ကမ္ဘောဒီယား မှ ဝဏ္ဏမောင်လွင်ကို အာဆီယံ အစည်းအဝေးသို့ တက်ခွင့်မပြု

by Hla Soewai - Feb 05 2022

ကြာသပတေးနေ့က ထုတ်ပြန်သော ကမ္ဘောဒီယား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် ယခုလ ဖေဖေါ်ဝါရီ ၁၆-၁၇ ရက်များတွင် ပြုလုပ်မည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ အပန်းဖြေ စခန်း တွေ့ဆုံ ဆွေးနွေးပွဲသို့ မြန်မာ မှ နိုင်ငံရေး ဖက်ကမဟုတ်သူကိုသာ တက်ခွင့်ပြုမည်ဟု ပါရှိလာခဲ့သည်။

 

အာဆီယံ ၏ အချက် ငါးချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်များကို အကောင်အထည် ဖေါ်ရန် ပျက်ကွက်နေမှု အတွက် ဝဏ္ဏမောင်လွင် အား ခေါ်ရန် ကို အဖွဲ့ဝင် နိုင်ငံများ အကြား သဘောတူညီချက် မရရှိခဲ့၍ ဟု ဆိုသည်။

 

ဤအတိုင်းဆိုလျှင် စစ်အာဏာရှင်များ အဖို့ ၎င်းတို့ မျှော်လင့်ကြီး မျှော်လင့်ထားသော ကမ္ဘောဒီယား၏ ဦးဆောင်မှု အောက်တွင်ပင် အာဆီယံ အစည်းအဝေး အနားသို့ သီခွင့်မရပါက နောင်အခါ မည်သို့မျှ အခွင့် အလမ်း ရှိမည် မဟုတ်တော့ပေ။

 

အာဆီယံ သည် အချက် ငါးချက် အကြောင်း ပြောလာသည်နှင့် အမျှ မင်းအောင်လှိုင် အဖို့ အနာဟောင်းကို ပြန်ဆွ သလို အရှက်ရနေခဲ့ပြီ ဖြစ်သည်။ ၎င်းအား ပထမဆုံးအကြိမ် ကာကွယ်ရေး ဦးစီးချုပ် တဦး အဖြစ် လူရိုသေ ရှင်ရိုသေ ဖိတ်ခေါ်ခဲ့ပြီး ဖြစ်ပေါ်လာနေသော အကျပ်အတည်းကို ဝိုင်းဝန်း အဖြေရှာကြမည်ဟု ဆိုကာ ၎င်းပါ သဘောတူခဲ့သည့် အချက် ငါးချက် ထွက်ပေါ်လာခဲ့ရခြင်း ဖြစ်သည်။ ထိုစဉ်ကတည်းက မိမိ သဘောမတူ နိုင်သည်ကို အခြေအတင် ဆွေးနွေးနိုင်စွမ်း ရှိမည်ဆိုက အခြေအနေများ တမျိုးတဖုံ ဖြစ်လာနိုင်သည်။

 

ယခုအခါ ခေါင်းဆောင် အားလုံး၏ ရှေ့တွင် အကောင်အထည် ဖေါ်ပါမည်ဆိုသော ကတိကို စစ်သားရင့်မာကြီး တဦးက မတည်ခဲ့မှုအတွက် သူတို့အားလုံး အရူးလုပ်ခံရသည်ဆိုကာ ဒေါသအမျက်ချောင်းချောင်း ထွက်ခဲ့ကြ ခြင်း ဖြစ်သည်။

 

ဤသည်ကို ယခုထိလည်း သဘော မပေါက်သေးသည့်အပြင် ပြည်ပ နိုင်ငံကြီးများ၏ ဩဇာခံ များ ဟု စောင်း မြောင်း ပြောဆို နေဆဲဖြစ်သည်။ စစ်အစိုးရ အဆက်ဆက်သည် ၎င်းတို့၏ သုံးစားမရခဲ့မှု များ အတွက် အမြဲလို ပြည်တွင်း ပြည်ပ အဖျက် အမှောင့် လုပ်ရပ်များဟု လွှဲချနေကြသည်မှာ အစဉ်အလာ တရပ်လို ဖြစ်နေခဲ့ရသည်။

 

ကုလ အတွင်းရေးမှူးချုပ် ၏ အထူး သံတမန် နိုလင်း ဟေဇာသည်လည်း တွေ့ဆုံ မေးမြန်းခန်း တခုတွင် မြန်မာ စစ်တပ်သည် တိုင်းပြည်ကို ထိန်းချုပ်နိုင်ဆဲ ဖြစ်၍ ၎င်းတို့နှင့် အာဏာခွဲဝေရေး ဖြစ်နိုင်ခြေ ရှိမရှိ အမေးအပေါ် ဆွေးနွေးရန် စဉ်းစား သင့်သည် ဆိုသောစကား အပေါ် လူမှု အဖွဲ့အစည်းပေါင်း ၂၄၇ ဖွဲ့မှ တညီတညွတ်တည်း လက်မှတ်ရေးထိုး ကန့်ကွက်လိုက်ကြပြီ ဖြစ်သည်။

 

မစ္စက် ဟေဇာသည် နောက်တရက်မှာပင် အဓိပ္ပါယ် ကောက်လွဲကြောင်း ဖြေရှင်းချက် ထုတ်လာခဲ့သော်လည်း မြန်မာပြည်သူ များ၏ အမြင်တွင် သူမသည် honest broker တယောက် မဟုတ်တော့ဟု ထင်မြင်သွားကြပြီ ဖြစ်၍ မြန်မာ အရေး အမှန်တကယ် ပြေလည်သည်ကို တွေ့မြင်လိုပါက လက်ရှိ ရာထူးမှ နှုတ်ထွက်သင့်ပြီ ဖြစ်သည်။

 

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဥက္ကဌ ရုရှား သံအမတ်ကြီး လက်မှတ်ဖြင့် ထုတ်ပြန်လာသော ကြေညာချက်တွင် မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေသည်များကို နက်ရှိုင်းစွာ စိုးရိမ်မကင်း ဖြစ်ရကြောင်း နှင့် အာဆီယံ ၏ အချက် ငါး ချက်ဖြင့် ဖြေရှင်းရန် ကြိုးပမ်းမှု ကို ထောက်ခံကြောင်း ၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် စိတ်ထင်တိုင်း ဖမ်းဆီးခဲ့သူများ ပြန်လွှတ်ပေးရန် တို့ ပါရှိသည်။

 

ထူးခြားသည်မှာ လုံခြုံရေး ကောင်စီ သည် နိုင်ငံအတွင်း စစ်တပ် အာဏာသိမ်းမှု ကို ရှုတ်ချဖို့ဝေးစွ အသုံး အနှုံး ကိုပင် စစ်တပ်မှ ပြဋ္ဌာန်းလာသော အရေးပေါ် အခြေအနေဟု ယခုထိ ခေါ်ဝေါ် သုံးနှုန်းနေခြင်းပင် ဖြစ်သည်။

 

ထို့အတွက် မြန်မာ စစ်တပ်အား လက်နက်ရောင်းချမှု ပိတ်ပင်ရန် နှင့် လူသားချင်း စာနာထောက်ထားပြီး ဒုက္ခ သည်များ အတွက် လုံခြုံစိတ်ချရသော၊ ဘေးကင်းသော ဇုံနယ်မြေ တခု ဖန်တီးပေးဖို့ မည်သို့မျှ မျှော်လင့်၍ မရတော့သည့်အပြင် ၎င်းတို့ကိုယ်နှိုက်က ဖြေရှင်းပေးလိုစိတ် မရှိဘဲ မည်သို့မျှ အခွင့်အာဏာ မရှိသည့် အာဆီယံ အဖွဲ့ကြီး အား လွှဲချနေဆဲပင် ဖြစ်သည်။

 

သို့သော် ပေါ်တူဂီ ၏ စစ်အုပ်ချုပ်ရေး အောက်တွင် လူဖြစ်ကြီးပြင်းလာခဲ့ရသော ကုလ အတွင်းရေးမှူး ချုပ်သည် လုံခြုံ‌ရေးကောင်စီ တွင် အာဏာရှင် နှစ်နိုင်ငံက ဦးဆောင်ကာ မြှောက်ထိုးပင့်ကော် လုပ်နေမှုများ အတွက် စိုးရိမ် မကင်း ဖြစ်လာဟန် ရှိပြီး ကမ္ဘာတဝှမ်းတွင် “အာဏာသိမ်း ရောဂါပိုး” ပျံ့နှံ့လာနေပြီ ဖြစ်သည်ဟု လူသိရှင်ကြား ထုတ်ဖေါ်ငြီးတွားလာခဲ့သည်။

 

အာဆီယံ အဖွဲ့ ဥက္ကဌ မှ ဗုဒ္ဓဟူးနေ့တွင် ကြေညာချက် ထုတ်ပြန်ရာ မြန်မာအရေး အတွက် မြန်မာတို့ ကိုယ်တိုင် အားလုံး ပါဝင်ဆွေးနွေးပြီး နိုင်ငံရေး အရ ဖြေရှင်းနည်းမျိုး ဖြင့်သာ တည်တံ့ခိုင်မြဲသည့် အမျိုးသား ပြန်လည် ရင်ကြားစေ့ ရေး ရရှိနိုင်မည် ဖြစ်၍ အကြမ်းဖက်မှုများ ချက်ချင်း လက်ငင်း ရပ်ဆိုင်းရန် မေတ္တာရပ်ခံလာသည်။

 

သို့သော် မင်းအောင်လှိုင်ကတော့ ဖုတ်လေသည့်ငါးပိ ရှိသည်မျှ မထင်ဘဲ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရန် ဟု ပြောလာပြီး တနိုင်ငံလုံးကို မီးလောင်တိုက်သွင်းရန် ကြံစည်နေပြီ ဖြစ်လေသည်။

 

ငွေမရှိလျှင် တိုင်းပြည် မျက်နှာငယ်ရသည်ဟု ငြီးတွားခဲ့သော်လည်း သိန်းပေါင်း သောင်းနှင့် ချီကာ ဗိုလ်ရှုခံပွဲ ပြုလုပ်ရန် စိုင်းပြင်းနေလေသည်။ ဤသည်မှာ မိမိတို့ သည် တိုင်းပြည်ကို ထိန်းချုပ်နိုင်ပြီး လူထု ထောက်ခံမှု ရနေကြောင်း ကမ္ဘာကို ပြသရမည်ဟု လက်အောက်ငယ်သားများအား အကြောင်းပြခဲ့သော်လည်း ၎င်း၏ အာဏာယစ်မူးနေမှု သက်သက်ကို အဆင်တန်ဆာ မချယ်ဘဲ ထုတ်ဖေါ်ပြသခဲ့သည့် crude expression သက်သက်သာ ဖြစ်သည်။

 

လူတဦး၏ အတ္တ နှင့် ကောက်ကျစ်စွာ ကြံစည်ခဲ့မှုအတွက် ပြည်သူများ ကို ကာကွယ်ရန် တာဝန်ရှိသည့် တပ်မတော် ကြီးသည်လည်း မျက်စိမှိတ် စုံလုံးကန်း အား‌ပေး ထောက်ခံခဲ့သဖြင့် ပျက်စီး ယိုယွင်းခဲ့ရပြီ ဖြစ်သည်။

 

ပြည်တွင်းတွင် ဒီမိုကရေစီ အင်အားစုများသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် စည်းလုံးညီညွတ်မှုကို တည်ဆောက် လာနိုင်ခဲ့ကြသည့်အပြင် စစ်အုပ်ချုပ်ရေး ကို အစားထိုးနိုင်မည့် နည်းလမ်းများ ရှာကြံလာကြပြီး ပြည်သူ ခုခံတွန်းလှန်ရေး အဖွဲ့များသည်လည်း စစ်မျက်နှာ အနှံ့ဖွင့်ကာ တိုက်ခိုက်လာနေကြသည်။

 

ဘေးပတ်ပတ်လည် တွင် လက်နက်ကိုင် ပါးကွက် အာဏာသားများသာ မရှိက စစ်ကောင်စီ သည် ပြည်တွင်းတွင် ဘော်လုံးပွဲ တပွဲကို အောင်မြင်စွာ ကျင်းပနိုင်စွမ်း မရှိသည့် အနေအထားသို့ ပင်ရောက်ရှိနေလေသည်။

 

အချို့ဒေသများတွင် စစ်‌ကောင်စီ လက်အောက်ခံ ဝန်ထမ်းများအား ရာထူးမှ နှုတ်ထွက်ပြီး ပြည်သူများ နှင့် ပူးပေါင်းရန် PDF များ ၏ သတိပေးချက်များ ထုတ်ပြန်လာသည့် အဆင့်အထိ ဖြစ်ပေါ်လာခဲ့သည်။

 

၎င်းတို့ အာဏာသိမ်းသည့် တနှစ်မြောက်နေ့တွင် စစ်တပ်၏ ရက်စက်ကြမ်းကြုပ်မှုများကို ကန့်ကွက်သည့် အနေ ဖြင့် မိမိကိုယ် မိမိ မီးရှို့ သတ်သေ ဆန္ဒပြသွားခဲ့သည့် သတင်းကလည်း ကမ္ဘာ မီဒီယာများတွင် ပါရှိလာခဲ့ပြီ ဖြစ်သည်။

 

လက်ရှိ မြေပြင်တွင် အရှိန်အဟုန်နှင့် ဖြစ်ပေါ်လာနေသည်များကို စစ်ဗိုလ်ချုပ်များ၏ စကားတန်ဆာ များဖြင့် မည်မျှ ကြာကြာ လစ်လျူရှုထားနိုင်ကြပေမည်နည်း။

 

ဒေါက်တာ ဆာဆာ က စစ်အာဏာရှင်တို့၏ နိဂုံးသည် “if” မဟုတ်တော့ဘဲ “when” ဟူ၍သာ သုံးသပ်ကြ ရတော့မည် ဖြစ်သည်ဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

 

တော်လှန်ရေးကြီး မုချအောင်ရမည်!!!