လူသမိုင်း၏ လားရာသည် ယူကရိန်း၏ အရှုံးအနိုင်ပေါ်တွင် တည်မှီနေ

by Hla Soewai - Feb 12 2022

အဆိုပါ ကြောက်မက်ဖွယ် စကားရပ် ဖြင့် လူသားတရပ်လုံး ကို အုန်းမောင်း ခေါက် အသိပေးလိုက်သူက နှစ်ဆယ့်တရာစု နှစ် အတွင်း ထိတ်တန်း ကမ္ဘာတွေးခေါ် ပညာရှင်ကြီး တဦး အဖြစ် နေရာပေးခြင်း ခံလာရသည့် Yuval Noah Harari ပင် ဖြစ်သည်။



ဤသည်ကလည်း သမ္မတ ဂျိုး ဘိုင်ဒင်သည် သူ၏ နိုင်ငံသားများအား ယူကရိန်းမှ အမြန်ဆုံး ထွက်ခွာကြရန် တိုက်တွန်းလိုက်မှု နှင့် အတူ စစ်ပွဲကြီး အမှန်တကယ် ဖြစ်ပေါ်လာမည့် အရေးက လွန်စွာ နီးကပ်လာနေပြီ ဖြစ်သည်ဟု ယူဆနိုင်စရာ ဖြစ်လာသောကြောင့်ပင်။



သူ၏ စာအုပ်များ ဖြစ်သော "Sapiens" နှင့် "Homo Deus"  တို့သည် ယခုတိုင် ရောင်းမလောက် အောင် ဖြစ်နေသည်၊ မြန်မာဘာသာ သို့လည်း ပြန်ဆိုခဲ့ပြီးပြီဟု သိရသည်။



မစ္စတာ ဟာရာရီ သည်  လူသားတို့၏ သမိုင်းတ‌လျောက် နိုင်ငံရေးအရ အကြီးမားဆုံး အောင်ပွဲခံခဲ့မှုသည် စစ်ပွဲများ ဖြစ်ပွားသည့် နှုန်း လျော့နည်းကျဆင်းလာမှုပင် ဖြစ်သည်၊ ယခုအခါ အဆိုပါ အောင်မြင်ခဲ့မှုကြီးသည် အန္တရာယ် နှင့် ရင်ဆိုင်လာနေရပြီဟု ဆိုသည်။သူ၏ အဆိုကို အီကော်နော်မစ် မဂ္ဂဇင်းကြီးတွင် အောက်ပါ အတိုင်း ခုခံပြောဆိုလာခဲ့သည်။



လက်ရှိ ရင်ဆိုင်နေရသော ယူကရိန်း အရေးအခင်း၏ အလယ်ဗဟို တည့်တည့်မှ လွန်စွာမှ အခြေခံကျလှသည့် မေးခွန်းကြီး တခု ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ မေးခွန်းသည် သမိုင်း၏ သဘောသဘာဝ နှင့် ကော လူ့သဘာဝ နှင့် ပါသက်ဆိုင်နေပေသည်။ မေးခွန်းကတိုတိုတောင်းတောင်းပင်၊ "ပြောင်းလဲဖို့ ဆိုသည်က ဖြစ်နိုင်ပါဦးမည်လော" ဟူ၍ ဖြစ်သည်။


လူသားတို့သည် ၎င်းတို့၏ ပြုမူ နေထိုင်ပုံများကို
ပြောင်းလဲနိုင်ခဲ့သလော၊ သမိုင်းဘီးသည် အဆုံးမသတ်ပဲ တရစပ် လည်ပတ်နေပြီး ဖြစ်ခဲ့သမျှ တကြော့ပြန် လာနေခဲ့ပြီလော၊ လူသားတို့သည် အတိတ်က ကြေကွဲစရာ ဖြစ်ရပ်များကို အဆင်အပြင်မှလွဲ၍ အပြောင်းအလဲ တစုံတရာ မလုပ်ပဲ ယခင် ဇာတ်ကြောင်းများကိုပင် ထပ်တလဲလဲ ကပြ အသုံးတော်ခံ ဘဝ သို့ ကျရောက်နေပြီလော။

အတွေးအခေါ် ပညာရှင် အချို့က ပြောင်းလဲနိုင်သည့် အလားအလာ မရှိဟု အခိုင်အမာ ပြောဆိုလာခဲ့ကြပြီး ဖြစ်သည်။ ၎င်းတို့၏ အဆိုအရ ကမ္ဘာကြီးသည် တောနက်ကြီး တခု ပမာ ဖြစ်နေသည်၊ အင်အားကြီးသူက အင်အားနည်းသူကို သားကောင်ပမာ သဘောထားနေကြသည်၊ တနိုင်ငံမှ အခြားတနိုင်ငံကို ဝါးမြိုစားသောက်၍ မရအောင် ဟန့်တားထားသည့် တခုတည်းသော အရာက လက်နက်ကိုင် တပ်ဖွဲ့များ ရှိနေ၍ပင် ဖြစ်သည် အစရှိသဖြင့် ၎င်းတို့၏ အဆိုဖက်မှ ခုခံ ချေပ ပြောဆိုခဲ့ကြပေသည်။


ထိုသဘော အတိုင်း အမြဲလို မပြောင်းမလဲ တည်ရှိခဲ့ပြီး နောင်လည်း ထိုအတိုင်းပင် ဆက်ရှိနေဦးမည် ဖြစ်သည်ဟု ဆိုသည်။


ထိုကဲ့သို့ ကြီးနိုင်ငယ်ညှင်း တောတွင်း ဥပဒေသများ ရှိနေဆဲ ဆိုသည်ကို အယုံအကြည် မရှိကြသူများသည် ၎င်းတို့ကို ၎င်းတို့ လှည့်စားနေယုံမျှမက လူသားတို့၏ ဖြစ်တည်မှုကို အန္တရယ်ကျရောက်အောင် ဖိတ်ခေါ်နေခြင်းပင် ဖြစ်သည်၊ ထို့အတွက် လူသားတို့ အဖို့ ကြာကြာ ရှင်သန်နိုင်ကြတော့မည် မဟုတ်ဟု ဆိုပြန်သည်။



နောက်ထပ် အတွေးအခေါ် ပညာရှင် အချို့ကလည်း
ယခုလို ပြောလာကြပြန်သည်။ တောတွင်း ဥပဒေသ ဟု ခေါ်ဝေါိနေကြသောလည်း တကယ်တမ်းတွင် ယင်းသည် သဘာဝ တရားကြီး၏ နိယာမ မဟုတ်၊ လူသားများက ဖန်တီးခြင်းသာ ဖြစ်၍ လူသားများကပင် ပြောင်းလဲပစ်၍ ရသည်၊ လူများ လွဲမှားစွာ ယူဆထားခဲ့ကြသလို မဟုတ်ပဲ လွန်ခဲ့သော နှစ်ပေါင်း ၁၃,၀၀၀ ခန့်ကတည်းက လူသားများ အချင်းချင်း စုရုံးကာ လက်နက်စွဲကိုင် တိုက်ခိုက်ခဲ့ကြ၍ ဖြစ်ပွားလာခဲ့သော စစ်ပွဲများ၏ သက်သေ အထောက်အထားများကို ရှေးဟောင်း အမွေအနှစ် ရှာဖွေ တူးဖေါ်သည့် သုတေသီများက တွေ့ရှိခဲ့ကြပြီး ဖြစ်သည်။ ထိုနောက်ပိုင်း နှစ် အတော်ကြာကာလများအထိ စစ်ပွဲများ ဖြစ်ပွားခဲ့သည့် အထောက်အထား များ မတွေ့ခဲ့ရတော့ပေ။


စစ်ပွဲဆိုသည်က ကမ္ဘာနိယာမ တရားတခု ဖြစ်သည့် မြေဆွဲအား ကဲ့သို့ တသမတ်တည်း တည်ရှိနေသည်
မဟုတ်ပေ။ စစ်ပွဲ၏ ပြင်းအား နှင့် ဖြစ်ပွားခဲ့မှုများသည် နည်းပညာ၊ စီးပွားရေး နှင့် ယဉ်ကျေးမှု ဆိုင်ရာ အကြောင်းများကို အခြေခံ နေ‌သည်။ ထိုအကြောင်းများ ပြောင်းလဲလာသဖြင့် စစ်ပွဲများလည်း ပြောင်းလဲသွားခဲ့ရပေသည်။



ထိုသို့ ပြောင်းလဲသွားမှု၏ သက်သေ အထောက်အထားများကို ကျွနုပ်တို့ ပတ်ဝန်းကျင် တွင် တွေ့နေရသည်။ ပြီးခဲ့သည့် မျိုးဆက် အနည်းငယ် မတိုင်မီက နျူကလီယား လက်နက်များသည် အင်အားလွန် နိုင်ငံများအား မိမိကိုယ် မိမိ ပျက်စီးရာ ပျက်စီးကြောင်း ရူးရူးမိုက်မိုက် မကြံမိအောင် ပြောင်းလဲပစ်နိုင်ခဲ့သဖြင့် ပဋိပက္ခများကို
အခြား သက်သာရာ သက်သာကြောင်းနည်းလမ်းများဖြင့် ဖြေရှင်းရန် တွန်းပို့ပေးနိုင်ခဲ့သည်။



တဖက်တွင် ရှေးဟောင်း ရောမ သမ္မတ နိုင်ငံ နှင့် ကာသေ့ နိုင်ငံအကြား ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့သော ပူးနစ် စစ်ပွဲကြီးများနှင့် ဒုတိယ ကမ္ဘာစစ်ကြီးတို့သည် သမိုင်းစဉ် တလျောက် အထင်ရှားဆုံး ဝိသေသ များ အဖြစ် ထင်ကျန်ခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ပေါင်း ၇၀ အတွင်း အင်အားလွန် နိုင်ငံများအကြား စစ်ပွဲများ ဖြစ်ပွားလာခဲ့ခြင်း မရှိပေ။



ထိုကာလ များ အတွင်း ကမ္ဘာစီးပွားရေးသည် ကုန်ကြမ်းကို အခြေခံ ထုတ်လုပ်ခြင်းမှ နည်းပညာကို အခြေခံသော စီးပွားရေး အဖြစ် အသွင် ပြောင်းလာခဲ့သည်။ အဓိက ကြွယ်ဝချမ်းသာရာ ချမ်းသာကြောင်းသည် သတ္ထုတွင်းများ၊ ဂျုံခင်းများ၊ ရေနံတွင်းများ မဟုတ်တော့ပဲ နည်းပညာပိုင်းဆိုင်ရာ အတတ်ပညာများ ဖြစ်လာခဲ့သည်။ ရေနံတွင်းများကို အင်အားသုံး၍ သိမ်းပိုက်နိုင်သော်ငြားလည်း နည်းပညာ ဗဟုသုတကို ထိုနည်းနှင့် ပိုင်ဆိုင်အောင် လုပ်၍ မရနိုင် တော့ပေ။ ထို့အတွက် အင်အားသုံး၍ သိမ်းပိုက်ခြင်းမှ ထွက်ပေါ်လာမည့် အကျိုးအမြတ်သည် လျော့နည်းလာခဲ့ပြီ ဖြစ်သည်။



နောက်ဆုံး တွင် ကမ္ဘာယဉ်ကျေးမှု မြေကြောကြီးသည် ရွေ့လျားလာခဲ့ပြန်သည်။ သမိုင်းတလျှောက်တွင် လူများထက် ခေါင်းတလုံး ပိုမြင့်စွာ ရပ်တည်ခဲ့ကြသည့် ဟန် လူမျိုးနွယ်စုများ၊ ဗိုက်ကင်းများ၊ ရောမတိုင်းရှိ သူကောင်းမျိုးနွယ်များသည် စစ်ပွဲများကို နှစ်သက် လိုလားခဲ့ကြသူများ ဖြစ်သည်၊ ဘီစီ ၂၄ မှ ၂၃ ရာစုအတွင်း အာကာဒီယန် အင်ပိုင်ယာကို စိုးစံ အုပ်ချုပ်ခဲ့သည့် ဆာဂွန် ဘုရင်ကြီးမှသည် မူဆိုလိုနီ အထိ နယ်မြေများကို သိမ်းပိုက် ရယူခဲ့သည့် နည်းဖြင့် သမိုင်းတွင်ခဲ့ကြသူများ ဖြစ်သည်။ (ထိုကဲ့သို့သော လူများကို ဟိုးမား နှင့် ရှိတ်စပီယားကဲ့သို့သော အနုပညာရှင်ကြီးများက ၎င်းတို့၏ စိတ်ကူးစိတ်သန်းများဖြင့် ပျော်ပျော်ကြီး အားဖြည့်ပေးခဲ့ကြသည်။)  ခရစ်ယာန် ဘုရားကျောင်းများကဲ့သို့သော အခြား ရေပေါ်ဆီ လူတန်းစားများကမူ စစ်ပွဲများအား ရှောင်လွှဲ၍ မရသော အနိဌာရုံများ အဖြစ်သာ ရှု့မြင်ခဲ့ကြသည်။



ပြီးခဲ့သည့် မျိုးဆက် တဆက်နှစ်ဆက် ကာလများတွင်တော့ စစ်ပွဲဟူသည်က အနိဌာရုံ သက်သက်ဖြစ်၍ ရှောင်လွှဲ၍ ရသည်ဟု ယူဆလာခဲ့သည့် အီလစ်များက သမိုင်းတွင် ပထမဆုံးအကြိမ် အဖြစ် ကမ္ဘာကြီးကို လွှမ်းမိုးလာနိုင်ခဲ့သည်။


နယူးဇီလန် ၏ အာဒန် နှင့် ဂျာမဏီ၏ မာကယ်တို့ကို အသာထားဘိဦး၊ ဂျော့ဒဗလျု ဘွတ်ရှ် နှင့် ဒေါ်နယ် ထရန့်လို လူမျိုးများပင် ဟန် မျိုးနွယ်စု ခေါင်းဆောင် Atilla၊ ရောမ နိုင်ငံတော်ကို ပုန်ကန်ခဲ့သည့် Alaric တို့နှင့် လုံးဝကွဲပြားခြားနားသူများ ဖြစ်နေသည်။ ၎င်းတို့သည် ပြည်ပနိုင်ငံများကို ကျူးကျော် တိုက်ခိုက်မည်ဟု ကြွေးကြော်ခဲ့ခြင်းမရှိပဲ ပြည်တွင်းတွင် ပြုပြင်ပြောင်းလဲရေးများ ဖေါ်ဆောင်မည်ဟူသော အိမ်မက်များဖြင့် အာဏာရလာခဲ့သူများ ဖြစ်သည်။



အနုပညာ နှင့် အတွေးအခေါ် ပိုင်းဆိုင်ရာ အသိုက်အဝန်းတွင်လည်း ပီကာဆိုမှသည် စတန်လေ ကူးဘရစ် အထိ ပညာရှင်များသည် စစ်ပွဲကြီး၏ ဂုဏ်ရောင် ထွန်းပြောင်မှုများကို ဗရာဏသီ ချဲ့ထွင် ရေးသားကြခြင်း မရှိပဲ အဓိပ္ပါယ်မဲ့ အချင်းချင်း တိုက်ခိုက်ကြသည့် ထိတ်လန့်တုန်လှုပ်ဖွယ်များအဖြစ် သရုပ်ဖေါ် လမ်းပြခဲ့သည့် မီးရှုးတိုင်များ အဖြစ် အလျိုလျို ထွက်ပေါ်လာခဲ့ကြသည်။


ထိုကဲ့သို့ ဖြစ်ပေါ်လာသော အပြောင်းအလဲများ ကြောင့်လည်း အစိုးရများသည် မိမိတို့ အကျိုးစီးပွား အတွက် ကျူးကျော်ရေးစစ်ပွဲ များကို ကိရိယာ တခု သဖွယ် အသုံးချစရာ အဖြစ် ရှုမြင်မလာကြတော့၊ နိုင်ငံများသည်လည်း မိမိတို့ အိမ်နီးချင်း နိုင်ငံများကို တိုက်ခိုက်သိမ်းပိုက်ရန် စိတ်ကူးများကို စွန့်လွှတ်ခဲ့ကြသည်။ ဘရာဇီးသည်
ဥ‌ရုဂွေးအား ကျုးကျော် တိုက်ခိုက်လာခြင်း မရှိခဲ့မှုနှင့် စပိန်သည် မော်ရိုကိုအား တိုက်ခိုက်သိမ်းပိုက် ခဲ့ခြင်း မရှိရသည့် အကြောင်းရင်းခံသည် လက်နက်ကိုင် စစ်တပ်များ ရှိနေသောကြောင့်ဟု အလွယ်ပြော၍ မရတော့ပေ။



ငြိမ်းချမ်းရေး၏ ကန့်သတ် နယ်နမိတ်များ


မှတ်တမ်းမှတ်ရာများကို လေ့လာကြည်ယုံမျှ ဖြင့် စစ်ပွဲများ ဖြစ်ပွားခဲ့သည့် အကြိမ် အရည်အတွက်သည် လျော့နည်းကျဆင်းလာခဲ့သည်ကို တွေ့နိုင်ပေသည်။ ၁၉၄၅ ခုနှစ် နောက်ပိုင်းတွင် တနိုင်ငံ မှ တနိုင်ငံကို ကျုးကျော် သိမ်းပိုက်ခဲ့ခြင်းကြောင့် နိုင်ငံတကာ နယ်ခြားမျဉ်းများ ပြန်လည် ရေးဆွဲရသည့် အဖြစ်မျိုး သည် အတော်လေး ရှားပါးသည်ဟု ဆို၍ ရပေသည်။ နိုင်ငံတကာက အသိအမှတ်ပြုထားသည့် မည်သည့် နိုင်ငံမျှ ပြည်ပမှ ကျူးကျော်ခံရ၍ နိုင်ငံအမည် မြေပုံပေါ်မှ ပျောက်ကွယ်သွားရခြင်းမျိုး တခါဖူးမျှ မဖြစ်ပေါ်ခဲ့ပေ။



သိုသော် ပြည်တွင်းစစ် နှင့် အခြား ပုံစံတမျိုးမျိုး နှင့် ဖြစ်ပွားခဲ့သော ပဋိပက္ခများကတော့ ပြတ်လတ်ခဲ့သည်ဟူ၍ မရှိပေ၊ သို့သော် ထိုကဲ့သို့သော ပဋိပက္ခများကို ထည့်သွင်း စဉ်းစားမည် ဆိုလျှင်ပင် နှစ်ဆယ်တရာစုနှစ်၏ ပထမ ပိုင်း နှစ်ဆယ်ကာလအတွင်း သေကြေခဲ့သည့် အရည်အတွက်သည် မိမိကိုယ်ကို အဆုံးစီရင်မှုများ၊ ယာဉ် မတော်တဆ ဖြစ်မှုများ၊ အဝလွန်၍ ဖြစ်ခဲ့သော ရောဂါများကြောင့် သေဆုံးရမှုများထက် လွန်စွာနည်းပါးနေသည်ကို တွေ့ကြရမည် ဖြစ်သည်၊ သကြားသည် ယမ်းမှုန့်များထက်ပင် ပို၍ လူကို သေစေနိုင်သည်ဟု ‌ဆိုရမလို ဖြစ်နေသည်။



ပညာရှင်များက အရည်အတွက် အတိအကျ ပြောနိုင်ရန် လူးလားခေါက်ပြန် အားထုတ်ခဲ့ကြသည်။ သို့သော် သင်္ချာကိန်းဂဏန်းများကို ကျော်လွန်၍ မြင်တတ်ဖို့က ပို၍ အရေးကြီး လှပေသည်။ စစ်ပွဲများ ဖြစ်ပွားမှု အရည်အတွက် ကျဆင်းလာခြင်းကို ကိန်းဂဏန်းအရသာ မဟုတ်ပဲ  စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ် နှင့်လည်း ပတ်သက်နေပေသည်။



အရေးကြီးဆုံး အသွင်လက္ခဏာ တရပ် အဖြစ် ထွက်ပေါ်လာခဲ့သည်က "ငြိမ်းချမ်းရေး" ဆိုသည့် စကားရပ်ကို အဓိပ္ပါယ် ဖွင့်ဆိုရာတွင် အဓိက အပြောင်းအလဲကြီး ဖြစ်ပေါ်လာခဲ့ခြင်းပင်။


သမိုင်းကာလ တလျှောက် အတော်များများတွင် ငြိမ်းချမ်းရေး အား "စစ်ပွဲများ ယာယီ ကင်းမဲ့နေခြင်း" ဟုသာ အဓိပ္ပါယ် ဖွင့်ခဲ့ကြသည်။ ၁၉၁၃ တွင် ပြင်သစ် နှင့် ဂျာမဏီ အကြား ငြိမ်းချမ်းရေး ရနေခဲ့သည် ဟု လူအများက ပြောခဲ့ကြသော်လည်း ဤသည်မှာ နှစ်နိုင်ငံ စစ်တပ်များ တိုက်ခိုက်ကြခြင်း မရှိသည်ကို ဆိုလိုခြင်း ဖြစ်သည်၊ သို့သော် ထိုနှစ်နိုင်ငံ အကြား စစ်ပွဲကြီး အချိန်မရွေး ဖြစ်လာနိုင်သည်ကို အားလုံးက သိထားခဲ့ကြပြီးလည်း ဖြစ်သည်။



မကြာသေးမီ ဆယ်စုနှစ်ကာလများ အတွင်းက "ငြိမ်းချမ်းရေး" ဆိုသည်မှာ "စစ်ပွဲ ဖြစ်နိုင်ခြေ အလားအလာ မရှိ" ဟု ဖွင့်ဆိုလာခဲ့ကြသည်။ နိုင်ငံပေါင်း များစွာ အဖို့ အိမ်နီးချင်း နိုင်ငံ တနိုင်ငံမှ ဝင်ရောက် ကျုးကျော် သိမ်းပိုက်ခံရမည့် အရေးသည် စိတ်ကူးထဲ ထည့်စရာပင် မလိုတော့သည့် အနေအထား ဖြစ်လာခဲ့သည်။



သို့သော် ကျွနုပ်သည် အရှေ့အလယ်ပိုင်းတွင် လူဖြစ် ကြီးပြင်းခဲ့သူ ဖြစ်သဖြင့် (ဆောင်းပါးရှင်သည် အစ္စရေး နိုင်ငံသား ဖြစ်သည်) ထိုသို့ ပြောဆိုရာတွင် ခြွင်းချက်များစွာ ထည့်သွင်းရမည်ကို ကောင်းစွာ သိရှိပြီး ဖြစ်သည်။



"ငြိမ်းချမ်းရေး အသစ်" ဆိုသည်က ကိန်းဂဏန်းအရ ကြက်ကန်းဆန်အိုး တိုးခြင်းမျိုး မဟုတ်၊ ဟစ်ပီတို့လို စိတ်ကူးညဏ် ကွန့်မြူး၍ ပြောဆိုနေခြင်းမျိုး လည်း မဟုတ်ပေ။ ထိုစကားရပ်သည် နိုင်ငံ
ဘတ်ဂျက်များကို အစွဲအလမ်း ကင်းစွာ တွက်ချက်ခဲ့ခြင်းမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။



ပြီးခဲ့သည့် ဆယ်စုနှစ်များ အတွင်းက ကမ္ဘာတဝှမ်းရှိ အစိုးရများသည် လက်နက်ကိုင် တပ်ဖွဲ့များ အတွက် စုစုပေါင်း အသုံးစရိတ် လျာထားငွေ ဘတ်ဂျက်၏ ပျမ်းမျှ  ၆.၅% ခန့် သုံးလျှင် လုံလောက်ပြီဟု တွက်ဆခဲ့ကြ၍ ပညာရေး၊ ကျန်းမာရေး နှင့် လူမှု ဖူလုံရေး ကဏ္ဍများတွင် ပို၍ သုံးစွဲလာခဲ့ကြသည်။


ဤသည်ကို ဖြစ်ရိုးဖြစ်စဉ် တရပ် ဟု ယူဆ၍ ကောက်ချက်ချရမည် ဆိုလျှင်  လူ့သမိုင်းစဉ်တွင် ထူးခြား ဆန်းကြယ်စွာ ဖြစ်ပေါ်လာမှု ဟု ပြော၍ ရပေသည်။ အဘယ်ကြောင့်ဆိုသော နှစ်ထောင်ပေါင်းများစွာ တိုင် မင်းညီမင်းသားများ၊ ခန် များ၊ ဆူလ်တန်များ၊ အင်ပါယာ ပြည့်ရှင်များ၏ ဘတ်ဂျက်တိုင်းတွင် စစ်ရေး အသုံးစရိတ် သည် အများဆုံး အဆင့်တွင် နေရာယူထားခဲ့၍ ဖြစ်သည်။ လူထု ၏ ကျန်းမာရေး နှင့် အကူအညီပေးနိုင်ရေး တို့အတွက် တပြားတချပ်မျှပင် သုံးစွဲရန် ယောင်လို့ပင် မတွေးခဲ့ကြသူများလည်း ဖြစ်သည်။



စစ်ပွဲများ ဖြစ်ပွားသည့် အကြိမ်အရည်အတွက် ကျဆင်းလာခဲ့ရခြင်းသည် နတ်ဘုရားများ၏ ကူညီစောင်မ ပေးခဲ့ခြင်းကြောင့်လည်း မဟုတ်၊ သဘာဝ လောကကြီး၏ နိယာမများ ပြောင်းလဲလာခဲ့ခြင်းများ
ကြောင့်လည်း မဟုတ်ပေ၊ လူသားများက ပိုမိုကောင်းမွန်သည့် ရွေးချယ်မှုများ ပြုလုပ်နိုင်ခဲ့ခြင်း ကြောင့်ပင် ဖြစ်ပေသည်။ ခေတ်သစ် လူ့ယဉ်ကျေးမှု ၏ နိုင်ငံရေး နှင့် ကိုယ်ကျင့်တရားပိုင်းတွင် အကြီးမားဆုံး အောင်မြင်မှု ဟု ပြောချင်လျင် ပြောလို့ ရနိုင်ဖွယ် ရှိသည်။ သို့သော် လူသားတို့ ရွေးချယ်မှုကြောင့်
ဖြစ်ပေါ်လာခဲ့၍လည်း လူသားတို့ကပင် ပြန်ပြောင်း၍ ရနေသည့် အနေအထားမျိုး ရှိနေပြန်သည့်
အတွက် ကံဆိုးမှုဟု ဆိုနိုင်ပြန်သည်။



နည်းပညာ၊ စီးပွားရေး နှင့် ယဉ်ကျေးမှု အပိုင်းများတွင် ဆက်လက် ပြောင်းလဲနေမည်သာ ဖြစ်သည်။ ဆိုက်ဘာ လက်နက်များ ထုတ်လုပ်နိုင်သည်အထိ တက်လှမ်းလာခဲ့မှု၊ ညဏ်ရည်တုဖြင့် ပဲ့ကိုင်လာမည့် စီးပွားရေး၊ အသစ်အသစ်သော စစ်ဝါဒီ ယဉ်ကျေးမှု တရပ် ပေါ်ပေါက်လာခြင်းတို့ ကြောင့် စစ်ပွဲ၏ ခေတ်သစ် ကန့်လန်ကာ တခု ပြန်၍ လှစ်ဟလာနိုင်စရာ ရှိနေသည်။ ထိုအခါတွင်‌ တော့ သမိုင်းတလျှောက် သိရှိလာခဲ့ဖူးသည်များထက် အဆမတန် ဆိုးဝါးသော အဖြစ်နှင့် ကြုံလာရ‌တော့မည် ဖြစ်သည်။


ငြိမ်းချမ်းရေး အသီးအပွင့်များကို ခံစားနိုင်ဖို့ ဆိုသည်က လူတိုင်း လူတိုင်း ကောင်းမွန်သည့် ရွေးချယ်မှု များ ပြုလုပ်နိုင်မှသာ ဖြစ်လာပေမည်။ တဖက်ဖက်မှာ ရွေးချယ်မှု မှားယွင်းသွားခဲ့ပါက စစ်ပွဲကြီး ဆီသို့ ဦးတည်သွားရပေတော့မည်။



ထို့အတွက်ကြောင့် ယူကရိန်းကို ကျုးကျော်ရန် ရုရှားမှ ခြိမ်းခြောက်လာနေသည့် အရေးကို ကမ္ဘာမြေပေါ်တွင် နေထိုင်ကြသည့် လူသားတိုင်း စိုးရိမ်သင့်လှသည်ဟု ပြောလိုခြင်း ဖြစ်သည်။ အင်အားရှိ နိုင်ငံများက အင်အားနဲ အိမ်နီးချင်း နိုင်ငံများကို ဝါးမြိုပစ်ခြင်းသည် နောက်တကြိမ် အတုယူ စံထားစရာ ဖြစ်လာမည်ဆိုက တကမ္ဘာလုံးရှိ လူများ၏ စိတ်ခံစားမှု နှင့် ပြုမူနေထိုင်ပုံများ အပေါ် ရိုက်ခတ်ခံလာရတော့မည်လည်း ဖြစ်သည်။


ထိုသို့ ကြီးနိုင်ငယ်ညှင်း တောတွင်း ဥပဒေသကို ကျင့်သုံးလာကြမည် ဆိုလျှင် သိသာထင်ရှားစွာ ထွက်ပေါ်လာမည့် ရလဒ် သည်ကား စစ်အသုံးစရိတ်များ တဟုန်ထိုး တိုးမြှင့် သုံးစွဲလာကြမည် ဖြစ်ပြီး ကျန်းမာရေး၊ ပညာရေး ကဏ္ဍများက ဘေးရောက်သွားပေတော့မည်။ ကျောင်းဆရာများ၊ သူနာပြုများ၊ လူမှု ဝန်ထမ်း အဖွဲ့အစည်းများသို့ ပေးရမည့် ငွေများဖြင့် တင့်ကားများ၊ ဒုံးကျည်များ၊ ဆိုက်ဘာ လက်နက်များ ဝယ်ယူလာကြတော့မည် ဖြစ်သည်။



ဆိုးရွားလာနေသော ‌ရာသီဉတု ဖေါက်ပြန်နေမှုကို ကာကွယ်ဟန့်တားရေး၊ ‌ခေတ်ဟောင်းကို ဖြိုဖျက်ချကာ ခေတ်သစ် တခု အတွင်း အတင်းဓမ္မ သွတ်သွင်းနေသော လူသားတို့၏ညဏ်ရည်ကို တုပသည့် နည်းပညာများ၊ မျိုးရိုးဗီဇ ပြုပြင်ဖန်တီးလာမည့် နည်းပညာများအား အလွန်အကျွံ မဖြစ်အောင် ထိန်းညှိပေးရေး အစရှိသည့် တို့တွင် နိုင်ငံအားလုံး ပူးပေါင်းလုပ်ဆောင်ကြရန် ရှိသည့် အခွင့်အလန်းများလည်း ဆုံးရှူံးသွားပေတော့မည်။ မိမိနိုင်ငံအား ချေမှုန်းရန် ပြင်ဆင်နေသည့် နိုင်ငံများနှင့် မည်သို့မျှ လက်တွဲလုပ်ကိုင် နိုင်ကြတော့မည် မဟုတ်ပေ။


ရာသီဥတု ဖေါက်ပြန်မှု နှင့် ညဏ်ရည်တု နည်းပညာပိုင်းတွင် ယဉ်ပြိုင်မှု များ အရှိန်မြင့်မားလာသည် နှင့်အမျှ စစ်ပွဲများ ဖြစ်ပေါ်လာမည့် အရေးသည်လည်း နီးကပ်သည်ထက် နီးကပ်စွာ ခြိမ်းချောက်လာဖို့ ရှိနေပေသည်။ ယင်းနှင့်အတူ ကျွနုပ်တို့ မျိုးနွယ်စုများ ပျက်သုံးသွားစေနိုင်သည့် ဝဲဩဃ ကြီးမှ ရုန်းထွက်နိုင်မည့် လမ်းသည်လည်း အပြီးအပိုင် ပိတ်ဆို့သွားတော့မည် ဖြစ်သည်။



သမိုင်း ၏ လားရာ


သမိုင်းတွင်ကျန်ရစ်စေမည့် အပြောင်းအလဲများသည် ဖြစ်လာနိူင်ဖွယ်မရှိ၊ လူသားတို့သည် ယခုတိုင် တောတွင်းက ထွက်မလာနိုင်ကြသေး၊ ဘယ်သော အခါမှလည်း ထွက်လာနိုင်ကြလိမ့်မည် မဟုတ်၊ ထို့အတွက် မိမိကိုယ်ကို သားကောင် အဖြစ်ခံမလား၊ မုဆိုး အဖြစ် ရပ်တည်သွားမလား ဆိုသည့် ရွေးချယ်စရာ နှစ်လမ်းသာ ရှိတော့သည် အစရှိသည်တို့ကို ယုံကြည် လက်ခံထားမည် ဆိုလျှင် ခေါင်းဆောင် လုပ်သူများသည် မုဆိုးဘဝ ဆိုလျှင်ပင် ထိတ်ထိတ်ကျဲ မုဆိုး အဖြစ် တက်လှမ်းနိုင်ရန်ရွေးချယ်ကြပေလိမ့်မည်။ ၎င်းတို့၏ အမည်နာမများကိုလည်း အောင်ပွဲ အလီလီ ခံယူခဲ့သည့် စစ်ဘုရင်များ အဖြစ် တွင်ကျန်ရစ် အောင် ပြုလုပ်လာကြမည် ဖြစ်သည်၊ ထိုအခါ ကျောင်းသားငယ်များသည် ၎င်းတို့၏ အမည်နာမများကို သမိုင်းစာမေးပွဲ ဖြေဆိုနိူင်ရန် အလွတ်မှတ်မိအောင် ကျက်မှတ်ကြရပေတော့မည်။



သို့သော် ပြောင်းလဲနိုင်ဖွယ် ရှိသည်၊ တောတွင်းဥပဒေသ ဆိုသည်က ရှောင်လွှဲ၍ မရပဲ မလွဲမသွေ လက်ခံကျင့်သုံးရမည့် အရာမဟုတ်၊ အခြားရွေးချယ်ခွင့်များ ရှိနေသည့် အနေအထားတွင် အိမ်နီးချင်းနိုင်ငံတနိုင်ငံကို သိမ်းယူရန် ရွေးချယ်ခဲ့သည့် မည်သည့် ခေါင်းဆောင် မဆို လူသားတို့၏ အမြဲလို အမှတ်ရစရာ ရှိသော အကြောင်းများထဲတွင် အထူးနေရာပေး ခံကြရမည်ဖြစ်သည်။


ထိုခေါင်းဆောင်သည် ကျွနုပ်တို့ ရရှိခဲ့သော အောင်မြင်ခဲ့မှုများကို ဖျက်ဆီးပစ်ခဲ့သူအဖြစ် သမိုင်းတွင်ကျန် ရစ်ခဲ့ပေတော့မည်။ ကျွနုပ်တို့ တောတွင်းမှ ထွက်လာယုံရှိသေး အထဲကို ပြန်ဆွဲခေါ်သူ အဖြစ် တွေးလာကြတော့မည် ဖြစ်သည်။



ယူကရိန်းတွင် ဘာတွေ ဖြစ်လာမည်ကို ကျွနုပ် မသိနိုင်၊ သို့သော် သမိုင်းပညာရှင် တဦးအနေနှင့်တော့
အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည့် အလားအလာများ ရှိနေသည်ကိုတော့ စွဲမြဲစွာ ယုံကြည်ထားသည်။ ထိုသို့ ယုံကြည်ခြင်းကိုလည်း နုံနုံအအ ပြောတိုင်းယုံသည့် သဘောဖြင့် ယူဆခဲ့ခြင်းမဟုတ်၊ အရှိက