D-Day နောက်ကွယ်မှ သူလျို မဟုတ်သော (၁၁၁)

by Hla Soewai - Feb 03 2022

"ရီစရာ ကောင်းတယ် တဲ့လား၊ နေပါဦး ကျွန်တော်တို့ဖက်က ဒီကိစ္စကို ဘယ်လိုများ ယူဆရမှာတုန်း၊ ခင်ဗျားက ဗြိတိန်မှာ ရောက်နေတဲ့ ထိတ်တန်း ဂျာမန် အေးဂျင့် တ‌ယောက်နဲ့ နှစ်ပါးသွားနေတယ်၊ အိမ်ကို လည်း အရေးကြီးတဲ့ လျို့ဝှက်စာရွက်စာတမ်းတွေကို
ဘရိဖ်ကေ့စ်ကြီးထဲ အပြည့်အသိပ်ထဲ့ပြီး ယူလာတယ်၊ ဘာကြောင့် အဲ့လို လုပ်ဖို့ လိုသလဲ၊ တခါတည်းပဲ ပိုးစာပင် စီမံချက်ဆိုတာ ဒါတွေ ဒါတွေပဲ ပြောလိုက် ရင် မပြီးဘူးလား၊ ဒါမှမဟုတ် ဒီအမျိုးသမီးက သူဓါတ်ပုံ ရိုက်လို့ ရအောင် ခင်ဗျားကို အိမ်ပြန်သယ်ခိုင်းခဲ့တာလား"



"အဲ့လို မဟုတ်ဘူး၊ ကျွန်တော် ဆိုလိုတာ...."



"ဒါဆို ခင်ဗျားက ယူလာခဲ့မယ် ဆိုပြီး လောကွတ်ချော်ခဲ့တာလား"


"နိုး!"


"ကောင်းပြီ၊ ဒါဆိုရင် ဒီစာရွက်စာတမ်းတွေ အိတ်ထဲ ထည့်ပြီး ဘာ‌လို့ လျှောက်သွားနေရတာလဲ"



"ဘာဖြစ်လို့လည်း နောက်နေ့မနက်ကျ အိမ်က အစောကြီး ထွက်ပြီး တောင်ပိုင်းမှာ ဆောက်နေတာ‌ တွေကို သွားစစ်ဆေးဖို့ ရှိနေလို့၊ ဒါကိုလည်း လူ အယောက် နှစ်ဆယ်လောက်က ဟုတ်မဟုတ် သက်သေခံပေးနိုင်ပါတယ်၊ တာဝန်ရှိတဲ့ လူတွေက ကျွန်တော့် အိမ် နဲ့ စာကြည့်ခန်းထဲက မီးခံသေတ္တာကို ပါ လုံခြုံမှု ရှိမရှိ လာစစ်ဆေးပြီးပြီ၊ ဒါကလည်း အခြေအနေ အကြောင်း တခုခုကြောင့် အရေးကြီး စာရွက်စာတမ်းတွေကို အိမ်ပြန်ယူလာလို့ ရအောင်လို့ပဲ"


"ကောင်းပြီ၊ ဒီအတိုင်းဆိုရင်တော့ တနေရာရာ မှာ တခုခုတော့ အကြီးအကျယ် မှားနေပြီ၊ ကျွန်တော် ထင်တာတော့ ခင်ဗျား ဒါတွေကို အိမ်ပြန်ယူလာပြီး ကက်သရင်း ဘလိတ်ကို လွှဲပေးလိုက်တာပဲ ဖြစ်မယ်"



"ခင်ဗျားထင်သလို မဟုတ်ဘူး"



"ကျွန်တော် စိတ်ထဲမှာ မရှင်းမရှင်း ဖြစ်နေတာက ခင်ဗျား ကိုယ်တိုင် ဂျာမန် အေးဂျင့် တယောက် ဖြစ်နေတာလား၊ ဒါမှမဟုတ် စပိုင် လုပ်ပေးဖို့ မြူဆွယ် သိမ်းသွင်း ခံခဲ့ရတာလား ဆိုတာပဲ"


"လဲသာ သေလိုက်တော့၊ ဒီလိုစကားတွေ ကျုပ် ဆက်မကြားနိုင်တော့ဖူး၊ ခင်ဗျား ပြောနေတာ‌တွေ တော်သင့်ပြီ"


"လိင်ကိစ္စ တခုတည်း အတွက်နဲ့ ကျွန်တော်တို့ အပေါ် သစ္စာဖေါက်ခဲ့လား ဆိုတာ ကျွန်တော် သိချင်သေးတယ်"


"နိုး!"


"ဒါဆိုလည်း ငွေရေးကြေးရေး ကြောင့် သစ္စာဖေါက်ခဲ့တာလား"


"ကျုပ် အနေနဲ့ ငွေဆိုတာ မလိုပါဘူးလေ"


"ကဲဗျာ...ကက်သရင်း ဘလိတ်လို့ ခင်ဗျား သိထားတဲ့ အမျိုးသမီး နဲ့ တကြိတ်တည်း တညဏ်တည်း ပေါင်းလုပ်ခဲ့ကြတာလား"



"နိုး"


"ဒါဆိုရင် ခင်ဗျား အနေနဲ့ သိသိကြီးနဲ့ ကက်သရင်း ဘလိတ် ဆိုတဲ့ အမျိုးသမီးကို မဟာမိတ်‌ တွေရဲ့ လျို့ဝှက်ချက်ကို လိုလိုလားလား ပဲ ပေးခဲ့တာလား"



"နိုး!"


"ခင်ဗျား ဂျာမန် စစ်ထောက်လှန်းရေး အတွက် တိုက်ရိုက် လုပ်ပေးနေတာလား"


"ခင်ဗျား မေးခွန်းက ရီစရာ ကောင်းနေပြီ"


"မေးတာကို ပဲဖြေပါ!"



"ကဲ..ခင်ဗျား မေးနေတာ တွေ တခုမှ မဟုတ်ဖူးဗျာ"



"ခင်ဗျား ကက်သရင်း ဘလိတ်ဆိုတဲ့ အမျိုးသမီး နဲ့ လိင်မှု ကိစ္စတွေမှာ ပတ်သက်နေလား"


"ဒါ ကျွန်တော် ကိစ္စပါ"


"ခင်ဗျား ကိစ္စလို့ ပြောလို့မရတော့ဘူး ကွန်မန်ဒါ၊ ကျွန်တော် နောက်တကြိမ် ထပ်မေးမယ်၊ ခင်ဗျား ကက်သရင်း ဘလိတ်ဆိုတဲ့ အမျိုးသမီး နဲ့ လိင်မှု ကိစ္စတွေမှာ ပတ်သက်နေလား"



"ပတ်သက်ခဲ့ပါတယ်"


"ခင်ဗျား ကက်သရင်း ဘလိတ်နဲ့ ချစ်ကြိုက်နေကြတဲ့ အဆင့် ရောက်နေပြီလား၊ ကွန်မန်ဒါ...ခင်ဗျား ကျွန်တော် မေးတာ ကြားပါတယ်နော်၊ ခင်ဗျား နဲ့ ကက်သရင်း ဘလိတ် ချစ်ကြိုက်နေကြပြီလား"



"ပြီးခဲ့တဲ့ နာရီ‌ပိုင်း လောက်ကအထိ ကက်သရင်း ဘလိတ်လို့ ကျွန်တော် ထင်ထားခဲ့တဲ့ အမျိုးသမီးကို ချစ်နေမိခဲ့ပါတယ်၊ သူဟာ ဂျာမန် အေးဂျင့်တယောက် ဖြစ်နေမှန်းလည်း ကျွန်တော် မသိခဲ့ပါဘူး၊ မဟာမိတ်တပ်တွေရဲ့ လျိုဝှက်ချက်တွေကိုလည်း ကျွန်တော် လိုလိုလားလား ပေးခဲ့တာလည်း မဟုတ်ပါဘူး၊ ကျွန်တော် ပြောတာကို ခင်ဗျား ယုံပါ"


"ကျွန်တော် ယုံတယ်ဆိုတာတော့ အတတ်မပြောနိုင်ဘူး ကွန်မန်ဒါ ဂျော်ဒန်၊ ဒါတွေ ထားလိုက်တော့၊ ကျွန်တော်တို့ ဆက်မေးစရာတွေ ကျန်နေသေးတယ်"


***********************



"ခင်ဗျား ပြီးခဲ့တဲ့ အောက်တိုဘာလ ထဲမှာ ရေတပ်ထဲ ဝင် အမှု ထမ်းခဲ့တယ်ပေါ့"


"မှန်ပါတယ်"


"ဘာလို့ အခုမှ ဝင်လာရတာလဲ"


"ကျွန်တော့် ဇနီး ဆုံးသွားတော့ သားကို တယောက်တည်း မထားခဲ့ချင်လို့ပါ"


"ဒါဆို ဘာလို့ စိတ်ပြောင်းသွားရတာလဲ"


"ဘာဖြစ်လို့လည်း ဆိုတော့ ရေတပ်ထဲ ဝင်ဖို့ ကျွန်တော်ကို တောင်းဆိုလာလို့ပဲ"


"ဘယ်လို ပုံစံမျိုး နဲ့ တောင်းဆိုလာတာလဲ"


"မက်ဟက်တန်က ကျွန်တော့် ရုံးခန်းကို လူနှစ်ယောက် ရောက်လာတယ်၊ ကျွန်တော်ဆီ ရောက်မလာခင်ကပဲ ကျွန်တော်ရဲ့ နောက်ကြောင်း ရာဇဝင် အသေးစိတ်ကို စုံစမ်းပြီးပြီ ဆိုတာ သူတို့ ပြောတဲ့ စကားတွေကို ကြည့်ပြီး ကျွန်တော် သိလိုက်တယ်၊ ကမ်းတက် စစ်ဆင်ရေး နဲ့ ပတ်သက်တဲ့ စီမံကိန်းတခု အတွက် ကျွန်တော့် အကူအညီ လိုနေတယ်လို့ ပြောလာကြတယ်၊ ဘယ်လို စီမံကိန်းမျိုး ဆိုတာတော့ မပြောဘူး၊ ကျွန်တော်ကိုလည်း ဝါရှင်တန် ကို သွားခိုင်းတယ်၊ နောက်ပိုင်း အဲ့ဒီ လူနှစ်ယောက်ကို တခါမှ ပြန်မတွေ့ခဲ့တော့ဖူး"


"သူတို့ အမည်တွေက"


"တယောက်က လီမန်းလို့ ပြောတယ်၊ နောက်တယောက် နာမည်တော့ ကျွန်တော်လည်း မမှတ်မိတော့ဘူး"


"နှစ်ယောက်စလုံးက အမေရိကန်တွေလား"


"လီမန်းကတော့ အမေရိကန်၊ နောက်တယောက်ကတော့ ဗြိတိသျှ လူမျိုး တယောက်ပဲဗျ"


"ခင်ဗျား သူ့နာမည်တော့ မမှတ်မိဘူးပေါ"


"ဟုတ်တယ်၊ မမှတ်မိတော့ဘူး"


"ပုံပန်းသဏ္ဍန်က ဘယ်လိုလဲ"



"အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးပဲ"


"အင်း..ဒီအတိုင်းဆို ဗြိတိန် နိုင်ငံသား တဝက်‌လောက်ကို စုံစမ်းရမလို ဖြစ်နေပြီ၊ ဒါနဲ့...ဝါရှင်တန်ကို ရောက်တော့ ဘာတွေ ဆက်ဖြစ်လဲ"


"ကျွန်တော် အတွက် လုံခြုံရေး ဆိုင်ရာ ကင်းရှင်းကြောင်း အတည်ပြုချက် ရတာနဲ့၊ ကျွန်တော်ကို ပိုးစာပင် စီမံကိန်း အကြောင်း ရှင်းပြပြီး ဆွဲထားတဲ့ ပုံတွေကို ထုတ်ပြလာတယ်"



"သူတို့က ဘာကြောင့် ခင်ဗျားကို လိုအပ်နေတာလဲ"


"ဆောက်လုပ်ရေး လုပ်ငန်းကြီး‌‌ တွေမှာ အတွေ့အကြုံ
ရှိတဲ့ လူမျိုး ကို လိုချင်နေကြလို့၊ ကျွန်တော့် ကုမ္ပဏီကလည်း အရှေ့ခြမ်းမှာ အကြီးဆုံး ဆိုတဲ့ တံတားကြီးတွေ ဆောက်ခဲ့ပြီးပြီ"



"စီမံကိန်းကို သိလာရတော့ စစချင်း ခင်ဗျား စိတ်ထဲ ဘယ်လို ထင်တုန်း"


"နည်းပညာပိုင်းအရ ဖြစ်နိုင်ခြေ ရှိတယ်လို့ ယူဆပါတယ်၊ ဒါပေမယ့် ပြီးရမယ်ဆိုတဲ့ အချိန်ကတော့ အတော်လေး အကောင်းဖက်ထားပြီး ဆွဲထားခဲ့ကြတာမျိုး၊ နှောင့်နှေးဖို့ အကြောင်းတွေ ရှိတယ်ဆိုတာ မြင်တာနဲ့ကို ကျွန်တော် သိလိုက်တယ်"


"ဒါဆို ဒီနေ့ လုပ်ငန်းခွင်ထဲ သွားစစ်တော့ ခင်ဗျား ဘယ်လို ကောက်ချက်ချခဲ့လဲ"


"ဒီပရိုဂျက်က အန္တရာယ် များလောက်အောင်ကို အတော် နောက်ကျနေပြီ၊ အချိန်မီ ပြီးနိုင်ဖို့က သုံးဆ တဆ ပဲ ရှိနေတယ်"


"ခင်ဗျား သိလာရတာတွေကို ကက်သရင်း ဘလိတ်ကို ပြောခဲ့သေးလား"



"ကျေးဇူးပြုပြီး အဲ့အကြောင်းတွေ ထပ်မစပါနဲ့တော့ဗျာ"


"ခင်ဗျား ကျွန်တော် မေးတာကို မဖြေသေးဘူး"


"မပြောခဲ့ဖူး"


"ခင်‌ဗျားကို ဂရိုဗီနာ စကွဲယားကနေ ခေါ်မလာခင် သူ့နဲ့ တွေ့ဖြစ်သေးလား"


"မတွေ့ဖြစ်ဘူး၊ ကျွန်တော် စစ်ဆေးပြီးတာနဲ့ SHAEF ရုံးချုပ်ကို တန်းလာခဲ့တာပဲ"


ဗီကာရီက သူ၏ ဘရိဖ်ကေ့စ်ထဲမှ ဓါတ်ပုံ နှစ်ပုံကို ဆွဲထုတ်လိုက်ပြီး စားပွဲပေါ် ချပြလိုက်သည်။