“ကျွန်တော့် နာမည်က ဗီကာရီ၊ အဲ..အပြည့်အစုံ ပြောရရင်တော့ အယ်ဖရက် ဗီကာရီ၊ သူက ဟာရီ ဒေါ်လ်တန်၊ ကျွန်တော်နဲ့ အတူတူ လုပ်နေတဲ့လူ၊ ဒီက လူကြီးမင်းကတော့ ဆာ ဘက်ဆယ် ဘုသီ၊ သူက တာဝန်ခံ အရာရှိပေါ့”
နောက်တနေ့ မနက်စောစော တွင် ဖြစ်သည်၊ သူတို့ အားလုံး တောတန်း တလျှောက် သစ်ပင်များ အကြားရှိ လူသွားလမ်းပေါ်တွင် လမ်းလျှောက်နေရင်းက ဗီကာရီ က မိတ်ဆက်လိုက်ခြင်း ဖြစ်သည်၊ ဟာရီသည် ရှေ့ကင်းထောက် သမား အလား သူတို့ ရှေ့ ပေအနည်းငယ် အကွာမှ သွားနေသည်၊ ဗီကာရီ နှင့် ဂျော်ဒန် သည် အတူ ယှဉ်လျှောက်နေပြီး၊ ဘုသီက သူတို့နောက်မှ ကပ်လိုက်လာနေသည်။
ရွာနေသော မိုးက ညကတည်းက တိတ်သွားပြီ ဖြစ်သည်၊ သို့သော် ကောင်းကင်တခုလုံး ထူထပ်သော တိမ်တိုက်များက ဖုံးလွှမ်းနေဆဲ ဖြစ်သည်။ ဆောင်းတွင်း ဖြစ်၍ ထွက်ပေါ်လာသော အလင်းတန်းမှန်သမျှသည် သစ်ရွက် သစ်ခက်များ ကို အရောင်ချွတ်ပေးသလို ဖြစ်နေသည်။ မြူများသည်လည်း မြေပြင် နှင့် ကပ်၍ အုံ့ဆိုင်းနေပြန်သည်။ အိမ်ထဲရှိ မီးလင်းဖိုမှ ထွက်လာသော ထင်းတုံးများ မီးလောင်နေသည့် အနံက ပတ်ဝန်းကျင် တွင် ပျံ့နှံ့နေသည်။
ဂျော်ဒန်က မိတ်ဆက်ပေးသူများကို အသိအမှတ်ပြုယုံ ခဏမျှ ကြည့်လိုက်သော်လည်း လက်ဆွဲနှုတ်ဆက်ရန် လက်ကို ကမ်းပေးခြင်းမျိုး တော့ မလုပ်၊ သူတို့နှစ်ဦးစလုံး ကုတ်အင်္ကျီ အိတ်ထဲ လက်နှိုက်ထားကြသည်။
အားလုံးလည်း ရှေ့ဆက် စကားမစကြပဲ အတော်ကြာသည့် အထိ ဆက်လျှောက်လာခဲ့ကြသည်၊ ဗီကာရီသည် အအေးဒဏ်ကို ဒူးအောက်ပိုင်း တလျှောက် ထိတွေ့ခံစားနေရပြီ ဖြစ်သည်။ လက်ကို နောက်ပစ်လိုက်ပြီး ပျောက်နေသော ပစ္စည်းတခုခု ရှာနေသလို ခေါင်းကို ငုံ့ကာ လျှောက်လာသည်။
တောတန်းကို ကျော်လွန်လာပြီး တသွင်သွင် စီးနေသော သိမ်း မြစ်ကို လှမ်းတွေ့လာရသည်၊ မြစ်ကမ်းဘေးတွင် သစ်သား ခုံတန်းရှည် နှစ်လုံးကို တွေ့လိုက်ရ၍ ဟာရီက ခုံတခုတွင် ဝင်ထိုင်လိုက်ပြီး ဗီကာရီ နှင့် ဂျော်ဒန်က တဖက် ခုံတွင် ထိုင်လိုက်ကြသည်၊ ဘုသီက တော့ မလှုပ်မယှက် ရပ်နေသည်။
ဗီကာရီက ဂျော်ဒန်အား သူတို့အတွက် လုပ်ပေးစေချင်သည့် အကြောင်းများကို ရှင်းပြလိုက်သည်၊ ဂျော်ဒန်ကတော့ မည်သူကိုမျှ မကြည့်ပဲ ပြောသမျှကို မလှုပ်မယှက် နားထောင်နေသည်၊ လက်နှစ်ဖက်ကို အိတ်ထဲ ထည့်ထားပြီး ခြေထောက်များကို ရှေ့သို့ ဆန့်ထုတ်ထားသည်၊ သူ့မျက်လုံးများက ရေပြင်ပေါ်ရှိ သဲသဲကွဲကွဲ မမြင်ရသည့် အရာဝတ္ထု တခုခုကို သာ စူးစိုက်ကြည့်နေသည်။
ဗီကာရီ စကား ဆုံးသွားသည့် အခါတွင်တော့ “ဒီပြင်နည်း တခုခု ရှာကြဗျာ၊ ကျွန်တော် လုပ်နိုင်မယ် မထင်ဘူး၊ ခင်ဗျားတို့ဖက်က ကျွန်တော်ကို အခုလို အသုံးချလာတာကိုက ရူးနေလို့ပဲ ဖြစ်မယ်”
“ကျွန်တော် ပြောတာကို ယုံပါ ကွန်မန်ဒါ ဂျော်ဒန်၊ အခု လို ထိခိုက်သွားရတဲ့ အဖြစ်ကြီးကို ပြန်ပြောင်းပစ်နိုင်ဖို့ အခြား နည်းလမ်းမျိုး ရှိရင် ကျွန်တော် လုပ်ပြီးသားပါ၊ အခုက မရှိတော့ဘူး ဖြစ်နေတယ်၊ ခင်ဗျား လုပ်ကို လုပ်မှ ဖြစ်တော့မယ်၊ ဒီအတွက်လည်း ခင်ဗျား ကျွန်တော်တို့ အပေါ် အကြွေးတင်လာနေပြီ၊ ကျွန်တော်တို့တင် မကဖူး နော်မန်ဒီ ကမ်းခြေ ကို အသက်နဲ့ ရင်းပြီး မရမက စွန့်စား တက်ရမယ့် လူတွေ အားလုံး အပေါ်လည်း ခင်ဗျား အကြွေးတင်သွားပြီ” ဟု ပြောရင်း ဗီကာရီက စကားကို ခဏရပ်ပြီး ဂျော်ဒန် စိုက်ကြည့်နေသည့် မြစ်ပြင်တနေရာကို လိုက်ကြည့်နေလိုက်သည်။
“နောက်ပြီး ခင်ဗျားကိုယ် ခင်ဗျားလည်း အကြွေးတင်သွားရပြန်ပြီ ကွန်မန်ဒါ ဂျော်ဒန်၊ ခင်ဗျား ဖက်က အတော်ကို ဆိုးဆိုးဝါးဝါး အမှားတခု ကျုးလွန်ပြီးသွားပြီ၊ ဒီအတွက် ဖြစ်လာခဲ့တာတွေ ကို ပြန်ပြင်လို့ ရအောင် ခင်ဗျား ကူညီရတော့မယ်”
“ခင်ဗျား က ကျွန်တော်ကို စိတ်ပါလာအောင် ရှာကြံ ပြောနေတာလား”
“နိုး၊ ဒါမျိုးတွေ ကျွန်တော် မပြောတတ်ဖူး၊ အခု ပြောနေတာတွေက အမှန်တွေချည်းပဲ”
“ဘယ်လောက်ကြာကြာ လုပ်ပေးရမှာလဲ”
“လိုအပ်နေတဲ့ အထိ ဆိုပါတော့”
“ခင်ဗျား ကျွန်တော် မေးတာကို မဖြေသေးဖူး”
“အမှန်ပဲ၊ အခု ဟာက ခြောက်ရက်လည်း ဖြစ်နိုင်တယ်၊ ခြောက်လ လည်း ကြာသွားနိုင်တယ်၊ ကျွန်တော်တို့ မသိဘူး၊ သိပ္ပံပညာလို ဖေါ်မြူလာနဲ့ တွက်ချက်လို့ ရတာမျိုးလည်း မဟုတ်ဘူး ဆိုတော့၊ ကျွန်တော်ဖက်က ဖြစ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ် ပေးမယ်၊ ဒါ ကျွန်တော် ဖက်က ပေးနိုင်တဲ့ ကတိစကားပဲ”
“ခင်ဗျား အလုပ်မျိုးက အမှန်တရား ဆိုတာနဲ့ သိတ်အသုံးတည့်လှတာ မျိုး မဟုတ်ဘူး မစ္စတာ ဗီကာရီ”
“အများအားဖြင့်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ခင်ဗျား ကိစ္စအတွက်ကတော့ ကျွန်တော် ကတိတည်ပါတယ်”
“ပိုးစာပင် စီမံကိန်း အတွက် ကျွန်တော့် အလုပ်ကကော”
“ခင်ဗျား အနေနဲ့ အဲ့ဒီအဖွဲ့အတွက် တာဝန်ရှိသူ တယောက် အဖြစ် ဆက်လှုပ်ရှားသွားရမယ်၊ အမှန်အတိုင်း ပြောရရင် ခင်ဗျား အလုပ်က အဆုံးသတ်သွားပြီ” ဟု ပြောရင်း ဗီကာရီက မတ်တတ် ထရပ်လိုက်သည်။ “ကဲ..ကျွန်တော်တို့ ပြန်ကြရအောင် ကွန်မန်ဒါ ဂျော်ဒန်၊ အိမ်ကနေ မထွက်မီ ခင်ဗျား အနေနဲ့ လက်မှတ်ထိုးစရာ တွေ ရှိနေတယ်”
“ဘာကို လက်မှတ်ထိုးပေးရမှာလဲ”
“ဪ..ခင်ဗျား အနေနဲ့ ဒီအကြောင်းတွေကို သေတဲ့ အထိ ဘယ်သူကိုမှ ထုတ်မပြောပါဖူး ဆိုတဲ့ ဝန်ခံ ကတိမျိုးပေါ့၊ ဒါလေးပါပဲ”
မြစ်ပြင်ကို စိုက်ကြည့်နေသော ဂျော်ဒန် က ဗီကာရီ ဖက် လှည့်လာပြီး... “အဲ့ဒါနဲ့ ပတ်သက်လို့ကတော့ ခင်ဗျား စိုးရိမ်နေစရာ မလိုတော့ပါဘူးလေ”
*****************************
အခန်း (၃၈)
RASTENBURG, GERMANY
ကပ် ဗိုဂဲလ်သည် သူ၏ အင်္ကျီ ကော်လာကို အလိုမကျ ဖြစ်နေသည်၊ သူ၏ ကရိစ်မရိမ်း ယူနီဖောင်းအား ဘယ်အချိန်က နောက်ဆုံး ဝတ်ခဲ့မှန်း ကို မမှတ်မိလောက်အောင် ဖြစ်နေသည်။ စစ်ကြီး မတိုင်မီကတော့ သူနှင့် အနေတော် ဖြစ်သည်၊ ယခုတော့ ဗိုဂဲလ်လည်း ဂျာမဏီ ရှိ အခြားလူများကဲ့သို့ပင် ခန္ဓာကိုယ် အလေးချိန် လျော့ကျလာနေပြီ ဖြစ်၍ ယူနီဖောင်းသည် ထောင်သားများ ဝတ်သည့် ညဝတ် အင်္ကျီလို တို့လို့တွဲလောင်း ဖြစ်နေပေပြီ။
သူ့စိတ်သည်လည်း အတော်ကို တုန်လှုပ်နေရသည်။ ယခုထိ ဖူးဟား အား လူချင်း တခါမျှ တွေ့ခဲ့ဖူးခြင်း မရှိသေးပေ၊ ယခုလို တခန်းထဲတွင် အတူ ရှိနေရမည့် အဖြစ်ကား ဝေလားဝေးပင်၊ ဖူဟား အပေါ် ပုဂ္ဂိုလ်ရေး အရ တော့ ဂျာမဏီအား ချောက်ကမ်းပါး သို့ ဆွဲခေါ်ချနေသည့် မကောင်းဆိုးဝါး အရူးတယောက် သာသာ ဟုပင် သဘောထားခဲ့သူ လည်း ဖြစ်သည်။ သို့သော် ယခု ထိုပုဂ္ဂိုလ်နှင့် လူချင်း တွေ့ရမည့် အဖြစ်ကို ဘယ်အတွက်ကြောင့်မှန်း မသိ စိတ်အားထက်သန် နေမှန်း ကိုယ့်ကိုကိုယ် သတိပြုလာမိခဲ့သည်။ သူ့ကိုယ်သူလည်း မြင်မြင်ချင်း အထင်တကြီး ဖြစ်သွားစေရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
သူ့တွင် ဒီထက်ပို၍ အသံဩဇာ နှင့် ပြည့်စုံခဲ့လျှင် ကောင်းလေစွ ဟုလည်း တွေးမိပြန်သည်။ စိုးရိမ်စိတ်များ ပြေပျောက်လို ပြေပျောက်ငြား စီးကရက်ကိုသာ တလိပ်ပြီး တလိပ် သောက်နေခဲ့သည်။ ဘာလင်မှ လေယာဉ်နှင့် ထွက်လာသည့် ခရီးစဉ် တလျှောက်လုံးလည်း ဆေးလိပ်ကို လက်ကမချ သောက်လာခဲ့သည်။ ယခုလည်း လာကြိုသည့် ကားထဲတွင် သောက်နေမိပြန်သည်။ နောက်ဆုံး ကနယ်ရစ် က သူ၏ ခွေးများ အနံ့မခံနိုင်မည် စိုးလာ၍ မသောက်ရန် တားယူရသည့် အထိပင်။ ခွေးနှစ်ကောင်စလုံးက ဗိုဂဲလ် ခြေထောက်နားတွင် လဲလျှောင်းရင်း လိုက်ပါလာကြသည်။ ဗိုဂဲလ် ခြေအစုံကိုလည်း ဝက်အူချောင်း များ အောက်မေ့နေသလား မသိ မာန်ဖီနေသည့် မျက်လုံးများ နှင့် မော့မော့ကြည့်နေကြသည်။ ဗိုဂဲလ်လည်း ကနယ်ရစ် စကားကြောင့် ပြတင်းပေါက် ကို အနည်းငယ် ဟ လိုက်ပြီး စီးကရက်ကို အပြင်က နှင်းတောထဲသို့ လှမ်းတောက်လိုက်သည်။
သူတို့စီးလာသော မာစီဒီး ရုံးကားသည် ဟစ်တလာ၏ အရှေ့ခြမ်း စစ်မျက်နှာ ကွပ်ကဲရေး စစ်ဌာနချုပ် ဖြစ်သည့် ဝေါ့ဖ် ရှန်ဇေး (မြေခွေး သိုက်မြုံ) အိမ်တော် အဝင်ဝ စစ်ဆေးရေး ဂိတ်တွင် ရပ်လိုက်သည်။ SS အစောင့် လေးယောက် ထွက်လာပြီး ကားစက်ဖုံး နှင့် နောက်ဖုံးကို ဖွင့် ကြည့်ပြီး ကားအောက်ခြမ်းကိုလည်း မှန်ဖြင့် ထောင်၍ စစ်ဆေးလိုက်ကြပြန်သည်။ ကျေနပ်လောက်ပြီ ဆိုမှ SS အစောင့်များက ကား ကို ရှေ့ဆက်သွားရန် လက်ဝှေ့ရမ်းပြလိုက်သည်။ နောက်ထပ် မိုင်ဝက်ခန့် သွားပြီးမှ ဌာနချုပ် ရှေ့သို့ ရောက်လာခဲ့သည်။
အချိန်ကား ညနေစောင်း နေပြီ ဖြစ်သည်။ အနီးပတ်ဝန်းကျင် တောအုပ်ကြီးထဲတွင် အဖြူရောင် ဆလိုက်မီး များ ထွန်းညှိထားပြီး အစောင့်များက အယ်ဇေးရှင်း ခွေးကြီးများ ဆွဲကာ ကင်းလှည့်နေသည်။
ကားက နောက်တကြိမ် ထိုးရပ်သွားသည်၊ ဒီတကြိမ်လည်း SS များက နောက်တကြိမ် ဖင်ပြန် ခေါင်းပြန် စစ်ဆေးကြပြန်သည်။ ဒီတကြိမ်တွင်တော့ ကားပေါ်ပါလာသူများအား အပြင်သို့ ထွက်ခိုင်းပြီး တကိုယ်လုံး နေရာလပ်မကျန်အောင် စမ်းသပ်လာကြသည်၊ ဗိုဂဲလ်သည် ဂျာမန် ထောက်လှန်းရေး အဖွဲ့၏ အကြီးအကဲ ဖြစ်သူ ဝီလျံ ကနယ်ရစ် ကိုယ်တိုင် လက်ကို လေထဲမြှောက်ကာ ရှာဖွေ ခံရသည့် အဖြစ်ကို မြင်လိုက်ရ၍ တုန်လှုပ်သွားမိသည်။ SS များက သူ့အား ဘီယာဆိုင်ထဲက အမူးသမား တယောက်လို ကျောသပ်ရင်သပ် စိတ်ကြိုက် ရှာဖွေနေကြသည်။
အစောင့်တယောက်က ဗိုဂဲလ် လက်ထဲက ဘရိဖ်ကေ့စ်ကို လှမ်းတောင်းနေပြန်၍ စိတ်မသက်မသာ ဖြင့် လှမ်းပေးလိုက်ရသည်။ ထိုအထဲတွင် မဟာမိတ်တို့ဖက်က စာရွက်စာတမ်းများကို ရိုက်ကူးထားသော ဓါတ်ပုံများ နှင့် ထိုဓါတ်ပုံများအား အပ်ဗဲယားရှိ ပညာရှင်များက ကမန်းကတမ်း အဓိပ္ပါယ် ဖေါ်ထားသည့် အစီရင်ခံစာများလည်း ပါရှိနေသည်။ SS အစောင့်က ဘရိဖ်ကေ့စ်ထဲသို့ သူ၏ လက်အိပ်စွတ်ထားသော လက်ဖြင့် လှန်လှော ကြည့်ရှု့ပြီး ဗိုဂဲလ်အား ပြန်ပေးလိုက်သည်။ အထဲတွင် လက်နက် နှင့် ဖေါက်ခွဲရေး ပစ္စည်း တစုံတရာ မတွေ့ရ၍ ကျေနပ်သွားဟန် ရှိသည်။
ဗိုဂဲလ်လည်း ကနယ်ရစ် နှင့် အတူ လှေကားမှ တဆင့် မြေအောက် ဘန်ကာထဲသို့ ဆင်းလာခဲ့သည်။ ဓါတ်ပုံ နှစ်ပုံကို တော့ ဗိုဂဲလ်သည် ဘာလင်ရှိ သူ့ရုံးခန်းထဲရှိ ဖိုင်များထားသည့် ဘီရိုထဲတွင် သော့ခတ်သိမ်းထားခဲ့သည်။ ထိုဓါတ်ပုံ များသည် လန်ဒန်ရှိ သူ၏ အေးဂျင့်မှ အမာရွတ်နှင့် လက်မကို ရိုက်ယူကာ ပေးပို့ထားခြင်း ဖြစ်၍ သူနှင့်သာ ဆိုင်နေ၍ ဖြစ်သည်။ သူအဖို့က ဆုံးဖြတ်ရ ခက်နေသည်၊ သူမ၏ တောင်းဆိုချက်ကို လိုက်လျောပြီး ဗြိတိန်မှ ခေါ်ထုတ်ရမည်လော၊ သို့တည်းမဟုတ် ပိုနေမြဲ ကျားနေမြဲ အတိုင်း ဆက်ထားရမည်လော ဟူ၍ ဖြစ်သည်။ ထို့အတွက် လောလောဆယ် ဆုံးဖြတ်ချက် ချနိုင်ခြင်း မရှိသေး မှန်းလည်း သိနေသည်။
နောက်ထပ် SS အစောင့်တဦးသည် လှေကားထိပ်တွင် စောင့်နေပြန်သည်၊ အကယ်၍ အိမ်တော် အဝင်ဝ နှင့် လှေကား မရောက်မီ စပ်ကြား ဖူဟားဆီ လာတွေ့သူများသည် မတော်တဆ လက်နက်များ ရရှိသွားမည့် အရေး ကို စိုးရိမ်နေ၍ ဖြစ်မည်၊ ဒီတကြိမ်လည်း ကနယ်ရစ် နှင့် ဗိုဂဲလ်တို့ အဝင်ဝက ကဲ့သို့ပင် အရှာခံရပြန်သည်။
ကနယ်ရစ်က “အကြောင့်ကြ လွန် စိတ္တဇ စခန်း မှ ကြိုဆိုနေပါတယ်” ဟု ဗိုဂဲလ်အား ပြောလိုက်သည်။
*****************************