နိုင်ငံများသည် အဘယ်ကြောင့် မြို့တော်များကို ပြောင်းရွှေ့ကြရပေသနည်း

by Hla Soewai - Jan 30 2022

 ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌၂၀၂၂ ဇန်နဝါရီ ၁၈ ရက်နေ့တွင် အင်ဒိုနီရှားသည် ၎င်းတို့၏ မြို့တော် အသစ်အား “နူဆန်တရာ” (ဂျာဗား ဘာသာ ဖြင့် ကျွန်းစုကြီး) ဟု ခေါ်ဆိုမည် ဖြစ်ကြောင်း  တရားဝင် ထုတ်ပြန် ကျေညာလာခဲ့သည်၊ ထိုအမည်အား သမ္မတ ဂျိုကိုဝီမှ တင်ပြလာသည့် အမည်ပေါင်း ၈၀ ကျော်ထဲမှ ထုတ်နှုတ် အတည်ပြုပေးလိုက်ခြင်း လည်း ဖြစ်သည်။ ဘော်နီယို ကျွန်းစုကြီး ပေါ်ရှိ တောကြီးမျက်မဲ ထဲတွင် အကျယ်အဝန်းအားဖြင့် ၁၈၀,၀၀၀ ဟက်တာ (ဧက အားဖြင့် ၄၄၄, ၇၈၉) ရှိမည့် မြို့တော်သစ် တည်ဆောက်ရေး အတွက် ကုန်ကျငွေ ဒေါ်လာ ၃၂ ဘီလီယံ လျာထားခဲ့သည်။

 

အီဂျစ်တွင်လည်း အလားတူ ခမ်းနား ဝယ်ဝါသော မြို့တော်သစ်ကြီး တခု တည်ဆောက်ရန် ရည်မှန်းချက် ရှိနေသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ကက်ဘိနက် အစည်းအဝေး တွင် ထိုသို့တည်ဆောက်ရန် ဆုံးဖြတ်ချက် ချခဲ့ကြသည်၊ နာမည်ကိုတော့ ရွေးချယ်ခြင်း မရှိသေးပေ။ မြို့တော်အသစ်အား ကိုင်ရို၏ အရှေ့ဖက် ၄၉ ကီလိုမီတာ အကွာတွင် တည်ဆောက်သွားမည်ဟု လျာထားခဲ့ကြသည်။

 

နိုင်ငံများသည် အဘယ်ကြောင့် ယင်းတို့၏ မြို့တော်များကို ပြောင်းလဲ ပစ်ချင်ကြရပေသနည်း ဆိုသည်ကို အီကော်နော်မစ် မဂ္ဂဇင်းကြီးက ယခုလို ရှင်းပြထားသည်။

 

သမိုင်းတလျှောက် လေ့လာကြည့်မည်ဆိုက အုပ်ချုပ်သူများသည် အကွဲကွဲအပြားပြား ဖြစ်နေသော နယ်ပယ်များကို စုစည်းရန် မြို့တော် အသစ်များ တည်ဆောက်ခဲ့ကြသည်။ ရှေးဟောင်း ဒဏ္ဍာရီများအရ အီဂျစ်၏ မီနီးစ် ဘုရင်ကြီးသည် ဘီစီ ၃၁၅၀ တွင် နိုင်ငံ၏ အောက်ပိုင်း နှင့် အထက်ပိုင်းကို တပေါင်းတစည်းထဲ သွတ်သွင်းကာ မမ်ဖိစ်ကို မြို့တော် အဖြစ် ထားရှိခဲ့ဖူးပေသည်။ 

 

သမ္မတ ဂျော့ချ် ဝါရှင်တန်သည် ၁၇၉၀ တွင် မြောက်ပိုင်း နှင့် တောင်ပိုင်းပြည်နယ်များကို ပေါင်းစည်းဆက်သွယ်နိုင်ရန် ပြည်တွင်းစစ်ကြီး အတွင်း ယူနီယံ တပ်များ၏ ခံတပ်ကြီးလည်း ဖြစ်ခဲ့သည် ဝါရှင်တန်အား မြို့တော်အဖြစ် ရွေးချယ်ခဲ့သည်။ 

 

ဩစတေးလျသည် မဲလ်ဘုန်း နှင့် ဆစ်ဒနီ မြို့ကြီး များအကြား အလယ်တည့်တည့် တွင် ရှိနေသည့် ကင်ဘာရာအား မြို့တော်အဖြစ် နှစ်ဆယ်ရာစု နှစ် အစပိုင်းမှာပင် ရွေးချယ် သတ်မှတ်ခဲ့ကြသည်။

 

သို့သော် ထိုသို့ ပြုလုပ်ခဲ့ခြင်းများကြောင့် စည်းလုံးညီညွတ်မှု ရရှိခဲ့စမြဲ ဟူ၍ကား ပြော၍မရ ပြန်ပေ။ ၁၉၉၁ တွင် နိုင်ဂျီရီယားသည် တောင်ပိုင်း ကမ်းရိုးတန်း ရှိ မြို့တော် လာဂို့စ် အား နိုင်ငံ အလယ်ပိုင်းရှိ အဘူဂျာသို့ ရွှေ့ပြောင်းခဲ့ကြသည်။ လာဂို့စ်သည် သမိုင်း အစဉ်အဆက် ခရစ်ယာန်ဘာသာ ကိုးကွယ်သည့် ယိုရူဘာ တို့ ကြီးစိုးနေခဲ့သဖြင့် အဘူဂျာအား မြောက်ပိုင်းရှိ မူဆလင်များ နှင့် တောင်ပိုင်းရှိ ခရစ်ယာန်များအကြား ကြားခံ အဖြစ် ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုသို့ အဘူဂျာအား မြို့တော် အဖြစ် ရွှေ့ပြောင်းပေးခဲ့မှုသည် နိုင်ငံအတွင်း အကြီးဆုံး အစ္စလမ်မစ် လူမျိုးစုကြီး ဖြစ်သည့် ဟော်ဆာ တို့ အကျိုးကျေးဇူးများ ရရှိသွားခဲ့သည်။ မြို့တော် သစ် အဘူဂျာ တွင် တည်ဆောက်လာသည့် အစိုးရ အဆောက်အအုံများသည် အစ္စလမ် အငွေ့အသက်များ ပါလာသဖြင့် ခရစ်ယာန်များ စိတ်မသက်မသာ ဖြစ်လာခဲ့ရသည်။ မြို့တော် သစ်ဆောက်ရန် ဖယ်ရှားခံခဲ့ရသော ဌာနေ တိုင်းရင်းသားများ ဖြစ်သည့် ဂွာရီ လူမျိုးစုများကလည်း ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

 

ထိုသို့ ရွှေ့ပြောင်းခဲ့မှုများအားလုံးကို အုပ်ချုပ်သူများက စိတ်ရင်း စေတနာကောင်း ဖြင့် ပြုလုပ်ပေးခဲ့ကြခြင်းမျိုး ဖြစ်သည်ဟု ပြော၍ မရပြန်ပေ။ အချို့ အုပ်ချုပ်သူများသည် ၎င်းတို့ အပေါ် မကျေမနပ် ဖြစ်လာသော အုပ်ချုပ်ခံ လူထုနှင့် ဝေးရာတွင် နေလိုကြသည်။ ၂၀၀၄ တွင် တည်ဆောက်ခဲ့သော မြန်မာ၏ မြို့တော်အသစ် ဖြစ်သည့် နေပြည်တော်သည် စစ်ခေါင်းဆောင်များက ၎င်းတို့၏ အာဏာ ကို မြဲမြံစေရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည့်အပြင် စစ်တပ်၏ မာနထောင်လွှား မောက်မာမှုကို ပြဆိုခဲ့သည့် စီမံကိန်း ပင် ဖြစ်သည်။

 

၂၀၁၇ တွင် အာဖရိကတိုက်ရှိ သက်တမ်း အရှည်ကြာဆုံး အာဏာရှင် အဖြစ် ရပ်တည်ခဲ့သည့် အီကွေတိုနီယယ် ဂီနီ သမ္မတ တီရိုဒိုရို အိုဘီယန် သည် မြို့တော် အား မာလာဘို မှ အိုယာလာ သို့ ရွှေ့ပြောင်းခဲ့သည်။ ၎င်းကိုယ်တိုင် အာဏာသိမ်း ယူ ခဲ့သူ ဖြစ်သဖြင့်လည်း ပုန်ကန်သူများ၊ တက်ကြွလှုပ်ရှားသူများ ဝေဖန်ဆန့်ကျင်နေသူများနှင့် ဝေးသည်ထက် ဝေးအောင် လုံခြုံစိတ်ချရသည့် နေရာတနေရာကို ရွေးချယ် ရွှေ့ပြောင်းခဲ့ခြင်းလည်း ဖြစ်သည်။

 

အင်ဒိုနီရှား သမ္မတ သည် မိမိတွင် ထူးကဲ ကောင်းမွန်သည့် ရည်ရွယ်ချက်များ ရှိသည်ဟု ပြောလာခဲ့သည်။ မြို့တော် အသစ်တွင် ကာဘွန်ထုတ်လှုပ်မှု သုံည အဆင့် ရှိမည် ဖြစ်သည့်အပြင် နိုင်ငံ အနောက်ဖက်ပိုင်း မြို့ပြဒေသများတွင် အမြောက်အများ စုဝေးနေသည် ချမ်းသာကြွယ်ဝမှုများကို ပြန်လည် ခွဲဝေ ပေးနိုင်မည် ဟု ဆိုသည်။ သို့သော် ဝေဖန်သူများက မြို့တော် အသစ် ဆောက်ရန် ဝယ်ယူလာသည့် မြေနေရာများသည် ချမ်းသာကြွယ်ဝသူများ နှင့် ကုမ္ပဏီများက ပိုင်ဆိုင်ထားကြသည်ဟု ထောက်ပြလာခဲ့သည်။ ထိုနေရာများတွင် သတ္တုတူးဖေါ်ထုတ်လုပ်ခြင်း နှင့် သစ်လုပ်ငန်းများလည်း ရှိနေပြီး ဖြစ်သည်။

 

ဘရာဇီးသည်လည်း ၁၉၆၀ တွင် မြို့တော် ရီယို ဂျနီးရိုး မှ ဘရာဆီလီယာသို့ ပြောင်းရွှေ့ခဲ့ရာတွင် ထိုကဲ့သို့သော် ရည်မှန်းချက်များ ရှိခဲ့ဖူးသည်။ မြို့တော်အသစ်တွင် သာတူညီမျှ လူဘောင်သစ်တခု တည်ဆောက်ရန် ဖြစ်ပြီး ပျံကျ အလုပ်သမားများ၊ ဥပဒေမဲ့ ကျုးကျော် နေထိုင်သည့် ရပ်ကွက်ကြီးများ ရှိမည် မဟုတ်ဟု ကြွေးကျော်ခဲ့ကြသည်။ ချမ်းသာသော နိုင်ငံ အရှေ့တောင် အရပ်မှ ကြွယ်ဝမှုများကို ဆင်းရဲသော ကုန်းတွင်းပိုင်း ဒေသများသို့ ပျံ့နှံ့လာအောင် ရည်ရွယ်သည်ဟု ဆိုသည်။ သို့သော် မြို့တော်သစ်သည် ဘရာဇီး၏ အခြားသော မြို့ကြီးများကဲ့သို့ပင် ဖြစ်သွားခဲ့ရသည်။ ယခုအခါ ကမ္ဘာပေါ်တွင် လူတန်းစား မညီမျှဆုံး မြို့ကြီး စာရင်းတွင် ပါဝင်သွားခဲ့ပြီ ဖြစ်သည်။

 

မြို့တော်များ ရွှေ့ပြောင်းမှုအတွက် လက်ခံနိုင်လောက်သည့် အကြောင်းပြချက်များကို အမျိုးမျိုး အဖုံဖုံ ပေးလာခဲ့ကြသည်။ ထိုအထဲတွင် လက်ရှိ မြို့တော်များ တွင် လူဦးရေ အဆမတန် ကြီးထွားလာနေမှုလည်း ပါဝင်ခဲ့သည်။ ဂျာကာတာ သည် ယာဉ်သွားယာဉ်လာများ ဖြင့် ပိတ်ဆို့နေပြီး လူဦးရေ အဆမတန် ထူထပ်လာပြီး အမြဲလို ရေကြီး‌ရေလျံသည့် ဒဏ်ကိုလည်း ခံနေရသည်။ ထို့အတွက်လည်း ကမ္ဘာပေါ်တွင် ရေအောက်သို့ အလျင်အမြန်  နိမ့်ဝင်လာနေသည့် မြို့တော် စာရင်းတွင် ပင် ပါဝင်နေသည်။

 

မြို့တော်ကို အစိုးရ၊ ဝန်ထမ်းများ နှင့် ကုမ္ပဏီကြီးများပါ လိုက်လံ ရွှေ့ပြောင်းကြမည် ဖြစ်သဖြင့် အထက်ဖေါ်ပြသည့် အနေအထားများ သက်သာလျော့ပါးသွားဖို့ ရှိနေသည်။ သို့သော် မြို့တော်သစ် တည်ဆောက်ဖို့က အချိန်ယူရမည် ဖြစ်သည်။

 

၁၇၉၀ တွင် ဝါရှင်တန် ကို မြို့တော် အဖြစ် ရွေးချယ်ခဲ့ကြစဉ်က မြို့ဖြစ်မလာသေးသော မြို့စီမံချက် အမည်ဟု ကာလကြာမြင့်စွာ လှောင်ပြောင် သရော်ခံခဲ့ရပေသည်။ ယခုခေတ်ကြီးတွင် ထိုစဉ်ကထက် ရင်ဆိုင်ရမည့် ပြဿနာ သောင်းခြောက်ထောင် ရှိလာမည့်အရေးက သေချာနေပေသည်။