D-Day နောက်ကွယ်ကသူလျှိုမဟုတ်သောသူလျှိုများ (၁၁၀)

by Hla Soewai - Feb 01 2022

ခင်ဗျား သူနဲ့ ဘယ်လို ဆုံခဲ့တာလဲ”

“ညဖက် မှောင်မဲနေတုန်း ဝင်တိုက်မိခဲ့ရင်းကပါ”

“ဘာဆိုလိုတာလဲ”

“ကျွန်တော်က ဓါတ်မီး မပါပဲ ပလက်ဖေါင်း ဘေးက လျှောက်လာတုံး ဝင်တိုက်မိရင်းက သူ့လက်ထဲက ဝယ်လာတဲ့ စားစရာ သောက်စရာတွေ ဖိတ်ကျကုန်တယ်”

“ဘယ်နားမှာ ဝင်တိုက်မိတာလဲ”

“ဗန်ဒိုက် ကလပ် အပြင်ဖက် ကင်ဆင်တန် မှာပါ”

“ဘယ်အချိန်လောက်က လဲ”

“ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကပါ”

“အတိအကျ လေး ပြောပါ”

“ဘုရားရေ..ဘယ်လိုလုပ် မှတ်မိပါ့မလဲ၊ တနင်္လာနေ့တော့ ဖြစ်နိုင်တယ်”

“ညဖက် ဘယ်အချိန်လောက်လဲ”

“ခြောက်နာရီ ပတ်ဝန်းကျင်လောက်”

“သူကိုယ်သူ ဘယ်သူလို့ ပြောလဲ”

“ကက်သရင်း ဘလိတ်”

“အဲ့ညမတိုင်မီက ဆုံဖူးခဲ့လား”

“နိုး”

“အဲ့ည မတိုင်မီ မြင်ကော မြင်ခဲ့ဖူးလား”

“နိုး”

“ပထမဆုံး စတွေတဲ့ ညက ဘယ်လောက်ကြာကြာ စကားပြောဖြစ်ခဲ့ကြလဲ”

“တမိနစ်တောင် မကြာဖူး”

“နောက်ထပ် တွေ့ဖို့ကော အချိန်းအချက် လုပ်ခဲ့သေးလား”

“အချိန်းအချက်လုပ်တယ်လို့တော့ မဟုတ်ဘူး။ နောက်တခါ ကျွန်တော် နဲ့ တခုခု လိုက်သောက်ဖို့တော့ ပြောမိတယ်၊ သူက ကောင်းသားပဲ ပြောပြီး လှည့်ထွက်သွားတယ်”

“သူ့လိပ်စာကော ပေးသွားသေးလား”

“နိုး”

“ဖုန်း နံပတ်ကော”

“နိူး”

“အဲ့ဒါဆို ခင်ဗျားတို့ နောက်တခေါက် ဘယ်လိုများ ဆုံဖြစ်ခဲ့ကြတာလဲ”

“မေးသင့်တဲ့ မေးခွန်းမျိုးပဲ၊ သူ့အနေနဲ့ ကျွန်တော်ကို ပြန်တွေ့ဖို့ မရည်ရွယ်ထားဖူးလို့ ယူဆထားတာပါ”

“ဘယ်တော့လောက် ပြန်ဆုံခဲ့ကြလဲ”

“နောက်တနေ့ည မှာပဲ”

“ဘယ်နေရာမှာလဲ”

“ဆာဗွိုင်း ဟိုတယ် ရဲ့ ဘားခန်းမှာ”

“ဘယ်လို အခြေအနေမျိုး နဲ့လဲ”

“ကျွန်တော်က မိတ်ဆွေတယောက်နဲ့ တခုခု သောက်နေတုန်း”

“မိတ်ဆွေရဲ့ အမည်က”

“ရှက်ပတ် ရမ်းဆေးပါ”

“ဒါနဲ့ ခင်ဗျားက သူ့ကို ဘားခန်းမှာ တွေ့ခဲ့တယ် ဆိုပါတော့”

“ဟုတ်ပါတယ်”

“သူက ခင်ဗျားတို့ ထိုင်နေတဲ့ စားပွဲဆီ လျှောက်လာတာလား”

“မဟုတ်ပါဘူး၊ ကျွန်တော်က သူ့ ဆီ သွားခဲ့တာပါ”

“အဲ့နောက် ဘာဖြစ်လဲ”

“သူ အပြောကတော့ တယောက်ယောက် နဲ့ ချိန်းထားလို့ ရောက်လာတာ၊ ခုထိ ပေါ်မလာသေးဖူးလို့ ပြောတယ်။ ကျွန်တော်က တခုခု သောက်ပါလား ဆိုတော့ သူက ဒီမှာ ဆက်မနေချင်တော့ဖူး ဆိုတာနဲ့ ကျွန်တော်လည်း သူနဲ့အတူ လိုက်ထွက်လာခဲ့တယ်”

“ဘယ်ကို သွားကြလဲ”

“ကျွန်တော် အိမ်ကိုပါ”

“အဲ့ကျ ခင်ဗျား တို့ ဘာတွေ လုပ်ကြလဲ”

“သူက ညစာ ဝင်ချက်ပြီး အတူတူ စားခဲ့ကြတာပါ၊ ပြီးတော့ ခဏတဖြုတ် စကားပြောပြီး သူက ထပြန်သွားတယ်”

“အဲ့ညက ခင်ဗျား တို့ အတူတူ အိပ်ခဲ့ကြသေးလား”

“ဒီမှာ...ကျွန်တော် ဒီလောက်ထိ...”

“ခင်ဗျား ပြောကို ပြောရတော့မယ် ကွန်မန်ဒါ ဂျော်ဒန်၊ အခု မေးတာကို ဖြေပါ၊ အဲ့ည က ခင်ဗျား တို့ အတူတူ အိပ်ဖြစ်ကြလား”

“နိုး”

“ခင်ဗျား အမှန်အတိုင်း ပြောနေတာပါနော်”

“ဘာ”

“ခင်ဗျား ကို အမှန်အတိုင်း ပြောပါလို့ ကျွန်တော် ပြောနေတယ်”

“ဒါ အမှန်အတိုင်းပဲလေ”

“ခင်ဗျား ဒီည အဖို့တော့ ကျွန်တော်ကို လိမ်ဖို့ မကြိုးစားနဲ့ ကွန်မန်ဒါ ဂျော်ဒန်”

“မလိမ်ပါဘူး”

“ကောင်းပြီ၊ အဲ့လို မလုပ်ဖို့လည်း ကျွန်တော် အကြံပေးပါရစေ၊ အခု တင် ခင်ဗျား ဒုက္ခရောက်နေပြီ၊ ကဲ..ဆက်ကြရအောင်”

 *********************

ထို့နောက်တွင်တော့ ဗီကာရီက ချက်ခြင်းလို မေးခွန်းလမ်းကြောင်းကို ပြောင်းလိုက်ပြီး ဂျော်ဒန်အနေနှင့် သက်သက်သာသာ ဖြေလို့ရမည့် အကြောင်းများဆီ ဦးတည်လိုက်သည်။ တနာရီနီးပါးမှ ဂျော်ဒန်၏ ကိုယ်ရေး ရာဇဝင်များကို မေးမြန်းလိုက်သည်၊ မင်ဟက်တန်အနောက်ပိုင်းတွင် ကြီးပြင်းခဲ့သော သူ၏ ငယ်စဉ်ဘဝ၊ ရင်ဆဲလား ပိုလီ တက္ကနစ် ကျောင်းတွင် ပညာသင်ကြားခဲ့ပုံ၊ အရှေ့မြောက် တံတား ကုမ္ပဏီကြီးတွင် ဝင်ရောက် လုပ်ကိုင်ခဲ့ပုံ၊ ချမ်းသာပြီး ချောမောလှပသော မာဂရက် လောက်တာဘတ် နှင့် ဆုံဆည်းပြီး လက်ထပ်ဖြစ်ခဲ့ပုံ၊ ၁၉၃၉ ဩဂုတ်လအတွင်း လောင်းအိုင်းလန် တွင် ကားအက်စီးဒင့် ဖြင့် ကွယ်လွန်သွားခဲ့ရသည့် အကြောင်းတို့ ဖြစ်သည်။

ဗီကာရီ က မေးခွန်းများကို ဘာကိုမျှ လှန်လှောမကြည့်ပဲ နှုတ်တိုက်ပင် မေးလာခဲ့ခြင်း ဖြစ်သည်။ ဂျော်ဒန် ၏ အဖြေများကို ယခုမှ ကြားသိရသည့် ပုံစံမျိုး နှင့် မေးနေခြင်း ဖြစ်သည်၊ တကယ်တမ်းတွင် သူသည် ကားနှင့် လာခဲ့သည့် ခရီးတလျှောက်လုံး ဂျော်ဒန်၏ ဖိုင်ကို အလွတ်နီးပါး ရလုမတတ် အခေါက်ခေါက် အခါခါ ဖတ်ရှု့ထားခဲ့ပြီး ဖြစ်သည်။ 

သူ၏ ရည်ရွယ်ချက်က စစ်ကြောနေသည့် ကာလအတွင်း ပြောဆိုနေပုံများကို ထိန်းချုပ်ထားနိုင်ရန် အတွက် ဖြစ်သည်။ ဂျော်ဒန်သည် သက်တောင့်သက်သာ ရှိလာသည့် အခါကျမှသာ သူ သိချင်သည့် လမ်းကြောင်းကို ဦးတည်မည် ဖြစ်သည်။ လက်ရှိတွင်တော့ ဂျော်ဒန် ဖြေသမျှကို မှတ်စုစာအုပ်ထဲတွင် တကုတ်ကုတ် နှင့် လိုက်လံရေးမှတ်နေသည်။

တကယ်တမ်းတွင် သူ့အနေနှင့် ထိုသို့ ရေးမှတ်နေရန်ပင် မလို၊ စစ်ကြောမေးမြန်းနေသည်များကို အခန်းထဲတွင် လျို့ဝှက်တပ်ဆင်ထားပြီး ဖြစ်သည့် မိုက်ကရိုဖုန်းမှတဆင့် ဖမ်းယူထားခဲ့ပြီး ဖြစ်သည်။ ဂျော်ဒန်ပါးစပ်က တခုခု ပြောလာတိုင်း စာအုပ်ပေါ်တွင် လိုက်လံရေးမှတ်နေသော ဗီကာရီ၏ ခဲတံမှ တဂျစ်ဂျစ် နှင့် လိုက်လံရေးမှတ်နေသံနှင့် စာရွက် တဖက်သို့ လှန်သံကိုသာ ကြားနေရသည်။ မိနစ်အနည်းငယ် ကြာတိုင်း ခဲတံ တုံးသွား၍ ဆိုကာ ဂျော်ဒန်အား ပြောလက်စ စကားကို ရပ်ခိုင်းထားပြီး နောက်ထပ် တချောင်းကို အချိန်ဆွဲပြီး ထုတ်နေပြန်သည်၊ ထုတ်သည့် အခါလည်း များများစားစား မဟုတ်ပဲ တချောင်းထဲသာ ထုတ်ယူတတ်ပြန်သည်။

ခဲတံ တခါရှာနေသည့် အချိန်ကလည်း အရင်ကထက် ပို၍ ကြာလာနေသည်၊ ဗီကာရီ လုပ်သမျှကို အခန်းထဲရှိ မှောင်ရိပ်တနေရာမှ ရပ်ကြည့်နေသော ဟာရီက ချီးကြူး၍ မဆုံး ဖြစ်နေသည်။ သူသည် ဂျော်ဒန်အား ခပ်တုံးတုံး ခပ်အအ ဗျုရိုကရက် တဦး အဖြစ် မြင်စေလို၍ ဖြစ်သည်။ ဗီကာရီသည် ခဲတံ အသစ်တချောင်း အောင်မြင်စွာ ထုတ်ယူလိုက်ပြီး စာရွက် နောက်တမျက်နှာကို လှန်လိုက်သည်။

 ****************************

“သူ့နာမည် အရင်းက ကက်သရင်း ဘလိတ် မဟုတ်ဘူး၊ ပြီးတော့ အင်္ဂလိပ် လူမျိုး စစ်စစ်လည်း မဟုတ်ပြန်ဘူး၊ သူအမည်ရင်းက အင်နာ ကက်ထရီနား ဗွန် စတိန်နာ၊ ဒါပေမယ့် ကျွန်တော် အနေနဲ့ ဒီနာမည်ကို ဆက်သုံးမှာတော့ မဟုတ်ဘူး၊ ခင်ဗျားလည်း အခု ပြောတဲ့ နာမည်ကို ဒီနေရာမှာပဲ မေ့ပစ်လိုက်ပါ၊ ဘာကြောင့် လဲဆိုတာ နောက်ပိုင်းကျရင် ကျွန်တော် ရှင်းပြပါမယ်၊ ဒီအမျိုးသမီးကို ပထမ ကမ္ဘာစစ် မတိုင်မီ လန်ဒန်မှာ မွေးတယ်၊ အမေက အင်္ဂလိပ် လူမျိုး၊ အဖေက ဂျာမန်၊ ၁၉၃၈ နိုဝင်ဘာလထဲမှာ ဒပ်ချ် နိုင်ငံကူးလက်မှတ် အတု နဲ့ အင်္ဂလန်ကို ပြန်ဝင်လာတယ်၊ ခင်ဗျား ဒီဓါတ်ပုံကိုကော မှတ်မိလား”

“အဲ့တာ သူ့ပုံပဲလေ၊ အခုတော့ နဲနဲ ပြောင်းသွားပြီ၊ သူမှ သူပဲ”

“သူရဲ့ နောက်ကြောင်း ရာဇဝင်နဲ့ ဘာသာ စကား ကျွမ်းကျင်မှုတွေကြောင့် ဂျာမန်ထောက်လှန်းရေးဖက်က မျက်စိကျလာ တာ လို့ ကျွန်တော်တို့ ယူဆတယ်၊ သူ့ကို ၁၉၃၆ ခုနှစ်ကတည်းက စည်းရုံးသိမ်းသွင်းခဲ့တယ်လို့ ယုံကြည်ရတယ်၊ ပြီးတာနဲ့ ဘာဗေရီယားက စခန်းတခုကို ပို့ပြီး အသံလွှင့် သင်္ကေတ တွေ၊ ရေဒီယို အသုံးပြုပုံ ပြုနည်း တွေ၊ ရန်သူ အနေအထားကို အကဲခတ်ပုံ ခတ်နည်း တွေနဲ့ လိုအပ်ရင် သတ်ဖြတ်နိုင်ဖို့ကိုပါ လေ့ကျင့်ပေးခဲ့တယ်။ ဒီနိုင်ငံထဲ ဝင်လာတာကို ဖုန်းကွယ်ထားလို့ ရအောင် ဆားဖစ်ခ် မှာ အမျိုးသမီး တယောက်ကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တယ်၊ နောက်ထပ် လူသုံးယောက်ကိုလည်း သတ်ခဲ့ပြီးပြီလို့ ကျွန်တော်တို့ ထင်ထားတယ်”

“ယုံဖို့ ခက်လှသဗျာ”

“ယုံလိုက်ပါလေ၊ သူက အခြား စပိုင်တွေနဲ့တော့ မတူဖူး၊ ကနယ်ရစ် လွှတ်လိုက်တဲ့ စပိုင် အတော်များများက သုံးစားမရတဲ့ လူတွေချည်းပဲ၊ ကောင်းကောင်းလည်း လေ့ကျင့် ပေးမထားတဲ့ အပြင် သူလျို အလုပ်နဲ့ မသင့်တော်တဲ့ လူတွေများတယ်၊ စစ်ကြီး အစမှာပင် သူတို့ရဲ့ ကွန်ယက်တွေကို ကျွန်တော်တို့ဖက်က ဖြိုခွဲနိုင်ခဲ့ပြီးပြီ၊ အခု ကက်သရင်း ဘလိတ်က သူတို့ထဲမှာ စတား လို့ ပြောလို့ရတယ်၊ ကျန်တဲ့လူတွေ နဲ့ မတူဘူး၊ သူ့လို လူမျိုးကို ဘယ်လို ခေါ်လဲဆိုတော့ Sleeper လို့ ခေါ်တယ်၊ နိုင်ငံထဲ မှာ လိုအပ်ရင် သုံးရအောင် ဟိုး အကြာကြီး ကထဲ က ထည့်ပြီး ဇာတ်မြုပ်ထားတဲ့ သဘော၊ သူအဖို့က ရေဒီယို သုံးပြီး အမြဲ သတင်းပေးနေစရာလည်း မလိုဘူး၊ ဒီပြင် သူလျို လုပ်ငန်းတွေနဲ့လည်း ပတ်သက်စရာ မလိုဘူး။ သူ့တာဝန်က ဗြိတိသျှ အသိုက်အဝန်းထဲ ဝင်ရောနေပြီး ပေးလာမယ့် တာဝန်ကို စောင့်နေဖို့ပဲ”

“သူက ကျွန်တော်ကို ဘာကြောင့် ရွေးလာရတာလဲ”

“ဒီနေရာမှ ခင်ဗျား မေးတဲ့ မေးခွန်းကို ကျွန်တော် ပြန်ပြီး ပြင်မေးပါရစေ ကွန်မန်ဒါ ဂျော်ဒန်၊ သူက ခင်ဗျားကို ရွေးတာလား၊ ခင်ဗျားက သူ့ကို ရွေးတာလား”

“ခင်ဗျား ဘာတွေ ပြောနေတာလဲ”

“ကျွန်တော် ပြောတာ ရှင်းရှင်းလေးပါ၊ ခင်ဗျား ကျွန်တော်တို့ရဲ့ လျိုဝှက်ချက်တွေကို ဘာကြောင့် ဂျာမန်တွေဆီ ပို့ပေးနေတာလား ဆိုတာ ပဲ ကျွန်တော် သိချင်တယ်”

“ကျွန်တော်က ဘာအတွက် လုပ်ရမှာလဲ”

“ခင်ဗျား ဘာကြောင့် ကျွန်တော်တို့ အပေါ် သစ္စာဖေါက်ရတာလဲ ဆိုတာပဲ ကျွန်တော် သိချင်တယ်”

“ကျုပ် ဘယ်သူ ကိုမှ သစ္စာ မဖေါက်ခဲ့ဖူးဘူး”

“ခင်ဗျားက ဂျာမန် ထောက်လှန်းရေးရဲ့ အေးဂျင့် တယောက် အဖြစ် ဘာကြောင့် လုပ်ပေးနေရတာလဲ ဆိုတာ ကျွန်တော် သိချင်တယ်”

“ရီစရာ ကောင်းလိုက်တဲ့ စကား ပါလားဗျ”