ကုလ မှ မြန်မာပြည်သူများ နှင့် အတူ ရပ်တည်သွားမည် ဟု ကြေညာ

by Hla Soewai - Feb 02 2022

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ်မှ အာဏာသိမ်း တနှစ် မြောက်နေ့အတွက် ကြေညာချက် ထုတ်ပြန်ရာတွင် မြန်မာပြည်သူများနှင့် သူတို့၏ ဒီမိုကရေစီ ပြန်လည် ရရှိရေး မျှော်လင့်ချက်များနှင့် အတူ မိမိတို့ ရပ်တည် ပေးသွားမည် ဖြစ်ကြောင်း ပါရှိခဲ့သည်။

 

ကုလအတွင်းရေးမှူးချုပ် ၏ အထူး သံတမန် နိုလင်း ဟေဇာသည်လည်း မြန်မာ အရေးတွင် ပါဝင်ပတ်သက် နေသူများ နှင့် တက်ကြွစွာ ထိတွေ့ဆက်ဆံလျှက် ရှိနေပြီး မြန်မာပြည်သူများ အတွက် အရေးတကြီး လိုအပ် နေသော အကူအညီများ ပေးနိုင်ရေးအပေါ် ကု လ နှင့် အာဆီယံ အကြား အခိုင်အမာ ပူးပေါင်း ဆောင်ရွက် နိုင်ရန် ကြိုးပမ်းလျှက် ရှိသည်ဟုလည်း ဖေါ်ပြထားသည်။

 

ဇန်နဝါရီ ၃၁ နေ့စွဲ ဖြင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် မှ ထုတ်ပြန်လာသော ကြေညာ ချက်ထဲတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးရုံး၊ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သော တေဇ၊ သား နှစ်ဦး ဖြစ်သည့် ထူးထက်တေဇ၊ ပြည့်ဖြိုးတေဇ၊ ဂျိုနာသန် မျိုးကျော်သောင်း နှင့် ၎င်း၏ ကုမ္ပဏီ KTSL၊ တရားသူကြီးချုပ် ထွန်းထွန်းဦး၊ ရှေ့နေချုပ် သီတာဦး၊ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ဥက္ကဌ တင်ဦး တို့အား နိုင်ငံတွင်း တရားဥပဒေ စိုးမိုးမှု ပျက်ပြားစေရန်၊ ဒီမိုကရေစီ အင်စတီကျူးရှင်းကို အားပျော့သွား စေရန်၊ အာဏာသိမ်း အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည့်အတွက် အမည်ပျက်စာရင်းသွင်းကာ ပိတ်ဆို့ ဒဏ်ခတ် လိုက်ကြောင်း ဖေါ်ပြခဲ့သည်။

 

ထိုကဲ့သို့ ပိတ်ဆို့ ဒဏ်ခတ်မှုများကို ဗြိတိန်၊ ကနေဒါ တို့ နှင့် ညှိနှိုင်းပြီး ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု လည်း ပါရှိ သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ၏ ကြေညာချက်ထဲတွင် ခရစ်စမတ် အကြိုနေ့၌ ကယားပြည်နယ် ဒီမောဆိုး တွင် ကလေးများ၊ စေတနာဝန်ထမ်း လုပ်သားများ အပါအဝင် လူပေါင်း ၃၅ ဦးအား ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုကြီး အပါအဝင် အာဏာသိမ်း ခဲ့မှုအား တာဝန်ခံစေရန် ထပ်မံ ကြိုးပမ်းသွားမည် ဆိုသည်ကို ကတိ ပြုခဲ့သည်။

 

အမေရိကန် အနေနှင့် အာဆီယံ၏ သံတမန်ရေး ကြိုးပမ်းမှုများ ကို ဆက်လက် ထောက်ခံမှု ပေးနေဆဲ ဖြစ်သော် လည်း ၂၀၁၇ အတွင်း ရိုဟင်ဂျာများ အပေါ် ကျူးလွန်ခဲ့မှု များအား “ဂျီနိုဆိုက်” အဖြစ် တရားဝင် သတ်မှတ် နိုင်ရန် အာရုံစိုက်ပြီး လေ့လာနေသည်ဟု နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကင် က ဒီဇင်ဘာလ အတွင်း ပြောခဲ့ပြီး ဖြစ်သည်။

 

အမေရိကန် တို့ အဖို့လည်း ဘိုင်ဒင် ကျမ်းသစ္စာ ကျိန်ဆိုအပြီး ဆယ်ရက်မြောက်နေ့မှာတင် ပြောင်ပြောင် တင်း တင်း အာဏာသိမ်းယူခဲ့မှုအား ယခုထိ ပြတ်သားစွာ အရေးမယူနိုင် ဖြစ်နေရမှုကပင် ၎င်းတို့၏ ဩဇာအာဏာ ကျဆင်းလာနေပြီကို မီးမောင်းထိုးပြနေသလို ဖြစ်လာရသည်။

 

ဒီမောဆိုး တွင် လူပေါင်း ၃၅ ဦးအား မီးရှို့သတ်ဖြတ်ခဲ့မှု တမှုတည်း နှင့်ပင် စစ်အာဏာသိမ်း အဖွဲ့ အား နိုင်ငံ တကာ တရားရုံးများတွင် ရုံးတင်တရားစွဲဆိုရန် လုံလောက်သွားပြီ ဖြစ်သည်။ ဆက်ဒမ် ဟူစိန်ကို ၁၉၈၂ ခုနှစ် အတွင်း သူ၏ အမိန့်ပေး စေခိုင်းချက်ဖြင့် ဒူဂျေး ရွာ တရွာလုံး နီးပါးအား ကွပ်မျက်ခဲ့မှု တမှုတည်း နှင့်ပင် ကြိုးပေး ကွပ်မျက်ရန် အမိန့်ချမှတ်ခဲ့သည့် အစဉ်အလာများလည်း ရှိနေပြီး ဖြစ်သည်။

 

မကြာမီက အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) မှ ကြီးမှူး ကျင်းပပြီးစီးသွားခဲ့သော တိုင်း ရင်းသား ကိုယ်စားလှယ်များ နှင့် နိုင်ငံတဝှမ်းရှိ ဒီမိုကရေစီ အင်အားစုများ မှ ကိုယ်စားလှယ် ပေါင်း ၃၈၈ ဦး တက်ရောက်ခဲ့သည့် ပထမအကြိမ် ပြည်သူ ညီလာခံကြီးတွင် စစ်အာဏာသိမ်း အဖွဲ့အား နိုင်ငံတကာ ရာဇဝတ် မှုများ ဆိုင်ရာ တရားရုံး ရှေ့မှောက်သို့ အရောက်ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ကတိပြုခဲ့ကြသည်။ ထို့ပြင် NUCC ၏ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်စာတမ်းကိုလည်း ညီလာခံမှ အတည်ပြုနိုင်ခဲ့သည်။ ကရင်၊ ချင်း၊ ကရင်နီ ပြည်နယ်များ၊ မကွေး တိုင်း နှင့် စစ်ကိုင်းတိုင်း အတွင်းရှိ ပြည်သူများ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေး အတွက် လုံခြုံစိတ်ချရသော ဇုံ တခု ကို အာမခံပေးရန်ပါ ကုလ နှင့် နိုင်ငံတကာသို့ တောင်းဆိုသည့် ကြေညာချက် ပါ ထုတ်ပြန်နိုင်ခဲ့သည်။

 

မင်းအောင်လှိုင်သည် အာဆီယံ၏ အချက် ငါးချက် ပါ သဘောတူညီချက် 5pc အား အကောင်အထည် ဖေါ်ရန် ထည့်သွင်း စဉ်းစားခြင်း အလျင်း မရှိဘဲ လူမိုက် တို့၏ အတွေးအခေါ်အတိုင်း ၎င်းအား ဆန့်ကျင်နေသည့် နိုင်ငံ တဝှမ်းရှိ ပြည်သူများကို လက်နက်အားကိုးဖြင့် အနိုင်ယူရန် လုံးပမ်းလျှက် ရှိနေဆဲဖြစ်သည်။ ပြည်သူများအား နားလှည့် ပါးရိုက် လုပ်နိုင်ရန်အတွက် ၎င်းတို့၏ စစ်ကောင်စီကို ဖွဲ့စည်းပုံ နှင့် အညီ ကာလုံ ခေါ်သည် ဆိုကာ နောက်ထပ် သက်တမ်း (၆) လ တိုးကြောင်းပင် ကြေညာလာခဲ့ပြီ ဖြစ်သည်။

 

၎င်းတို့၏ အာဏာသိမ်း လုပ်ရပ်ကို နောက်ကွယ်မှ မြှောက်ပေးခဲ့ကြသော အမျိုးသား သစ္စာဖေါက် များ၏ အမည်များကလည်း ကိုယ့်ကိုယ် ကိုယ် ဖေါ် မသူတော် ပုံစံဖြင့် ဖုံးမရ ဖိမရ ပေါ်ပေါက်လာခဲ့ပြီး ထိုကဲ့သို့သော အပြောများကြောင့် ထောက်ခံမှု ရပြီ ဆိုကာ ယုံကြည်ခဲ့သည်မှာလည်း ထင်ရှားလာပေသည်။

 

ယနေ့သည် ၎င်းတို့ အာဏာသိမ်းမှု တနှစ်မြောက် အဖြစ် အသံတိတ် သပိတ်ကြီး ဆင်နွှဲလာကြမည် ဟု ကြေညာထားပြီး ဖြစ်၍ စစ်တပ် အဖို့ အထူး ထိတ်လန့်တုန်လှုပ်နေသည်ကို အထင်အရှား တွေ့မြင်နေရပြီ ဖြစ်သည်။

 

လက်ရှိတွင် Online mob အွန်လိုင်း မှ လူမိုက် များ ဟု Frontier Myanmar မှ ကင်ပွန်းတပ်လိုက်သည့် ဟန်ငြိမ်းဦး၊ သဇင်ဦး၊ တပ်ကြပ် ဖိုးစီ၊ ကျော်စွာ အစရှိသူတို့က အသံတိတ် သပိတ်အတွက် ဆိုင်ပိတ်ရန် ကြံနေသူများဟု လက်ညှိုးညွှန်သမျှ အား အတင်း လိုက်လံ ဖမ်းဆီးနေသည်ကို အထောက်အထားများ နှင့် ရေးသားထားသည်။

 

လက်ရှိ အနေအထားသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း အဆိုးဝါးဆုံး အနေအထား ဖြစ်လာနေ သည်။ ဤသည်ကလည်း တပ်မတော်သည် ၎င်းတို့ ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူထားသည့် ပြည်သူ များ အပေါ် စစ်ကြေညာလိုက်ခြင်း ကြောင့်ပင် ဖြစ်သည်ဟု မြန်မာရေးရာ ကျွမ်းကျင်သူ ဒေးဗစ် စကော့ မက်သီဆန် က ဧရာဝတီ တွင် ရေးသား လာခဲ့သည်။

 

ဂျာမန် သတင်းဌာန DW မှ ဖြစ်လာနိုင်သော အနေအထား ၃ ရပ်ကို ထောက်ပြလာခဲ့သည်။ ပထမက စစ်တပ်မှ အနိုင်ရရှိသွားခြင်း၊ ဒုတိယသည် ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် အောင်ပွဲခံလာခြင်း နှင့် တတိယ အချက်မှာ လက်ရှိ အနေအထား အတိုင်း ရှေ့မတိုး နောက်မဆုတ် အဖြစ် ဆက်လက် တည်ရှိနေခြင်း တို့ ဖြစ်သည်။

 

ပထမ အချက် အဖြစ် စစ်တပ်က အနိုင်ရရှိသွားမည်ဆိုလျှင် နိုင်ငံတနိုင်ငံလုံံး နီးပါးကို ထိန်းချုပ်သွားနိုင်ပြီး ရွေးကောက်ပွဲ ကျင်းပကာ ၎င်းတို့ ဆက်လက် အုပ်ချုပ်သွားမည့် အရေးကို တရားဝင်အောင် ဖန်တီးလာမည် ဖြစ်သည်။ ယင်းနှင့် အတူ ပြည်သူများကိုလည်း လှုပ်မရအောင် ထောက်လှန်းရေး အဖွဲ့ကြီးအား တိုးချဲ့ ဖွဲ့စည်းကာ စောင့်ကြည့် နှိပ်ကွပ်သွားမည် ဖြစ်သည်။ ၎င်းတို့ အာဏာကို အခိုင်အမာ တည်ဆောက် နိုင်သည့် အထိ ပြုလုပ်သွားမည်လည်း ဖြစ်၍ အချိန်ကြာဦးမည် ဖြစ်ပြီး ထိုအတောအတွင်း တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေးများ ဖွံ့ဖြိုးလာဖို့က ရွှေပြည်တော် မျှော်လေတိုင်း ဝေး အဖြစ် နှင့် ကြုံနေရမည် ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရမှ ဦးဆောင် ဆင်နွှဲနေသည့် ပြည်သူတို့၏ ခုခံတွန်းလှန်စစ်ကြီး အနိုင်ရရှိမည် ဆိုလျှင် စစ်သားများ၊ ၎င်းတို့၏ မိသားစုများအား လူ့အသိုက်အဝန်း အတွင်း ပြန်လည် သွတ်သွင်းပေးရမည့် လုပ်ငန်းစဉ်ကြီးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ သို့မဟုတ်ပါက လက်နက်ကိုင် အဖွဲ့သစ်များ ထပ်မံ ပေါ်ပေါက် လာပြီး တိုင်းပြည်အား မတည်မငြိမ် ဖြစ်အောင် ဆက်လက်ဖန်တီးနေဦးမည်။ ထို့အပြင် တိုင်းရင်းသား လူမျိုးစုများ အရေးကိုလည်း ဆက်လက်ဖြေရှင်းပေးရဦးမည် ဖြစ်သည်။

 

တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်များသည် စစ်တပ်ပြိုလဲသွားပြီး စပ်ကူးမပ်ကူး ကာလကို အခွင့် ကောင်း ယူကာ အားလုံးက နယ်မြေများကို ရနိုင်သမျှ သိမ်းယူလာကြတော့မည် ဖြစ်သည်။

 

မည်သည့်ဖက်က မှ စစ်ရေး အရ မဖြေရှင်းနိုင်ဘဲ ရှေ့မတိုးနောက်မဆုပ် ဆက်ရှိနေမည် ဟု ကျွမ်းကျင်သူ အများစုက ယုံကြည်နေကြသည်။

 

စစ်တပ်သည် တတိုင်းပြည်လုံး ကသောင်းကနင်း ဖြစ်နေသည့် အရေးကို ၎င်းတို့လည်း မဖြေရှင်းနိုင်မည့်အတူ တူ လူထုဖက်က စိတ်ဓါတ်များ ပျက်ပြားလာပြီး ၎င်းတို့နှင့် ပနံသင့် ရန် ကြိုးစားလာကြမည်ဟု မျှော်လင့် နေ ကြသည်။ သို့သော် တပ်တွင်း စိတ်ဓါတ်များ ပျက်ပြားလာမှုကို အရင် ဦးဆုံး ရင်ဆိုင်ရမည့် အရေးကြောင့် ထိုသို့ မျှော်ကိုးနေ၍ မဖြစ်ဘဲ မဖြစ်ဖြစ်သည့်နည်း ဖြင့် အနိုင်ယူရန် လုံးပမ်းလာကြမည် ဖြစ်သည်။

 

ပြည်သူများ အပေါ် စစ်ကြေညာထားသော စစ်တပ်သည် ဗြိတိသျှ နှင့် ဂျပန်များကဲ့သို့ ဆုတ်ခွာဖို့ လမ်း မမြင်၍ မိမိတို့ အသက်ရှင်သန် ရပ်တည်ခွင့် ရရေး အတွက်သာ ဦးတည်လုံးပမ်းကြရန် ရှိပေတော့သည်။

 

နောက်ဆုံးတွင် နှစ်ဖက် ညှိနှိုင်းပြီး ဆွေးနွေးလာရသည့် အဆင့် ဖြစ်လာမည်ဟု ခန့်မှန်းနေကြသည်။

 

ထိုသို့ ဖြစ်မလာမီ တိုင်းပြည်အတွင်း ရှိ စစ်ဘေး ဒုက္ခသည်များကို လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးနိုင်ရေး အတွက် နိုင်ငံတကာမှ အကူအညီများ တိုး၍ လိုအပ်လာတော့မည် ဖြစ်သည်ဟု သုံးသပ်ထားသည်။

 

တော်လှန်ရေးကြီး မုချအောင်ရမည်!!!