“ကလိုက် ရိုချ် က အရင်တုံးက ဘယ်ဂျာမန် အေးဂျင့်ကိုမှ မျက်ခြေပြတ်သွားတာမျိုး မရှိခဲ့ဖူးဘူး” ဟု ဘုသီက သူထံ ရောက်လာသည့် အစီရင်ခံစာကို စူးစူးရဲရဲ စိုက်ကြည့်နေရင်းက ပြောလိုက်သည်။ ဗီကာရီကို မော့ကြည့်လိုက်ပြန်ပြီး “ဒီလူက ဟမ်စတက် ဟိသ် မှာ ယင်တကောင် နောက် လိုက်ဆိုရင် လိုက်နိုင်တဲ့ လူမျိုး”
“ဟုတ်တယ်ဗျာ၊ အတော်ဆုံး ပြောလို့ရတယ်၊ ဒီအမျိုးသမီးကိုက သောက်ရမ်း တော်နေလွန်းလို့ ကို ဖြစ်မယ်”
“ဒီထဲမှာ ရေးထားတာကြည့်၊ တက္ကဆီ စီးတယ်၊ နောက်က လူ လိုက် လာမလာ ကြည့်ရအောင် ကားပေါ်က ဆင်းပြီး လမ်း အကြာကြီး လျှောက်တယ်၊ ပြီးတော့ မြေအောက်ထဲ ဆင်းသွားတယ်၊ လက်မှတ်ဝယ်တာက တဘူတာ၊ ဆင်းသွားတာက တဘူတာ”
“အတော်ကို ဂရုစိုက်တာပဲ၊ ဒါကြောင့်မို့လည်း ကျွန်တော်တို့ မမိတာ ဖြစ်မယ်”
“ဒီလိုလည်း ပြောလို့ရတဲ့ အချက်တချက်ပဲ အယ်ဖရက်၊ လောလောဆယ် ပြဿနာက သူ့နောက်က လိုက်နေတာကို ရိပ်မိသွားတာလည်း ဖြစ်နိုင်တယ်”
“ကျွန်တော် သိပါတယ်၊ ဖြစ်နိုင်ခြေရှိတယ်လို့လည်း တွေးမိတယ်”
“အင်း...ဒီအတိုင်းဆိုရင် ကျွန်တော်တို့ လုပ်ငန်းကတော့ မစခင်ကတင် သွားပြီ ထင်ပါရဲ့ဗျာ” ပြောရင်း “ပါတီပွဲကြီး” စီမံချက်ပါ သတ္တု အတက်ချီကေ့စ်ကို လက်နှင့် ခေါက်လိုက်ရင်း “သူ့သာ အဲ့ဒီလို သိသွားရင်တော့ ဒါတွေကို သွားပေးလိုက်လို့ကတော့ ဒေးလီမေးလ် သတင်းစာထဲမှာ ကမ်းတက်စစ်ဆင်ရေး လျို့ဝှက်ချက် တွေ ခေါင်းကြီးပိုင်းက ပုံနှိပ်ဖေါ်ပြလိုက်တာကမှ တော်ဦးမယ် ထင်တယ်၊ သူတို့ ကို လှည့်ဖျားနေပြီဆိုတာ သိသွားကြတော့မယ်၊ အဲ့ဒီလို သိသွားတာနဲ့ ကျွန်တော်တို့ ပေးလိုက်တဲ့ သတင်းတွေကို ပြောင်းပြန် အဓိပ္ပါယ် ဖွင့်ကုန်ကြတော့မယ်”
“သူ့ကို လုံးဝ မမြင်ဖူးလို့ ရိုချ်ကတော့ ယုံကြည်ထားတယ်”
“အခု အဲ့အမျိုးသမီး ဘယ်မှာလဲ”
“သူ့တိုက်ခန်းမှာပဲ”
“ဘယ်အချိန် ဂျော်ဒန် နဲ့ တွေ့ဖို့ ရှိလဲ”
“ဂျော်ဒန် အိမ်မှာ ည ဆယ်နာရီ၊ ဂျော်ဒန်က အလုပ် နောက်ကျမယ်လို့ ပြောထားပြီးပြီ”
“ဂျောဒန် ကကော ဘယ်လို ယူဆလဲ”
“ဂျော်ဒန် ပြောတာတော့ သူအမူအယာက အရင်အတိုင်းပဲ၊ ဘာမှ အပြောင်းအလဲ မရှိဘူး တဲ့၊ စိတ်ထဲမှာ စိုးရိမ်ကြောင့်ကြနေတဲ့ လက္ခဏ လည်း မတွေ့ရဘူး ဆိုပဲ၊ ကွန်မန်ဒါ ဂျော်ဒန်လည်း အရမ်းတော်တယ်နော်၊ ပိပိရိရိ ရှိတယ်၊ အင်ဂျင်နီယာ ဖက်မှသာ ထူးထူးချွန်ချွန် ဖြစ်မလာခဲ့ဖူးဆိုရင် စပိုင် ကောင်း တယောက် ဖြစ်လာနိုင်တဲ့လူမျိုးပဲ”
ဘုသီက အတက်ချီကေ့စ်ကို သူ၏ လက်ညိုးနှင့် ခေါက်လိုက်ပြန်ပြီး “သူနောက်ကို လိုက်နေမှန်း ရိပ်မိရင်တော့ အခုအချိန် သူ့အိမ်မှာ ရှိနေတော့မှာ မဟုတ်ဘူး၊ ထွက်ပြေးဖို့ ကြိုးစားတော့မှာပဲ ဗျ”
“ဒါမှမဟုတ်လည်း ဂျော်ဒန် ဘရိဖ်ကေ့စ်ထဲ ဘာပါလာလဲဆိုတာ ကြည့်ချင်လို့ လည်း ဖြစ်နိုင်တယ်”
“သိတ်တော့ နောက်အကျကြီးတော့ မဟုတ်သေးဘူး အယ်ဖရက်၊ ကျွန်တော်တို့ စီစဉ်ထားတဲ့ အတိုင်း ဆက်မလုပ်တော့ပဲ အခုချက်ခြင်းကို ဖမ်းလိုက်မှ ဖြစ်တော့မယ် ထင်တယ်၊ ပြီးမှ သတင်းပေါက်ကြားသွားတာ ပြန်အဖတ်ဆယ်ဖို့ အခြားနည်းလမ်းတခုခု စဉ်းစားကြည့်ကြမယ်ဗျာ”
“အဲ့လိုဆိုရင်တော့ မှားသွားလိမ့်မယ်၊ ကွန်ယက်ထဲမှာ သူနဲ့ အတူ ဘယ်သူတွေ ပါနေလဲဆိုတာ ကျွန်တော်တို့ဖက်က မသိနိုင်တော့ဘူး၊ ဘယ်လိုပုံစံနဲ့ ဘာလင်ကို ဆက်သွယ်နေလဲဆိုတာလည်း သိတော့မှာ မဟုတ်ဘူး”
“ဘုသီက သူလက်ဆစ်များ နှင့် အတက်ချီကေ့စ်ကို ခေါက်လိုက်ပြန်ပြီး “ဒီထဲမှာ ဘာတွေ ပါလဲဆိုတာ ခင်ဗျား ခုထိ မမေးသေးဘူးနော်”
“ကျွန်တော် မေးလည်း “Need to Know” ဆိုတဲ့ လက်ချာကြီး ပြန်ကြားရဦးမှာ စိုးလို့ပါ”
ဘုသီက သူ့စကားကြောင့် ရယ်လိုက်ရင်း “ကောင်းလိုက်တဲ့ အဖြေ၊ ခင်ဗျား တော်လာပြီ၊ ခင်ဗျား သိဖို့ မလိုတာတော့ အမှန်ပဲဗျ၊ အခု ကိစ္စမှာ ခင်ဗျားရဲ့ အကြံကောင်း ညဏ်ကောင်းတွေ ပါနေတယ် ဆိုတော့ ကျွန်တော် ပြောပြမယ်၊ နှစ်ဆယ်ဦး ကော်မတီက “ပိုးစာပင်” ဆိုတာ ကလေ့စ် အတွက် ရည်ရွယ်ပြီး ကမ်းလွန် မှာ လေယာဉ်ပစ် အမြှောက်တွေ ချထားဖို့ ဆောက်မယ့် အဆောက်အဦး စီမံချက်ပဲလို့ ဂျာမန်တွေ လက်ခံသွားအောင် ဖန်တီးထားတဲ့ စာရွက်စာတမ်းတွေပဲ၊ သူတို့လက်ထဲ ရောက်သွားတဲ့ ဖီနစ် ယူနစ်တွေ ရဲ့ ပုံစံထဲမှာ ဝန်ထမ်းတွေ နေဖို့ ကွာတားတွေနဲ့ လေယာဉ်ပစ် အမြှောက်တွေ ထားမယ့် နေရာ တွေ ဖေါ်ပြထားပြီးသား ဆိုတော့ အခု ကျွန်တော်တို့ ပို့ပေးမယ့် စာရွက်စာတမ်းတွေနဲ့ဆို ကွက်တိပဲဗျ၊ ပုံကို နည်းနည်းလေးတော့ ပြင်ဆွဲထားတယ်”
“ဟာကွက် မရှိအောင် ပဲ ပြည့်စုံပါတယ်”
“ကျွန်တော်တို့ဖက်ကလည်း အခြား လမ်းကြောင်းတွေ ထပ်သုံးပြီး လှည့်စားနိုင်ဖို့ စီစဉ်ထားတာတွေ ရှိတယ်၊ လိုအပ်လာရင် ခင်ဗျားကို ရှင်းပြပါမယ်”
“ကျွန်တော် နားလည်ပါတယ် ဆာ ဘက်ဆယ်”
သူတို့နှစ်ဦးသားလည်း ဘာစကားမှ ဆက်မပြောပဲ အတွေးကိုယ်စီဖြင့် ထိုင်ပြီး နံရံကိုသာ စိုက်ကြည့်နေကြသည်။
“အင်း..ဒါဆိုလည်း ခင်ဗျား တာဝန်ပဲ၊ ခင်ဗျား လုပ်ရမယ့် အပိုင်းသာ ဆက်လုပ်ပေတော့၊ ခင်ဗျား လုပ်ဖို့ လိုတယ် ပြောလာတာ မှန်သမျှ ကျွန်တော်ဖက်က အပြည့်အဝ ထောက်ခံပေးမယ်..ဟုတ်ပြီလား”
ဗီကာရီ စိတ်ထဲတွင်တော့ ဘုသီ၏ ထောက်ခံမှု ရ၍ အားတက်သရော ဖြစ်မလာပဲ ငါရဲ့ ကျဆုံးခန်း ကို စောင့်နေတာများလားဟု အတွေးပေါ်လာမိသည်။ ပြဿနာ အနည်းငယ် ပေါ်လာသည်နှင့် ဘုသီသည် အနီးဆုံး ကျင်းထဲသို့ ဒိုက်ဗင်ထိုး ချ ကာ တိမ်းရှောင်သွားမည်သာ ဖြစ်သည်။ သူ့အတွက် အလွယ်ဆုံး လမ်းက ဘုသီ ပြောသလို ကက်သရင်း ဘလိတ်ကို ခုချက်ခြင်း ဖမ်းပြီး သူတို့ ခိုင်းတာ လုပ်လာအောင် အတင်းအကျပ် စီမံ လိုက်ယုံပင် ဖြစ်သည်။ သို့သော် ဘုသီ ပြောသလို လုပ်ဖို့က အောင်မြင် နိုင်စရာ မရှိဟု ဗီကာရီ သည် စွဲမြဲစွာ ယုံကြည်နေဆဲပင် ဖြစ်သည်။ သူမ ကိုယ်တိုင် မရိပ်စားမိပဲ ရန်သူထံ သို့ လှည့်စားထားသည့် သတင်းများ တိုက်ရိုက် ပေးပို့နိုင်မှသာ ဖြစ်ပေမည်။
“အေးဗျာ..လူတွေ အဖို့ ဒီလိုမျိုး ဆုံးဖြတ်ချက်တွေ ချစရာ မလိုတဲ့ အချိန်တွေ ကို မှတ်မိနေသေးတယ်။ ကျွန်တော်တို့ဖက်ကသာ တခုခု ခြေချော်လက်ချော် အမှားလုပ်လိုက်မိရင် စစ်ကြီး ရှုံးပြီသာ မှတ်”
“ကျွန်တော်ကို အခုလို သတိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ ခင်ဗျား စားပွဲနောက်မှာ ကသိုဏ်းဖန်လုံးတော့ ရှိမနေပါဘူးနော်”
“မရှိပါဘူးဗျာ”
“ဒါဆိုရင် ဒင်္ဂါးပြား ကော”
“အယ်ဖရက် ခင်ဗျား ဘာတွေ ပြောနေတာလဲ”
“ဟာသ ပြောမလို့ ကြိုးစားကြည့်မိတာပါဗျာ”
ဘုသီက အတက်ချီကေ့စ်ကို လက်နှင့် ခေါက်လိုက်ရင်းက...”ခင်ဗျား ဘယ်လို ဆုံးဖြတ်ထားလဲ”
“ကျွန်တော်တော့ ဒီအမျိုးသမီးကို ပြေးခွင့် ပြုလိုက်မယ်”
“ခင်ဗျား အဆုံးအဖြတ် မှန်ပါစေလို့ ဘုရားသခင်ဆီမှာ ဆုတောင်းနေပါမယ်၊ ကဲ..ခင်ဗျား ညာလက် ကမ်းလိုက်စမ်းပါ”
ဗီကာရီက လက်ကို ကမ်းပေးလိုက်သည့် အခါ ဘုသီက အတက်ချီကေ့စ်ကို သူ့လက်ကောက်ဝတ်တွင် သံကြိုး နှင့် တွဲချည်ကာ သော့ခတ်ပေးလိုက်တော့သည်။
****************************
နာရီဝက်ခန့် အကြာတွင် ဂရေ့စ် ကလာရင်ဒန်သည် နော့သမ်ဘာလန်း ရိပ်သာလမ်း ရှိ လူသွား ပလက်ဖေါင်းတွင် ရပ်နေသည်။ ညနေခင်း ရုံးဆင်းချိန် ယာဉ်အသွားအလာကို ရပ်စောင့်ကြည့်ရင်းက နွေးနွေးထွေးထွေး ရှိစေရန် ပလက်ဖေါင်းကို ခြေထောက်နှင့် ဆောင့်နေမိသည်။ နောက်ဆုံးတွင် ဘုသီ၏ အမည်းရောင် ဟမ်ဘား ကားကြီး ကို မြင်လိုက်ရပြီး ယာဉ်မောင်းက မီးကို ဖွင့်လိုက်ပိတ်လိုက်ဖြင့် အချက်ပြလိုက်သည်။ ထို့နောက် ကားသည် သူမရှေ့တွင် ထိုးရပ်လာပြီး ဘုသီက နောက်ဖက်တံခါးကို ဖွင့်ပေးလိုက်၍ ဂရေ့စ်က ကားထဲ ဝင်ထိုင်လိုက်သည်။
ဂရေ့စ်သည် အအေးဒဏ်ကြောင့် တုန်တုန်ခိုက်ခိုက် ဖြစ်နေသည်၊ “အပြင်မှာ သောက်ရမ်းကို အေးတာပါလား၊ ရှင် ပြောထားတဲ့ အချိန်ထက် ဆယ်ငါးမိနစ် တောင် ကျော်သွားပြီ၊ ဘာလို့ ရုံးထဲမှာ လုပ်လို့မရနိုင်တာလဲ ဆိုတာ နားကို မလည်တော့ဘူး”
“စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အများကြီး ရှိနေတယ် ဂရေ့စ်၊ အန္တရာယ် များလွန်းတယ်”၊ ဂရေ့စ်လည်း စီးကရက်တလိပ် ထုတ်ပြီး မီးညှိဖွာရှိုက်လိုက်သည်၊ ဘုသီက ယာဉ်မောင်း နှင့် ခြားထားသော ရှေ့က မှန်ချပ်ကို ပိတ်လိုက်သည်။
“ကဲ.. ပြော၊ မင်း ဘာတွေ သိလာလဲ ဆိုတာ”
“ဗီကာရီက နာမည် တခုနှစ်ခုလောက် ကျမ ကို ရုံးထဲမှာ ဖိုင်တွဲတွေထဲမှာ ရှာပေးစေချင်နေတယ်”
“အဲ့တာ ဘာလို သူက ငါ့ဆီက လက်မှတ် လာမယူရတာလဲ”
“ရှင်က ထုတ်ပေးမှာ မဟုတ်ဘူး ထင်လို့ နေမှာပေါ့”
“ဘယ်သူနာမည်တွေလဲ ဆိုတာ ပြောပါဦး”
“ပီတာ ဂျော်ဒန် နဲ့ ဝေါကာ ဟာဒီဂင်”
“သောက်ရမ်းကို ပါးတဲ့လူပါလား၊ နောက်ကော ဘာရှိသေးလဲ”
“ရှိသေးတယ်၊ သူက ဘရွမ်း ဆိုတဲ့ စကားလုံးက ဘယ်သူ့ကို ရည်ညွန်းတာလဲ ဆိုတာလည်း စုံစမ်းပေးစေချင်တယ်”
“ဘယ်လောက် အတိုင်းအတာ အထိ လိုက် စုံစမ်းပေးရမှာလဲ”
“ကျမတို့ အေးဂျင့်တွေထဲက လျို့ဝှက် နာမည် ဟုတ်မဟုတ်၊ ဒါမှမဟုတ်လည်း ဂျာမန် တွေ ဖက်က တယောက်ယောက် အမည်လား၊ ဒါမှမဟုတ်လည်း အယင်က ပြီးသွားတာ နဲ့ လက်ရှိ စစ်ဆင်ရေး တခုခုရဲ့ လျို့ဝှက် အမည် တခုခုလား ဆိုတာ သိချင်တယ် တဲ့”
“ဘုရားရေ..” ဟု ပြောလိုက်ရင်း မျက်နှာကို တဖက်လှည့်ကာ ဘေးက ကားများကို ကြည့်လိုက်ပြန်သည်၊ “ဗီကာရီက မင်းဆီကို တိုက်ရိုက် ချည်းကပ်တာလား၊ ဒေါလ်တန် ဆီက တဆင့်လား”
“ဟာရီ ဆီက တဆင့်”
“ဘယ်တုန်းကလဲ”
“မနေ့ညက”
ဘုသီက သူမဖက် ပြန်လှည့်လာပြီး “ဂရေ့စ် ညည်း ရှုပ်ရှုပ်ယှက်ယှက်တွေ ပြန်လုပ်နေပြန်ပြီပေါ့”
သူမက ဘာမှ ပြန်မတုန့်ပြန်ပဲ “သူ့ကို ကျမ ဘာပြန် ပြောလိုက်ရမလဲ”
“သူပြောတဲ့ နာမည်တွေကို ရှိသမျှ ဖိုင်တွေ အကုန်လှန်လှော ရှာပြီးပြီ၊ ဂျော်ဒန် ဆိုတာကော ဟာဒီဂင်ကိုပါ မတွေ့ဖူးလို့ ပြန်ပြောလိုက်။ ဘရွမ်းလည်း ဒီအတိုင်းပဲ၊ နားလည်တယ်နော် ဂရေ့စ်”
သူမက ခေါင်းငြိမ့်ပြလိုက်သည်။
“မင်း မျက်နှာလည်း မကောင်းပါလား၊ မင်းလုပ်ရပ်တွေက တိုင်းပြည် ကာကွယ်ရေး အတွက် တန်ဖိုး မဖြတ်နိုင်ဘူး ဆိုတာ မမေ့နဲ့”
သူမ မျက်နှာကို ဘုသီ ဖက် လှည့်လိုက်ပြီး သူမ၏ အစိမ်းရောင် မျက်လုံးများက ဒေါသကြောင့် ကျဉ်းမြောင်းလာနေသည်၊ “ကျမ ဘဝ မှာ ဂရုစိုက်ဆုံး လူတယောက်ကို လှည့်စားနေရတာ၊ ကျမ အဲ့လုပ် လုပ်နေရတာကို မနှစ်မြို့ဘူး”
“သိတ်မကြာတော့ပါဘူး ပြီးသွားမှာပါ၊ အဲ့ကျရင် ညည်းကို ညစာ ကောင်းကောင်း နဲ့ အပြင်မှာ ကျွေးပြီး ဂုဏ်ပြုမယ်၊ အရင် ကလိုပေါ့”
သူမက ကားတံခါး လက်ကိုင်ကို ဆွဲပြီး အနည်းငယ် ဆောင့်တွန်း ဖွင့်လိုက်ရင်းက ခြေတဖက်ကို အပြင်သို့ ထုတ်လိုက်သည်။ “ရှင် ကျမ ကို ညစာကျွေးတာတော့ လက်ခံမယ်၊ ဒီထက်တော့ မပိုဘူး၊ အရင်လို ဆိုတာ တွေ သေချာပေါက် ပြီးသွားပြီ”
သူမက အပြင်သို့ ထွက်လိုက်ပြီး ကားတံခါးကို ဆောင့်ပိတ်လိုက်သည်။ ထို့နောက် ဘုသီ၏ ကား အမှောင်ထဲသို့ မောင်းဝင် ပျောက်ကွယ်သွားသည်ကို ရပ်ကြည့်နေလိုက်သည်။
*******************************