D-Day နောက်ကွယ်ကသူလျှိုမဟုတ်သောသူလျှိုများ (၁၀၉)

by Hla Soewai - Jan 31 2022

မိုးက တစိမ့်စိမ့် အဆက်မပြတ် ရွာသွန်းနေသဖြင့် အအေးဓါတ်က ပိုလာပြီး သူတို့ထိုင်နေသော ဟမ်ဘား ကားထဲတွင် စကားပြောလျှင်ပင် ပါးစပ်မှ အငွေ့များ တထောင်းထောင်း ထွက်နေသည်၊။ ဂရိုဗီနာ ရင်ပြင် တွင်တော့ ထူးထူးခြားခြား ငြိမ်သက် တိတ်ဆိတ်နေ၍ ယခုလို အမှောင်ချထားသည့် ညတွင် ခွဲခြား နိုင်စွမ်း မရှိ အောင်ပင် ဖြစ်နေသည်။ သူတို့ကားကို ဂျာမန် လွှတ်တော် ရိုချ် စတက် ရှေ့တွင် ရပ်ထားသည်ဟု ပင် ပြော၍ ရနေသည်။

 

အမေရိကန် ဝန်ထမ်း များ အတွက် ပေးထားသော ကားတစီးသည် ရှေ့မီးလုံးများ ကို အဝတ်နှင့် ဖုံးကာ ရင်ပြင်ထဲသို့ ဝင်လာသည်၊ ထွက်ပေါ်လာသော ကားမီးရောင် ဖျော့ဖျော့အောက်တွင် မိုးရေစက်များဖြင့် လမ်းသည် ပြောင်လက်နေသည်ကို တွေ့နေရသည်။ ကားထဲမှ လူနှစ်ယောက် ဆင်းလာသည်ကို လှမ်းတွေ့လိုက်ရသော်လည်း ဂျော်ဒန် တော့ မဟုတ်ပေ။ တအောင့်ခန့်အကြာတွင် စာပို့သမား၏ မော်တော်ဆိုင်ကယ် သည် အမှောင်ထုထဲမှ ထွက်ပေါ်လာပြန်သည်။ ဗီကာရီလည်း ချက်ခြင်းလို ပြင်သစ်ကို အမှတ်ရသွားမိသည်။

 

သူ့စိတ်ထဲ ပေါ်လာသော အတွေးများကို မောင်းထုတ်ပစ်ရန် မျက်လုံးကို  တင်းတင်းကျပ်ကျပ် မှိတ်လိုက်သော်လည်း ကင်ဆင်တန် ရှိ အိမ် ပြတင်းပေါက်တွင် တွေ့လိုက်ရသော လူတယောက်၏ မျက်နှာက အစားထိုး ဝင်ရောက်လာသည်။ ထိုလူသည် စပ်စုတတ်သော အိမ်နီးနားချင်း တဦးလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် ထိုလူနှင့် ပတ်သက်၍ သူ့စိတ်ထဲတွင် မတင်မကျ ဖြစ်နေသည်၊ ပြတင်းပေါက် မှန်မှ ပေအနည်းငယ် နောက်ဆုတ်ပြီး ရပ်နေပုံ၊ အခန်းကို အမှောင်ချထားပုံ တို့ကြောင့် ဖြစ်သည်။ သူ့မျက်နှာကိုလည်း စိတ်ထဲတွင် မြင်ယောင်လာနေမိသည်၊ ဆံပင်ရော မျက်လုံးပါ အနက်ရောင်၊ ပါးစပ်ပေါက် ကျဉ်းကျဉ်း၊ အသားအရည် ဖျော့တော့တော့ ဖြစ်နေ၍ ဘယ်နိုင်ငံသား မှန်း ရုတ်ခြည်း မသိရအောင် တမင်တကာ စီစဉ်ထားပုံ ရသည်ဟုပင် ယူဆမိသည်၊ ဂျာမန်၊ အီတာလီယန်၊ ဂရိ ဒါမှမဟုတ် ရုရှားလည်း ဖြစ်နိုင်ခြေ ရှိသည်။ အင်္ဂလိပ်လူမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

 

သူ နှင့် ဟာရီလည်း မတိုင်ပင်ရပဲ စီးကရက် ကိုယ်စီ ထုတ်ပြီး ညှိလိုက်ကြသည်။ မကြာမီမှာပင် ဟမ်ဘား ကားနောက်ပိုင်းတွင် မီးခိုးများ အူထွက်လာသည်။ ဗီကာရီက ဆေးလိပ်မီးခိုးများ အပြင်သို့ ထွက်သွားအောင် ကားမှန်ကို တလက္မ ခန့် ချလိုက်၍ အအေးဓါတ်က တိုးဝင်လာပြန်ပြီး သူ့မျက်နှာကို တစုံတခု နှင့် လှီးဖြတ်နေသလို ခံစားလိုက်ရသည်။

 

“မောင်ရင် ဒီလောက် နာမည်ကြီးမှန်း ကိုယ် တကယ်ကို မသိခဲ့ဖူး၊ လန်ဒန်က ရဲတိုင်းလိုလို မောင်ရင်ကို သိနေကြတာပါလား”

 

“စပင်ဆာ သောမတ်စ် အမှုကြောင့်ပါ”

 

“ဘယ်လို များ သူ့ကို အမိဖမ်းနိုင်ခဲ့တာလဲ”

 

“ဒီသောက်ရူးက သူလုပ်သမျှ အကုန် ချရေးထားတာကိုး”

 

“ဘာ ဆိုလိုတာလဲ၊ မရှင်းဘူး”

 

“သူက သူကျုးလွန်ခဲ့တဲ့ လူသတ်မှုတိုင်းကို အသေးစိတ် မှတ်လည်း မှတ်မိချင်တယ်၊ သူ့ ဦးနှောက်ကိုလည်း သူ မယုံဘူး၊ အဲ့တော့ ဒိုင်ယာရီ တအုပ်ဆောင်ပြီး အကုန်ရေးထားတာ၊ သူ့အခန်းကို ရှာရင်းနဲ့ အဲ့တာကို ကျွန်တော် တွေ့လာခဲ့တာပဲ၊ လူတယောက် စာကို ဘယ်လို ပုံစံနဲ့ ရေးထားတယ် ဆိုတာ ကို အာစရိ တွေ့ရင် အံ့ဩသွားမယ်”

 

ဗီကာရီ က ဟယ်လင်ထံမှ စာကို သတိရလိုက်ပြီး စိတ်ထဲမှ အံ့ဩမိမှာ မဟုတ်ဘူးလို့ ပြောလိုက်သည်။ “ကျမ ရှင့်ကို ဘယ်လောက်ချစ်ခဲ့တယ် ဆိုတာကို အခြား ဘယ်သူကိုမှ မလုပ်ခဲ့ဖူးတဲ့ နည်းမျိုးနဲ့ သက်သေပြခဲ့ပြီးပြီ၊ ဒါပေမယ့် အိမ်ထောင်ပြုလိုမှု သက်သက်နဲ့တော့ ကျမ အဖေနဲ့ ဆက်ဆံရေးကို အထိခိုက် မခံချင်မိဘူး”

 

“ဒါနဲ့ ဂရေစ် ကလာရင်တန် ကော”၊ သူမအကြောင်းကို ယခင်က တခါမှ မမေးမြန်းခဲ့ဖူး၍ ယခုမှ ကောက်ကာငင်ကာ မေးလိုက်ပုံက သဘာဝမကျသလို ဖြစ်နေသည်။ သူမေးပုံကလည်း ရပ်ဘီ တို့ ကရစ်ကက် ပွဲတွေ အကြောင်း မေးလိုက်သည့် လေသံမျိုး ဖြစ်နေပြန်သည်။

 

“အိုကေ ပါတယ်၊ ဘာဖြစ်လို့ မေးတာလဲ”

 

“မနေ့ညက ဘုသီ ရုံးခန်း အပြင်ဖက်မှာ တွေ့လိုက်မိလို့”

 

“ဘုသီက ဖိုင်တွေ ဘာတွေ လိုချင်ရင် ဂရေ့စ်ကို သူ့ရုံးခန်းထဲ ကိုယ်တိုင် လာပေးဖို့ ခိုင်းတတ်တယ်၊ ဂရေ့စ်ကတော့ သူ့ခြေထောက်ကို ငမ်းချင်လို့ လာခိုင်းတာလို့ ထင်နေတယ်၊ ဂရေ့စ်က သူနဲ့ ဖြစ်ခဲ့ဖူးတယ်လို့ ဌာနထဲက လူတဝက်လောက်က ထင်ထားကြတာ”

 

ဗီကာရီလည်း ထိုသို့သော ကောလဟသများကို ကြားခဲ့ဖူးပြီး ဖြစ်သည်။ ဘုသီသည် ဌာနထဲမှ အတော်များများ နှင့် အတူ အိပ်ခဲ့ပြီး ဖြစ်သည်။ ထိုအထဲတွင် ဂရေ့စ် ကလာရင်တန်လည်း ပါနေသည်။

 

“ရှင် ကျမကို ဒီလို အချိုးမျိုး ချိုးလို့ မရဘူး၊ လူယုတ်မာကြီး” ဟု ပြောလိုက်သော ဂရေ့စ် အသံကို ပြန်ကြားယောင်လာမိသည်။

 

ဘုသီက ဗိုဂဲလ် ဖိုင်နှင့် ပတ်သက်ပြီး ဆူပူ ကြိမ်းမောင်းပုံရသည်ဟု ဗီကာရီက ယူဆခဲ့သည်၊ သို့သော် မရှင်းမရှင်း ဖြစ်နေသူ နှစ်ဦး အချင်းများနေသည်လည်း ဖြစ်နိုင်သည်၊ သူ ကြားခဲ့သည်များကို ဟာရီအား ပြန်မပြောတော့ဟု လည်း ဆုံးဖြတ်လိုက်သည်။

 

မကြာခင်မှာပင် ကားတစီး ရင်ပြင်ထဲသို့ ဝင်လာသည်။

 

ဗီကာအဖို့ ပထမဆုံး ဂျော်ဒန်ကို မြင်လိုက်ရသော ပုံရိပ်သည် သူ့အဖို့ ချက်ပြုတ်ရာမှ ထွက်လာသော ညှော်နံ့များ အင်္ကျီတွင် ကပ်ညိနေသလို အတော်ကြာအောင် စွဲကျန်ရစ်တော့မည်ကို ရိပ်စားမိလိုက်သည်။ သူ့တို့ ကားဘေးမှ ဖြေးဖြေးချင်း ဖြတ်မောင်းလာသော အမေရိကန် ရုံးကား၏ ပြတင်းပေါက်မှ ဂျော်ဒန်ကို ရိပ်ကနဲ မြင်လိုက်ရသည်။ ရှေ့တူရှုက ရင်ပြင်တွင် သူ့အား ရန်သူများ ပုန်းကွယ်ပြီး စောင့်ဆိုင်းနေသယောင် စူးစိုက်ကြည့်နေသော မျက်လုံးများ၊ လက်ဝှေ့ကြိုးဝိုင်းထဲ ပြိုင်ဖက် နှင့် ရင်ဆိုင်ရန် အဆင်သင့် ပြင်ထားပုံရှိသည့် တောင့်တင်း သန်မာပုံရှိသော မေးကြောကြီးများ၊ ကက်ဦးထုတ်ကို မျက်ခုံးထိနေအောင် ဆွဲချ ဆောင်းထားပြီး အပေါ် လောင်းကုတ် အင်္ကျီအားလည်း မေးဖျားထိ ရောက်အောင် ကြယ်သီးအပြည့်အစုံ တပ်ထားပြန်သည်။

 

ဂျော်ဒန် လိုက်ပါလာသော ကားသည် အမှတ် (၄၇) ရှေ့တွင် ထိုးရပ်သွားသည်၊ ကားကို စက်နှိုးလိုက်ပြီး ရှေ့သို့ မောင်းထွက်လာခဲ့သည်၊ ဟာရီသည် ကားထဲမှ ကမန်းကတန်း ခုန်ထွက်လိုက်ပြီး ဂျော်ဒန်နောက်သို့ အပြေးကလေး လိုက်သွားသည်။

 

နောက်ပိုင်း ဖြစ်ပျက်ခဲ့သည်များကို ဗီကာရီသည် အသံမထွက်ပဲ လက်ဟန်ခြေဟန်ဖြင့် သရုပ်ဆောင်နေသော ပြဇာတ်တပုဒ်ကို ကြည့်နေရသည့် အလား ပင်။ ဟာရီသည် ဂျော်ဒန်အား တခုခု ပြောလိုက်ပြီး အဆင်သင့် ထိုးရပ်လာသော ဟမ်းဘား ကားတစီး ပေါ်သို့ တက်ခိုင်းနေသည်။ ဂျော်ဒန်သည် ဟာရီအား အခြားကမ္ဘာက ဂြိုလ်သား တဦးအလား စိုက်ကြည့်နေသည်။

 

ဟာရီက သူသည် လန်ဒန် ရဲအဖွဲ့မှ အရာရှိတဦး ဖြစ်ကြောင်း လွန်စွာ ယဉ်ကျေးသိမ်မွေ့သည့် လေယူလေသိမ်း ဖြင့် ပြောဆိုနေသော်လည်း ဂျော်ဒန်က ဒေါသတကြီး ငြင်းဆန်နေပုံရသည်။ ဟာရီသည် ဂျော်ဒန်လက်ကို ခပ်တင်းတင်း ဖမ်းဆုပ်လိုက်ရင်းက သူ့နား နားကပ်ကာ တစုံတရာကို တီးတိုး ပြောလိုက်ပြန်သည်။

 

ထိုအခါတွင်တော ဂျော်ဒန်မျက်နှာသည် သွေးမရှိတော့သလို ဖြူဖတ်ဖြူယော် ဖြစ်သွားတော့သည်။

 

                                                **************************

 

အခန်း (၃၇)

 

RICHMOND-UPON-THAMES, ENGLAND

 

အုတ်နီများဖြင့် ဆောက်လုပ်ထားသော ဝိတိုရိယ ခေတ် အိမ်ကြီးအား လမ်းပေါ်က ကြည့်မည်ဆိုလျှင်တော့ မြင့်ရလိမ့်မည် မဟုတ်ပေ။ ကွေ့ကာ ဝိုက်ကာ ဖြင့် ကျောက်စရစ် ခင်းထားသော အဝင်လမ်း၏ အဆုံး ကုန်းမြင့်ကြီး တခု ပေါ်တွင် ရှိနေသည်။ ‌နောက်ခန်းတွင် တဦးတည်း ထိုင်ရင်း အအေးဓါတ်ကို အံတုကာ လိုက်ပါလာသော ဗီကာရီ၏ ဟမ်ဘားကားသည် အဆောက်အဦးနား ချည်းကပ်လာသည်နှင့် ကားမီးရောင်ကို ပိတ်လိုက်သည်။ ဗီကာရီသည် လမ်းတလျှောက်လုံး ဂျော်ဒန်၏ ဘရိဖ်ကေ့စ်ထဲ ပါလာသည့် စာရွက်စာတမ်းများကို ဖတ်ရင်း လိုက်လာခဲ့သည်။ ဖတ်ရတာ များ၍ မျက်လုံးများပင် ကြိမ်းစပ်လာပြီး ခေါင်းထဲကလည်း တစစ်စစ် ကိုက်လာနေသည်။ အကယ်၍ ထိုစာရွက်စာတမ်းများသာ ဂျာမန်တို့ လက်ထဲ ရောက်သွားခဲ့မည် ဆိုလျှင် အပ်ဗဲယား အဖို့ ကမ်းတက် စစ်ဆင်ရေး၏ လျို့ဝှက်ချက်များကို အသာလေး ဖေါ်ထုတ်နိုင်ပေတော့မည်။ မိမိတို့ဖက်မှ လိမ်ညာ ဟန်ဆောင်ထားမှု များကို အသာလေး လှပ်၍ ပြူးပြဲ ကြည့်လာနိုင်တော့မည် ဖြစ်၍ စစ်ပွဲကိုလည်း အသာလေး အနိုင်ရသွားပေတော့မည်။

 

ဘာလင်တွင် တွေ့လာရမည့် မြင်ကွင်းကို ဗီကာရီသည် ပုံဖေါ် ကြည့်လိုက်မိပြန်သည်။ ဟစ်တလာသည် စားပွဲပေါ်တက်ကာ သူ့၏ ရှုးဖိနပ်နှင့် စီးချက်လိုက်ရင်း ကနေသည်။ “ငါသာ ဒီသောက်စပိုင်ကို ဖမ်းမမိနိုင်ဖူး ဆိုရင် ဒါမျိုးတွေ ဖြစ်လာတော့မှာ မဟုတ်ဘူး” ဟုလည်း တွေးလိုက်သည်။

 

ဗီကာရီသည် မြူများ ကပ်ညိနေသော ကားပြတင်းမှန်ကို အပြင်သို့ မြင်ရအောင် လက်နှင့် သုတ်လိုက်သည်။ အိမ်ကြီး အဝင်ဝတွင် ထွန်းထားသော မီးရောင်မှ လွဲ၍ တအိမ်လုံး ပိန်းပိတ်အောင် မှောင်မဲနေသည်။ ထိုအိမ်ကြီးကို စစ်ကြီး မဖြစ်မီလေးကပင် MI5 က ဒေဝါလီ ခံရလုနီးနီး ဖြစ်နေသော အိမ်ပိုင်ရှင်ထံမှ ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။ ထိုအိမ်အား လျို့ဝှက် ပြုလုပ်စရာ ရှိသည့် အစည်းအဝေးများ၊ စစ်ကြောမေးမြန်းဖို့ ရှိသည်များနှင့် လူသိခံ၍ မဖြစ်သော ဧည့်သည်များ တည်းခိုရန်တို့တွင် သုံးရန် အတွက် ဝယ်ခဲ့ခြင်းလည်း ဖြစ်သည်။ မကြာခဏ အသုံးပြုခြင်း မရှိခဲ့၍လည်း ပတ်ဝန်းကျင်တွင် ပေါင်းမြက်များ ထူထပ်စွာ ပေါက်ရောက်နေပြီး ပြုပြုပြင်ပြင် မရှိ၍လည်း ရန်သူတို့ ဆုတ်ခွာပြီး ထားသွားသော အိမ်ကြီး တအိမ် ၏ ပုံမျိုး ထွက်နေသည်။ လူရိပ်လူယောင် ဟူ၍ အဝင်လမ်း တလျှောက် ပုံစံအမျိုးမျိုး နှင့် ထိုးရပ်ထားသော ဌာနပိုင် ကားများကိုသာ တွေ့နေရသည်။

 

ဘုရင် မရိမ်းတပ်မှ အစောင့်တဦးက ဘယ်နေရာကမှန်း မသိ ထွက်လာပြီး ဗီကာရီ ထိုင်နေသည့် ကားနောက်ခန်း တံခါးကို ဆွဲဖွင့်ပေးလိုက်သည်။ ထို့နောက် အေးစိမ့်နေသော ဟောခမ်းမကြီး တလျှောက် ရှိ အခန်းပေါင်းများစွာကို ဖြတ် ခေါ်လာသည်၊ အခန်းများထဲ စောင်းငဲ့ကြည့် လိုက်ရာ အဝတ်များဖြင့် အုပ်ထားသည့် ပရိဘောဂများ ရှိနေသည့် ဧည့်ခန်းဆောင်၊ စာအုပ်များ မရှိပဲ စင်များသာ ကျန်တော့သည့် စာကြည့်ခန်း များ ဖြစ်နေမှန်း သိလိုက်သည်၊ နောက်ဆုံးတွင် မှောင်မဲနေသော အပြင်ကို လှမ်းမြင်နေရသည့် ခမ်းမကျယ်ကြီးထဲ သို့ စေ့ထားသည့် တံခါးနှစ်ချပ် ကို တွန်းဖွင့်ကာ ဝင်လာခဲ့သည်။

 

အခန်းထဲတွင် သစ်သား မီးလောင်သည့် အနံ့မျိုး အပြင် ဘရန်ဒီ နံ့ကိုပါ ရလိုက်သည်။ ဘီလိယက် စားပွဲ ကို အခန်းတနေရာသို့ တွန်းရွှေ့ထားပြီး ထိုနေရာတွင် ဝက်သစ်ချသားဖြင့် လုပ်ထားသည့် ထမင်းစာပွဲကြီး ကို ချထားသည်။ မီးလင်းဖိုမှ မီးများ အရှိန်တညီးညီး တောက်လောင်နေသည်၊ SHAEF မှ လွှတ်ထားသော အမေရိကန် ထောက်လှန်းရေး ဖက်မှ အရာရှိ နှစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ဘက်ဆယ် ဘုသီက မှောင်ရိပ်ကျသည့် နေရာ တနေရာတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။

 

ဗီကာရီက စားပွဲတွင် သူထိုင်ရမည့် တနေရာတွင် ဝင်ထိုင်ပြီး ဂျော်ဒန်၏ ဘရိဖ်ကေ့စ်အား သူ့ကုလားထိုင် အောက် ကြမ်းပြင်ပေါ်တွင် ချထားလိုက်သည်။ ထို့နောက် သူ့အိတ်ထဲမှ ပစ္စည်းပစ္စယာများကို ထုတ်ရန် အိတ်ကို ဖွင့်လိုက်ရင်းက မော့ကြည့်လိုက်မိ၍ ဘုသီ နှင့် မျက်လုံးချင်း ဆုံသွားသဖြင့် ခေါင်းငြိမ့်ပြလိုက်မိသည်။ ထို့နောက် ခေါင်းကို ပြန်ငုံ့ရင်း ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်နေပြန်သည်။ တံခါးပွင့်လာသံ ကြားလိုက်ရပြီး သစ်သားကြမ်းခင်းကို ဖြတ်လျှောက်လာသည့် လူနှစ်ဦး၏ ခြေသံများကို ကြားလိုက်သည်။ တယောက်က ဟာရီ ဖြစ်ပြီး နောက်တဦးက သူနှင့် အတူပါလာသည့် ဂျော်ဒန်ပင် ဖြစ်မည်။

 

တအောင့်လောက်အကြာတွင် သူ့ရှေ့ စားပွဲ တဖက်ရှိ ကုလားထိုင်ပေါ် ခြေပစ်လက်ပစ် ဝင်ထိုင်လိုက်သော ဂျော်ဒန်ကို တွေ့လိုက်သည်။ ဂျော်ဒန်ကို မကြည့်မိအောင် သတိထားလိုက်ရင်း သူ၏ မှတ်စုစာအုပ် နှင့် အဝါရောင် ခဲတံ ကို ထုတ်ပြီး သူ့ရှေ့ စားပွဲပေါ်တွင် သေသေသပ်သပ် တင်လိုက်သည်။ ထို့နောက် ဂျော်ဒန်၏ ကိုယ်ရေးဖိုင်ကို ထုတ်ပြီး စားပွဲပေါ်တင်လိုက်ပြန်သည်။ ထို့နောက် တွင် သူ့မှတ်စုစာအုပ်၏ ပထမ စာမျက်နှာကို လှန်လိုက်ရင်း ခဲတံ ထိပ်ကိုလည်း တံတွေး စွတ်လိုက်သည်။

 

အဆင်သင့် ဖြစ်သည့်အခါတွင် ဗီကာရီသည် ခေါင်းကို မော့လိုက်ပြီး သူ့ရှေ့တည့်တည့်တွင် ထိုင်နေသော ဂျော်ဒန်အား ပထမဆုံး အကြိမ် အဖြစ် စူးစူးစိုက်စိုက် အကဲခတ် ကြည့်လိုက်မိတော့သည်။

                                                ***********************