အပြီးသတ် ဖြေရှင်းရမည့်ပွဲ

by Hla Soewai - Feb 10 2022

အိမ်နီးချင်း နိုင်ငံ အတော်များများက နိုင်ငံတွင်းရှိ သယံဇာတ တွင်းထွက်များကို လင်သေ မုဆိုးမ ဘဝ ရောက်နေသည့် စစ်ကောင်စီ ထံမှ ပေါချောင်ကောင်း ရ‌နိုင်သည့် အခွင့်အလန်းများ မြင်နေ၍ စစ်အုပ်ချုပ်ရေး သမားများ နှင့် သဟဇာတ ဖြစ်အောင် နေသွားနိုင်မည့် "နိုင်ငံ တည်ငြိမ်ရေး" ဆိုသည့် လုပ်ငန်းစဉ် ကို ဇောင်းပေးလှုပ်ရှားလာနေကြသည်။ 

သို့သော် စစ်အုပ်ချုပ်ရေး သမား များ ၏ ဆင်ခြင်တုံ တရား rationality ကို အခြေခံ ၍ အုပ်ချုပ်နိုင်မည်လော၊ ထိုသို့ မဟုတ်က နိုင်ငံ တည်ငြိမ်ရေး ဆိုသည်က ပလိုင်းပေါက် နှင့် ဖားကောက်သလို သာ ဖြစ်နေ‌ပေလိမ့်မည်။

ယခုလည်း စစ်ကောင်စီသည် ကမ္ဘောဒီယား အထူး သံတမန် နှင့် NLD ကို တွေ့ခွင့်ပေးမည် ဆိုခြင်းသည် သတင်းခေါင်းစဉ် တခု ဖြစ်လာယုံထက် မပိုမှန်း သိနေ‌ကြသော်လည်း လိုက်လျောမှု ဟု ဇွတ် အတင်း ပြောဆိုနေကြခြင်းကပင် သိသာနေသည်။

စစ်ကောင်စီ လက်အောက်တွင် အေးချမ်းစွာ နေခွင့်ရနေသည့် NLD အဖွဲ့ဝင်တိုင်းသည် ၎င်းတို့ ကြိုးဆွဲရာ ကကြရ‌ တော့မည့် လူများ အဖြစ်သာ ပြည်သူက ရှု့မြင်ထားကြပြီး ဖြစ်သည်၊ မိမိတို့ သဘော အတိုင်းဆိုပါက မည်သူမျှ တွေ့ဆုံ ကြလိမ့်မည် မဟုတ်ဆိုသည်ကိုလည်း သ‌ဘောပေါက်ထားကြပြီး ဖြစ်သည်။

ဤသည်ကပင် စစ်ကောင်စီသည် ပြဿနာကို ‌ဖြေရှင်းဖို့ထက် လူကြားကောင်းအောင် ဟန်ပြ လိုက်လုပ်နေသည့် အဖြစ်သည်လည်း ထင်ရှားသည်ထက် ထင်ရှားလာနေသည်။ 

စစ်ကောင်စီ သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ လေးပုံ သုံးပုံ သည် "သဘောထား ပျော့ပြောင်းသူများ" ဟု သတ်မှတ်လာကြသည်။

လူထု တရပ်လုံး၏ လေးစား ယုံကြည်မှု ကို ရ‌နေသည့် နိုင်ငံတော် အတိုင်ပင်ခံ နှင့် တွေ့ဆုံခွင့် မရပါက မည်သို့သော တိုးတက်မှုမျိုး မှ ‌ထွက်ပေါ်လာမည်မဟုတ် ဆိုသည်ကို အားလုံးက သိနေကြပြီး ဖြစ်လျက် နှင့် ယုတ္တိယုတ္တာ ကင်းမဲ့သည့် ဇာတ်လမ်းကို စင်တင် ကပြနိုင်ရန် ပူးပေါင်းကြံစည်နေကြခြင်းလည်း ဖြစ်ပေသည်။

သို့သော် ၎င်းတို့ပေလျာလကံ ပြုထားသည့် ၅၄ သန်းသော ပြည်သူများသည် လူ့အခွင့်အရေး ဆိုသည်ကို အသာထားဘိဦး၊ မိမိချွေးနဲစာဖြင့် ဝယ်ထားရသည့် လက်ကိုင်ဖုန်းကိုပင် သ‌ဘောရှိ သုံးစွဲနိုင်ခွင့် မရတော့ပဲ ခိုးကြောင်ခိုးဝှက် သုံးစွဲနေကြရသည့် ဘဝ ရောက်နေပြီ ဖြစ်သည်။

ယခုအခါ တယ်လီနောဖုန်း ကုမ္ပဏီ ကြီး သည် ၎င်းတို့ လုပ်ငန်းများကို လက်ဘနွန် ၏ M1 နှင့် စစ်တပ် နှင့် နီးစပ်သူ တဦး ဖက်စပ် လုပ်မည့် ကုမ္ပဏီသို့ လက်လွှဲ ရောင်းချမှု နှင့် သုံးစွဲသူ ၁၈ သန်းကျော်၏ ကိုယ်ရေး အချက်အလက်များ၊ call history၊ မက်ဆေ့ခ်ျ များ အားလုံး စစ်တပ်လက်သို့ ရောက်ရှိသွားတော့မည့် အရေးကို စိုးရိမ်ပူပန်ကြရပြန်သည်။

ယင်းသည် အခြားနိုင်ငံများတွင် တရားသူကြီး၏ ရှာဖွေဝရမ်း ဖြင့်  ခွင့်ပြုမှသာ ကြည့်ခွင့်ရသည့် လွန်စွာ အထိမခိုက် မခံသော ကိစ္စကြီး ဖြစ်သော်လည်း စစ်တပ် အဖို့ ထမင်းစားရေသောက် ပမာ သဘောထားနေကြသူများ ဖြစ်သည်။

လူထုကို အကြမ်းဖက်နေသော စစ်ကောင်စီသည်
ယခုအခါ ၎င်းတို့ အား သစ္စာ‌ခံမည့် အရပ်သား အစိုးရမျိုး အား ကမ္ဘာတည်သရွေ့ တည်တံ့ရမည် ဆိုကာ ဦးတည် လှုပ်ရှားလာနေကြပြီ ဖြစ်သည်။ ၎င်းတို့ ပြောသည့် စည်းကမ်းတကျ ဒီမိုကရေစီ ဆိုသည်က ၎င်းတို့ နောက်ကွယ်မှ ပြည်သူများအား စကားပင် ကျယ်ကျယ် မပြောရဲအောင် စောင့်ကြည့် အုပ်ချုပ်သွားမည့် စနစ် ပင် ဖြစ်သည်။

စီးပွားရေးအားလည်း ကုန်သွယ်ရေးတွင် ပိုငွေပြ၍ ဆိုကာ တိုးတက်လာနေပြီဟု ကြွေးကျော်လာကြသည်၊ တကယ်တမ်းတွင် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခံထားရ၍ ထိုသို့ ပိုငွေပြနေခြင်း ဆိုသည်ကိုတော့ ယောင်လိုမျှပင် ပြောဆိုခဲ့ကြခြင်း မရှိပေ၊၊မသိတာမျိုးလည်း ဖြစ်နိုင်ပေသည်။

မင်းအောင်လှိုင်၏ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရေး ဆိုသည်က လည်း အမျိုးသားရေး သမားများကို ရည်ရွယ် ပြောဆိုခြင်း ဖြစ်ပြီး ထိုလူများကို စစ်ထဲ ခေါ်သွင်းပြီး တရားဝင် လက်နက် တပ်ဆင်ပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု မဇ္ဇျိမ သတင်းတွင် ရေးသားထားသည်။ မြန်မာသည် လူအင်အား အရာတွင် အခြားနိုင်ငံများထက် သာလွန်နေသော်လည်း စစ်လက်နက်ပိုင်းတွင် လွန်စွာ နိမ့်ကျလျက် ရှိနေဆဲပင် ဖြစ်သည်။

စစ်ကောင်စီ သစ္စာခံ တပ်များသည် နေ့စဉ်လို တိုက်ပွဲတိုင်းတွင် မယုံနိုင်စရာ ကောင်းလောက်အောင် အကျအဆုံး များလာပြီး မဖြစ်စလောက် လစာလေးဖြင့် သေတွင်းထဲ တိုးဝင်နေကြသည်။

Burma Campaign (UK) မှ အကြမ်းဖက် စစ်ကောင်စီ ၏ လေကြောင်းမှ တိုက်ခိုက်ခံနေရသည့် မြန်မာပြည်သူများ အတွက် No-Fly Zone  ဖန်တီး မပေးနိုင်ခဲ့လျင်ပင် ဆီရီးယား ကဲ့သို့ပင် အနည်းဆုံး လေယာဉ်ဆီ ရောင်းချမှုများကို ပိတ်ဆို့ပေးကြပါရန် ဗြိတိန် အပါအဝင် ကမ္ဘာနိုင်ငံ များ အား ပန်ကြားလွှာကို ထုတ်ပြန်လိုက်သည်၊ လက်ရှိတွင် စစ်ကောင်စီ အတွက် လေယာဉ် ဆီ ရောင်းချပေးနေသော ကုမ္ပဏီ များ စာရင်း ကို မကြာမီ ထုတ်ပြန်သွားမည်ဟု ဆိုသည်။ လေယာဉ် ဆီ မရှိက ပြည်တွင်း လေကြောင်းသွားလာမှု အခက် ကြုံနိုင်သော်လည်း လူပေါင်းများစွာ အသက်အိုးအိမ်များ ဆုံးရှုံးနေရသည် နှင့် စာလျှင် မပြောပလောက်ဟု ဆိုသည်။

၂၀၁၈ ခုနှစ်ကတည်းက ကုလသမဂ္ဂမှ မြန်မာအတွက်  ဖွဲ့စည်းပေးထားသည့် သီးခြား လွတ်လပ်သော စုံစမ်းရေး လုပ်ငန်း အဖွဲ့သည် အာဏာသိမ်းပြီးချိန်မှစ၍ စစ်တပ်မှ နိုင်ငံတကာ ဥပဒေများကို ချိုးဖောက် ကျူးလွန်ထားသော ရာဇဝတ်မှုများ အတွက် သက်သေ အထောက်အထား ပေါင်း ၂၂၀,၀၀၀ ခန့် ရရှိထားပြီး ဖြစ်သည်ဟု တရားဝင် ထုတ်ဖေါ် ပြောဆိုထားပြီးလည်း ဖြစ်သည်။

ထိုသို့သော လူများ အုပ်ချုပ်နေသည့် အဖြစ်ကို မနိုင်‌ သေး၍သာ ငုံ့ခံနေကြရဆဲ ဖြစ်သော မြန်မာပြည်သူများ ဖက်မှ ရပ်တည်ပေးခြင်း မရှိပဲ စစ်တပ် အလိုကျ ဖြေရှင်းချက်မျိုး ရရန် ပြောဆို လုပ်ကိုင်မှု မှန်သမျှ ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သွားကြရမည်သာ ဖြစ်သည်။

တော်လှန်ရေးကြီး မုချ အောင်ရမည်!!!