ဘောရစ် ဂျွန်ဆင် ရာထူးမှ နှုတ်ထွက်ပေးရတော့မည်လော

by Hla Soewai - Feb 06 2022

ယခုအခါ ဗြိတိသျှ ဝန်ကြီးချူပ် ဘောရစ် ဂျွန်ဆင် အဖို့ သူ၏ ရာထူးအား အကြီးအကျယ် ခြိမ်းခြောက် ခံနေရမှု နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

 

၂၀၂၀ မေလ အတွင်း ကိုဗစ် ကူးစက် ကပ်ရောဂါကြီး ဒဏ်ကို ဗြိတိန် နိုင်ငံတဝှမ်း အလူးအလှိမ့် ခံနေရချိန်တွင် ဒေါင်းနင်းလမ်း ဝန်ကြီးချုပ် အိမ်တော်ရှိ အရာရှိကြီးများက ပေးသော ပါတီပွဲ များကို လူပေါင်း တရာခန့် တက်ရောက်ခဲ့သည် ဆိုသော သတင်းက ဖုံးမရ ဖိမရ ထွက်ပေါ်လာခဲ့သဖြင့် မိမိလည်း အလုပ်နှင့် သက်ဆိုင်သော ပွဲ ဟု ယူဆမိသဖြင့် တက်‌ရောက်ခဲ့ပါသည် ဟု ဘောရစ် ဂျွန်ဆင်က လူသိရှင်ကြား တောင်းပန်ခဲ့ရသည်။ သို့သော် သူပိုင်အိမ်တွင်ပင် ပါတီပွဲ များ ပြုလုပ်ခဲ့ပြန်သည် ဟု နောက်ပိုင်းတွင် သိရှိလာခဲ့သည်။

 

သို့သော် ထိုစဉ်က အစိုးရ ကိုယ်တိုင် တင်းကျပ်စွာ လော့ဒေါင်း ချထားချိန်တွင် ဝန်ကြီးချုပ် ကိုယ်တိုင် စည်းကမ်းဖေါက်ခဲ့မှု အပေါ် မကျေမနပ် ပြောဆိုမှုများ ဆူညံစွာ ထွက်ပေါ်လာ၍ ပါတီဂိတ် အရေးအခင်း ဟု မီဒီယာများက ခေါင်းစဉ်တပ် ပြောဆိုလာခဲ့သည်။ အတိုက်အခံ လေဘာ ပါတီ ခေါင်းဆောင် ဆာ ကီယာ စတားမာက “တာဝန် နှင့် မထိုက်တန်သူ” unworthy of his responsibilities၊ “အရှက်မရှိသူ” “A man without shame” အစရှိသဖြင့် ပြောဆိုရှုတ်ချခဲ့သည်။

 

ထို့အတွက် အသက် ၆၅ နှစ် အရွယ် ရှိ အစိုးရဝန်ထမ်း အမျိုးသမီးကြီး ဆူး ဂရေး ဦးဆောင်သည့် စုံစမ်း စစ်ဆေးရေး ကော်မရှင် ကို ဖွဲ့စည်းပြီး တရားဝင် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လာခဲ့သည်။ ဆူး ဂရေး သည် ဗြိတိသျှ ကက်ဘိနက် အဖွဲ့ဝင်များ ၏ ကျင့်ဝတ် နှင့် ကိုယ်ကျင့်တရား ထိန်းသိမ်းရေး ရုံး အကြီးအကဲ လည်း ဖြစ်ခဲ့ပြီး သူမ လက်ထက်တွင် ဝန်ကြီး လေးဦး အား ကျင့်ဝတ်ဖေါက်ဖျက်မှု ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး အနားပေး ခဲ့သူ ဖြစ်သည်၊ ထို့အတွက် ဆူး ဂရေးသည် ဗြိတိန်တွင် လူများ တခါမျှ မကြားဖူးသည့် ဩဇာအာဏာ အရှိဆုံး ပုဂ္ဂိုလ် အဖြစ် ပြောစမှတ် တွင်လာခဲ့သူ ဖြစ်သည်။

 

ယခုလည်း ဘောရစ် ဂျွန်ဆင်သည် ဆူး ဂရေး၏ သက်ညှာစွာ ကိုင်တွယ်ပေးလိမ့်မည်ဟု မည်သူကမျှ ယုံကြည်ခြင်း မရှိပေ။ ဆူး ဂရေး ၏ ပမာဏ အစီရင်ခံစာတွင် ပါတီပွဲပေါင်း ၁၆ ပွဲ ပြုလုပ်ခဲ့သည်ဟု ပါရှိလာခဲ့သည်။ ထိုအထဲတွင် တဒါဇင်ခန့်အား ရဲအဖွဲ့က စုံစမ်း စစ်ဆေးနေပြီ ဟု ဆိုသည်။ ဂျွန်ဆင်၏ ကိုယ်ရေး အတွင်းရေးမှုး မာတင် ရေးနိုးက ဖိတ်ကြားခံရသူများ အား ပါတီပွဲသို့ ကိုယ့်ပုလင်း ကိုယ်ယူလာကြရန်ပင် အီးမေးလ်ဖြင့် သတိပေးခဲ့သည်ဟု ဆိုသည်။

 

ဘောရစ် ဂျွန်ဆင် အတွက် ရွေးစရာ နှစ်လမ်းသာ ရှိတော့သည်ဟု အီကော်နော်မစ် မဂ္ဂဇင်းကြီးက ထင်ကြေးပေးလာခဲ့သည်၊ ပထမနည်းလမ်းက သူကိုယ်တိုင် ရာထူးမှ နှုတ်ထွက်သွားရန် နှင့် ဒုတိယ နည်းလမ်း အဖြစ် သူ၏ ကွန်ဆာဗေးတစ် ပါတီ အမတ်များ၏ ပါတီခေါင်းဆောင် အဖြစ် အယုံအကြည် မရှိ အဆို တင်သွင်းပြီး ဖြုတ်ချခံရသည့် အထိ စောင့်ဖို့သာ ရှိသည်ဟု ဆိုသည်။ သို့သော် ဂျွန်ဆင်သည် ထိုသို့ နှုတ်ထွက်ရန် ရည်ရွယ်ချက် မရှိကြောင်းလည်း ရိပ်စားမိလာကြသည်။

 

ကွန်ဆာဗေးတစ် ပါတီ စည်းမျဉ်းအရ ရွေးချယ်တင်မြှောက်ခံ အမတ် ဦးရေ စုစုပေါင်း ၏ ၁၅% မှ သူ၏ ခေါင်းဆောင်မှု အပေါ် အယုံအကြည် မရှိကြောင်း ၁၉၂၂ ကော်မတီ ဥက္ကဌ ဖြစ်သူထံ စာရေးသား တင်သွင်း ဖို့လိုသည်၊ လက်ရှိတွင် ပါလီမန် ထဲတွင် ကွန်ဆာဗေးတစ် ပါတီ အမတ် ပေါင်း ၃၅၉ ဦး ရှိနေသည့်အတွက် ၅၄ ဦး မှ ထိုသို့ ပြုလုပ်ရန် လိုအပ်နေသည်။ ထိုအခါတွင် ပါတီတွင်း အစည်းအဝေး ခေါ်ပြီး ၃၅၉ ဦးထဲမှ အများစုက ထိုကဲ့သို့ အယုံအကြည် မရှိကြောင်း မဲပေး လာပါက ပါတီ ခေါင်းဆောင် အဖြစ်မှ နှုတ်ထွက်ပေးရတော့မည် ဖြစ်သည်။ သို့သော် ထိုသို့ မဲပေးခြင်း မရှိက ပါတီခေါင်းဆောင် အဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိမည် ဖြစ်သည့် အပြင် နောက်ထပ် တနှစ် အတွင်း ထိုသို့ အယုံအကြည်မရှိ အဆို တင်သွင်းခွင့် မရှိတော့ပေ။

 

ယခုအခါ ကွန်ဆာဗေးတစ် ပါတီ အမတ် အတော်များများက သူ့အား ဆန့်ကျင်လာနေကြပြီ ဖြစ်ပြီး ဇန်နဝါရီ ၁၉ ရက် ပါလီမန် အတွင်း ယခင် ဝန်ကြီးဟောင်း တဦး ဖြစ်သူ ဒေးဗစ် ဒေဗီးစ်က “In the name of the God, Go” ဟု ထ၍ အော်ဟစ်တောင်းဆိုခဲ့သည်။

 

ပါတီတွင်း အယုံအကြည် မရှိ အဆို ဖက်က အလေးသာသွားမည် ဆိုလျှင် သူ့နေရာတွင် ဝန်ကြီးချုပ် အဖြစ် ဆက်ခံမည့် ပါတီ ခေါင်းဆောင်ကို ရွေးချယ်ပေးရတော့မည် ဖြစ်သည်။

 

ထိုသို့ ရွေးချယ်ရာတွင် အဆင့် နှစ်ဆင့် ရှိနေသည်။ ပါတီခေါင်းဆောင် အဖြစ် ဝင်‌ရောက် အရွေးခံမည့် လူတိုင်း အား ပါတီ ၏ ရွေးကောက်တင်မြှောက်ခံ အမတ်များမှ အဆင့်ဆင့် မဲပေး ရွေးချယ်ပြီး အဆင့်တိုင်းတွင် မဲ အနည်းဆုံး ရရှိသည့် ကိုယ်စားလှယ်လောင်းကို ဖယ်ထုတ်ရသည်၊ နောက်ဆုံးတွင် ဇကာတင် နှစ်ဦးသာ ကျန်တော့သည်၊

 

ထိုအခါတွင်တော့ နောက်ဆုံး အဆင့် အဖြစ် ထိုပုဂ္ဂိုလ် နှစ်ဦး၏ အမည်ကို အဖွဲ့ဝင် ၁၈၀,၀၀၀ ရှိသော ကွန်ဆာဗေးတစ် ပါတီ ဝင်များ အား ချပြရပြီး ပါတီဝင်များ၏ မဲအများဆုံး ရရှိသူအား ပါတီခေါင်းဆောင် အဖြစ် တင်မြှောက်ရသည်။

 

ထိုအတွက် ဗြိတိန်သည် ရွေးကောက်ပွဲ အသစ် ခေါ်စရာ မလိုပဲ ဝန်ကြီးချုပ်ကို အပြောင်းအလဲ ပြုလုပ်နိုင်သည်။

 

လက်ရှိ ပါတီဂိတ်သည် ဗြိတိသျှ အုပ်ချုပ်ရေး အသိုက်အဝန်း၏ ကိုယ်ကျင့် သိက္ခာ တရားကို အနိမ့်ဆုံးသို့ ရောက်အောင် ဆွဲချခဲ့သည့် ဖြစ်စဉ်ကြီးဟု ဆိုရမည် ဖြစ်သည်။