိုင်ကို ပြည်သူတို့က ဝိုင်းဝန်း ဒဏ်ခတ်လာမှု ကြောင့် ရောင်းအားများ ထိုးကျသွားခဲ့ရသည်။

 

Burma Campaign (UK) မှ စစ်တပ်နှင့် ဆက်နွယ်နေသော လုပ်ငန်းများအား ဝယ်ယူ သုံးစွဲခြင်း မပြုရန် စာရင်း ထုတ်ပြန်ပြီး ပြည်သူအား အသိပေးထားခဲ့ရာ ယခု အခါ နောက်ထပ် ပစ္စည်း ၃၃ မျိုး အမည်ကိုလည်း ထပ်မံ ဖြည့်စွက်လိုက်သည်ဟု ယနေ့ ကြေညာခဲ့သည်။

 

ပြည်သူများ အနေဖြင့် လူငယ်လေးများ အသက်စွန့်၍ တိုက်ပွဲ ဝင်နေကြချိန်တွင် မိမိတို့ တတ်နိုင်သည့်ဖက်မှ ၎င်းတို့၏ ပစ္စည်းများကို ဝယ်ယူသုံးစွဲခြင်း၊ ဆိုင်ပေါ်တင် ရောင်းချခြင်း မပြုဘဲ တစ်တပ် တစ်အား ပါဝင်ကူညီ မှသာ တော်လှန်‌ရေးကြီး အမြန်ဆုံး အောင်မြင်နိုင်မည် ဖြစ်သည်။ ကြောက်ခမန်းလိလိ အားကောင်းနေသည့် ပြည်သူတို့၏ ညီညွတ်မှု အင်အားကို စစ်အာဏာရှင်တို့ အသိအမှတ်ပြုလာရပြီး အသံတိတ် သပိတ်ဆင်နွှဲမည်ဟု ကြေညာလိုက်ရုံ နှင့် သွေးပျက်မတတ် ဖြစ်လာကြသည်ကို အားလုံး မျက်မြင်ကိုယ်တွေ့ပင်။ အိပ်ကောင်းခြင်း မအိပ်ရ၊ ရပ်ကွက် တကာ လှည့်၍ လော်စပီကာကြီးဖြင့် မေ့နေကြမည် စိုးသည့်အလား သတိပေးနေကြ ပြန်သည်။

 

ပြည်သူတော်လှန်‌ရေး ဘက်တော်သားများက ယခုအခါ စစ်ရေး စွမ်းရည်သာ မက မဟာဗျူဟာ နည်းဗျူ ဟာများပင် ပြည့်ဝလှသည့် လက္ခဏာ အဖြစ် နွားထိုးကြီး မြို့နယ် အတွင်း ဖြတ်သန်းသွားသည့် တရုတ် ရေနံ ပိုက်လိုင်းကို စောင့်ကြပ်နေသည့် အာဏာသိမ်း တပ်ဖွဲ့ဝင်များအား တိုက်ခိုက်လာခဲ့ကြသည်။ တရုတ် ပိုက် လိုင်းကို ဦးတည်ပြီး တိုက်ခိုက်ခြင်း မျိုး မဟုတ်ပေ။ အာဏာသိမ်းတပ်များ ပြာပြာသလဲ ဖြစ်လာပြီး စစ်အင်အား ဖြည့်တင်းလာရသည်ဟု သတင်းက ဆိုသည်။

 

အနယ်နယ် အရပ်ရပ်ရှိ စစ်စခန်း များတွင်တော့ ပြည်သူ့တော်လှန်ရေး တပ်သားများ အပြင်းအထန် လေ့ကျင့် နေပုံများကို အင်္ဂလန်ရှိ The Independent ဝက်ဆိုဒ်တွင် ဖေါ်ပြထားသည်။

 

ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့အစည်းများက စစ်ကိုင်း၊ မကွေး၊ ချင်း နှင့် ကယားပြည်နယ်များတွင် အခိုင်အမာ ဖွဲ့စည်း အုပ်ချုပ်နေကြပြီ ဖြစ်သည်ဟု RFA သတင်းတွင် ဖေါ်ပြလာသည်။

 

စစ်တိုက်ဖို့သာ လေ့ကျင့်ထားကြသူများက နိုင်ငံ အုပ်ချုပ်ရေးကို ချုပ်ကိုင်လာပြီး ပြည်သူများကို အမှောင် ခေတ်ကြီးထဲ ပြန်ဆွဲခေါ်ကာ ထားရာနေ စေရာသွား ဘဝမျိုးဖြင့် အုပ်ချုပ်သွားရန် ကြံစည်လာနေသည့် အဖြစ်ကြီးကို မည်သူမျှ လက်ခံလိုကြခြင်း မရှိတော့သည်မှာ ထင်ရှားသည်ထက် ထင်ရှားလာနေပြီ ဖြစ်သည်။

 

အကယ်၍သာ ကမ္ဘာ ခေါင်းဆောင် အဆင့်အတန်း ဝင် နိုင်ငံတော် အတိုင်ပင်ခံသာ အုပ်ချုပ်နေမည် ဆိုက စင်္ကာပူကို မပြောလိုသော်လည်း ထိုင်းကို နှစ်အနည်းငယ်အတွင်း ပုခုံချင်း ယှဉ်နိုင်မည်မှာ သေချာလှပေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!