ကမ္ဘောဒီယား မှ မြန်မာကို ချန်လှပ်ထားမည် ဟု သတင်းထွက်

by Hla Soewai - Feb 02 2022

ယနေ့ ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ကျိုဒို သတင်းဌာန၏ သတင်းအား ကိုးကားပြီး ဖေါ် ပြ ရာတွင် အာဆီယံ ဥက္ကဌ အဖြစ် တာဝန်ယူထားရသည့် ကမ္ဘောဒီယားသည် ဖေဖေါ်ဝါရီ ၁၆-၁၇ တွင် ပြုလုပ်မည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ ဆီရမ် ယိ အပန်း‌ဖြေ စခန်း ဆွေးနွေးပွဲသို့ စစ် ကောင်စီ၏ နိုင်ငံခြားရေး တာဝန်ခံ ဝဏ္ဏမောင်လွင်ကို ဖိတ်ကြားခြင်း ပြုမည် မဟုတ်ဘဲ နိုင်ငံရေး ဖက်မှ မဟုတ်သော ကိုယ်စားလှယ်သာ တက်ရောက်ခွင့်ပြုမည်ဟု အဆိုပါ အစည်းအဝေး နှင့် နီးစပ် သော သတင်းရပ်ကွက် တခုကို ကိုးကား၍ ဖေါ်ပြလာသည်။

 

စစ်ကောင်စီ မှ ဆန္ဒပြသူများ အပေါ် ဆက်လက်၍ အကြမ်းဖက် နေသည့် အပြင် အချက် ငါးချက် အကောင်အထည် ဖေါ်ရေး နှင့် စပ်လျဥ်းပြီး တိုးတက်မှု တစုံတရာ ရှိမလာသေးသောကြောင့်ဟု ဆိုသည်။

 

စစ်ကောင်စီ ဖက်ကမူ တချက်ခုတ် နှစ်ချက်ပြတ် သဘောဖြင့် အာဆီယံ အထူးကိုယ်စားလှယ်ဆိုသူ ကမ္ဘောဒီယား နိုင်ငံခြားရေး ဝန်ကြီး ပရတ် ဆော့ဟွန်းအား လက်ခံပြီး ၎င်းတို့ အသည်းအသန် လိုလား နေသည့် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် အပစ်ရပ်ရေး သဘောတူညီချက် ရရန် ဆွေးနွေးခိုင်းဖို့ ကြံရွယ်နေပုံရသည်။

 

လက်ရှိ NLD မှ ဦးဟန်သာမြင့်နှင့် ဘဏ္ဍာရေး ဝန်ကြီး ‌ဦးစိုးဝင်းတို့ကို ပြန်လွှတ်ပေးခဲ့ခြင်းသည်လည်း အာဆီယံ အထူး သံတမန် ရောက်ရှိလာမည့် အရေး နှင့် သက်ဆိုင်မှု ရှိမရှိကိုလည်း စောင့်ကြည့်ရ မည်သာ ဖြစ်သည်။

 

စစ်ကောင်စီ အဖို့ နိုင်ငံတကာ၏ ဖိအားများ အဆမတန် များပြားလာနေသည့် အတွက် ယခင်ကကဲ့သို့ ဘူးခံနေ၍ မဖြစ်တော့သဖြင့် တချက်ခုတ် နှစ်ချက်ပြတ် သဘောဖြင့် နိူင်ငံတကာကို မည်ကဲ့သို့ လှည့် စားရမည် ဆိုသည့်အပေါ် ခေါင်းချင်းရိုက်နေကြပြီ ဖြစ်သည်။

 

ထို့အတွက် ကမ္ဘောဒီယား ခေါင်းဆောင်ပိုင်း၏ အတွေးအခေါ် အဆင့်အတန်း မည်မျှထိ ရှိနေသည်ကို ထုတ်ဖေါ်ပြသမည့် ပွဲလည်း ဖြစ်လာပေလိမ့်မည်။

 

ယခင်က အသံတိတ် သပိတ်ကြီး အောင်မြင်စွာ ဆင်နွဲနိုင်မှုများအား အကြမ်းဖက်သမားများ အနေနှင့် ပြည်သူများကို အိမ်ထဲ က အိမ်ပြင် မထွက်ရန် ခြိမ်းခြောက်ခဲ့ကြ၍ ဖြစ်သည် ဆိုကာ လိမ်ညာခဲ့ရာမှ ယခုအခါ ထိုသို့ အိမ်တွင်းနေ၍ အပြင်မထွက်သူများကို ဖမ်းဆီးမည် ဟု လူကြား မကောင်းအောင် အရှက်ကင်းစွာ ခြိမ်းခြောက် အကျပ်ကိုင် လာခဲ့ကြပြီ ဖြစ်သည်။

 

၎င်းတို့အဖို့ ကမ္ဘာအရပ်ရပ်က ကြားလို့မတော် အိမ်ထဲနေသူများပင် ဖမ်းဆီးမည် ဟု ပြောဆို လာခဲ့ ရခြင်းမှာ အသံတိတ် သပိတ်ကြီးသည် ပွဲမစမီကပင် အောင်မြင်နေပြီ ဖြစ်သည်။ ယခင်ကလို ရန်ကုန်မြို့ကြီး တိတ်ဆိတ်ခြောက်ကပ်သွားသည့် သတင်းဓါတ်ပုံများ ကမ္ဘာမီဒီယာများတွင် ပါရှိ လာပါက ထပ်မံ၍ အရှက်ဗြန်းဗြန်းကွဲသွားမည့် အရေး စိုးရွံ့လာနေသည်ကို ကြည့်၍ ၎င်းတို့၏ အားနည်းချက်မှာ ဖုံးမရ ဖိမရ ထွက်ပေါ်လာခဲ့လေသည်။

 

အဖမ်းအဆီးများ လုပ်လာပါကလည်း လာမည့် အာဆီယံ အစည်းအဝေးတွင် ဟွန်ဆန် အဖို့ မျက်နှာ ပျက်ရပေတော့မည်။ ထို့ကြောင့် မင်းအောင်လှိုင် တောင်းဆိုသလို သားသမီးများ၏ မင်္ဂလာဆောင် ကိုပင် ဖိတ်တော့မည် မဟုတ်ပေ။

 

တော်လှန်ရေး အင်အားစုများကလည်း ၎င်းတို့၏ အားနည်းချက်ကို အခွင့်ကောင်းယူကာ အသံတိတ် သပိတ်များကို အခါအားလျှော်စွာ ပြုလုပ်သွားကြတော့မည် ဖြစ်သည်။

 

‌ကရင်အမျိုးသား အစည်းအရုံး ကေအင်ယူ၏ တပ်မဟာ (၅) စစ်ရုံးချုပ်က ဖာပွန်မြို့တွင်းရှိ CDM တွင် မပါဝင်သော ဌာနဆိုင်ရာ ဝန်ထမ်းများ အားလုံးကို ဖေဖေါ်ဝါရီ ၁ ရက် မှ ၁၀ ရက်အတွင်း မြို့မှ ထွက် ခွာရန် ထုတ်ပြန်ထားသော သတိပေးစာကို ခေတ်သစ် မီဒီယာတွင် ဖေါ်ပြထားသည်။

 

စစ်တပ်သည် နေပြည်တော်ကိုသာ အုပ်ချုပ်နိုင်နေဆဲ ဖြစ်သော်လည်း နိုင်ငံတဝှမ်း ပြည်သူများက ဆန့်ကျင်နေကြပြီး လက်နက်ကိုင် တော်လှန်မှုများလည်း ဖြစ်ပေါ်လာနေပြီ ဖြစ်ကြောင်း ချူလာ လောင်ကွန်း တက္ကသိုလ် နိုင်ငံရေး ဌာန ရှိ လုံခြုံရေး နှင့် နိုင်ငံတကာ လေ့လာရေး ပါမောက္ခ Thitinan Pongsudhirak မှ Nikkei Asia Review တွင် ရေးသားလာသည်။

 

နိုင်ငံအာဏာကို အစစ်အမှန် ပိုင်ဆိုင်ထားကြသည့် ပြည်သူများက မိမိတို့၏ နိုင်ငံရေး အနာဂတ် ကံကြမ္မာ အတွက် မြို့ရွာတလျှောက် စစ်မျက်နှာများ ဖွင့်၍ တိုက်ခိုက်ရန် ဆုံးဖြတ်လာခဲ့ပြီ ဟု လည်း ဆိုသည်။

 

ရုရှား၊ အီရန် တို့မှ စစ်အာဏာသိမ်း အဖွဲ့ကို လက်နက်များ ရောင်းချလာနေပြီး တရုတ်ကလည်း သာယာ ယိမ်းရန် စောင့်ဆိုင်းနေချိန်တွင် ခုခံတွန်းလှန်စစ်ကို ဆင်နွှဲနေသော ပြည်သူများ အတွက် စစ်မြေပြင် တွင် လက်နက် အင်အားချင်း မျှလာစေရန် အာဆီယံ နှင့် နိုင်ငံတကာ မှ ဆောင်ရွက် ပေးသင့်သည် ဆိုကြောင်းလည်း ပါရှိသည်။

 

ထိုအကြောင်းကို ထပ်၍ ရှင်းပြရာတွင် စစ်တပ်၏ လေကြောင်းမှ အသာစီး ရနေမှုကို ချေဖျက်ရန် အနည်းဆုံး လေယာဉ်ပစ် အမြှောက်များ ထောက်ပံ့သင့်သည်ဟု ပွင့်ပွင့်လင်းလင်းပင် အကြံပြု လာခဲ့သည်။

 

ပျော်ရွှင်စွာ အဆုံးသတ်မည့် ဇာတ်သိမ်းက လောလောဆယ် ဖြစ်မလာနိုင်သေးပဲ လက်ရှိ အခြေ အနေများက နိုင်ငံတကာ မှ တိုင်းပြည် အာဏာအစစ်အမှန် ပိုင်ဆိုင်ထားသူ ပြည်သူများဖက်ကို ရပ်တည်ပေးရန် စေ့ဆော် ပေးနေသလို ဖြစ်လာနေပြီ ဟု ဆိုသည်။ ယခုအချိန်တွင် အောင်ပွဲ မခံနိုင်သေးသော်လည်း အချိန်က ပြည်သူများဖက်တွင် ရှိနေပြီ ဖြစ်လေသည်။ ၎င်းတို့ အဖို့က ယနေ့ အာဏာလက်ဝယ်ရှိသော်လည်း နောက်တနေ့ အာဏာ လက်လွှတ်သွားရနိုင်သည့် အနေအထားမျိုး ဖြစ်နေသည်ဟု နိဂုံးချုပ် ဖေါ်ပြထားသည်။

 

လက်နက်ကိုင် အစောင့် စစ်သားများကို မြို့ရွာများ ရှိ လမ်းတကာ တွင် ချပြီး ၎င်းတို့အား ဆန့်ကျင် သူများ ထွက်မလာနိုင်အောင် ကျီးကန်းတောင်းမှောက် ကြည့်ကာ ထိန်းကွပ် နေရရှာသည့် အဖြစ်ကို မည်မျှအထိ တောင့်ထားနိုင်ကြပေမည်နည်း။

 

မြန်မာပြည်အတွက် ကုလ လူ့အခွင့်အရေး တာဝန်ခံ တွမ် အင်ဒရူးကပင် ပြည်သူများသည် ပြည်ပနိုင်ငံတခု၏ စစ်တပ်မှ ဝင်ရောက်သိမ်းပိုက်ခံနေရသလို ဖြစ်နေသည်ဟု နှိုင်းယှဉ် ပြောဆိုသွားခဲ့ပေသည်။

 

(ပုံတွင် ရန်ကုန်တွင် ဆင်နွှဲခဲ့သော “တနိုင်ငံလုံး ဆွေးဆွေးနီ တော်လှန်‌ရေး တနှစ်ပြည့်ပြီ” ဆောင်ပုဒ်ဖြင့် ကန့်ကွက် ဆန္ဒပြသည်ကို တွေ့နိုင်သည်)

 

တော်လှန်ရေးကြီး မုချအောင်ရမည်!!!