တပ်မတော်ပိုင် စီးပွားရေး လုပ်ငန်းများအား အရေးယူ ပိတ်ဆို့ရန် ကမ္ဘာတ၀ှမ်းရှိ အစိုးရများ နှင့် ကုမ္ပဏီများကို ကုလ အစီရင်ခံစာ မှ ပန်ကြား

by Hla Soewai - Aug 06 2019

ပြီးခ့ဲသည့် သုံးပါတ်နီးပါးက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအ၀င် အရာရှိကြီး လေးဦးအား အမေရိကန် သို့ ခြေချခွင့် ပိတ်ပင်ခံခဲ့ရပြီးနောက် နောက်ထပ် ထိုးနှက်ချက်ကြီးတခုက ဆိုင်းမဆင့် ဗုံးမဆင့် တနင်္လာနေ့က ရောက်ရှိလာခ့ဲပါတယ်။

မြန်မာနိူင်ငံ နှင့် သက်ဆိုင်သော အချက်အလက်များ စုံစမ်းရန် ကုလသမဂ္ဂ မှ ဖွဲ့စည်း ပေးခဲ့သော ကော်မရှင်မှ ဂျကာတာ တွင် အစီရင်ခံစာ တစောင် ထုတ်ပြန်ပြီး ကမ္ဘာတ၀ှမ်း နိူင်ငံများကို ပန်ကြားလိုက်ခြင်းပင် ဖြစ်ပါတယ်။



အဆိုပါ အစီရင်ခံစာတွင် ကမ္ဘာပေါ်ရှိ အစိုးရများမှ စစ်ခေါင်းဆောင်များ အပေါ် စီးပွားရေး အရ ဒဏ်ခတ်မှု များ ချမှတ်ပြီး မြန်မာ တပ်မတော်နှင့် ပါတ်သက်နေသော ပြည်ပကုမ္ပဏီ များအား လည်း ၎င်းတို့နှင့် စီးပွားရေး အဆက်အသွယ် ဖြတ်တောက်ပြစ်ရန် တောင်းဆိုထားပါတယ်။ ထို့အပြင် မြန်မာတပ်မတော်မှ စီးပွားရေး လုပ်ငန်းများ အား မည်သို့ မည်ပုံ စီမံခန့်ခွဲနေသည် ဆိုသည်နှင့် ၎င်းတို့၏ လူ့ အခွင့်အရေး ချိုးဖေါက်မှုများ ကျုးလွန်နေသည့် စစ်ဆင်ရေးများ အား မည်သို့ ရံပုံငွေ ထောက်ပံ့နေသည် ဆိုသည်များ အား အသေးစိတ် ဖေါ်ပြထားပါတယ်။ ကုမ္ပဏီ အားလုံးသည် ထိုအကြောင်းများကို သိသိကြီး နှင် လုပ်ကိုင်နေကြတယ်လို့လည်း ဆိုပြီး ပါ၀င်နေသော ကုမ္ပဏီများ အကြောင်း အသေးစိတ်ဖေါ်ပြလာခဲ့ပါတယ်။

တပ်မတော်ပိုင် ကုမ္ပဏီ ကြီး နှစ်ခုဖြစ်သော မြန်မာ ဦးပိုင် နှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း ကြီး အကြောင်း အဓိက ဦးတည် ဖေါ်ပြထားပါတယ်။ အဆိုပါ ကုမ္ပဏီကြီး နှစ်ခုသည် စီးပွားရေး လုပ်ငန်းပေါင်း ၁၂၀ ခန့် ပိုင်ဆို်င်ထားပြီး ပြည်ပ ကုမ္ပဏီ ၆၀ ခန့်နှင့် ဆက်ဆံလျက် ရှိနေပါတယ်။ ၎င်းတို့ လက်၀ယ်ရှိ လုပ်ငန်း များ က ကျောက်စိမ်း၊ ပတ္တမြား အစရှိသည့် တွင်းထွက်များ တူးဖေါ်ရေး မှသည် ခရီးသွားလုပ်ငန်း၊ ဆေးဝါး လုပ်ငန်း များ အထိ ပါ၀င်နေပါတယ်။ မြ၀တီ နှင့် အင်း၀ အမည်ရှိ ဘဏ်ကြီး နှစ်ခု၊ မြ၀တီ ခရီးသွား လုပ်ငန်း၊ န၀ဒေး ဟိုတယ်၊ ဥက္ကလာ ဂေါက်ကွင်း အစရှိသည်တို့ကို အမည်နဲ့တကွ ဖေါ်ပြခဲ့ပါတယ်။ မြ၀တီ နှင့် အင်း၀ ဘဏ်တိုက်ကြီးများမှတဆင့် နိူင်ငံတကာ ဘဏ်လုပ်ငန်းများကို ထိုးဖေါက် ၀င်ရောက်လာနိူင်ခဲ့တယ်လို့ ဆိုပါတယ်။

ကော်မရှင် အနေနဲ့ နှစ်ပေါင်း ၅၀ အတွင်း စစ်တပ်၏ ၀င်ငွေ မည်ရွေ့မည်မျှ ရှိနေကြောင်းနှင့် မည်မျ အတိုင်းအတာ အထိ ချမ်းသာကြွယ်၀လာနေသည်ကို အတိအကျ မသိရသေးသော်လည်း ဆက်လက် စုံစမ်းမှုတွေ ပြုလုပ်သွားမယ်လို့ ကော်မရှင် ဥက္ကဌ မာဇူကီ ဒါရုစ်မန် က ဆိုပါတယ်။

ထို့အပြင် ကမ္ဘောဇ နှင့် မက်စ် ကုမ္ပဏီများကိုလည်း စစ်တပ်၏ လုပ်ငန်းများ အတွက် ငွေကြေးများ ပ့ံပိုးခဲ့တယ်လို့လည်း ဖေါ်ပြထားပြန်ပါတယ်။

တပ်မတော်သည်ကား အဆိုပါ လုပ်ငန်းများမှ ရရှိသော ၀င်ငွေ များ ဖြင့် ပြည်သူများ ရွေးချယ်တင်မြှောက်သည့် အစိုးရ အပေါ် ပမာမခန့် လုပ်လာပြီး ၎င်းတို့၏ ကြီးကြပ်မှု ကို လက်မခံသည့် အနေအထား ရှိလာခဲ့ပါတယ်။ ထိုမျှမကသေး နိူင်ငံတကာမှ လေးစားလိုက်နာကြသည့် လူ့အခွင့်အရေး စံနှုန်းများ၊ ဥပဒေများကို ချိုးဖေါက်သည့် လုပ်ရပ်များ ကျုးလွန်ဖို့ ဘဏ္႑ာငွေကြေးလည်း တောင့်တင်းလာခဲ့ကြောင်း ကော်မရှင် ဥက္ကဌ ၏ ကြေငြာချက်ထဲမှာ ဖေါ်ပြခဲ့ပါတယ်။ အကယ်၍သာ ၎င်းတို့ အဖို့ အခြား ရစရာများမရှိပါက အစိုးရ၏ ကြီးကြပ်မှုအောက် ပြန်ရောက်လာဖို့သာ ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါ ကော်မရှင်အား ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် ဖိနှိပ်မှုများ တိုးတက် များပြားလာနေသည့် ဖြစ်ရပ်များ ကို စုံစမ်း စစ်ဆေးရန် ကုလသမဂ္ဂ လု့အခွင့်အရေး ကောင်စီမှ ၂၀၁၇ မတ်လ အတွင်းက ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ပါတယ်။ ထိုသို့ဖွဲ့စည်းအပြီး ငါးလ အကြာမှာပင် တပ်မတော်၏ သောင်းကျန်သူ တိုက်ဖျက်ရေး ထိုးစစ်ကြီး ဆင်နွှဲလာခဲ့သဖြင့် နိူင်ငံ အတွင်း လာရောက်နေထိုင်လျက် ရှိသော ရို ဆိုသူ ခုနှစ်သိန်းခန့် တဖက်နိူင်ငံ သို့ အလုံးအရင်းနှင့် ထွက်ပြေးခိုလှုံသွားခဲ့ကြပါတယ်။

ထိုစစ်ဆင်ရေးကြီးများ အတွင်း လုံခြုံရေး တပ်ဖွဲ့များ ကျုးလွန်ခ့ဲသည်ဆိုသော သတ်ဖြတ်ခြင်းများ။ အဓမ္မပြုကျင့်ခြင်းများ နှင့် အိုးအိမ်များ မီးရှို့ ဖျက်ဆီးခဲ့သည့် လုပ်ရပ်များ ကျုးလွန်ခဲ့သည်ဆိုသော ဗီဒီယို မှတ်တမ်း အထောက်အထားများ ကို နိူင်ငံတကာ အဖွဲ့အစည်းများက စုဆောင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ တပ်မတော်ဖက်ကတော့ အဆိုပါ စွပ်စွဲချက်များကို တဖက်သတ်ဟု ငြင်းဆိုပြီး မိမိတို့ လုပ်ရပ်များသည် တရားမျှတမှု ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ ကော်မရှင်သည် ရခိုင်ပြည်နယ် အတွင်း ကျုးလွန်ခဲ့သည်များသာမက နိူင်ငံတွင်း အခြားဒေသများရှိ တိုင်းရင်းသား အပေါ် ကျူးလွန်ခဲ့သည်များပါ စုံစမ်းစစ်ဆေးခဲ့ကြပါတယ်။

စုံစမ်း စစ်ဆေးချက်များကို မူတည်ပြီး စစ်တပ်ပိုင် ကုမ္ပဏီး နှစ်ခုအား ဦးဆောင်နေသူများကို လူသားများ အပေါ် ကျုးလွန်သော ရာဇ၀တ်မှုများ နှင့် အစုံလိုက်အပြုံလိုက် မျိုးတုန်းအောင် သတ်ဖြတ်မှုများ အတွက် ရုံးတင်တရားစွဲသင့်ကြောင်း ယမန်နှစ်ထဲမှာ ထောက်ခံတင်ပြခဲ့ပြီးလည်း ဖြစ်ပါတယ်။

တနင်္လာနေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာသည်ကား ဒုတိယ ခြေလှမ်း လှမ်းလိုက်ခြင်းဖြစ်ပြီး စစ်တပ်နှင့် လုပ်ကိုင်နေသော ကုမ္ပဏီများ အပေါ် သက်ဆိုင်ရာ အစိုးရများက ချက်ခြင်းဆိုသလို စီးပွားရေး အရ ဒဏ်ခတ်ဖို့ နဲ့ စစ်တပ်နှင့် မပါတ်သက်သာ ကုမ္ပဏီများနဲ့သာ စီးပွားရေး လုပ်ကြဖို့ ကုလသမဂ္ဂ မိသားစု၀င် ကမ္ဘာနိူင်ငံများကို တောင်းဆိုလိုက်ပါတယ်။

“စစ်တပ်နဲ့ အတူ အိပ်နေသူများ နိူးထကြလော့၊ ဗိုလ်ချုပ်ကြီးများ နှင့် စစ်တပ်အား ချမ်းသာ အောင် ပြုလုပ်နေခြင်း အား ရပ်တန်းက ရပ်ကြလော့” ဟု ကော်မရှင်တွင် ပါ၀င်သည့် ကျွမ်းကျင်သူ တဦး ဖြစ်သည့် ခရစ္စတိုဖာ ဆီဒိုတီ က ခပ်ပြတ်ပြတ်ပဲ ပြောဆိုသွားခဲ့ပြန်ပါတယ်။

အမေရိကန်၏ စစ်အရာရှိကြီးများ အပေါ် အရေးယူမှုသည် အသုံးတည့်သည်ဟု ပြော၍ရပြီး တစထက် တစ များပြားလာလိမ့်မည်ဟု မိမိယုံကြည်ကြောင်းလည်း ဆီဒိုတီ က ပြောခဲ့ပြန်ပါတယ်။

ဆီဒိုတီ ပြောခဲ့သည်ကလည်း မမှားဟု ဆိုရမည် ဖြစ်ပါတယ်၊ ဗိုလ်ချုပ်ကြီးများ အမေရိကန်သို့ ခြေမချနိူင်အောင် ဒဏ်ခတ်ခံ့ခဲ့ရမှု အတွက် ၎င်းတို့၏ နေ့တဒူ၀ အသက်မွေးမှုကို မည်သို့မျှ ထိခိုက်မှု မရှိသော လူများ အား ငွေပေးစုစည်းကာ စနေနေ့က ပြုလုပ်ခဲ့ကြသည့် ချီတက် ကန့်ကွက်ပွဲကြီး က သက်သေခံနေပါတယ်။

အမေရိကန်အဖို့ကလည်း မြန်မာ အား တရုတ်ရင်ခွင်ထဲ လုံး၀ရောက်မသွားစေရေးဟူသော အိုဘာမား၏ ပေါ်လီစီကို ပြန်လည် သုံးသပ်လာနေတဲ့ သဘော ရှိနေပြီး ထိုသို့ ရောက်မသွားစေဖို့ ဘာမှ မလုပ်ပဲ ထားပြန်ရင်လည်း ပြဿနာများက ရှင်းမရအောင် ဖြစ်လာမှာလည်း စိုးရွံ့လာနေပြန်ပါတယ်။ ဒီအချက် များကို ချိန်ခွင်လျာ ညီအောင် ပြန်လည် သုံးသပ်ပြီး လုပ်သင့်တာများကို တဖြေးဖြေး နဲ့ လုပ်လာနေတဲ့ သဘောကို တွေ့ရပါတယ်။

တနင်္လာနေ့က ထုတ်ပြန်သော အစီရင်ခံစာထဲတွင် လက်ရှိ စစ်တပ်နှင့် ဖက်စပ်လုပ်ကိုင်နေသော ကုမ္ပဏီ ပေါင်း ၁၅ ခု ရှိနေတယ်လို့လည်း ဖေါ်ပြထားပါတယ်။ အဆိုပါ ကုမ္ပဏီများ အနေဖြင့် နိူင်ငံတကာ ဥပဒေများကို ချိူးဖေါက်ခြင်း မရှိပေမယ့် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖေါက်မှုများအား ဘဏ္႑ာရေး အရ ထောက်ပံ့နေသည့် အသွင် ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ 
တောင်ကိုရီးယား Inno Group မှ ဦးပိုင် နှင့် ဖက်စပ်လုပ်နေသော Skyscraper City စီမံကိန်း၊ Myanmar Brewery Ltd, Mandalay Brewery Ltd တို့မှာ အစုစပ်များ ထည့်၀င်ထားတဲ့ ဂျပန်ရှိ Kirin Holdings ထောက်ပြခဲ့ပါတယ်။

အခြားသော ကုမ္ပဏီကြီး ၁၂ ခုကလည်း စစ်တပ်၏ ကုမ္ပဏီကြီး နှစ်ခုနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီများနဲ့ ပါတ်သက်နေပြီး၊ အချို့ကလည်း စစ်တပ်ပိုင် အဆောက်အဦးများ တွင် ရုံးခန်းများ ငှားယူခြင်း၊ ဦးပိုင် မှ ပိုင်ဆိုင်သော စီးပွားရေး ဇုံများတွင် ၀င်ရောက်လုပ်ကိုင်နေသည်များ ကိုပါ မကျန် ထောက်ပြထားခ့ဲပါတယ်။

ထို့အပြင် တရုတ်၊ ရုရှား၊ မြောက်ကိုရီယား၊ အိန္ဒိယ၊ အစ္စရေး နဲ့ ယူကရိန်း နိူင်ငံများမှ တပ်မတော်အား လက်နက် ပစ္စည်းများ ထောက်ပံ့နေမှုများ အားလည်း ဖေါ်ပြထားခဲ့ပြန်ပါတယ်။

စီးပွားရေး ဖွံ့ဖြိုးဖို့ ရင်းနှီးမြုပ်နှံရန် လိုအပ်သည်ကို လက်ခံသော်လည်း စစ်တပ်နှင့် ပါတ်သက်ပြီးမှ လုပ်ကိုင်လာခြင်းမျိုး ကို လက်မခံနိူင်ကြောင်း၊ မိမိတို့ အနေဖြင့် မြန်မာစီးပွားရေး တွင် စစ်တပ်နှင့် မပါတ်သက်သော အစိတ်အပိုင်းများ တည်ဆောက်သွားရေးကိုသာ ထောက်ခံကြောင်း၊ စစ်တပ်ကို ကြွယ်၀ချမ်းသာစေမည့် လုပ်ရပ်များ ကို ဖယ်ထုတ်ပြီး မြန်မာပြည်သူများ အတွက် ရင်းနှီးမြုပ်နှံမှုများ၊ စီးပွားရေး ဆောင်ရွက်မှုများ၊ ထောက်ပံ့ပေးမှုများကိုသာ ပြုလုပ်သွားကြဖို့ ဆီဒိုတီ က ပြောဆိုသွားခဲ့ပြန်ပါတယ်။

ကုလသမဂ္ဂသည် ယခုအခါ စစ်တပ်၏ စီးပွားရေး အခြေခံများ ကို အမြစ်မှ ဖြိုလဲှနိူင်ခြင်းဖြင့် စစ်တပ်၏ ပြုပြင်ပြောင်းလဲရေးများ အား နည်းမျိုးစုံဖြင့် ပိတ်ဆို့နေမှုများ၊ လူ့အခွင့်အရေး ချိုးဖေါက်နေမှုများ နှင့် အရပ်သား အစိုးရ ၏ ကြီးကြပ်မှု ကို ငြင်းဆန်နေမှုများတွင် ရှေ့လျောက် အခက်အခဲများ ရှိလာစေရန် ၀က်အူကို တရစ်ပြီး တရစ် တိုးမြှင့်လာနေပြီလည်း ဖြစ်ပါတယ်။

ပြည်သူများ အဖို့က စစ်တပ်အား စစ်တန်းလျားသို့သာ ပြန်သွားစေလိုပြီး တခါက ၎င်းတို့ လွန်စွာလေးစား အားကိုးခဲ့ရတဲ့ နိူင်ငံရန်များကို အကာအကွယ်ပေးမယ့် တပ်မတော်ကြီး အဖြစ်သာ ပြန်လည် ရှု့မြင်လိုကြပါတယ်။ သို့သော် တပ်မတော်ရဲ့ သဘောထားကတော့ ရွှေထီး မဆောင်းရပဲ အလကားပဲတင်းတော့ လုပ်မပေးနိူင် ဟုသော သဘောဖြင့် စစ်တပ်မရှိလျင် ဘာဖြစ်သွားမယ် ထင်နေသလဲ ဟူသော စကားများဖြင့် ၎င်းတို့ကိုယ် ၎င်းတို့ ကြေးစားတပ်မတော်ကြီးအလား ပြောဆိုလာနေပြီး ပြည်သူများကို နည်းမျိုးစုံ ဖြင့် ခြိမ်းခြောက်လာနေကြတယ်လို့ ရှု့မြင်ခဲ့ကြပါတယ်။ သို့သော် ဟောင်ကောင်တွင် ဖြစ်ပေါ်လာနေသော လူထုအုံကြွမှုကြီးကို ကြည့်ပြီးး ၎င်းတို့ အဖို့ ရင်မအေးစရာ ဖြစ်လာနေပြန်ပါတယ်။

ကုမ္ပဏီအများစုကတော့ တရုတ်၊ ဂျပန်၊ တောင်ကိုရီယား၊ စင်္ကာပူ နဲ့ ဗီယက်နမ်တို့မှ အများစု ပါ၀င်နေတဲ့ အတွက် သိတ်ပြီး မျှော်လင့်လို့တော့ မဖြစ်ပေမယ့် ဒီလို တကမ္ဘာလုံးက ၀ိုင်းပါယ်ကြဖို့ တိုက်တွန်းခံနေရတဲ့ အနေအထား နဲ့ မည်သို့ မည်ပုံ ရေရှည် သွားနိူင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

https://www.facebook.com/ynt.online/