ဝဏ္ဏ မောင်လွင် ဘာလဲ ဘယ်လဲ

by Hla Soewai - Feb 16 2022

ယနေ့တွင် ကျင်းပရန် ရှိနေသည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေးသို့ တက်ရောက်ရန် အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ ဖနွမ်းပင်သို့ တဖွဲဖွဲ နှင့် စတင် ရောက်ရှိလာတော့မည် ဖြစ်သော်လည်း ဝဏ္ဏမောင်လွင်ကတော့ နေပြည်တော်ရှိ သူ၏ ရုံးခန်းထဲတွင်သာ ငုတ်တုတ်ကြီး ထိုင်နေရရှာပြီ ဖြစ်သည်။

 

သို့သော် ၎င်းတို့ဖက်မှ မည်သူ့ကိုမျှ စေလွှတ်မည် မဟုတ်ဟု အရှက်ပြေ ရောချသည့် ကြေညာချက်ထုတ် ပြန်ခဲ့ သည်။ တကယ်တမ်းတွင် ၎င်းတို့ စေလွှတ်မည် မဟုတ် ဆိုသည်မှာ အာဆီယံ အဖွဲ့က ဖိတ်ကြား ထားသော နိုင်ငံရေး နှင့် မပတ်သက်သည့် အဆင့်နိမ့် ကိုယ်စားလှယ်ကို စေလွှတ်မည် မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သော်လည်း မသိသူများကို ၎င်းတို့ကပင် ဝဏ္ဏမောင်လွင်ကို မလွှတ်တော့ သယောင် ထင်မြင် လာအောင် လုပ်ကြံ ပြောဆို ခဲ့ခြင်းပင် ဖြစ်သည်။

 

ဝဏ္ဏမောင်လွင်ကို နိုင်ငံခြားရေး တာဝန်ခံ ခန့်ထားသော်လည်း သူကိုယ်တိုင်ပင် အာဏာသိမ်းကာစ ထိုင်း လေဆိပ် သို့ အပြေးအလွှားသွားခဲ့ရခြင်း၊ အင်ဒိုနီးရှား သို့ မင်းအောင်လှိုင် နောက်က ပါလာခြင်း ကလွဲ၍ ပြည်ပ ခရီးစဉ်လည်း မရှိ၊ ရုံးတွင် ထိုင်ကာ ကြေညာချက်များ တစောင်ပြီး တစောင် ထုတ်နေရခြင်းသာ လုပ်နိုင်ရှာသည်၊ အခြား မည်သို့မျှ အောင်မြင်အောင် မစွမ်းဆောင်နိုင် ဖြစ်နေရှာသည်၊ လူစားထိုးရန် စဉ်းစားလာ‌ကြတော့မည် ဖြစ်သည်။

 

စစ်ကောင်စီ၏ ပဏာမ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နှင့် ပြည်ထောင်စုနေ့ ပွဲကြီးကား ထင်တိုင်း မပေါက် ဖြစ်သွား ခဲ့ရသည်။ ၎င်းတို့ပွဲသို့ ဖေါ်လံဖားများ နှင့် အတင်းအကျပ် စေခိုင်း၍ တက်ရောက်လာသူများ on sufferance ဖြင့်သာ စည်ကားနေသည်။

 

၎င်းတို့ပွဲသို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ ဆိုသည်မှာ ဆုံးဖြတ် နိုင်စွမ်း မရှိ၊ အရေးပါသူများ မဟုတ်ဘဲ ဆက်ဆံ‌ရေး ထိန်းသိမ်းထားနိုင်ရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာကြသူများ ဖြစ်နေသည်ကို ကွက်ကွက်ကင်းကင်းပင် တွေ့မြင်ခဲ့ကြရသည်။

 

နိုင်ငံတော် အတိုင်ပင်ခံ ဦးဆောင်၍ ကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ကြီးအားလည်း နည်းမျိုးစုံဖြင့် ကသိကအောင့် ဖြစ်အောင် လုပ်ခဲ့ကြသူများက ပြောလာသည့် ငြိမ်းချမ်းရေး ဆိုသည်မှာ ၎င်းတို့ ငြိမ်းချမ်းစွာ နေထိုင် ရှင်သန်သွားဖို့သာ အဓိက ဖြစ်သည်ကို အားလုံးက သိခဲ့ကြ၍လည်း ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ၏ အွန်လိုင်းမှ ပြုလုပ်သော ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် ၇၅ နှစ်မြောက် အခမ်းအနားသို့ နိုင်ငံပေါင်း ၂၄ နိုင်ငံ ပါဝင်တက်ရောက်ခဲ့ပြီး သုံးနိုင်ငံမှ သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

 

ထို့ပြင် ပြည်သူများအား ကိုယ်စားပြု ဖွဲ့စည်းထားသည့် လူထုလူတန်းစား အဖွဲ့အစည်း ပေါင်းစုံတက်‌ရောက် ခဲ့ကြသည်။

 

ပင်လုံစာချုပ် ၏ အနှစ်သာရ အတိုင်း အကောင်အထည် ဖေါ်ပါမည် ဆိုသည့် ကတိကို အာမခံရန်လည်း ကေအိုင်အေ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂွမ်ရှောင်က NUG ကို တိုက်တွန်းသွားခဲ့ကြောင်း သိရသည်။

 

တဖက်တွင် နိုင်ငံတွင်း စီးပွားရေး အခြေအနေများလည်း မဖုံးနိုင် မဖိနိုင် ယိုယွင်းလာနေပြီ ဖြစ်သည်။ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများက ရောက်မလာသည့်အပြင် ရှိနေသည့် ကုမ္ပဏီကြီးများ တဖွဲဖွဲ နှင့် ထွက်ခွာနေကြသည်မှာ ယခုဆိုလျှင် နှစ်ဒါဇင် ခန့်ပင် ရှိနေပြီဟု ဝေါစထရိ ဂျာနယ်တွင် ရေးသားထားသည်။

 

ရှယ်ယာဝင် အများစုမှာ မြန်မာစစ်တပ်နှင့် ပတ်သက်နေသည် ဆိုကာ သူတို့၏ ဂုဏ်သိက္ခာ ထိခိုက်လာမည့် အရေးကို စိုးရိမ်လာနေကြပြီ ဖြစ်သည်။ နောက်တကြောင်းက ကုမ္ပဏီ၏ နေ့တဒူဝ လုပ်ငန်းများသည် အားပျော့လာနေသည့် စီးပွားရေးနှင့် ၎င်းတို့ အုပ်ချုပ်ရေးကို လက်နက်ကိုင် တွန်းလှန်နေသည့် ပြည်သူများ အကြား အခြေအနေများက ဆိုးဝါးလာနေ၍ ဖြစ်သည်။

 

နော်ဝေးပိုင် တယ်လီနော ဖုန်း ကုမ္ပဏီကို သုံးစွဲမှုများအား စပိုင်လုပ်ရန် ဆော့ဝဲယားများ တပ်ဆင်ရန် မူများသည် ကန်ထရိုက်ကို ဖေါက်ဖျက်ပြီး ဖိအား ပေးလာသဖြင့် လုပ်ငန်းများ ရောင်းချ၍ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ပြဿနာက သုံးစွဲသူ ပြည်သူများ၏ ကိုယ်ရေး အချက်အလက်များ အားလုံးကို အာဏာသိမ်း အဖွဲ့အား လွှဲအပ်သွားရမည့် အရေး ပင် ဖြစ်သည်။ ထိုအရေးနှင့် ပတ်သက်ပြီး ယာယီ သမ္မတကြီး မှ နော်ဝေး ဝန်ကြီး ချုပ်အား အကူအညီပေးရန် စာရေးသား တောင်းဆိုခဲ့ရသည့် အထိပင်၊ လူ့အခွင့်အရေး အဖွဲ့များနှင့် ပြည်တွင်းရှိ မြို့ပြ အဖွဲ့အစည်း စုစုပေါင်း ရှစ်ရာကျော်က မြန်မာ ပြည်သူများ၏ ယုံကြည်မှုကို မျက်နှာလွှဲ ခဲပြစ် လုပ်ခြင်းသာ ဖြစ်သည် ဆိုကာ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

 

တယ်လီနောက Metadata ဖြစ်သည့် မည်သူက မည်သူကို ဖုန်းခေါ်သည်၊ ခေါ်ယူခဲ့သည့် နံပါတ်၊ အချိန် နှင့် နေရာတို့သာ ရှိပြီး ဘာတွေ ပြောသည် နှင့် Text Messages များ အား သိုဝှက်ထားခြင်း မရှိဟု ပြောလာခဲ့သည်။

 

တယ်လီနောမှ လုပ်ငန်းများ ဝယ်ယူမည့် ကုမ္ပဏီဖြစ်သည့် M1 နှင့် ပြည်တွင်းရှိ ရွှေဗျိုင်းဖြူ ကုမ္ပဏီများသည် ထိုသို့လွှဲပြောင်းပေးရမည့် အရေး နှင့် ကြားဖြတ်နားထောင်ရန် ဆော့ဝဲယားများ တပ်ဆင်ပေး ရန်တို့ကို စိတ် ထဲတွင် လားလားမျှပင် မသိုးမသန့် ဖြစ်မည့် ကုမ္ပဏီလည်း မဟုတ်သောကြောင့် စိုးရိမ်မှုများက မြင့်တက် လာခဲ့ခြင်းလည်း ဖြစ်သည်။

 

ထို့အတွက် တယ်လီနော၏ လုပ်ရပ်ကို စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နှင့် လုပ်ငန်းများ အကောင်အထည် ဖေါ်ရေး အဖွဲ့ကြီး Organization for Economic Cooperation and Development (OECD) မှ စုံစမ်း စစ်ဆေးမှု နှင့် ပြည်တွင်း တွင် တရားစွဲခံရဖို့ အခြေအနေများ ရင်ဆိုင်ရတော့မည် ဖြစ်သည်။

 

တယ်လီနောက ဥရောပ၏ ကိုယ်ရေး အချက်အလက်များ ကာကွယ်ရေး ဥပဒေသည် မြန်မာပြည်နှင့် မသက်ဆိုင် ဟု ပြောလာခဲ့သည်။

 

ယနေ့ သတင်းအရ ဆိုက စစ်တပ်၏ ဦးပိုင် နှင့် ဖက်စပ်လုပ်ကိုင်နေသော ဂျပန် အဖျော်ယမကာ ကုမ္ပဏီကြီး ဖြစ်သည့် ကီရင် သည် ဖြစ်ပေါ်လာသော ပြဿနာများကို မည်သို့မျှ ဖြေရှင်း၍ မဖြစ်နိုင်တော့၍ အပြီးအပိုင် လမ်းခွဲရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်ဟု ကုမ္ပဏီ ဥက္ကဌ ယိုရှိနိုရီ အီဇိုဇာကီ မှ ထုတ်ဖေါ်ပြောဆိုလိုက်သည်။

 

၎င်းတို့ပိုင် အကျိုးစီးပွား မှန်သမျှ ကိုလည်း အခြား အဖွဲ့အစည်းတခုခု သို့ လက်လွှဲရောင်းချရန် စီစဉ်နေသည်ဟု သိရသည်။ သို့သော် မြန်မာပြည်ထဲ ဝင်ရောက်လုပ်ကိုင်ရဲသည့် ကုမ္ပဏီကို ရှာရန်အတွက်မူ အခက်အခဲများ ဖြစ်လာဖို့ ရှိနေသည်။

 

ကီရင်သည် မူလက ဦးပိုင် နှင့် လက်တွဲဖြုတ်ပြီး ဆက်လက်လုပ်ကိုင်သွားရန် စီစဉ်ထားခဲ့သော်လည်း လက်တွဲ ဖြုတ်ရန် ဆွေးနွေးနေမှုများသည် အငြင်းပွားလာခဲ့၍ စင်္ကာပူရှိ နိုင်ငံတကာ စီးပွားရေး ကိစ္စများ ဖြန်ဖြေရေး ရုံးသို့ တိုင်တန်းခဲ့သော်လည်း မည်သို့မျှ ထူးခြားလာလိမ့်မည်ဟု မျှော်လင့်၍ မရသည့် အနေအထား ဖြစ်လာခဲ့သည်။

 

ထွက်ခွာမည့် ကုမ္ပဏီ အားလုံးသည် ဝန်ထမ်းများ နှင့် မိသားစုများအား စစ်တပ်မှ ဒုက္ခပေးလာနိုင်သည်ကို အထူး စိုရိမ်နေကြပြန်သည်။

 

ယခုအခါ နာမည်ကောင်း ဖြင့် ရပ်တည်နေသော ပြည်ပကုမ္ပဏီများ သည် မြန်မာပြည်တွင် စီးပွားရေး လုပ်ရန်မှာ မည်မျှ အထိ ခက်ခဲကြောင်း၊ အန္တရာယ်များကြောင်း ဆိုသည်အား ထိုအဖြစ်များကို နမူနာ အဖြစ် ရှုမြင်လာကြပြီ ဖြစ်သည်။

 

နယူးဝိခ် မဂ္ဂဇင်းကြီးက မိဘများသည် သားသမီးများကို စွန့်လွှတ်ကြောင်း မဖြစ်မနေ သတင်းစာမှ ကြေညာ ရခြင်း၊ အိမ်များကို ချိတ်ပိတ်ခံရခြင်း၊ အဖမ်းခံရခြင်း စသည့် နည်းမျိုးစုံဖြင့် စစ်တပ်မှ ဖိနှိပ်နေသည့် သတင်းများ ဖေါ်ပြလာခဲ့သည်။

 

မြန်မာ ပြည်သူများသည် ထိုသို့ ဒုက္ခပေါင်းစုံ ရင်ဆိုင်နေရသည့် ကြားမှ တော်လှန်‌ရေး အရှိန်အဟုန်သည် မြင့်မား သည်ထက် မြင့်မားလာနေမှု ကို စာနာထောက်ထားလာကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!